မှန်ထဲက မှန်အကောင်များ

သူ့ပုံပါပဲ။ သူ့ပုံမှ သူ့ပုံအစစ်ပါပဲ။ မှန်ရှေ့မှာ သူရပ်နေတာ နည်းနည်းကြာသွားတယ်။ ပြီးတော့ သူ့မျက်နှာနားထိလုမတတ်ဖြစ်နေတဲ့ မှန်ကြီးကို သူလက်ညှိုးနဲ့ တို့ကြည့်လိုက်တယ်။ အား သူ အကျယ်ကြီး ထအော်မိသွားတယ်။ သူ့ပုံဟာ ပြောင်းသွားပြန်တယ်။ သူ့နှုတ်ခမ်းတွေဟာ နှာခေါင်းလိုရှည်ရှည်ကြီး ချွန်ထွက်နေတယ်။ မျက်လုံးနှစ်လုံးထဲမှာလည်း အရောင်တွေစုံလို့။ ဆံပင် ရှည်တွေက အပေါ်ကို ထောင်နေတယ်။ အပေါ်ကဆွဲအားတစ်ခုက ဆွဲထားသလိုမျိုး။ သူ မျက်နှာကို အမြန်လွှဲလိုက်ရတယ်။ ဘာတွေဖြစ်ကုန်ပြီလဲ။

သရုပ်ဖော် - လင်းငြိမ်

(တစ်)

ပြဿနာက အဲ့ဒီမှန်သေးသေးလေးတစ်ချပ်က စတာပဲ။ ပြီးခဲ့တဲ့ နှစ်ရက်လောက်က သူပိုက်ဆံ အိတ်ကျပျောက်သွားတယ်။ ပိုက်ဆံအိတ်ထဲမှာ သူ့မှတ်ပုံတင်ကဒ်ပြား ပါသွားတယ်။ ပိုက်ဆံကတော့ သိပ်များများစားစားပါမသွားဘူး။ မှတ်ပုံတင် ပျောက်ဆုံးကြောင်း သတင်းစာထဲမှာ သူ ကြော်ငြာထည့် လိုက်တယ်။ မြို့ထဲထွက်တဲ့ တစ်ရက် လမ်းဘေးမှာချရောင်းနေတဲ့ ပိုက်ဆံအိတ် အပေါစားတစ်လုံး သူပြန်ဝယ်လိုက်တယ်။ မှန်တစ်ချပ်ရဲ့ ပြဿနာက အဲဒီ့ကစတယ်လို့ ပြောရမယ်။ သူဝယ်လိုက်တဲ့ ပိုက်ဆံအိတ်ထဲမှာ မှန်သေးသေးလေးတစ်ချပ်ပါမှန်း ပထမ သူသတိမထားမိဘူး။ နောက်တစ်ရက်ကျမှ ပိုက်ဆံထည့်ဖို့ ပိုက်ဆံအိတ်ဖွင့်လိုက်တဲ့အခါ ပိုက်ဆံအိတ်ရဲ့ အပေါ်ဆုံးအိတ်ကပ်တစ်ခုထဲမှာ မှန် သေးသေးလေးတစ်ချပ်ပါနေတာ သူ သတိထားမိသွားတယ်။ တချို့ပိုက်ဆံအိတ်တွေမှာ အဲ့ဒီလို မှန်လေးတစ်ချပ်ထည့်ပေးထားတတ်တယ်ဆိုတာ သူသိထားတော့ ပိုက်ဆံအိတ်ထဲမှာ မှန်တစ်ချပ်ပါလာတဲ့ ကိစ္စဟာ ဘာမှ ထူးထူးဆန်းဆန်း မဟုတ်ဘူး။

ဆန်းတာက အဲဒီ့မှန်ချပ်ထဲက သူ့ပုံရိပ်။ မှန်လေးကိုကိုင်ပြီး ထုတ်ကြည့်လိုက်တဲ့အခါ မှန်ထဲက သူ့ပုံရိပ်ကြီးဟာ ဘယ်လိုပုံကြီးမှန်းမသိဘူး။ သူ့နားရွက်က ဆင်တစ်ကောင်ရဲ့ နားရွက်လောက်ရှိတယ်။ အဲ့ဒီနားရွက်ကြီးက တဖတ်ဖတ်နဲ့ မျက်နှာ ကိုရိုက်နေတယ်။ သူ့နှာခေါင်းဟာ အရည်ပျော်ပြီး ပါးစပ်ထဲကို အိတွဲပြီးကျနေတယ်။ သူ့ပါးပြင်ပေါ်မှာ လည်း အရေးအကြောင်းတွေ လက်ဖဝါးပေါ်က လက္ခဏာအရေးအကြောင်းတွေလိုမျိုးပဲ။ ဟ ဘယ်လို ဖြစ်တာလဲ။ သူ မျက်လုံးကိုပွတ်ပြီး မှန်ကိုပြန်ကြည့်တယ်။ ဟုတ်တယ် သူ့ပုံမဟုတ်ဘူး။ နားရွက်က သေးသေးလေးဖြစ်သွားပြီး ပါးပြင်ကြီးက ဖောင်းဖောင်းကြီးနဲ့ လေလုံးကြီးလိုဖြစ်နေတယ်။ ညာဘက် မျက်လုံးနေရာမှာ နှာခေါင်းကရောက်နေတယ်။ ပန်းစကြာ မှန်ပြောင်းထဲက ပုံတွေလို သူ့ပုံဟာ အမျိုး မျိုးပြောင်းနေတယ်။

မှန်ချပ်ကို ပိုက်ဆံအိတ်ကပ်ထဲ ကမန်းကတန်း သူပြန်ထိုးထည့်လိုက်တယ်။ ဘယ်လိုတွေဖြစ် ကုန်တာလဲ။ မရဲတရဲနဲ့ သူဟာမှန်ကို ပြန်ကြည့်ပြန်တယ်။ ဒီအတိုင်းပါပဲ။ ငါ့ပုံပါပဲ။ ခုနက ဘာဖြစ် တာလဲ။ အိပ်ခန်းထဲက ကိုယ်လုံးပေါ်မှန်ကြီးရှေ့ သူအပြေးအလွှားသွားပြီးကြည့်တယ်။ သူ့ပုံပါပဲ။ ဘာမှ မပြောင်းလဲတဲ့ သူ့ပုံမှ သူ့ပုံအစစ်။ မှန်ရှေ့ကို တရွေ့ရွေ့ သူတိုးသွားတယ်။ မှန်နဲ့ သူ့မျက်နှာနဲ့ဟာ ထိလုမတတ်ပဲ။

သူ့ပုံပါပဲ။ သူ့ပုံမှ သူ့ပုံအစစ်ပါပဲ။ မှန်ရှေ့မှာ သူရပ်နေတာ နည်းနည်းကြာသွားတယ်။ ပြီးတော့ သူ့မျက်နှာနားထိလုမတတ်ဖြစ်နေတဲ့ မှန်ကြီးကို သူလက်ညှိုးနဲ့ တို့ကြည့်လိုက်တယ်။ အား သူ အကျယ်ကြီး ထအော်မိသွားတယ်။ သူ့ပုံဟာ ပြောင်းသွားပြန်တယ်။ သူ့နှုတ်ခမ်းတွေဟာ နှာခေါင်းလိုရှည်ရှည်ကြီး ချွန်ထွက်နေတယ်။ မျက်လုံးနှစ်လုံးထဲမှာလည်း အရောင်တွေစုံလို့။ ဆံပင် ရှည်တွေက အပေါ်ကို ထောင်နေတယ်။ အပေါ်ကဆွဲအားတစ်ခုက ဆွဲထားသလိုမျိုး။ သူ မျက်နှာကို အမြန်လွှဲလိုက်ရတယ်။ ဘာတွေဖြစ်ကုန်ပြီလဲ။

မှန်နားကနေ တစ်လှမ်းချမ်းနောက်ကိုဆုတ်ပြီး သူပြန်ကြည့်တယ်။ သူ့ နဂိုရုပ်အစစ်ကြီး ပြန်ပေါ်လာတယ်။ ဘာတွေလဲ၊ ဘာတွေဖြစ်နေတာလဲ၊ မှန်နားကို တရွေ့ရွေ့ သူတိုးကပ်သွားကြည့် ပြန်တယ်။ မှန်ကို လက်ညှိုးနဲ့ ပြန်တို့ကြည့်တယ်။

အား…

(နှစ်)

“ဘာပုံညှပ်မှာလဲ ဆရာ”

“ညှပ်ချင်တဲ့ပုံသာ ညှပ်ကွာ”

“မဟုတ်ဘူးလေ ဆရာ၊ ဆံပင်ရှည်တွေက ညှပ်ပစ်ရမှာလား၊ အတိုပုံညှပ်မှာလား မေးတာ”

“ဆံပင်ရှည်တွေကို မင်းမျက်စိထဲ ဘယ်လိုမြင်လဲ”

“ဟာ ဆရာကလည်း ဦးနှောက်စားပြန်ပြီ၊ ကျွန်တော် ဘယ်လိုလုပ်ပေးရမှာလဲ”

“ညှပ်ကွာ ဖြတ်ကွာ၊ ဒီ မိနစ်ပိုင်းအတွင်း ငါ့ခေါင်းကို မင်းပိုင်တယ်၊ ဒါထက် မင်းတို့ မှန်ကြီးက အခုံးကြီးပါလား”

ဆံပင်ညှပ်ဆရာလေးက သူ့ဆံပင်တွေကို စိတ်တိုင်းကျ ခုတ်ထစ်နေတုန်း မှန်ကို သူလှမ်း ကြည့်တယ်။ သူ့ပုံပါပဲ။

“ဟေ့… သိပ်အများကြီး တို မသွားစေနဲ့ဦး”

“ဟုတ်ကဲ့”

သူ့ပုံမှ သူ့ပုံအစစ်ပဲ။ ဘာမှ မပြောင်းလဲဘူး။

“ဟေ့ မင်းတို့မှန်က မှန်ရဲ့လားကွ”

“ဗျာ…”

“မင်းတို့မှန်က မှန်ရဲ့လား လို့”

“ဟာ ဆရာကလည်း ခေါင်းစားပြန်ပြီဗျာ၊ ကြည့်ဦး၊ ရပြီလား”

“မင်းရပြီဆို ရပြီပေါ့ကွာ”

ဆံသဆရာလေးက သူ့ကုပ်ပိုးနဲ့ မျက်နှာပေါ်က ဆံပင်အစနအတွေကို သုတ်သင်ရှင်းလင်း ပေးနေတယ်။ ညီလေးရေ တစ်ခုလောက် ကိုယ့်ကို ကူညီကွာ။ မှန်ထဲမှာ ကိုယ့်ပုံဘယ်လို ပြောင်းသွား လဲဆိုတာ ကြည့်ပေးစမ်းပါဦး

“ဗျာ… ဆရာ၊ ကျွန်တော် နားမလည်ဘူး”

“မှန်ထဲကို မင်း ခဏလေး ကြည့်ပေးကွာ”

သူဟာ မှန်နားကို တိုးသွားပြီး လက်ညှိုးနဲ့ တို့ကြည့်လိုက်တယ်။ “အား…”

“ဆရာ ဘာဖြစ်တာလဲ”

ပြောင်းသွားပြန်ပြီ၊ ပြောင်းသွားပြန်ပြီ။ ဆံပင်တွေက သူ့ပါးပြင်ပေါ်မှာ ပေါက်နေတယ်။ မေးစေ့က အသားစိုင်ကြီးက ကော်အရည်တွေလို ပျော့အိတွဲကျနေတယ်။ သူ့နှာခေါင်းပြားချပ်ချပ်ကြီးပေါ်မှာ မျက်လုံးတစ်လုံးက ရောက်နေပြီး သူ့ကို စူးစူးရဲရဲစိုက်ကြည့်နေတယ်။

“ဆရာ ဘာဖြစ်တာလဲ”

“ဟေ့ မှန်ထဲက ငါ့ပုံကို မင်းတွေ့လား၊ ဆံပင်တွေ ပါးပေါ်မှာ ပေါက်နေတယ်ကွ”

“ဘာဖြစ်နေတာလဲဗျာ၊ မျက်နှာပေါ်က ဆရာ့ဆံပင်တွေ ကျွန်တော် ရှင်းပေးပြီးပြီလေ”

“မဟုတ်ဘူး မဟုတ်ဘူး၊ မှန်ထဲက ငါ့မျက်လုံးကို မင်းကြည့်စမ်း ဘယ်ရောက်နေလဲလို့”

“ဘယ်ရောက်နေရမှာလဲ၊ မှန်ထဲက မျက်နှာက ဆရာ့မျက်နှာပဲပေါ့၊ ကျွန်တော် နောက်တစ်ခေါင်းကိုင်ရဦးမယ်၊ ဆရာ့လက်ကြီးကို မှန်ပေါ်ကဖယ်ပြီး ကောင်တာမှာ ပိုက်ဆံသွားရှင်းလိုက်ပါတော့ဗျာ”

“မှန်ထဲမှာ ငါ့ပုံပြောင်းသွားတာကို မင်းမတွေ့လိုက်ဘူးလား”

“မှန်ကတော့ မမှားနိုင်ပါဘူး ဆရာရယ်၊ ကျွန်တော် လုပ်စရာရှိသေးတယ်ဗျ”

ဆိုင်ထဲကအထွက် မှန်ကို တစ်ချက် သူလှမ်းကြည့်လိုက်သေးတယ်။ သူ့ နဂိုရုပ်အတိုင်း သူ့ပုံမှ သူ့ပုံအစစ်။

(သုံး)

“ခင်ဗျားပြောပုံအရဆိုရင် မှန်နဲ့ ခင်ဗျားကိုယ်ခန္ဓာ အစိတ်အပိုင်းတစ်ခုခုနဲ့ ထိလိုက်မှ ခင်ဗျားရဲ့ မျက်နှာဟာ ပုံစံတွေပြောင်းသွားတယ်ဆိုတဲ့ သဘောပေါ့”

“ဟုတ်တယ်ဆရာ ကျွန်တော် လက်နဲ့ မထိမကိုင်မချင်း ကျွန်တော့်ပုံက ဘာမှ မပြောင်းဘူး၊ ကျွန်တော့်လက်နဲ့ ထိလိုက်ပြီဆိုရင် မျက်နှာကြီးဟာ ပုံစံတွေ အမျိုးမျိုးပြောင်းသွားတော့တာပဲ”

“ခင်ဗျားဆေးတွေ ဘာတွေ သုံးဖူးလား”

“မသုံးဖူးပါဘူး”

“အရက်ကော အလွန်အကျွံ သောက်တာမျိုးရှိလား”

“တစ်ခါတလေတော့ သောက်ပါတယ်၊ ဒါပေမဲ့ အရက်ကို ကျွန်တော် အများကြီး မသောက်နိုင်ဘူးဗျ”

“ဖြစ်တာ ဘယ်လောက်ရှိပြီလဲ”

“တစ်နှစ်လောက်တော့ ရှိပြီထင်တယ်”

“ဘာလို့ ခင်ဗျား အခုမှ ကျွန်တော့်ဆီ လာပြရတာလဲ”

“ဒီလို ဆရာ၊ စစဖြစ်ချင်း တစ်ပတ်နှစ်ပတ်မှာ ကျွန်တော် အရမ်းကြောက်တာ၊ ကျွန်တော့် မျက်နှာကြီးပြောင်းသွားတာကို အိပ်မက်တွေလည်း ခဏခဏမက်တယ်၊ ဘယ်သူ့မှလည်း ကျွန်တော် မပြောပြဖြစ်ဘူး၊ နောက်ပိုင်းမှာတော့ ဆရာရယ် ယဉ်ပါးသွားတဲ့ သဘောလားမသိပါဘူး၊ ကျွန်တော် မကြောက်တော့ဘူး”

“ခင်ဗျားမျက်နှာပြောင်းသွားပုံက တခြားတစ်ယောက်ရဲ့ မျက်နှာပုံမျိုးတွေ ဖြစ်သွားတာမျိုးလား”

“မဟုတ်ဘူး ဆရာ၊ မျက်လုံးတွေနဲ့ နှာခေါင်းတွေက နေရာတွေလွဲနေတယ်၊ အရေပြားတွေက တွဲကျပြီး ပါးကြီးနှစ်ဖက်က ဘောလုံးကြီးလောက် တစ်ခါတလေ ဖောင်းကားနေတတ်တယ်၊ ဒါပေမဲ့ ဘယ်လိုပဲပုံစံတွေပြောင်းပြောင်း ကျွန်တော့်ရုပ်ရဲ့ ပင်ကိုယ်ဓာတ်က ပျောက်မသွားဘူးထင်ပါတယ် ဆရာရယ်၊ ကျွန်တော့်ရုပ်မှန်းတော့ ကျွန်တော်သိနေတယ်၊ ကျွန်တော့် မျက်လုံးတွေ၊ နှာခေါင်းတွေ၊ ပါးစပ်တွေကို ကျွန်တော် အလွတ်မှတ်မိနေတာလည်း ဖြစ်နိုင်ပါတယ်”

“ဒါနဲ့ ဘာလို့အခုမှ ခင်ဗျား ကျွန်တော့်ဆီကို လာပြရတာလဲ”

“ခုနက ပြောသလိုပေါ့ ဆရာရယ်၊ စဖြစ်ဖြစ်ချင်း တစ်ပတ် နှစ်ပတ်လောက်မှာ ကျွန်တော် အရမ်းကြောက်သွားတယ်၊ နောက်တော့ ဘယ်လိုဖြစ်မှန်းမသိဘူး၊ မှန်ထဲက ပုံစံတွေပြောင်းပြောင်း နေတဲ့ ကျွန်တော့်မျက်နှာကို ကြည့်ရတာ အရသာရှိလာသလိုပဲ၊ မကြောက်တော့ဘူး၊ တစ်ခါတလေဆို တကူးတကတောင် ပိုက်ဆံအိတ်ထဲက မှန်လေးကို ထုတ်ထုတ်ကြည့်မိတယ်၊ သူများတွေ မမြင်အောင်လည်း ကြည့်ရသေးတယ် ဆရာရေ၊ တော်ကြာ ယောက်ျားကြီးတန်မယ့် မှန်ထုတ်ကြည့်တယ်ဆိုပြီး ဟင်း ဟင်း တစ်မျိုးအထင်ခံရနေရဦးမယ် မဟုတ်လား”

“ခင်ဗျား အဲ့ဒီလိုဖြစ်ပြီး နောက်ပိုင်း တခြားလူမှုရေးတို့ စီးပွားရေးတို့မှာကော ထိခိုက်မှုတွေရှိလား”

“မရှိဘူးဆရာ၊ အားလုံးပုံမှန်ပဲ၊ ဆရာက ကျွန်တော့်ကို ပုံမှန်မဟုတ်ဘူးလို့ ပြောချင်တာလား”

“မဟုတ်ပါဘူး၊ ခင်ဗျားအခြေအနေက အားလုံးကောင်းနေသားပဲ၊ ခင်ဗျားရဲ့ ပြောင်းလဲနေတဲ့ မျက်နှာပုံတွေကိုလည်း ကြည့်ရတာ အရသာတွေ့နေတယ်ဆိုတော့ ခင်ဗျားမှာ အခု ဘာပြဿနာ ရှိနေလို့လဲ”

“ဘာဖြစ်လို့လဲဆိုတာ ကျွန်တော်သိချင်နေတာ ဆရာ၊ မျက်စိအထူးကုဆရာဝန်တွေလည်း စုံနေအောင် ကျွန်တော်ပြပြီးပြီ၊ ဆရာ့ကို ပြောသလိုတော့ ကျွန်တော် မပြောပြဘူးပေါ့၊ မျက်လုံးမှာလည်း ဘာပြဿနာမှမရှိဘူး”

“ခင်ဗျားဟာက နည်းနည်းတော့ ဦးနှောက်ခြောက်စရာပဲ၊ ကျွန်တော်တို့ စိတ်ပညာမှာ အာရုံမှားမှုဆိုတာတော့ရှိတယ်၊ အီလူးရှင်း (Illusion) လို့ခေါ်တယ်၊ အာရုံမှားမှုဖြစ်ပေါ်နိုင်တဲ့ အခြေအနေ လေးချက်ရှိတယ်ဗျ၊ ခင်ဗျားနားလည်လွယ်အောင် အကျဉ်းချုပ်လေး နည်းနည်း ကျွန်တော် ရှင်းပြပေး ရမလား”

“ဟုတ်ကဲ့ ကျွန်တော် စိတ်ဝင်စားပါတယ် ဆရာ”

“ဒီလိုဗျ ပထမအချက်က ခင်ဗျားစိတ်ထဲမှာ ကြိုတင်ပြင်ဆင်ထားတဲ့ စိတ်အခြေအနေကြောင့် ဖြစ်တဲ့ အာရုံမှားမှုမျိုးပေါ့၊ ခင်ဗျားဗိုက်အရမ်းဆာနေတဲ့အခါမှာ နှစ်နဲ့နှစ်ပေါင်းရင် ပေါင်မုန့်လေးချပ်လို့ ခင်ဗျားစိတ်ထဲမှာ မြင်ယောင်မိလိမ့်မယ်၊

နောက်တစ်ချက်က ခင်ဗျား စိတ်ထဲက ကြိုတင်ပြင်ဆင်ထားတဲ့ စိတ်အခြေအနေနဲ့ ပတ်ဝန်းကျင်က သဲလွန်စအမှားတစ်ခုတို့ ပေါင်းမိပြီး ဖြစ်ပေါ်တတ်တဲ့ အာရုံမှားမှုမျိုး၊ ဥပမာဗျာ အိပ်ရာထဲက ယင်ကောင်တစ်ကောင်ရဲ့ တစ်ဝီဝီအသံကို လေယာဉ်ပျံတစ်စင်းရဲ့ အသံလို့ ခင်ဗျားထင်မိတာမျိုး၊ အခန်းထောင့်မှာ ခွေထားတဲ့ ကြိုးခွေကို မြွေတစ်ကောင်ဆိုပြီး ထင်တတ်တာမျိုး၊ ကျွန်တော်ပြောတာတွေ ခင်ဗျားနည်းနည်းရှုပ်သွားပြီ ထင်တယ်”

“ရပါတယ် ဆရာ၊ ဒါပေမဲ့ ကျွန်တော် ဖြစ်တဲ့ဟာနဲ့တော့ ဘာမှ မဆိုင်သေးဘူးလို့ ထင်တာပဲ၊ ဆက်ပြောပါဦး ဆရာ”

“နောက်တစ်မျိုးကတော့ဗျာ အရာဝတ္ထုတွေရဲ့ သီးခြားမတည်ရှိမှု၊ ရောထွေးနေမှုကြောင့်ဖြစ်တဲ့ အာရုံမှားမှုမျိုး၊ ဒီအာရုံမှားမှုမျိုးက ဂျီသြမေတြီ သဘောတရားတွေမှာ အများဆုံး တွေ့ရတယ်၊ ခင်ဗျား နားလည်အောင် ကျွန်တော်ပြောရရင်…

ဒီလိုဗျာ ကြက်ဥဝယ်ဖို့ ကြက်ဥဆိုင်တစ်ဆိုင်ထဲကို ခင်ဗျားဝင်သွားမယ်၊ ကြက်ဥတွေ အများကြီးထဲက ကြက်ဥတစ်လုံးကို ခင်ဗျားကောက်ရွေးလိုက်ရင် ကျန်တဲ့အလုံးတွေက ပိုကြီးနေသလို ထင်ရတတ်တယ်၊ အဲဒါနဲ့ ခင်ဗျားကြက်ဥကို ပြန်ချလိုက်ပြီး နောက်တစ်လုံး ထပ်ရွေးတော့လည်း ကျန်တဲ့ အလုံးတွေက ကြီးနေသလိုပဲလို့ ခင်ဗျားစိတ်ထဲမှာ ထင်မိသွားတတ်တယ်”

“ကျွန်တော် နည်းနည်းတော့ နားလည်သလိုပဲ ဆရာ”

“နောက်ဆုံးတစ်ချက် ကျန်သေးတယ်ဗျ။ ကျွန်တော်တို့မှာရှိတဲ့ အာရုံခံ အင်္ဂါတွေရဲ့ ထူးခြားမှု ကြောင့် ဖြစ်ပေါ်တဲ့ အာရုံမှားမှုမျိုး၊ သဘာဝက ပေးထားတဲ့ အာရုံမှားမှုမျိုးပေါ့ဗျာ၊ ကျွန်တော်တို့မှာရှိတဲ့ မျက်လုံးနှစ်လုံးရဲ့ မြင်လွှာ၊ ရက်တီနာ (Retina) ပေါ့။ အဲဒီ့မြင်လွှာနှစ်ခုပေါ်မှာ အလင်းတန်းတွေ တိတိ ကျကျ မဆုံနိုင်တဲ့အခါ အဲ့ဒီအာရုံမှားမှုမျိုးဖြစ်နိုင်တယ်၊ ကျွန်တော်တို့ရဲ့ မျက်လုံးကလည်း တစ်ခါတစ်ရံ အရာဝတ္ထုတွေရဲ့ အရွယ်အစားတွေကို အမှန်အတိုင်း မမြင်နိုင်ဘူးတဲ့ဗျ၊ ဥပမာ နေရဲ့ တကယ့်အရွယ်အစားအတိုင်း ကျွန်တော်တို့ရဲ့ မျက်လုံးက မြင်နိုင်လို့လား”

“ကျွန်တော် ဖြစ်တဲ့ဟာက အဲ့ဒီ အမျိုးအစားလားဆရာ”

“မျက်စိဆရာဝန်နဲ့လည်း ခင်ဗျားပြပြီးဆိုတော့ ဒီအမျိုးအစားလည်း မဖြစ်နိုင်ဘူးဗျ၊ ပြီးတော့ ဒီအာရုံမှားမှုက ပုံရိပ်တွေကို အရွယ်အမှန်အတိုင်း မမြင်နိုင်တာမျိုးပဲ။ ခင်ဗျားဖြစ်သလို အရာဝတ္ထုတွေ ဟာ ပုံသဏ္ဌာန်တွေပြောင်း၊ နေရာတွေလွဲပြီး ဖြစ်နေတာမျိုးမဟုတ်ဘူး၊ ပြီးတော့ ခင်ဗျားဟာက မှန်ကို ခင်ဗျားလက်နဲ့ ကိုင်မိမှ ဖြစ်တာဆိုတော့

“အဲဒါဆို ကျွန်တော်မြင်နေတာတွေဟာ အာရုံမှားတာတွေ မဟုတ်ဘူးပေါ့၊ ကျွန်တော့် မျက်နှာကြီးက တကယ်ပဲ ပြောင်းပြောင်းသွားနေတာလား”

“နေဦးဗျ ကျွန်တော်လည်း စဉ်းစားနေတာ ခဏလေး”

ဆရာဝန်ဟာ နဖူးပေါ်ကို လက်တင်ပြီး ခဏငြိမ်သွားတယ်။ အခန်းထဲမှာလည်း ဆရာဝန်ရဲ့ သက်ပြင်းချသံ တိုးတိုးကလွဲရင် တိတ်ဆိတ်နေတယ်။ သူလည်း ဘာမှမမေးဘဲ ငြိမ်နေလိုက်တယ်။ ခဏကြာမှ ဆရာဝန်ရဲ့ အသံဟာ ပြန်ပေါ်လာတယ်။

“မှန်ကို ခင်ဗျားလက်နဲ့ထိလိုက်ရင် မှန်ထဲမှာ ခင်ဗျားရုပ်တွေပြောင်းသွားတယ်နော်”

“ဟုတ်ပါတယ်”

“အဲ့ဒီအချိန်မှာ တခြားတစ်ယောက်က မှန်ကို ခင်ဗျားနဲ့ တစ်ပြိုင်နက်တည်း ကြည့်နေတယ် ဆိုပါစို့

ခင်ဗျားရုပ်တွေပြောင်းသွားတာကို သူကောမြင်ရလား”

“မမြင်ရဘူးဆရာ၊ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်မှာ အဲ့ဒီကိစ္စကို ကျွန်တော် စမ်းသပ်ဖူးတယ်”

ဆရာဝန်ဟာ သူ့မျက်နှာကို သေသေချာချာ စိုက်ကြည့်နေတယ်။ စကားတစ်ခွန်းကို ပြောသင့် မပြောသင့်ချိန်ဆနေပုံရတယ်။ ထိုင်နေတဲ့ ခုံကနေ ဆရာဝန်ဟာ မတ်တတ်ထရပ်လိုက်တယ်။

လက်ကိုနောက်ပစ်ပြီး အခန်းထဲခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတယ်။

“ခင်ဗျားက မိသားစုနဲ့ နေတာလား”

“မဟုတ်ပါဘူး ကျွန်တော် တစ်ယောက်တည်းနေတာ”

“အီလူးရှင်းအပြင် တခြားအဆင့်တစ်ဆင့်ရှိသေးတယ်ဗျ၊ အာရုံချောက်ချားခြင်းလို့ ခေါ်တယ်၊ ဟေလူဆီနေးရှင်း (Hallucination) တဲ့၊ လှုံ့ဆော်မှုမဲ့ အာရုံမှားခြင်းလို့လည်း စိတ်ပညာမှာခေါ်တယ်၊ အာရုံခံ အင်္ဂါတွေရဲ့ လှုံ့ဆော်မှုမပါဘဲ သူ့ဘာသာ သက်သက်ကြီးဖြစ်နေတဲ့ အာရုံမှားမှုမျိုးဗျ၊ အဲ့ဒီလို ဖြစ်နေတဲ့ လူတစ်ယောက်ဟာ အိပ်မက်တွေ မက်နေသလိုမျိုးပဲ အပြင်လောကမှာ မဟုတ်တာတွေကို ဟုတ်နေသယောင်ထင်နေတတ်တဲ့ အခြေအနေတစ်ရပ်ပေါ့ဗျာ”

“ဆရာပြောတာကြီးက အရူးရောဂါကြီးပါဗျာ၊ ကျွန်တော့်ပုံစံက ရူးနေတဲ့ပုံပေါက်နေလို့လား”

ဆရာဝန်ဟာ လမ်းလျှောက်နေတာကနေ ထိုင်ခုံပေါ် ပြန်ထိုင်ချလိုက်တယ်။

“မဟုတ်ပါဘူး၊ ကျွန်တော် ပြောတာက အဲ့ဒီလိုအဓိပ္ပာယ်မျိုး မဟုတ်ပါဘူး၊ ကျွန်တော်က စံလွဲ စိတ်ပညာအကြောင်းကို ခင်ဗျားစိတ်ဝင်စားမလားလို့ ပြောပြနေတာ၊ ဟေလူဆီနေးရှင်းဆိုတာက နူရိုးဆစ်အဆင့် မဟုတ်တော့ဘူး၊ ဆိုက်ကိုးဆစ်ဖြစ်သွားပြီ၊ ရှင်းရှင်းပြောရရင် အဲဒီလူရဲ့စိတ်ဟာ ပုံမှန် အခြေအနေမဟုတ်တော့ဘူး၊ ယုံမှားလွန်းခြင်း၊ ဒီလူးရှင်း (Delusion) ဆိုတာလည်း ဒီသဘောမျိုးပဲ၊ ဒါပေမဲ့ ခင်ဗျားဟာက ဒီအဆင့်မျိုးလည်း မဟုတ်ဘူး၊ ခင်ဗျားရဲ့ ကိုယ်ရည်ကိုယ်သွေး Personality ကို ကြည့်ရတာ အားလုံးစံကိုက်စိတ်အနေအထားပဲ၊ ခင်ဗျားပြောပြလို့သာ ကျွန်တော် လည်း လူနာတွေ စုံနေပါပြီဗျာ၊ ခင်ဗျားလိုမျိုးဖြစ်တာတော့ တစ်ယောက်မှ မကြုံဖူးဘူး”

“ဆရာက ကျွန်တော်ပြောနေတာတွေကို မယုံလို့လား၊ မှန်ထုတ်ပြီး ကျွန်တော် ကြည့်ပြရမလား”

“မှန်ထုတ်ပြီး ခင်ဗျားကြည့်လည်း ခင်ဗျားမျက်နှာပုံစံတွေပြောင်းသွားတာကို ကျွန်တော် မြင်ရမှာမှ မဟုတ်တာ၊

နေဦး ခင်ဗျားအိပ်ရေးကော ပျက်လေ့ပျက်ထရှိလား”

“မရှိပါဘူး”

ဆရာဝန်ဟာ သူ့မျက်နှာကို ကျော်ပြီး သူဝင်လာတဲ့ တံခါးမဆီကို ငေးကြည့်နေတယ်။ တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ဆရာဝန်ရဲ့ သက်ပြင်းချသံဟာ အနည်းငယ် ကျယ်လောင်နေသလို ထင်ရတယ်။ အခန်းရဲ့ ဆိတ်ငြိမ်မှုဟာ မိနစ်ပိုင်းလောက် ကြာသွားတယ်။

“ခင်ဗျားဖြစ်တဲ့ကိစ္စက တော်တော်စဉ်းစားစရာပဲဗျ၊ ကျွန်တော်တောင် စာအုပ်တွေ ပြန်လှန်ရမလိုဖြစ်နေပြီ၊ ဒါထက် ခင်ဗျားက ဘာအလုပ်လုပ်တာလဲ”

“စာရေးဆရာပါ”

“ဒါဆို ခင်ဗျားဖြစ်သလိုမျိုး စာအုပ်တစ်အုပ်အုပ်ထဲမှာများ ခင်ဗျား ဖတ်ဖူးခဲ့လား”

“ဆရာရယ် အခုဖြစ်နေတာက ဝတ္ထုမှမဟုတ်ဘဲ တကယ်ဖြစ်နေတဲ့ ကိစ္စပဲကို”

“မဟုတ်ပါဘူး ကျွန်တော် မေးတာက ခင်ဗျားအဖြစ်မျိုးနဲ့ ခပ်ဆင်ဆင် ဝတ္ထုဇာတ်လမ်းတွေ ဘာတွေများ ခင်ဗျား ဖတ်ဖူးခဲ့သလားလို့ပါ”

“မဖတ်ဖူးပါဘူး”

“ခင်ဗျားဖြစ်တဲ့ အဖြစ်က ဝတ္ထုတစ်ပုဒ်လောက်တောင်ရေးဖို့ ကောင်းနေပြီ၊ ခင်ဗျား ဘာကို ပြုံးတာလဲ”

သူပြုံးမိသွားတာကို ဆရာဝန်ရိပ်မိသွားပုံရတယ်။

“ဆရာပြောတာတောင် နောက်ကျနေပြီဆိုပြီး ကျွန်တော် ပြုံးမိသွားတာပါ၊ ကျွန်တော် ဝတ္ထုရေး ထားပါတယ်၊ ဒါပေမဲ့ အမှန်လွန် ဝတ္ထုမျိုးဖြစ်နေတော့ ရေးရတာ နည်းနည်းခက်နေတယ်ဆရာ”

“အဲဒီ့ဝတ္ထုက ပြီးသွားပြီလား”

“မပြီးသေးပါဘူး၊ ဇာတ်သိမ်းပိုင်းမှာတင် ကြာနေတာ၊ ပြင်လိုက်၊ ဖျက်လိုက်နဲ့ ဇာတ်သိမ်းဖို့ တော်တော်ခက်နေတာ ဆရာရေ၊ ရေးနေတာကိုပဲ လနဲ့ချီကို ကြာနေပြီ”

“ခင်ဗျားဝတ္ထုပြီးရင်လည်း ကျွန်တော့်ကို ပေးဖတ်ပါဦး၊ ခင်ဗျားဖြစ်တဲ့ ပြဿနာကတော့ စာအုပ်တွေ ကျွန်တော်ပြန်ဖတ်ကြည့်ဦးမယ်ဗျာ”

အခန်းဟာ ပြန်တိတ်ဆိတ် သွားပြန်တယ်။ ဆရာဝန်ဟာ တံခါးမဘက်ကို ငေးပြီးတစ်ခုခု စဉ်းစားနေပုံရတယ်။ သူရှိနေတာတောင် မေ့လျော့နေတဲ့ပုံစံမျိုးနဲ့ လေးလေးနက်နက် တွေးနေတဲ့ ဆရာဝန်ရဲ့ မျက်နှာကိုကြည့်ပြီး သူ့စိတ်ထဲမှာ အမျိုးအမည်မသိတဲ့ ခံစားမှုတစ်မျိုးဟာ ဖြစ်ပေါ်လာတယ်။

“မှန်တွေကို ဆရာဘယ်လိုမြင်လဲ”

သူ့အသံကပဲ နည်းနည်းကျယ်လောင်သွားတာလား မသိဘူး။ သူ့အတွေးနဲ့သူ မျောနေတဲ့ ဆရာဝန်ဟာ အနည်းငယ်လန့်သွားတဲ့ပုံမျိုးနဲ့ သူ့ကို လှမ်းကြည့်တယ်။

“ဗျာ “

“သြော် … မှန်တွေကို ဆရာဘယ်လိုမြင်လဲလို့”

“ဘယ်လိုမြင်ရမှာလဲဗျ၊ ကိုယ့်ရုပ်ကိုယ်ပြန်မြင်မှာပေါ့”

ဆရာဝန်ရဲ့ ဖြေသံဟာ တုံးတိတိနဲ့ ဒေါသသံ အနည်းငယ်စွက်နေတယ်။

မှန်ထဲကိုကြည့်လိုက်ရင် ဆရာရဲ့ ရုပ်ကြီးက ပြောင်းမနေဘူးလား

“ခင်ဗျားဘာတွေ လာပြောနေတာလဲ”

ပြောရင်း ဆရာဝန်ဟာ ဒေါသတကြီးထရပ်လိုက်တယ်။ ဆရာဝန်ရဲ့ မျက်နှာဟာ မိနစ်ပိုင်း အတွင်း အပြောင်းအလဲကြီး ပြောင်းလဲပြီး အလွန်တရာ ခက်ထန်မာကျောနေတဲ့ ပုံမျိုးပေါက်လာတယ်။

“ကျွန်တော် ပြန်သွားရင် မှန်တစ်ချပ်ကိုယူ သေသေချာချာ စိုက်ကြည့် ဆရာရဲ့ ရုပ်ကြီးက ပြောင်းနေလိမ့်မယ်၊ စာအုပ်တွေ ဆရာပြန်လှန်နေလည်း အပိုပဲ၊ ကျွန်တော့်လိုမျိုး ဆရာရဲ့ မျက်နှာကြီးဟာ ပုံသဏ္ဌာန်တွေ အမျိုးမျိုးပြောင်းပြီး ပထမဆရာ လန့်ဖျတ်သွားမယ်၊ ပြီးရင် အဲဒီ့မှန်ကို ဆရာရိုက်ခွဲပစ်ချင်စိတ်ပေါ်လာလိမ့်မယ်”

“ဟေ့လူ ခင်ဗျားရူးနေပြီလား၊ ကျုပ်က ဘာဖြစ်လို့ ခင်ဗျားလို ဖြစ်ရမှာလဲ”

ဆရာဝန်ရဲ့ အသံဟာ အတော်ပဲ ကျယ်လောင်နေတယ်။

“မယုံရင် ဆရာမှန်တစ်ချပ် အခုသွားယူလေ၊ ကြည့်ကြည့်ပါလား၊ ဆရာ မကြည့်ရဲဘူး မဟုတ် လား”

ဆရာဝန် သူ့ကိုစိုက်ကြည့်နေပုံက စားတော့ဝါးတော့မတတ်ပဲ။ စားပွဲခုံပေါ် လက်ထောက်ထားတဲ့ ဆရာဝန်ရဲ့ ကိုယ်ခန္ဓာဟာ တဆတ်ဆတ်တုန်ရီနေတယ်။ ရုတ်တရက်ကြီး ပြောင်းလဲသွားတဲ့ ဆရာဝန်ရဲ့ အမူအရာတွေကိုကြည့်ပြီး သူ့စိတ်ထဲမှာ တအားရယ်ချင်စိတ် ပေါက်လာတယ်။

“ဟား ဟား ဟား ဆရာမကြည့်ရဲဘူးမဟုတ်လား၊ ဆရာရဲ့ နှာခေါင်းကြီးကလေ မျက်လုံး နေရာရောက်နေလိမ့်မယ်၊ ပါးကြီးက ဖောင်းကားကြီး၊ ဆံပင်တွေ ပါးပေါ်မှာပေါက်နေတာကို ဆရာတွေ့ရလိမ့်မယ်၊ ပြီးရင် ဆရာ့ရုပ်ကြီးက ထပ်ပြောင်းသွားပြီး နှုတ်ခမ်းကြီးက ရှေ့ကို အရှည်ကြီး ချွန်ထွက်လာလိမ့်မယ်၊ နားရွက်အကြီးကြီးက တဖတ်ဖတ်နဲ့ ဆရာ့မျက်နှာကို လာရိုက်လိမ့်မယ်၊ အခု မှန်သွားယူလေ၊ ဆရာကြည့်လေ၊ ဆရာ မကြည့်ရဲပါဘူး၊

ဟား ဟား ဟား

ဟား ဟား ဟား”

ဆရာဝန်ရဲ့ နှုတ်ခမ်းတွေဟာ တဆတ်ဆတ်တုန်နေတယ်။ သူ့ကို စိုက်ကြည့်နေတဲ့ ပုံကလည်း သူ့တစ်ကိုယ်လုံး လောင်ကျွမ်းသွားတော့မတတ်ပဲ။

“မှန်တစ်ချပ်ကို သွားယူလေ မှန်တစ်ချပ်ကို ဆရာမကြည့်ရဲဘူး မဟုတ်လား။ ဟား ဟား ဟား ကျွန်တော့်ဝတ္ထုကတော့ ပြီးသွားပြီ ဆရာရေ၊ အခု ကြည့်နေရင်းနဲ့ကို ဆရာ့ရုပ်ကြီးက ပုံစံတွေ အမျိုးမျိုး ပြောင်းနေပြီ၊ တကယ်တော့ ဆရာက လူယောင်ဆောင်ထားတဲ့ မှန်ကြီးပဲ၊ ဆရာ သတိထား ဆရာ့ ရုပ်ကြီးက ပုံစံတွေ အမျိုးမျိုးပြောင်းနေပြီ၊

ပြောင်းနေပြီ ဆရာ၊ ပြောင်းနေပြီ၊

ပြောင်းနေပြီ

ပြောင်းနေပြီ

ပြောင်းနေပြီ

ဟား ဟား ဟား ဟား ….

ဟား ဟား ဟား ဟား….. “

“စောက်ရူး… ပြန်တော့”

ဆရာဝန်ရဲ့ အသံဟာ အခန်းထဲမှာ အတော်ပဲ ကျယ်လောင်မြည်ဟိန်းသွားတယ်။ ရယ်မော အော်ဟစ်ပြီး ထပြန်သွားတဲ့သူ့ကို ဆရာဝန်ဟာ မျက်ထောင့်နီကြီးနဲ့ ရပ်ကြည့်ပြီး ကျန်နေရစ်တယ်။ တံခါးဝနားရောက်တော့ ဆရာဝန်ကို သူ စကားတစ်ခွန်းပြောခဲ့သေးတယ်။

“ကျွန်တော့် ဝတ္ထုရဲ့ ဇာတ်သိမ်းပိုင်းမှာ ဆရာလည်း ပါတယ်နော် “

***

လင်းထိုက်

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading