ထင်းရှူးသေတ္တာ

ဒွေးလေးကအပျိုကြီး ၄တန်းအထိကျောင်းနေခဲ့ဖူးတယ်တဲ့၊ စာကတော့ရေးတတ်ဖတ်တတ် တွက်တတ်ချက်တတ်တဲ့ အနေအထားလောက်ပဲ၊ သူတို့ငယ်ငယ် မွေးရပ်ရွာက ဂျပန်တွေ စစ်ပြေးတဲ့ စစ်လမ်းကြောင်းပေါ်မှာရှိနေတော့ သူတို့လည်း စစ်ပြေးဒုက္ခသည်ဖြစ်ပြီး ပြေးကြရလွှားကြရသတဲ့၊ ဒီလိုပြေးရင်းနဲ့မြို့ရောက်လာ၊ ကျူးကျော်တွေမှာကြုံသလိုနေထိုင်ရင်း ရရာအလုပ် လုပ်ကိုင်စားခဲ့ကြရတာ၊

သရုပ်ဖော် - လင်းငြိမ်

ဒွေးလေးဆုံးတော့ သူ့ထင်းရှူးသေတ္တာလေးကို ဖွင့်ကြည့်ကြမလားလို့ ကိုကိုကပြောတယ်၊ ဒွေးလေးက သူ့သေတ္တာကို တသက်လုံး အရိပ်တကြည့်ကြည့်နေခဲ့တာ၊ သူ့အသက်ရှင်သမျှကာလပတ်လုံး ဘယ်သူ့ကိုမှပေးမကိုင်ခဲ့ဘူး၊ နောက်ဆုံးအိပ်ရာထဲလဲသည်ထိ သူ့ဘေးမှာထားတာ၊ ဆုံးတော့လည်း သူ့သေတ္တာလေးကို ကြည့်ပြီးဆုံးသွားတာပဲ၊ သူ့ မျက်ဝန်းထဲမှာလည်း သေတ္တာလေးကိုစိတ်မချနိုင်တဲ့ အငွေ့တွေက အတိုင်းသားပေါ့။

ဒွေးလေးကအပျိုကြီး ၄တန်းအထိကျောင်းနေခဲ့ဖူးတယ်တဲ့၊ စာကတော့ရေးတတ်ဖတ်တတ် တွက်တတ်ချက်တတ်တဲ့ အနေအထားလောက်ပဲ၊ သူတို့ငယ်ငယ် မွေးရပ်ရွာက ဂျပန်တွေ စစ်ပြေးတဲ့ စစ်လမ်းကြောင်းပေါ်မှာရှိနေတော့ သူတို့လည်း စစ်ပြေးဒုက္ခသည်ဖြစ်ပြီး ပြေးကြရလွှားကြရသတဲ့၊ ဒီလိုပြေးရင်းနဲ့မြို့ရောက်လာ၊ ကျူးကျော်တွေမှာကြုံသလိုနေထိုင်ရင်း ရရာအလုပ် လုပ်ကိုင်စားခဲ့ကြရတာ၊  မြို့ဆိုပေမယ့် မြို့ကလည်းပီပီသသ မြို့ မဟုတ်သေးဘူး၊ မြို့လယ်လောက်ပဲ လူစုစုရှိတာ၊ ကျန်တဲ့ မြို့နီးချုပ်စပ်ကတော့ စစ်ဘေးရှောင်တွေ ကျူးတွေနဲ့ပြည့်နေတာတဲ့၊ ပဲဆွတ်၊ နှမ်းဖြာ၊ ကောက်သင်းကောက်နဲ့ စစ်အတွင်းဆိုတော့ မရှိရှိတဲ့အလုပ် လုပ်စားခဲ့ကြရတာပါပဲတဲ့၊ တခါတခါ ဒွေးလေးနဲ့ ဟိုးနားဒီနားသွားမိတဲ့အခါမျိုးတွေမှာဆိုရင် သူကလမ်းမှာ ခဏခဏရပ်ပြီး သူမှတ်မိတဲ့နေရာနဲ့သူမှတ်မိနေတဲ့အကြောင်းလေးတွေကို ပြောပြောပြတတ်တယ်၊ လေယာဉ်ကွင်းနားရောက်ရင်တော့ သူ့မျက်နှာကသိသိသာသာပျက်လာပြီ ပြီးရင်တော့ ကျနော်တို့အကြိမ်ကြိမ်ကြားဖူးပြီးသားဖြစ်တဲ့ ဓာတ်ပြားဟောင်းကြီးကို ဖွင့်တော့တာပါပဲ။

လေယာဉ်ကွင်း ဘေးနားလေးမှာက အတော်လေးကြီးတဲ့ထနောင်းပင်ကြီးရှိတယ်၊ အညာနွေပူပူဆို အတော်လေးနားလို့ပြုလို့ကောင်းတဲ့ အရိပ်အာဝါသပေါ့၊ နွေထနောင်း ဆောင်းမန်ကျီးဆိုတဲ့စကားပုံအတိုင်း ကျနော်တို့ အညာမှာတော့ နွေဆိုရင် ထနောင်းရိပ်ကအေးနေတတ်ပြီး ဆောင်းဆိုရင်တော့ မန်ကျီးရိပ်က အုံ့အုံ့ဆိုင်းဆိုင်းနဲ့နွေးနေတတ်တာမျိုးကိုး၊ ဒွေးလေးက အဲဒီ ထနောင်းပင်ရိပ်ရောက်ရင် အကြားကြီးနားနားနေနေ နေတတ်တယ်၊ ပြီးရင်တော့ ပါးစပ်က တရစပ်ပြောတော့တာပဲ၊ ဒီနေရာမှာ အရင်က ဒီလမ်းတွေမရှိသေးဘူး တကယ့်ကို တောကြီးမျက်မည်းကြီးတဲ့ သူတို့ စစ်ပြေးကြတော့တောင် တချို့တောတွေကိုထွင်ပြီးပြေးကြရတာတဲ့ သူ့အစုအဖွဲ့နဲ့သူ ပုန်းချိန်တန်ပုန်း ပြေးချိန်တန်ပြေးနဲ့ မြို့ရောက်လာခဲ့ကြတာတဲ့၊ ဒါပေမယ့် ဒီနေရာလေးကိုတော့ သူ့တစ်သက်ဘယ်တော့မှမမေ့ဘူး ပြီးတော့ ဒီထနောင်းပင်၊ ဒီထနောင်းပင်မှာ သူ့မောင်နှစ်ယောက် အခုထိရှိနေသေးတယ်လို့လည်း သူယုံတယ်တဲ့၊ ဒွေးလေးမှာ မောင်သုံးယောက်ရှိတယ်၊ နှစ်ယောက်ကအမွှာတဲ့၊ ရုပ်ချင်းကလည်း မိဘတွေတောင်မနည်းကြီး ခွဲယူရလောက်အောင်ထိတူတာတဲ့၊ ဒါပေမယ့် အမွှာနှစ်ကောင်ကံဆိုးရှာပါတယ်၊ ပြေးရင်းလွှားရင်း ဒီနေရာလေးမှာစတည်းချတုန်း ဗုံးဆန်ထိပြီး ဆုံးပါးကျန်ခဲ့ရသတဲ့၊ ဒီတုန်းက ထနောင်းပင်ကလည်း ဒီလောက်ကြီးမကြီးသေး သူ့မောင်ကလေးတွေရဲ့ ခြေပြတ်လက်ပြတ်နဲ့ အသားစတွေက ထနောင်းပင်ပေါ်မှာ မွစာကျဲလို့တဲ့၊ စစ်အတွင်းဆိုတော့ မိဘမောင်ဘွားအရင်းကြီးတွေဆိုပေမယ့် ဖြစ်သလိုပဲ သဂြိုလ်ခဲ့ကြရတယ်တဲ့၊ ဒွေးလေးက ပြောလိုက်ငိုလိုက်ပဲ၊ တခါတခါကျ ဟဲ့ ငါပြောတာကြားရဲ့လားဆိုပြီး ကျနော်တို့ကိုပဲပြောသလိုလို သူ့မောင်တွေကိုပဲပြောသလိုလိုနဲ့ပြောတတ်သေးတာ၊ သူငိုလို့ အားရပြီ လွမ်းလို့လည်းမောပြီဆိုတော့မှ လိုရာခရီးဆက်ကြရတာ။

ဒွေးလေးမှာ အဲသလိုသတိရစရာနေရာတွေကအများကြီး၊ ဒွေးလေးက အမှတ်သညာလည်းကြီးတယ် အစွဲအလမ်းလည်းကြီးတယ်၊ ဒါပေမယ့် မြို့ကတဖြည်းဖြည်းကျယ်လာ လူဦးရေများလာတော့ ကွက်သစ်တွေချဲ့ကြရတာပေါ့၊ အရင် ယာကွင်းတွေနေရာက လူနေရပ်ကွက်တွေဖြစ်လာ၊ တချို့ ရိုးချောက်တွေကိုဖို့၊ ကန်တွေကိုပြန်ဆယ်နဲ့ဆိုတော့ ဒွေးလေးရဲ့ အမှတ်တရနေရာတွေလည်း တစတစနဲ့ပါကုန်တာပေါ့လေ၊ ဒါပေမယ့် ဒွေးလေးကတော့ အကုန်လုံးနီးပါမှတ်မိနေတာပါပဲ။

ဒွေးလေးက ရပ်ကွက်ထဲမှာ ကုန်စုံဆိုင်အသေးလေးဖွင့်ထားတယ်၊ အချိုမှုန့် ဆား ငရုတ်ကြမ်းမှုန့် ကြက်သွန်ဖြူနီအစ ငါးခြောက်ငါးခြမ်းလေးတွေထိ တစ်နိုင်စာ အထုပ်သေးသေးလေးတွေထုတ်ပြီး ပြန်ရောင်းတယ်၊ ရပ်ကွက်ကလည်း လက်လုပ်လက်စားရပ်ကွက်ဆိုတော့ သူ့ဆိုင်လေးက အတော်အသင့်ရောင်းကောင်းတဲ့အထဲမှာပါတာပေါ့လေ၊ ဒီတော့ ၄ရက်တခါ ၅ရက်တခါလောက် မြို့မဈေးကြီးကိုသွားပြီး ဈေးသွားသွားဝယ်ရတယ်၊ ဒီတုန်းက ဆိုင်ကယ်ခေတ်ကားခေတ်မဟုတ်သေးဘူး မြင်းလှည်းခေတ် ဆိုက္ကားခေတ်ပေါ့၊ မြင်းလှည်းကတော့ လူစီးသီးသန့်များပါတယ်၊ ဆိုက္ကားကတော့ လူစီးရော ကုန်အသယ်အပြုရောသုံးတာပေါ့၊ ဒွေးလေးကတော့သူ့စက်ဘီးရဲ့နောက်ကယ်ရီယာခုံမှာ ပျဥ်ချောင်းတွေနဲ့ ပြန့်ကြီးအောင်လုပ်ပြီး ခံတောင်းကြီးကို အသေချည်ထားတတ်တယ်၊ တော်ရုံအားနဲ့တော့ လွယ်လွယ်နဲ့ဖြုတ်မရဘူး၊ ဈေးရောက် ပစ္စည်းတွေဝယ် ခံတောင်းကြီးထဲစုပြုံထိုးထည့်ပြီ ပြန်လာတာပဲ၊ သူ့အတွက်တော့ ဘာဆိုက္ကားမှငှားနေစရာမလိုဘူးတဲ့ ၊ ဒီလိုနဲ့ တနေ့တော့ မျက်စိပျက်မျက်နှာပျက်နဲ့ ပြန်ရောက်လာတယ် ၊ လက်မှာလည်း ထိခိုက်ရှနာ ပွန်းပဲ့ရာနိုင်းချင်းနဲ့ဆိုပါတော့၊ ဒွေးလေး ဘာဖြစ်လာတာလဲဆိုတော့ ရန်သတ်လာတာတဲ့၊ ဟာ တစ်သက်နဲ့တစ်ကိုယ် ရန်သတ်ဖို့နေနေသာသာ သူတစ်ဖက်သားကိုတောင့်နင့်နင့်သီးသီး အပြစ်မမြင်တတ်တဲ့ဒွေးလေးလေ၊ ခုတော့ ဘယ်လိုဖြစ်လာပါလိမ့်ဆိုတော့ ဖြစ်ပုံကဒီလိုတဲ့ မနက်က ဈေးကြီးအသွား လမ်းစုံမှာဖြစ်လာတာတဲ့ ၊ လမ်းစုံမှာ လူတစ်ယောက်က ရူးတာလားမူးတာလားမသိတဲ့၊ ပီပီကြီး တရွှီရွှီမှုတ်ပြီး ဟိုလူ့လက်ပြဒီလူ့လက်ပြလုပ်နေတာ အသွားတော့ ဘာကုန်ပစ္စည်းမှ မပါတော့ ပေါ့ပေါ့ပါးပါးလျှောင်သွားလို့ရသေးတယ်၊ အပြန်ကျမရတော့ဘူး ကုန်ကလေးတာကတမျိုး ပြီးတော့ စက်ဘီးဘရိတ်ကလည်း သိပ်မမိချင်တော့ဘူးလေတဲ့၊ အဲဒီမှာပဲ ဟိုအရူးက သူ့ရှေ့ခပ်လှမ်းလှမ်းကနေ ပိတ်ရပ်ပြီးတားသတဲ့၊ ဒါပေမယ့် မရတော့ဘူး စက်ဘီးကဘရိတ်ကလည်းမကောင်း ရုတ်တရက်ကြီးတုန့်ကနဲရပ်ဖို့ကျ သူလည်းမရပ်တတ်ဘူးလေ ဒီတော့ ရှေ့ကလူကို တည့်တည့်ကြီးဝင်တိုးပစ်တော့တာပဲတဲ့၊ ဟိုလူလည်း ဖူးယောင်ကွဲပြဲလို့ ဒွေးလေးလည်း မြင်တဲ့အတိုင်းပဲတဲ့၊ ပြဿနာက ဒီမှာတင်ပြီးမသွားဘူး၊ သူမှန်တယ် ငါမှန်တယ် ငြင်းကြခုန်ကြရသေးတာတဲ့၊ ဒွေးလေးသဘောကတော့ရှင်းတယ် လမ်းလယ်ခေါင်ရပ်ပြီး အူကြောင်ကြောင်လုပ်နေတာ အတိုက်ခံရတာတောင်နဲသေးလို့ပြောချလိုက်တယ်တဲ့၊ ဟိုလူ့မှာမျက်စိပျက်မျက်နှာပျက်နဲ့ အူကြောင်ကြောင်လုပ်နေတာမဟုတ်ဘူးဗျ ကျုပ်အလုပ်ကျုပ်လုပ်နေတာလို့ ပြန်ခံပြောသတဲ့၊ ဒွေးလေးကလည်းဘယ်ရမလဲ ဝတ်ထားတာကလည်း အူကြောင်ကြား နေ့ခင်းကြောင်တောင်လှည်းထောက်ခွကြီးနဲ့ဘွတ်ဖိနပ်ကြီးနဲ့ဆိုတော့ သေချာပေါက်အရူးပဲဖြစ်ရမယ်လို့တွက်သတဲ့၊ အဲသလိုနဲ့ အခြေအတင် ငြင်းကြခုန်ကြရင်းနဲ့မှ တဖြည်းဖြည်းသဘောပေါက်လာတယ် ဟိုလူက ရဲတဲ့၊ ရဲဆိုပေမယ့် လူတွေကိုထိန်းတဲ့ရဲမဟုတ်ဘူး ယာဉ်တွေကိုထိန်းတဲ့ ယာဉ်ထိန်းရဲတဲ့၊ ကျုပ်ဖြင့် ကြားမကြားဘူးပါဘူးတော် ဆိုပြီး အသာလစ်ထွက်ခဲ့ရတယ်၊ မတော် ဖမ်းဟယ်ပြုဟယ်လုပ်နေရင် ဒုက္ခများမှာမဟုတ်လားတဲ့၊ အဲဒီရဲကဒီ မြို့မှာပထမဦးဆုံးတာဝန်ကျခဲ့တဲ့ ယာဉ်ထိန်းရဲပါပဲ၊ သူ့အလုပ်ရဲ့ပထမဦးဆုံးအလုပ်ဆင်းချိန်မှာ ဒွေးလေးနဲ့ တဲ့တဲ့တိုးမိခဲ့တာပါပဲ။

ဒွေးလေးက သေသည်ထိအပျိုးကြီးဘဝနဲ့ပဲ အရိုးထုတ်သွားတာ၊ ကျနော်တို့တစ်သက်နဲ့တကိုယ် ရီးစားသညာရှိခဲ့တယ်လို့လည်းမကြားပါဘူး၊ ရွာက သူ့တူမလေးတစ်ယောက်ကိုအဖော်ပြုပြီး ခြိုးခြံချွေတာ နေသွားတာပါပဲ၊ သူ့ရောဂါကလည်း ဘာမှထွေထွေထူးထူးတော့မဟုတ်ပါဘူး အဆုတ်မှာအနာပေါက်ပြီး တီဘီဖြစ်တာ၊ သိတဲ့အချိန်ကနောက်ကျ နောက်ပြီး ဒွေးလေးကဆေးသောက်ရမှာလည်း ကြောက်တော့ အခုလို ရောဂါကြွမ်းပြီးဆုံးသွားခဲ့တာပါပဲ၊သူဆုံးတော့ သူ့ပိုင်ဆိုင်သမျှအားလုံးကို သူ့ဆန္ဒအတိုင်း သူ့တူမလေးဆီလွှဲပေးခဲ့ကြပါတယ်၊ သူ နေ့စဉ် အရိပ်တကြည့်ကြည့် ကြည့်နေတတ်တဲ့ ထင်ရှူးသေတ္တာလေးရောပေါ့။

ဒွေးလေးဆုံးတော့ သူ့ထင်ရှူးသေတ္တာကလေးကို ဖွင့်ကြည့်ကြမလားလို့ ကိုကိုကမေးတယ်၊ ကျနော်တို့ တမိသားစုလုံးတွေဝေကြရတော့တာပါပဲ၊ သူတသက်လုံး အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်လာခဲ့ရတဲ့သေတ္တာလေး၊ အခု သူမရှိတော့မှ ဖွင့်ကြည့်လို့ရော သင့်တော်ပါ့မလား၊ သေသူကိုများ အားနာစရာဖြစ်နေမလားနဲ့ ချီတုံချတုံပေါ့လေ နောက်ဆုံးတော့ သေသူကိုချစ်ခင်လေးစားတဲ့စိတ်ကြောင့် ဖွင့်မကြည့်ပဲ သူနဲ့အတူတူမြေမြှုပ်ပေးလိုက်ကြဖို့ဆုံးဖြတ်ခဲ့ကြတယ် ဟုတ်တယ် သူမရှိတော့ဘူးဆိုပေမယ့် သူမသိစေချင်တဲ့ဆန္ဒကို နောက်ဆုံးဖြည့်စီးပေးလိုက်တဲ့သဘောပါပဲ။

အခုဆို ဒွေးလေးဆုံးတာ နှစ်နှစ်ဆယ်စွန်းစွန်းလောက်ရှိတော့မှာပေါ့၊ တလောလေးကတော့ သူနဲ့အတူနေခဲ့တဲ့ သူ့တူမ ကျနော့်ညီမလေးနဲ့ပြန်တွေ့တယ်၊ ပြန်တွေ့တော့ ရှေ့ဟောင်းနှောင်းဖြစ်တွေ ပြန်ပြောကြရင်း ဒွေးလေးအကြောင်းရောက်သွား ပြီးတော့ သူ့ထင်ရှူးသေတ္တာလေးအကြောင်းရောပေါ့၊ ညီမလေးကတော့ မျက်ရည်ဝေ့ဝေ့နဲ့ပြုံးနေတယ်၊ သေတ္တာလေးထဲမှာ ဘာရှိလဲကိုကြီးသိလားတဲ့၊ မသိဘူးဆိုတော့ ညီမလေးကတော့ ဒွေးလေးသေတ္တာဖွင့်တာ တစ်ခါမြင်ဖူးတယ် ဒါပေမယ့် ဘယ်သူ့ကိုမှတော့ပြောမပြဖြစ်ခဲ့ဘူးတဲ့၊ ဟုတ်လား ဒါဆိုသေတ္တာထဲမှာဘာရှိတယ်ဆိုတာ ညီမလေးသိတာပေါ့ဆိုတော့ သိတယ်တဲ့၊ ကျနော်စိတ်လှုပ်ရှားသွားတယ်၊ နှစ်ပေါင်းများစွာသိုသိပ်ထားခဲ့တဲ့အရာကို သိခွင့်ရတော့မှာမဟုတ်လား၊ ဒါနဲ့ သေတ္တာထဲမှာဘာရှိလဲညီမလေးဆိုတော့ ဘာမှမရှိဘူး သေတ္တာလေးက သေတ္တာအလွတ်ကလေးတဲ့၊ ပြီးမှ တိုးတိုးလေးထပ်ပြောတယ် အဲဒီသေတ္တာလေးကိုပဲ ဒွေးလေးကအရိပ်တကြည့်ကြည့် ကြည့်နေခဲ့တာပါတဲ့၊ သြော် ခုမှပဲ ကျနော်သဘောပေါက်တော့တယ် ဒွေးလေးရဲ့အမှတ်တရက သေတ္တာအလွတ်ကလေးတစ်ခုပဲကိုး၊ ဒီထင်းရှူးသေတ္တာလေး ဒွေးလေးဆီ ဘယ်ကနေဘယ်လို ရောက်လာခဲ့သလဲဆိုတာတော့ ကျနော်လည်းမသိ တခြား ဘယ်သူမှလည်းမသိ။
                                                             
                                                                    ***

သားဦး

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading