ဒွေးလေးကအပျိုကြီး ၄တန်းအထိကျောင်းနေခဲ့ဖူးတယ်တဲ့၊ စာကတော့ရေးတတ်ဖတ်တတ် တွက်တတ်ချက်တတ်တဲ့ အနေအထားလောက်ပဲ၊ သူတို့ငယ်ငယ် မွေးရပ်ရွာက ဂျပန်တွေ စစ်ပြေးတဲ့ စစ်လမ်းကြောင်းပေါ်မှာရှိနေတော့ သူတို့လည်း စစ်ပြေးဒုက္ခသည်ဖြစ်ပြီး ပြေးကြရလွှားကြရသတဲ့၊ ဒီလိုပြေးရင်းနဲ့မြို့ရောက်လာ၊ ကျူးကျော်တွေမှာကြုံသလိုနေထိုင်ရင်း ရရာအလုပ် လုပ်ကိုင်စားခဲ့ကြရတာ၊
ဒွေးလေးဆုံးတော့ သူ့ထင်းရှူးသေတ္တာလေးကို ဖွင့်ကြည့်ကြမလားလို့ ကိုကိုကပြောတယ်၊ ဒွေးလေးက သူ့သေတ္တာကို တသက်လုံး အရိပ်တကြည့်ကြည့်နေခဲ့တာ၊ သူ့အသက်ရှင်သမျှကာလပတ်လုံး ဘယ်သူ့ကိုမှပေးမကိုင်ခဲ့ဘူး၊ နောက်ဆုံးအိပ်ရာထဲလဲသည်ထိ သူ့ဘေးမှာထားတာ၊ ဆုံးတော့လည်း သူ့သေတ္တာလေးကို ကြည့်ပြီးဆုံးသွားတာပဲ၊ သူ့ မျက်ဝန်းထဲမှာလည်း သေတ္တာလေးကိုစိတ်မချနိုင်တဲ့ အငွေ့တွေက အတိုင်းသားပေါ့။
ဒွေးလေးကအပျိုကြီး ၄တန်းအထိကျောင်းနေခဲ့ဖူးတယ်တဲ့၊ စာကတော့ရေးတတ်ဖတ်တတ် တွက်တတ်ချက်တတ်တဲ့ အနေအထားလောက်ပဲ၊ သူတို့ငယ်ငယ် မွေးရပ်ရွာက ဂျပန်တွေ စစ်ပြေးတဲ့ စစ်လမ်းကြောင်းပေါ်မှာရှိနေတော့ သူတို့လည်း စစ်ပြေးဒုက္ခသည်ဖြစ်ပြီး ပြေးကြရလွှားကြရသတဲ့၊ ဒီလိုပြေးရင်းနဲ့မြို့ရောက်လာ၊ ကျူးကျော်တွေမှာကြုံသလိုနေထိုင်ရင်း ရရာအလုပ် လုပ်ကိုင်စားခဲ့ကြရတာ၊ မြို့ဆိုပေမယ့် မြို့ကလည်းပီပီသသ မြို့ မဟုတ်သေးဘူး၊ မြို့လယ်လောက်ပဲ လူစုစုရှိတာ၊ ကျန်တဲ့ မြို့နီးချုပ်စပ်ကတော့ စစ်ဘေးရှောင်တွေ ကျူးတွေနဲ့ပြည့်နေတာတဲ့၊ ပဲဆွတ်၊ နှမ်းဖြာ၊ ကောက်သင်းကောက်နဲ့ စစ်အတွင်းဆိုတော့ မရှိရှိတဲ့အလုပ် လုပ်စားခဲ့ကြရတာပါပဲတဲ့၊ တခါတခါ ဒွေးလေးနဲ့ ဟိုးနားဒီနားသွားမိတဲ့အခါမျိုးတွေမှာဆိုရင် သူကလမ်းမှာ ခဏခဏရပ်ပြီး သူမှတ်မိတဲ့နေရာနဲ့သူမှတ်မိနေတဲ့အကြောင်းလေးတွေကို ပြောပြောပြတတ်တယ်၊ လေယာဉ်ကွင်းနားရောက်ရင်တော့ သူ့မျက်နှာကသိသိသာသာပျက်လာပြီ ပြီးရင်တော့ ကျနော်တို့အကြိမ်ကြိမ်ကြားဖူးပြီးသားဖြစ်တဲ့ ဓာတ်ပြားဟောင်းကြီးကို ဖွင့်တော့တာပါပဲ။

လေယာဉ်ကွင်း ဘေးနားလေးမှာက အတော်လေးကြီးတဲ့ထနောင်းပင်ကြီးရှိတယ်၊ အညာနွေပူပူဆို အတော်လေးနားလို့ပြုလို့ကောင်းတဲ့ အရိပ်အာဝါသပေါ့၊ နွေထနောင်း ဆောင်းမန်ကျီးဆိုတဲ့စကားပုံအတိုင်း ကျနော်တို့ အညာမှာတော့ နွေဆိုရင် ထနောင်းရိပ်ကအေးနေတတ်ပြီး ဆောင်းဆိုရင်တော့ မန်ကျီးရိပ်က အုံ့အုံ့ဆိုင်းဆိုင်းနဲ့နွေးနေတတ်တာမျိုးကိုး၊ ဒွေးလေးက အဲဒီ ထနောင်းပင်ရိပ်ရောက်ရင် အကြားကြီးနားနားနေနေ နေတတ်တယ်၊ ပြီးရင်တော့ ပါးစပ်က တရစပ်ပြောတော့တာပဲ၊ ဒီနေရာမှာ အရင်က ဒီလမ်းတွေမရှိသေးဘူး တကယ့်ကို တောကြီးမျက်မည်းကြီးတဲ့ သူတို့ စစ်ပြေးကြတော့တောင် တချို့တောတွေကိုထွင်ပြီးပြေးကြရတာတဲ့ သူ့အစုအဖွဲ့နဲ့သူ ပုန်းချိန်တန်ပုန်း ပြေးချိန်တန်ပြေးနဲ့ မြို့ရောက်လာခဲ့ကြတာတဲ့၊ ဒါပေမယ့် ဒီနေရာလေးကိုတော့ သူ့တစ်သက်ဘယ်တော့မှမမေ့ဘူး ပြီးတော့ ဒီထနောင်းပင်၊ ဒီထနောင်းပင်မှာ သူ့မောင်နှစ်ယောက် အခုထိရှိနေသေးတယ်လို့လည်း သူယုံတယ်တဲ့၊ ဒွေးလေးမှာ မောင်သုံးယောက်ရှိတယ်၊ နှစ်ယောက်ကအမွှာတဲ့၊ ရုပ်ချင်းကလည်း မိဘတွေတောင်မနည်းကြီး ခွဲယူရလောက်အောင်ထိတူတာတဲ့၊ ဒါပေမယ့် အမွှာနှစ်ကောင်ကံဆိုးရှာပါတယ်၊ ပြေးရင်းလွှားရင်း ဒီနေရာလေးမှာစတည်းချတုန်း ဗုံးဆန်ထိပြီး ဆုံးပါးကျန်ခဲ့ရသတဲ့၊ ဒီတုန်းက ထနောင်းပင်ကလည်း ဒီလောက်ကြီးမကြီးသေး သူ့မောင်ကလေးတွေရဲ့ ခြေပြတ်လက်ပြတ်နဲ့ အသားစတွေက ထနောင်းပင်ပေါ်မှာ မွစာကျဲလို့တဲ့၊ စစ်အတွင်းဆိုတော့ မိဘမောင်ဘွားအရင်းကြီးတွေဆိုပေမယ့် ဖြစ်သလိုပဲ သဂြိုလ်ခဲ့ကြရတယ်တဲ့၊ ဒွေးလေးက ပြောလိုက်ငိုလိုက်ပဲ၊ တခါတခါကျ ဟဲ့ ငါပြောတာကြားရဲ့လားဆိုပြီး ကျနော်တို့ကိုပဲပြောသလိုလို သူ့မောင်တွေကိုပဲပြောသလိုလိုနဲ့ပြောတတ်သေးတာ၊ သူငိုလို့ အားရပြီ လွမ်းလို့လည်းမောပြီဆိုတော့မှ လိုရာခရီးဆက်ကြရတာ။
ဒွေးလေးမှာ အဲသလိုသတိရစရာနေရာတွေကအများကြီး၊ ဒွေးလေးက အမှတ်သညာလည်းကြီးတယ် အစွဲအလမ်းလည်းကြီးတယ်၊ ဒါပေမယ့် မြို့ကတဖြည်းဖြည်းကျယ်လာ လူဦးရေများလာတော့ ကွက်သစ်တွေချဲ့ကြရတာပေါ့၊ အရင် ယာကွင်းတွေနေရာက လူနေရပ်ကွက်တွေဖြစ်လာ၊ တချို့ ရိုးချောက်တွေကိုဖို့၊ ကန်တွေကိုပြန်ဆယ်နဲ့ဆိုတော့ ဒွေးလေးရဲ့ အမှတ်တရနေရာတွေလည်း တစတစနဲ့ပါကုန်တာပေါ့လေ၊ ဒါပေမယ့် ဒွေးလေးကတော့ အကုန်လုံးနီးပါမှတ်မိနေတာပါပဲ။


ဒွေးလေးက ရပ်ကွက်ထဲမှာ ကုန်စုံဆိုင်အသေးလေးဖွင့်ထားတယ်၊ အချိုမှုန့် ဆား ငရုတ်ကြမ်းမှုန့် ကြက်သွန်ဖြူနီအစ ငါးခြောက်ငါးခြမ်းလေးတွေထိ တစ်နိုင်စာ အထုပ်သေးသေးလေးတွေထုတ်ပြီး ပြန်ရောင်းတယ်၊ ရပ်ကွက်ကလည်း လက်လုပ်လက်စားရပ်ကွက်ဆိုတော့ သူ့ဆိုင်လေးက အတော်အသင့်ရောင်းကောင်းတဲ့အထဲမှာပါတာပေါ့လေ၊ ဒီတော့ ၄ရက်တခါ ၅ရက်တခါလောက် မြို့မဈေးကြီးကိုသွားပြီး ဈေးသွားသွားဝယ်ရတယ်၊ ဒီတုန်းက ဆိုင်ကယ်ခေတ်ကားခေတ်မဟုတ်သေးဘူး မြင်းလှည်းခေတ် ဆိုက္ကားခေတ်ပေါ့၊ မြင်းလှည်းကတော့ လူစီးသီးသန့်များပါတယ်၊ ဆိုက္ကားကတော့ လူစီးရော ကုန်အသယ်အပြုရောသုံးတာပေါ့၊ ဒွေးလေးကတော့သူ့စက်ဘီးရဲ့နောက်ကယ်ရီယာခုံမှာ ပျဥ်ချောင်းတွေနဲ့ ပြန့်ကြီးအောင်လုပ်ပြီး ခံတောင်းကြီးကို အသေချည်ထားတတ်တယ်၊ တော်ရုံအားနဲ့တော့ လွယ်လွယ်နဲ့ဖြုတ်မရဘူး၊ ဈေးရောက် ပစ္စည်းတွေဝယ် ခံတောင်းကြီးထဲစုပြုံထိုးထည့်ပြီ ပြန်လာတာပဲ၊ သူ့အတွက်တော့ ဘာဆိုက္ကားမှငှားနေစရာမလိုဘူးတဲ့ ၊ ဒီလိုနဲ့ တနေ့တော့ မျက်စိပျက်မျက်နှာပျက်နဲ့ ပြန်ရောက်လာတယ် ၊ လက်မှာလည်း ထိခိုက်ရှနာ ပွန်းပဲ့ရာနိုင်းချင်းနဲ့ဆိုပါတော့၊ ဒွေးလေး ဘာဖြစ်လာတာလဲဆိုတော့ ရန်သတ်လာတာတဲ့၊ ဟာ တစ်သက်နဲ့တစ်ကိုယ် ရန်သတ်ဖို့နေနေသာသာ သူတစ်ဖက်သားကိုတောင့်နင့်နင့်သီးသီး အပြစ်မမြင်တတ်တဲ့ဒွေးလေးလေ၊ ခုတော့ ဘယ်လိုဖြစ်လာပါလိမ့်ဆိုတော့ ဖြစ်ပုံကဒီလိုတဲ့ မနက်က ဈေးကြီးအသွား လမ်းစုံမှာဖြစ်လာတာတဲ့ ၊ လမ်းစုံမှာ လူတစ်ယောက်က ရူးတာလားမူးတာလားမသိတဲ့၊ ပီပီကြီး တရွှီရွှီမှုတ်ပြီး ဟိုလူ့လက်ပြဒီလူ့လက်ပြလုပ်နေတာ အသွားတော့ ဘာကုန်ပစ္စည်းမှ မပါတော့ ပေါ့ပေါ့ပါးပါးလျှောင်သွားလို့ရသေးတယ်၊ အပြန်ကျမရတော့ဘူး ကုန်ကလေးတာကတမျိုး ပြီးတော့ စက်ဘီးဘရိတ်ကလည်း သိပ်မမိချင်တော့ဘူးလေတဲ့၊ အဲဒီမှာပဲ ဟိုအရူးက သူ့ရှေ့ခပ်လှမ်းလှမ်းကနေ ပိတ်ရပ်ပြီးတားသတဲ့၊ ဒါပေမယ့် မရတော့ဘူး စက်ဘီးကဘရိတ်ကလည်းမကောင်း ရုတ်တရက်ကြီးတုန့်ကနဲရပ်ဖို့ကျ သူလည်းမရပ်တတ်ဘူးလေ ဒီတော့ ရှေ့ကလူကို တည့်တည့်ကြီးဝင်တိုးပစ်တော့တာပဲတဲ့၊ ဟိုလူလည်း ဖူးယောင်ကွဲပြဲလို့ ဒွေးလေးလည်း မြင်တဲ့အတိုင်းပဲတဲ့၊ ပြဿနာက ဒီမှာတင်ပြီးမသွားဘူး၊ သူမှန်တယ် ငါမှန်တယ် ငြင်းကြခုန်ကြရသေးတာတဲ့၊ ဒွေးလေးသဘောကတော့ရှင်းတယ် လမ်းလယ်ခေါင်ရပ်ပြီး အူကြောင်ကြောင်လုပ်နေတာ အတိုက်ခံရတာတောင်နဲသေးလို့ပြောချလိုက်တယ်တဲ့၊ ဟိုလူ့မှာမျက်စိပျက်မျက်နှာပျက်နဲ့ အူကြောင်ကြောင်လုပ်နေတာမဟုတ်ဘူးဗျ ကျုပ်အလုပ်ကျုပ်လုပ်နေတာလို့ ပြန်ခံပြောသတဲ့၊ ဒွေးလေးကလည်းဘယ်ရမလဲ ဝတ်ထားတာကလည်း အူကြောင်ကြား နေ့ခင်းကြောင်တောင်လှည်းထောက်ခွကြီးနဲ့ဘွတ်ဖိနပ်ကြီးနဲ့ဆိုတော့ သေချာပေါက်အရူးပဲဖြစ်ရမယ်လို့တွက်သတဲ့၊ အဲသလိုနဲ့ အခြေအတင် ငြင်းကြခုန်ကြရင်းနဲ့မှ တဖြည်းဖြည်းသဘောပေါက်လာတယ် ဟိုလူက ရဲတဲ့၊ ရဲဆိုပေမယ့် လူတွေကိုထိန်းတဲ့ရဲမဟုတ်ဘူး ယာဉ်တွေကိုထိန်းတဲ့ ယာဉ်ထိန်းရဲတဲ့၊ ကျုပ်ဖြင့် ကြားမကြားဘူးပါဘူးတော် ဆိုပြီး အသာလစ်ထွက်ခဲ့ရတယ်၊ မတော် ဖမ်းဟယ်ပြုဟယ်လုပ်နေရင် ဒုက္ခများမှာမဟုတ်လားတဲ့၊ အဲဒီရဲကဒီ မြို့မှာပထမဦးဆုံးတာဝန်ကျခဲ့တဲ့ ယာဉ်ထိန်းရဲပါပဲ၊ သူ့အလုပ်ရဲ့ပထမဦးဆုံးအလုပ်ဆင်းချိန်မှာ ဒွေးလေးနဲ့ တဲ့တဲ့တိုးမိခဲ့တာပါပဲ။
ဒွေးလေးက သေသည်ထိအပျိုးကြီးဘဝနဲ့ပဲ အရိုးထုတ်သွားတာ၊ ကျနော်တို့တစ်သက်နဲ့တကိုယ် ရီးစားသညာရှိခဲ့တယ်လို့လည်းမကြားပါဘူး၊ ရွာက သူ့တူမလေးတစ်ယောက်ကိုအဖော်ပြုပြီး ခြိုးခြံချွေတာ နေသွားတာပါပဲ၊ သူ့ရောဂါကလည်း ဘာမှထွေထွေထူးထူးတော့မဟုတ်ပါဘူး အဆုတ်မှာအနာပေါက်ပြီး တီဘီဖြစ်တာ၊ သိတဲ့အချိန်ကနောက်ကျ နောက်ပြီး ဒွေးလေးကဆေးသောက်ရမှာလည်း ကြောက်တော့ အခုလို ရောဂါကြွမ်းပြီးဆုံးသွားခဲ့တာပါပဲ၊သူဆုံးတော့ သူ့ပိုင်ဆိုင်သမျှအားလုံးကို သူ့ဆန္ဒအတိုင်း သူ့တူမလေးဆီလွှဲပေးခဲ့ကြပါတယ်၊ သူ နေ့စဉ် အရိပ်တကြည့်ကြည့် ကြည့်နေတတ်တဲ့ ထင်ရှူးသေတ္တာလေးရောပေါ့။
ဒွေးလေးဆုံးတော့ သူ့ထင်ရှူးသေတ္တာကလေးကို ဖွင့်ကြည့်ကြမလားလို့ ကိုကိုကမေးတယ်၊ ကျနော်တို့ တမိသားစုလုံးတွေဝေကြရတော့တာပါပဲ၊ သူတသက်လုံး အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်လာခဲ့ရတဲ့သေတ္တာလေး၊ အခု သူမရှိတော့မှ ဖွင့်ကြည့်လို့ရော သင့်တော်ပါ့မလား၊ သေသူကိုများ အားနာစရာဖြစ်နေမလားနဲ့ ချီတုံချတုံပေါ့လေ နောက်ဆုံးတော့ သေသူကိုချစ်ခင်လေးစားတဲ့စိတ်ကြောင့် ဖွင့်မကြည့်ပဲ သူနဲ့အတူတူမြေမြှုပ်ပေးလိုက်ကြဖို့ဆုံးဖြတ်ခဲ့ကြတယ် ဟုတ်တယ် သူမရှိတော့ဘူးဆိုပေမယ့် သူမသိစေချင်တဲ့ဆန္ဒကို နောက်ဆုံးဖြည့်စီးပေးလိုက်တဲ့သဘောပါပဲ။
အခုဆို ဒွေးလေးဆုံးတာ နှစ်နှစ်ဆယ်စွန်းစွန်းလောက်ရှိတော့မှာပေါ့၊ တလောလေးကတော့ သူနဲ့အတူနေခဲ့တဲ့ သူ့တူမ ကျနော့်ညီမလေးနဲ့ပြန်တွေ့တယ်၊ ပြန်တွေ့တော့ ရှေ့ဟောင်းနှောင်းဖြစ်တွေ ပြန်ပြောကြရင်း ဒွေးလေးအကြောင်းရောက်သွား ပြီးတော့ သူ့ထင်ရှူးသေတ္တာလေးအကြောင်းရောပေါ့၊ ညီမလေးကတော့ မျက်ရည်ဝေ့ဝေ့နဲ့ပြုံးနေတယ်၊ သေတ္တာလေးထဲမှာ ဘာရှိလဲကိုကြီးသိလားတဲ့၊ မသိဘူးဆိုတော့ ညီမလေးကတော့ ဒွေးလေးသေတ္တာဖွင့်တာ တစ်ခါမြင်ဖူးတယ် ဒါပေမယ့် ဘယ်သူ့ကိုမှတော့ပြောမပြဖြစ်ခဲ့ဘူးတဲ့၊ ဟုတ်လား ဒါဆိုသေတ္တာထဲမှာဘာရှိတယ်ဆိုတာ ညီမလေးသိတာပေါ့ဆိုတော့ သိတယ်တဲ့၊ ကျနော်စိတ်လှုပ်ရှားသွားတယ်၊ နှစ်ပေါင်းများစွာသိုသိပ်ထားခဲ့တဲ့အရာကို သိခွင့်ရတော့မှာမဟုတ်လား၊ ဒါနဲ့ သေတ္တာထဲမှာဘာရှိလဲညီမလေးဆိုတော့ ဘာမှမရှိဘူး သေတ္တာလေးက သေတ္တာအလွတ်ကလေးတဲ့၊ ပြီးမှ တိုးတိုးလေးထပ်ပြောတယ် အဲဒီသေတ္တာလေးကိုပဲ ဒွေးလေးကအရိပ်တကြည့်ကြည့် ကြည့်နေခဲ့တာပါတဲ့၊ သြော် ခုမှပဲ ကျနော်သဘောပေါက်တော့တယ် ဒွေးလေးရဲ့အမှတ်တရက သေတ္တာအလွတ်ကလေးတစ်ခုပဲကိုး၊ ဒီထင်းရှူးသေတ္တာလေး ဒွေးလေးဆီ ဘယ်ကနေဘယ်လို ရောက်လာခဲ့သလဲဆိုတာတော့ ကျနော်လည်းမသိ တခြား ဘယ်သူမှလည်းမသိ။
***
သားဦး
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












