သမိုင်းကိုရေးတဲ့သူ

သရုပ်ဖော်- မိုးထက်မိုး
သရုပ်ဖော်- မိုးထက်မိုး

လောကတွင် ဖတ်ရခက်သည့် အရာသုံးခုမှာ အီဂျစ်ကျောက်စာ၊ လေဆင်နှာမောင်းနှင့် နိုင်ငံရေးသမားဖြစ်သည်။ ဘယ်ရှေးဟောင်းသုတေသနပညာရှင်မှ အီဂျစ်ကျောက်စာကို အဓိပ္ပာယ် အပြည့်အ၀ ပေါ်လွင်အောင် မဖတ်နိုင်။ တိုက်ခတ်နေသော လေဆင်နှာမောင်း၏ ရွေ့လျားဦးတည်ရာ ကို အရှေ့အနောက် တောင်မြောက် ဝဲယာ ခွဲခြားပြောဆိုရန် ခက်ခဲလှသည်။ နိုင်ငံရေးသမားတစ်ယောက်၏ မဟာဗျူဟာ နည်းဗျူဟာ အခင်းအကျင်းကိုလည်း သိနိုင်ခဲလှသည်။ (ဒါကြောင့် တချို့က မေမေ့အကွက်တွေ သိပ်လှတာပဲ ပြောကြပုံရ၏။)

ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်ရေးကျယ်ဟုဆိုသမို့လား။ နိုင်ငံရေးအကွက် မပြောနှင့် ဘယ်ပွဲကို ဘယ်ဖက်ရှင်နဲ့ တက်မယ်ဆိုတာတောင် ခန့်မှန်းရမလွယ်။ သို့သော် သူက ဒီမိုကရေစီ အိုင်ကွန်ပါကွယ်။ ၂၀၂၀ အထိ သူ့ဒေါက်ဖိနပ်သံ ဘယ်လောက်ကျယ်လောင်တယ်ဆိုတာ အားလုံး အသိပဲ။ ဖွတ်မရ ဓားမဆုံးတဲ့။ သတိလည်း ထားကြဦးမှပေါ့။ တစ်ကမ္ဘာလုံးက နိုင်ငံတကာ စောင့်ကြည့် ရေးအဖွဲ့တွေက ဘာမှမပြောပဲ သူတို့ကပဲ ဆန့်ကျင်တဲ့ကြေညာချက်ထုတ်လိုက်၊ တောင်းပန်တဲ့ ကြေညာချက်ထုတ်လိုက်နဲ့ နောက်ဆုံးတော့ “ကျွန်တော်တို့မှာ ဘယ်သူ့ အားကိုးရမှန်းမသိတော့ပါဘူး” ငိုချင်းချရတဲ့အဖြစ်ဟာ ကြည့်လို့ မတင့်တယ်ပါဘူးဗျာ။ ပါတီတွေမှန်သမျှ အားကိုးစရာ တစ်ခုပဲရှိပါတယ်။ အဲဒါကတော့ မဲဆန္ဒရှင်(ပြည်သူ)တွေပါပဲ။ ပေးသမျှယူ ကျွေးသမျှစားတာတွေ ကြည့်ပြီး ဒါတို့ လူတွေပဲလို့ ယုံနေကြရင်တော့ နိုင်ငံရေးသင်ခန်းစာ မယူတတ်ရာကျပါတယ်။

ကျွန်တော်တို့ လူပျိုပေါက်ဘ၀ ဖဆပလ အကွဲအပြဲတုန်းကလည်း ဒီလိုပဲ အသဲကြားက မဲတစ်ပြားဆိုတာ အဲဒီတုန်းက ကြွေးကြော်သံပေါ့။ မဲတစ်ပြားကိုလည်း စားလို့ရမှန်းသိကြတယ်။ မဲထည့်မယ်ဆို ငွေ ၂ ကျပ်ပေးတယ်။ တည်မြဲက ထဘီအနီတစ်ထည်နဲ့ ခေါက်ဆွဲကျော် တစ်ထုပ်ပေးတယ်။ မဲရုံကို ဒေါ့ဂျစ်ကားနဲ့ အကြိုအပို့လုပ်တယ်။ မဲရေတွက်တော့ ဦးကျော်ငြိမ်းတို့ ဦးဗဆွေတို့ ပန်လန်လက် (ပက်လက်လန်ကုန်ကြရော၊ လူတည်မြဲ၊ မဲသန့်ရှင်းဆိုတဲ့ စကားပေါ်လာတာ အဲဒါကြောင့်။

အခုလည်း တွက်ရေးနဲ့ စက်သူဋ္ဌေးလုပ်နေတဲ့ ပါတီဟာ နှမ်းထွက်နဲ့ မှန်းချက်မကိုက်တော့ ဗမာပြည်က မန်ယူပရိသတ်အပေါက်ချိုး ချိုးတော့တာပဲ။ ဗမာပြည်က မန်ယူပရိသတ်ကလည်း မန်ယူအသင်းဟာ ဘယ်အသင်းနဲ့ကန်ကန် နိုင်မယ်ထင်နေတာ။ မန်ယူအသင်းရှုံးရင် ဒိုင်ညစ်လို့ တစ်ဖက်အသင်းက တရားမျှတမှုမရှိဘဲ လူချကစားလို့၊ ရာသီဥတုမကောင်းလို့၊ ကွင်းမကောင်းလို့ အကြောင်းအမျိုးမျိုးပြပြီး အသုံးမကျတာကို အဖတ်ဆယ်ဖို့ ကြိုးစားတော့တာပါပဲ။ မိုးတစ်လုံး၊ လေတစ်လုံးပြောပြီး ဘဲဥမကွဲတဲ့ ပါတီတွေက သူတို့နောက်လိုက်ကြတယ်။ တပ်မတော် ကယ်ပါလို့ အော်ကြသေးတယ်။ ဂျောက်ထဲကျဖို့ လက်နှစ်လုံးအလိုမှာ ၁၉၆၂ က ကယ်လိုက်တာ ဘယ်အခြေ စိုက်သွားသလဲမှ မသုံးသတ်နိုင်ရင် တကယ်နဖူးတွေ့ ဒူးတွေ့ ခံစားခဲ့ကြရတဲ့ ပြည်သူတွေဆီက ဒူးထောက်သင်ယူကြပါဦး။

အဲဒီတုန်းကတော့ ထိပ်သီးနိုင်ငံရေးသမားတွေလည်း ရေလိုက်လွဲခဲ့ကြတာပါပဲ။ ဗိုလ်နေဝင်းပဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ထူထောင်မည်ဆိုတော့ ဖဆပလရဲ့ အတိုက်အခံ ပမည ကခေါင်းဆောင် နာမည်ကြီး ဝိဒူရ သခင်ချစ်မောင်ကတောင် ခွေးကတက်ကပဲ နေရ နေရ အလုပ်အကျွေးပြုပါရစေ ပြောခဲ့သေးတာပဲ။

ဗိုလ်နေဝင်းနဲ့ တစ်ဂိုဏ်းတည်းသားတွေဖြစ်နဲ့ (ဆွေ/ငြိမ်း)ကလည်း သူတို့ကိုတော့ ဗိုလ်နေဝင်း ပက်ပက်စက်စက်မကြံရာဘူး ထင်ကြမှာပေါ့။ အချုပ်ခံထားရတဲ့ သမ္မတကြီး မန်းဝင်းမောင်ကတောင် သူနဲ့အတူရှိနေတဲ့ ဦးနုကို မပူနဲ့ ဗိုလ်နေဝင်းသိရင်လာကယ်လိမ့်မယ်လို့ ပြောသေးသတဲ့။ ကျွန်ယုံတော့ စုံလန်းကန်းခဲ့တာဆိုတာ အသိပါပဲနော်။ ဒါက လက်ထက်တော်ကြီး၊ နဝတနဲ့ နအဖ ခေတ်ကတော့ လက်ထက်တော်လေးပေါ့။ စစ်နဲ့ စစ်အနွယ်တော်တွေရဲ့ လက်အောက်မှာ ကျွန်တော်တို့လည်း ရာစု နှစ်ဝက်ကျော်ကျော်နေလာခဲ့ရတော့ . . .

ပြည်သူတွေလည်း ကျောမချခင်က ဓားပြမှန်းသိပါပြီ။ ဒါက သူတို့နိုင်ငံရေး ရေချိန်ပဲ။ လစ်ဘရယ်သဘောတရားတွေ၊ လူ့အခွင့်အရေးတွေ၊ ဒီမိုကရေစီစံနှုန်းတွေ တန်ဖိုးတွေ လာမမေးနဲ့ နိုး မသိဘူးပဲ။ ဒါပေမဲ့ နှစ်ခါသေဖူးတော့ ပျဉ်ဘိုးတော့နားလည်ပါပြီ။ ဒါကြောင့် ၂၀၂၀ မှာ သောင်ပြို ကမ်းပြိုနိုင်ခဲ့ပြန်တာပဲ။ အဲဒါကိုတော့ စေ့စေ့တွေးကြဗျာ။ ရေးရေးမှ မပေါ်ဘူးဆိုရင် ခင်ဗျားတို့ ညံ့တာ။ အခုထိ မြင်ရတာကတော့ အမြီးတွဲချည်ထားတဲ့ ကျားနဲ့ မျောက်လိုပဲ။

ဘာပဲပြောပြော ၂၀၂၁ ဖေဖော်ဝါရီ လွှတ်တော်သက်တမ်းကုန်ရင် လွှတ်တော်အသစ်ခေါပြီး အစိုးရအဖွဲ့သစ်ပေါ်တော့မယ်။ ဒီပုတ်ထဲကတော့ ဒီပဲ ပဲ ထွက်မှာပေါ့ဗျာ။ သို့သော် ပြီးခဲ့တဲ့ သက်တမ်း (၅) နှစ်ကို သင်ခန်းစာယူပြီး ပိုမိုကောင်းမွန်တဲ့ ပိုမိုသစ်လွင်တဲ့ ပိုမိုအလုပ်လုပ်မယ့် အစိုးရအဖွဲ့ ပေါ် ထွန်းလာပါလိမ့်မယ်လို့တော့ ပွဲမစမီ ဘင်သံပြနေတာပါပဲ။ (ပွဲကျမှ ခွေးရိုးကိုဆင်မာန်စွယ်ဆို လိမ်ရောင်းတဲ့ မျက်လှည့်ဆရာတွေလိုတော့ မလုပ်နဲ့ပေါ့။) ပြောရေးဆိုရေးရှိသူ ဇော်ဌေးက နေရှင်နယ် ယူနတီ ဂါးဗါးမန့်ဖြစ်မယ်ဆိုတော့ တချို့က ညွန့်ပေါင်းပုံစံလား မျှော်ကြတယ်။ ဘယ်လိုနည်းနဲ့မှ ညွန့် ပေါင်းပုံစံမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ရွေးကောက်ပွဲအပြီး တိုင်းရင်းသားပါတီတွေဆီပို့တဲ့ ဒီချုပ်စာရဲ့ အသွားအလာအရ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကို ရည်မှန်းချက်ထားပြီး တိုင်းရင်းသား အရေး ဦးစားပေးတဲ့ ပေါ်လစီချမှတ်မယ်ထင်ပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရဆိုတာကတော့ မင်ဒရဲလား အာဏာရစက တောင်အာဖရိကမှာ ထူထောင်တဲ့ ပုံစံဖြစ်ဖို့များပါတယ်။ ဒီမတိုင်မီ ကတည်းက ဒေါ်စုက အမျိုးသားညီညွတ်ရေး အမျိုးသားရင်ကြားစေ့ရေးကို အလေးထားလုပ်ဆောင်နေတယ်လို့ အဆက်မပြတ် ကြွေးကြော်တာပါပဲ။ ဒါဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအမီ ပြောင်းလဲခဲ့တဲ့ ဒီချုပ်ပါတီရဲ့ ‘အပျော့လမ်းစဉ်’ ဗျူဟာပါပဲ။ အဲဒီမတိုင်မီကတော့ ဒီချုပ်ဟာ ဦးဝင်းတင် ဦးဆောင်ချမှတ်တဲ့ ထိပ်တိုက်ရင်ဆိုင်ရေး (အမာလမ်းစဉ်)ကိုပဲ ကျင့်သုံးခဲ့တယ်။ အနှစ် ၂၀ကျော်လုံး ကျင့်သုံးခဲ့တဲ့ ဒီလမ်းစဉ်ကို စွန့်ပြီး ပူးသတ်ရေးလမ်းစဉ်နဲ့ ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲဝင်ခဲ့တာပါပဲ။ ဒီချုပ်ထဲမှာ ဦးဝင်းတင်မကွယ်လွန်မီမှာပဲ သူ့လမ်းစဉ်ကျဆုံးခဲ့တာ အားလုံးအသိပဲ။

၂၀၁၅ မှာ ဒီချုပ်အစိုးရဖွဲ့နိုင်တာကြောင့် ၂၀၁၂ လမ်းစဉ်ဟာ အောင်မြင်တယ်လို့ မဆိုနိုင်ပါဘူး။ ထင်သာထင် မဝင်ဘူးကျောင်းအမ ဆိုသလိုပဲ ၂၀၀၈ ဖွဲ့စည်းပုံချုပ်ကိုင်မှုကြောင့် သွားသလောက် အရာမရောက်ခဲ့တာ အထင်အရှားပါပဲ။ တချို့နေရာတွေမှာ ထိပ်သီးနိုင်ငံခေါင်းဆောင်တွေ ကိုယ်တိုင်က သူတို့အစိုးရဟာ အပြည့်အဝအာဏာမရှိကြောင်း နိုင်ငံတကာအလယ်မှာ ဝန်ခံသံတွေတောင် ကြားရပါတယ်။ သို့သော်လည်း အာဏာဆက်လက်တည်မြဲရေးအတွက်ကတော့ ဆုတ်လည်း စူး၊ စားလည်း ရူး ဒီအမျိုးသားရင်ကြားစေ့ရေး သို့မဟုတ် အမျိုးသားပြန်လည်သင့်မြတ်ရေးမူကို လက်မလွှတ်ရဲပြန်ဘူး။ ဒီနေရာမှာ လူပြောများတာကတော့ ဒီချုပ်ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတာ ဒီချုပ်နဲ့ တပ်မတော် ပြေလည်ရေး အကြောင်းအပေါင်းသင့်ရေးသာဖြစ်တယ်လို့ နိုင်ငံရေး ပတ်ဝန်းကျင်က သုံးသပ်ချက်တွေဖြစ်ပါတယ်။

ဒီချုပ်ဟာ တပ်မတော်နဲ့ ပတ်သက်လာလျှင် လိုက်လျှောညှိနှိုင်းဖို့ အသင့်ဖြစ်သလောက် ကျန်တဲ့ အလုပ်သမား၊ လယ်သမား၊ ကျောင်းသားနဲ့ ကျန်တဲ့ ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးသမားတွေနဲ့တော့ အစေးမကပ်တဲ့အဖြစ်ပဲ ဖြစ်ပါတယ်။ ကိုယ့်အမြင် ပြောရရင် အင်အားကြီးမားတဲ့ အင်စတီကျုတစ်ခုဖြစ်တဲ့ တပ်မတော်ကို အံတုဖို့ဆိုရင် ဒီမိုကရေစီပန်းတိုင်ချင်းတူတဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေအားလုံး ကျောခြင်းကပ် စည်းရုံးဖို့ အဓိကလိုအပ်ပါတယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေလည်းပါတယ်။ ဒီချုပ်ပါတီဟာ အဓိကလုပ်ရမယ့် ဒီစည်းရုံးရေးလုပ်ငန်းကို တ‌လျှောက်လုံး အလေးမထားခဲ့တာတွေ့ရပါတယ်။ ခရီးရှည်ချီတက်ပွဲမှာ လမ်းတူသူချင်း ရန်ဘက်တွေသာ တိုးပွားလာခဲ့ပါတယ်။

အခု ၂၀၂၀ အလွန် ရွေးကောက်ပွဲအပြီးမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးဆိုတဲ့ လေသံတွေပစ်လာတဲ့အတွက် မူဝါဒတချို့ အပြောင်းအလဲရှိလာမယ်လို့ မျှော်လင့်ရပါတယ်။

ယခုကနေ အစိုးရသစ်ပေါ်ထွန်းမလာမီအထိ ကြားကာလဟာ အင်မတန် အထိအခိုက်မခံတဲ့ ကိုင်တွယ်ရခက်မဲ့ကာလဆိုတာ သတိထားကြရပါမယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တပ်မတော်ဟာ မတိုင်မီက လေသံတစ်မျိုး ပြီးတော့ လေသံတစ်မျိုးပြောလာပါတယ်။ အခုကျတော့လည်း ရွေးကော်ဆီ က သူတို့လိုအပ်တဲ့ မှတ်တမ်းမှတ်ရာတွေကို ကူးယူခွင့်ပြုဖို့ မေတ္တာရပ်ခံချက်ထွက်လာပြန်တယ်။ ဒါကြောင့် ကြက်ဥအရောင်တိမ်တောင်သဖွယ်လို့ ပြောကြတာပေါ့။ အကဲဆတ်တဲ့ ကာလမို့ ဒီချုပ်ခေါင်း ဆောင်တွေဟာ ပြဿနာအရပ်ရပ်ကို လိမ်လိမ်မာမာကိုင်တွယ်နိုင်မှ အသွင်ကူးပြောင်းရေးဟာ ညင်သာပါလိမ့်မယ်။ အေးလေ ဘယ်သူတွေပဲဖြစ်ဖြစ် အဓိကကတော့ ပြည်သူတွေရဲ့ အင်အားကို လျှော့မတွက်ကြဖို့ သတိပေးချင်ပါတယ်။ တကယ်တမ်း သမိုင်းကို ရေးခဲ့တာက ပြည်သူတွေပါပဲ။

***

သစ္စာနီ

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading