တပ်မတော်ကို ထောက်ခံကြောင်းဆန္ဒပြပွဲအတွက် ၂၉ ဦးသာ ခွင့်ပြုခဲ့သည်ဟု ဆိုသည် 

အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီက ဦးဆောင်ကျင်းပခဲ့သည့် 'မျိုးချစ်တပ်မတော်' ကို ထောက်ခံကြောင်း ဆန္ဒပြပွဲတွင် အမှန်တကယ်ပါဝင်သူမှာ ခွင့်ပြုအရေအတွက်ထက် များပြားနေသည့် အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြသွားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ဆိုသည် 

Published on Dec 28, 2020
Published on Dec 28, 2020
ရန်ကုန်မြို့တော်ခန်းမရှေ့တွင် တပ်မတော်ကိုထောက်ခံကြောင်း ဆန္ဒဖော်ထုတ်နေကြစဉ်။ (ဓာတ်ပုံ - စိုင်းဇော်/ Myanmar Now)
ရန်ကုန်မြို့တော်ခန်းမရှေ့တွင် တပ်မတော်ကိုထောက်ခံကြောင်း ဆန္ဒဖော်ထုတ်နေကြစဉ်။ (ဓာတ်ပုံ - စိုင်းဇော်/ Myanmar Now)

အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ (YDP) က ဦးဆောင်ကာ ယနေ့ (ဒီဇင်ဘာ ၂၈) ပြုလုပ်ခဲ့သည့် တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒပြပွဲအတွက် ဆန္ဒပြသူ အရေအတွက် ၂၉ ဦးဖြင့်သာ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။ 

ဆန္ဒပြပွဲတွင် အမှန်တကယ်ပါဝင်နေသူ များပြားနေသဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြသွားမည် ဖြစ်ကြောင်းလည်း ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထူးကျော်က Myanmar Now ကို ပြောသည်။ 

ကျောက်တံတားမြို့နယ်စခန်းမှူး ဒုရဲမှူးပိုထွန်းကလည်း ယနေ့ ဆန္ဒပြပွဲကို ဥပဒေနှင့် ညီညွှတ်၍ ခွင့်ပြုလိုက်ခြင်းဖြစ်သည်ဟု ပြောသည်။ 

“ဆင့်ကဲ ဆင့်ကဲ တင်ပြတယ်လေ။ သူတို့က လူဦးရေက ၂၀ ကျော်လား မသိဘူး။ အဲဒီအတိုင်း ကျွန်တော်တို့က မြို့နယ်မှူးကို တင်ပြတယ်လေ။ မြို့နယ်မှူးကနေ ဆင့်ကဲဆင့်ကဲ တင်ပြတာပေါ့” ဟု ၎င်းက ပြောသည်။

အမျိုးသားတက်ကြွလှုပ်ရှားသူ မိုက်ကယ်ကျော်မြင့် အထွေထွေအတွင်းရေးမှူးဖြစ်သည့် အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီက ဦးဆောင်သည့် တပ်မတော်ကို ထောက်ခံကြောင်းဆန္ဒပြပွဲတွင် “ပြည်ပ ပထွေးမျှော် ဖအေတော်ချင်သူများ ချေမှုန်းကြ၊ ချေမှုန်းကြ”၊ “တိုင်းပြည် သိက္ခာကျအောင် မဲခိုးသူ ဒို့ရန်သူ ဒို့ရန်သူ” စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကြွေးကြော်လျက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ 

အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ ဗဟိုကော်မတီဝင် ဒေါ်မျိုးမျိုးခိုင်က အခြေခံဥပဒေကို အဓိကကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိနေခြင်းကြောင့် တပ်မတော်ကို ထောက်ခံရခြင်းဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်၏ မဲလိမ်၊ မဲခိုးမှုများကို ကမ္ဘာက သိအောင် ဖော်ထုတ်သွားမည်ဟု မြို့တော်ခန်းမရှေ့တွင် ဟောပြောခဲ့သည်။

“ကျွန်မတို့ ပြည်သူတွေက နိုင်ငံတော်ကို ကာကွယ်ဖို့ လိုအပ်လာရင် တပ်မတော်နဲ့အတူ လက်နက်ကိုင် တိုက်ပွဲဝင်ဖို့ အဆင်သင့်ရှိမနေဘူးလား” ဟု ဒေါ်မျိုးမျိုးခိုင်က မေးခွန်းထုတ်ခဲ့ရာတွင် ဆန္ပပြပွဲတွင် လိုက်ပါလာသူများက တပ်မတော်တံဆိပ်ပါ အလံများကို ဝှေ့ရမ်းကာ “အဆင်သင့်ရှိပါတယ်” ဟု သံပြိုင် အော်ဟစ်ခဲ့ကြသည်။ 

ဆန္ဒပြပွဲတွင် မျိုးချစ်မြန်မာရဟန်းတော်များကွန်ရက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးပညာဝံသ အပါအဝင် သံဃာအပါး ၂၀ ခန့် လည်း လာရောက် ဝန်းရံခဲ့ကြသည်။ 

တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ပေးသည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ခြင်းကြောင့် လာရောက်ဝန်းရံရခြင်းဖြစ်ကြောင်း မျိုးချစ်မြန်မာရဟန်းတော်များကွန်ရက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးပညာဝံသက မိန့်သည်။ 

“UEC (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) ကို ပြောချင်တာက UEC သည် ဖိုးတွမ်တီးပေါ့ဗျာ။ မဲလိမ်တယ်။ မဲခိုးတယ်ပေါ့။ UEC ကို ဘုန်းကြီးအနေနဲ့ စွပ်စွဲချင်တာ၊ ရှုတ်ချချင်တာ” ဟု ဦးပညာဝံသက ဆန္ဒပြပွဲအပြီးတွင် သတင်းထောက်များကို မိန့်ကြားသည်။ 

လှည်းကူးမြို့နယ်မှ လာရောက်သည့် ဒေါ်ခင်မမက ဘုရားဖူးရန် အသိမိတ်ဆွေများနှင့်အတူ လာရောက်ခြင်းဖြစ်ပြီး တပ်မတော်ကို ထောက်ခံကြောင်းဆန္ဒပြပွဲတွင် ပါဝင်ရမည့်အကြောင်းကို ကြိုတင် မသိရှိခဲ့ဟု ဆိုသည်။

“ဒီရောက်မှ သိတာ။ ရောဂါတွေနဲ့ဆိုတော့ ကြောက်တာပေါ့။ ဒီလိုမှန်းသိရင် ကလေးခေါ်လာမှာ မဟုတ်ဘူး” ဟု ဒေါ်ခင်မမက Myanmar Now ကို ပြောသည်။

ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သည့် အခြေခံလူတန်းစားဘဝမြင့်မာရေးပါတီ၏ ဗဟိုအထွေထွေအတွင်းရေးမှူး မိုက်ကယ်ကျော်မြင့်မှာ ၂၀၁၉ ခုနှစ်အတွင်းက တောင်ဒဂုံမြို့နယ်တွင် ဘာသာရေးအကြောင်းပြုဆူပူမှုတွင် ဦးဆောင်ပါဝင်ခဲ့မှုကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၀ (ခ) ဖြင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရသည်။ 

၂၀၁၉ ခုနှစ် မေလအတွင်းက တောင်ဒဂုံမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုသည့် အဆောက်အအုံများကို ဖြိုချမည်ဟု လူအင်အား ၁၀၀ ကျော်ဖြင့် အော်ဟစ်ဆူပူရာတွင် မိုက်ကယ် ကျော်မြင့်က ဦးဆောင်ပါဝင်ခဲ့သည်။ 

တပ်မတော်ကို ထောက်ခံကြောင်းနှင့် ရွေးကောက်ပွဲကော်မရှင်ကို ဆန့်ကျင်ကြောင်း ဦးဆောင်ခဲ့သည့် အခြေခံလူတန်းစားဘဝမြင့်မာရေးပါတီသည် ရွေးကောက်ပွဲမတိုင်မီ ဩဂုတ်လအတွင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီ ၃၄ ခု တွေ့ဆုံရာတွင် ပါဝင်ခဲ့သည်။ 

၂၀၁၉ ခုနှစ်တွင် မှတ်ပုံတင်ခွင့်ရခဲ့ပြီး ပါတီဝင်အင်အား ၈၀၀၀ ကျော်ရှိသည်ဆိုသော အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနှင့် နေပြည်တော်ရှိ မဲဆန္ဒနယ် ၂၄ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိပေ။ 

ပါတီအထွေထွေအတွင်းရေးမှူး မိုက်ကယ်ကျော်မြင့်သည် တောင်ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ စုစုပေါင်း မဲအရေအတွက်၏ သုည ဒသမ ၂၂ ရာခိုင်နှုန်းသာ ရရှိပြီး ရှုံးနိမ့်ခဲ့သည်။ 

မိုက်ကယ်ကျော်မြင့်၏ ဇနီးဖြစ်သူ ပါတီဥက္ကဋ္ဌ ဒေါ်အေးအေးသင်းသည်လည်း ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် ဝင်ပြိုင်ခဲ့ရာ မဲရလဒ် ၁ ရာခိုင်နှုန်းအောက်သာ ရရှိပြီး ရှုံးနိမ့်ခဲ့သည်။ 

ကိုဗစ်-၁၉ ကာလသတ်မှတ်ချက်များအတွင်း ယခုကဲ့သို့ စုဝေးဆန္ဒပြမှုသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေကို ချိုးဖောက်ရာရောက်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ထောက်ပြသည်။

“(တပ်က) အမြဲတမ်းစင်ပေါ်ကနေ။ ရှိသမျှအာဏာတွေ အပေါ်စီးယူထားတာ။ တရားရေးမှာဆိုရင် တရားသူကြီးချုပ်က စစ်ဗိုလ်၊ ရှေ့နေချုပ် စစ်ဗိုလ်၊ ရဲချုပ် စစ်ဗိုလ်၊ ဌာနဆိုင်ရာ အကြီးအကဲအားလုံး စစ်ဗိုလ်၊ အဲ့ဒီလိုဖြစ်နေတဲ့ဟာကို ထပ်ပြီးတော့ ဆန္ဒပြနေကြသေးတယ်ဆိုတာက ၂၀၀၈ အခြေခံဥပဒေကို မလေးစားရာရောက်တာပဲ။ မလေးစားရာရောက်တဲ့သူတွေဟာ အဲ့ဒီ ဆန္ဒပြနေတဲ့သူတွေပဲ” ဟုလည်း ၎င်းက ပြောသည်။ 

 

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading