မြန်မာနှင့်ဗီယက်နမ်စစ်တပ်က Mytel မှတဆင့် ပုဂ္ဂိုလ်ရေးအချက်အလက်များ လက်လှမ်းမီနေဟုဆို

Mytel သည် ပြည်သူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်းခြင်း၊ သုံးသပ်ခြင်းအပြင် အရပ်ဘက်နှင့်စစ်ဘက် အခြေခံအဆောက်အအုံများကိုပါ လက်လှမ်းမီနေသည့်အတွက် လူ့အခွင့်အရေးရှုထောင့်အရ Mytel သုံးစွဲသူတို့၏ ပုဂ္ဂလိကလုံခြုံမှုမှာ စိုးရိမ်ဖွယ်ဖြစ်သည်ဟု Justice For Myanmar ၏ အစီရင်ခံစာက ဆိုသည်

Published on Dec 24, 2020
Mytel ၏ အရောင်းမြှင့်တင်ရေးဝန်ထမ်းများကို Mytel ရန်ကုန်ရုံးချုပ်ရှေ့၌ နိုဝင်ဘာ ၂၂ တွင် တွေ့ရစဉ် (ဓာတ်ပုံ- Mytel Facebook စာမျက်နှာ) 
Mytel ၏ အရောင်းမြှင့်တင်ရေးဝန်ထမ်းများကို Mytel ရန်ကုန်ရုံးချုပ်ရှေ့၌ နိုဝင်ဘာ ၂၂ တွင် တွေ့ရစဉ် (ဓာတ်ပုံ- Mytel Facebook စာမျက်နှာ) 

မြန်မာနှင့် ဗီယက်နမ်စစ်တပ်သည် ၎င်းတို့ပါဝင်ရင်းနှီးမြှုပ်နှံထားသော Mytel ဆက်သွယ်ရေးအော်ပရေတာမှတစ်ဆင့် မြန်မာပြည်သူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လက်လှမ်းမီနေခြင်းသည် လူ့အခွင့်အရေးရှုထောင့်အရ အန္တရာယ်ရှိသော အခြေအနေတစ်ခုဖြစ်သည်ဟု တက်ကြွလှုပ်ရှားသူများအဖွဲ့ Justice For Myanmar က ဝေဖန်လိုက်သည်။ 

မြန်မာတပ်မတော်နှင့် ဗီယက်နမ်စစ်တပ် ပိုင်ဆိုင်နေသော Mytel သည် ပြည်သူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်းခြင်း၊ သုံးသပ်ခြင်းတို့မှတစ်ဆင့် ပုဂ္ဂလိကအခွင့်အရေးကို ချိုးဖောက်လျက်ရှိကြောင်း ဒီဇင်ဘာ ၂၀ တွင် ထုတ်ပြန်ခဲ့သည့် Justice for Myanmar ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။​

အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံတန်ဖိုးရှိ မြန်မာနိုင်ငံ၏ စတ္ထုတမြောက်အော်ပရေတာ Mytel တွင် မြန်မာအစိုးရအစုရှင်အဖြစ် တပ်မတော်လက်အောက်ခံ Star High ကုမ္ပဏီက ၂၈ ရာခိုင်နှုန်း၊ ပြည်တွင်းမှ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် အများစုပိုင်ဆိုင်သည့် ကုမ္ပဏီ ၁၁ ခုဖြင့် ဖွဲ့စည်းထားသည့် Myanmar National Telecom Holding (MNTH) ကုမ္ပဏီက ၂၃ ရာခိုင်နှုန်းနှင့် ဗီယက်နမ်စစ်တပ်လက်အောက်ခံ Viettel Global Investment JSC က ၄၉ ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်သည်။

Viettel သည် ဗီယက်နမ်အစိုးရ ထူထောင်ထားသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်ပြီး ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနက စီမံခန့်ခွဲသည်။ ထို့ကြောင့် ပြည်တွင်းပြည်ပဖက်စပ်လုပ်ငန်းဖြစ်သည့် Mytel ကို မြန်မာဘက်က ၅၁ ရာခိုင်နှုန်း၊ ဗီယက်နမ်က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ကြပြီး Telecom International Myanmar ကုမ္ပဏီအမည်ဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးလျှက်ရှိသည်။ 

ဗီယက်နမ်စစ်တပ်လက်အောက်ခံ Viettel ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်းရှိ စစ်အခြေစိုက်စခန်းများရှိ တာဝါတိုင်များကိုလည်း လုပ်ကိုင်လျက်ရှိပြီး တပ်မတော် ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး၏ ဖိုင်ဘာအော့ပ်တစ်လမ်းကြောင်းများ လည်ပတ်ထိန်းသိမ်းခွင့်ကို ရရှိနေခြင်းသည် နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်းလည်း Justice For Myanmar က ထောက်ပြထားသည်။

ထိုကဲ့သို့ ပြည်ပစစ်တပ်တစ်ရပ်သည် Mytel မှတစ်ဆင့် မြန်မာနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများအပေါ် လက်လှမ်းမီနေခြင်းက နိုင်ငံ၏ လုံခြုံရေးအပေါ် အန္တရာယ်ကျရောက်စေနိုင်သည်ဟု ဆိုသည်။ Mytel ၏တရားဝင်အင်တာနက်စာမျက်နှာတွင်လည်း Mytel သုံးစွဲသူများ၏ သတင်းအချက်အလက်များအား Mytel တွင်ပါဝင်ရင်းနှီးမြုပ်နှံထားသူများအားမျှဝေခြင်း၊ မြန်မာနိုင်ငံပြင်ပရှိလူပုဂ္ဂိုလ်နှင့် အဖွဲ.အစည်းများအား လွှဲပြောင်းပေးနိုင်သည်ဟု အတိအလင်းကြေငြာထားသည်။ 

"Mytel သည် မိမိ၏ ကုမ္ပဏီအတွင်းပိုင်၌လည်းကောင်း၊ Mytel ၏ အစုရှယ်ယာရှင်ကုမ္ပဏီများနှင့် ပြင်ပမိတ်ဖက် ပါတနာများအပါအဝင် လူကြီးမင်း၏အချက်အလက်များကို ဤမူဝါဒနှင့်အညီ လုံခြုံစိတ်ချစွာဖြင့် မျှဝေခြင်းကို လူကြီးမင်းက ခွင့်ပြုပါသည်။ ဤမူဝါဒတွင်ဖော်ပြထားသော ရည်ရွယ်ချက်များအလို့ငှာ လူကြီးမင်း၏ အချက်အလက်များကို မြန်မာနိုင်ငံတွင်လည်းကောင်း၊ လူကြီးမင်းနေထိုင်ရာနိုင်ငံမှအပ အခြားတိုင်ပြည်တစ်ခုခုတွင်လည်းကောင်း လွှဲပြောင်းခြင်း၊ လွှဲပို့ခြင်း သို့မဟုတ် သိမ်းဆည်းခြင်းနှင့် ကိုင်တွယ်ဆောင်ရွက်ခြင်းတို့ ပြုနိုင်ပါသည်။ ဤကဲ့သို့ အချက်အလက်များ လွှဲပြောင်းခြင်းမှာ လူကြီးမင်းထံသို့ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုနှင့် ထုတ်ကုန်များ ပံ့ပိုးပေးရာတွင် လိုအပ်သောကြောင့်ဖြစ်သည်" ဟူ၍ဖြစ်သည်။ 

“အဲဒါက ပုဂ္ဂလိကလုံခြုံမှုအတွက် အခြေခံအခွင့်အရေးတွေ ချိုးဖောက်ရာရောက်နေသလို တပ်မတော်က ပြောနေတဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတာနဲ့လည်း ဆန့်ကျင်နေပါတယ်” ဟု Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးကမူ ယင်းအခြေအနေများကို နိုင်ငံတော်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် မရှုမြင်ပေ။ 

"အဲလိုဆိုရင်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အကုန်လုံးကို ပြန်ခိုင်းမှပဲ ရမှာပေါ့နော်။ ဒီတစ်ခုတည်းကတော့ ကွက်ပြောလို့ မရဘူးထင်တယ်" ဟု ဦးရဲနိုင်မိုးက တုံ့ပြန်သည်။ 

သို့သော်လည်း မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးမူဝါဒနှင့် ဥပဒေမူဘောင်များမှာ ယနေ့အချိန်တွင် ရေးဆွဲဆောင်ရွက်နေဆဲဖြစ်ပြီး အစိုးရဌာနများတွင် ဆိုက်ဘာလုံခြုံရေးအဖွဲ့များ ထည့်သွင်းဖွဲ့စည်းရန် လိုအပ်နေသေးကြောင်း ပို့ဆောင်/ ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများကြား ပြုလုပ်သည့် အသိပညာပေးဟောပြောပွဲတစ်ရပ်တွင် ဦးရဲနိုင်မိုးကိုယ်တိုင် ပြောကြားခဲ့ဖူးသည်။ 

ဗီယက်နမ်စစ်တပ်ပိုင် Viettel ကုမ္ပဏီ၏ ပင်မလုပ်ငန်းတာဝန်မှာ စစ်လက်နက်ပစ္စည်းများနှင့် စစ်ဘက်အရပ်ဘက် နှစ်မျိုးစလုံးတွင် အသုံးပြုနိုင်သည့် နည်းပညာများကို သုတေသနပြု၊ ထုတ်လုပ်ရောင်းချရေးဖြစ်သည်။ Viettel ၏ နိုင်ငံခြားဈေးကွက် ၁၀ ခုရှိ ဆက်သွယ်ရေးကွန်ရက်များတွင် ဒီဂျစ်တယ်လုံခြုံရေးဝန်ဆောင်မှုများ ပေးခဲ့ဖူးသည်ဟုလည်း Justice For Myanmar ၏ အစီရင်ခံစာတွင် ဆိုထားသည်။ ယင်းနိုင်ငံခြားဈေးကွက် ၁၀ ခုတွင် Viettel ကိုယ်တိုင်ရင်းနှီးမြှုပ်နှံထားသည့် Mytel ၏ ကွန်ရက်လည်း ပါဝင်ဖွယ်ရှိကြောင်း ဆိုသည်။ 

ထို့အပြင် Viettel သည် မြန်မာစစ်တပ်၏ ဆက်သွယ်ရေးနည်းပညာနှင့် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ခြင်း၊ သင်တန်းပေးခြင်းတို့ ပံ့ပိုးပေးနေရာ မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများကို အားပေးကူညီရာ ရောက်နေသည်ဟု Justice For Myanmar က ဆိုသည်။ 

Viettel ၏ ဌာနတွင်းအချက်အလက်အချို့ ပေါက်ကြားရာမှ Mytel ၏ အတွင်းပိုင်းလည်ပတ်လုပ်ဆောင်ပုံ တွေ့ရှိချက်များအပေါ် အခြေခံပြုစုထားသည့် ယင်းအစီရင်ခံစာ မထွက်ပေါ်လာမီအချိန်ကပင် ကိုယ်ရေးကိုယ်တာအချက်အလက်များ လုံခြုံရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သည်။ 

မြန်မာနိုင်ငံရှိ တက်ကြွလှုပ်ရှားသူများ၊ သတင်းထောက်များအပါအဝင် မြန်မာပြည်သူများ၏ ဖုန်းပြောဆိုမှုနှင့် အချက်အလက်များကို အစိုးရက ကြားဖြတ်စောင့်ကြည့်မှု ပြုလုပ်ရန် ကြိုးပမ်းလျက်ရှိပုံကို မြန်မာသုတေသီတစ်ဦးရေးသားထားသည့် စာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။ 

“မြန်မာနိုင်ငံတွင် အွန်လိုင်းဆင်ဆာဖြတ်တောက်မှုနှင့် စုံစမ်းထောက်လှမ်းမှုမြင့်တက်လာခြင်း (The Rise of Online Censorship and Surveillance in Myanmar)” အမည်ရှိ ယင်းစာတမ်းကို အမေရိကန်အခြေစိုက် Open Technology Fund ၏ ပံ့ပိုးမှုဖြင့် “ဖြူဖြူကျော်” အမည်ရှိ မြန်မာသုတေသီတစ်ဦးက နိုဝင်ဘာတွင် ရေးသားထုတ်ဝေခဲ့ခြင်းဖြစ်သည်။

ယင်းစာတမ်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ၂၀၁၉ တွင် ဆက်သွယ်ရေးအော်ပရေတာ လေးခုအပါအဝင် အခြားအင်တာနက်ဝန်ဆောင်မှုကုမ္ပဏီများသို့ ပေးပို့သည့် အစည်းအဝေးဖိတ်ကြားစာတစ်စောင်မိတ္တူကို ထည့်သွင်းဖော်ပြထားသည်။ 

“ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရကုမ္ပဏီများမှ အင်တာနက်ကွန်ရက်ချိတ်ဆက်ဆောင်ရွက်ရာ၌ Provision for Monitoring of Voice and Data Traffic (ဖုန်းပြောဆိုဆက်သွယ်မှုနှင့် အချက်အလက်များစောင့်ကြည့်ခြင်း) အား Lawful Interception (ဥပဒေနှင့်အညီ ကြားဖြတ်ရယူမှု) စနစ်ဖြင့် ဆောင်ရွက်သွားနိုင်ရေးအတွက် လိုအပ်သော စက်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန်” ဟု ယင်းဖိတ်ကြားစာတွင် ရေးသားထားသည်။ 

ထို့အပြင် ပို့ဆောင်/ ဆက်သွယ်ရေးဝန်ကြီးဌာနတွင်းမှ ပေါက်ကြားလာသည့် ဘတ်ဂျက်ဆိုင်ရာ စာရင်းဇယားတစ်ခုတွင် “ဥပဒေနှင့်အညီ အချက်အလက်ကြားဖြတ်ရယူမှုစနစ်” အကောင်အထည်ဖော်ရန် ကျပ်သန်း ၆,၁၉၀ (ကန်ဒေါ်လာ ၄ သန်းနီးပါး) ကို ခွဲဝေသုံးစွဲရန် သတ်မှတ်ခဲ့သည်ကို တွေ့ရှိရကြောင်းလည်း ထိုစာတမ်းတွင် ဖော်ပြထားသည်။ 

ယင်းမတိုင်ခင်ကလည်း မြန်မာအစိုးရသည် ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ သန်းအသုံးပြုကာ ၂၀၁၇ တွင် နိုင်ငံတော်အဆင့်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခဲ့သည်။​

မြန်မာအစိုးရအနေဖြင့် ယခုသုံးစွဲထားသည့် ငွေကြေးပမာဏအားဖြင့် ဆိုလျှင် အမေရိကန်ပြည်ထောင်စုကဲ့သို့ နိုင်ငံများမှ ထုတ်လုပ်သည့် ခေတ်မီ ဒီဂျစ်တယ်စုံစမ်းထောက်လှမ်းရေး စက်ပစ္စည်းများပင် ရယူသုံးစွဲနိုင်ကြောင်း Free Expression Myanmar အဖွဲ့မှ ဒါရိုက်တာ မယဉ်ရတနာသိန်းက Myanmar Now ကို ပြောသည်။

“ဥပဒေနှင့်အညီ အချက်အလက် ကြားဖြတ်ရယူမှု” လုပ်ဆောင်ရန်မှာ ယင်းအတွက် သီးခြားဥပဒေတစ်ခု မရှိသေးသည့်အပြင် နည်းဥပဒေကဲ့သို့ ဥပဒေမူဘောင်မျိုးလည်း မရှိသေးသဖြင့် ပြည်သူများ၏ ဖုန်းပြောဆိုမှုနှင့် အချက်အလက်များကို ဥပဒေနှင့်အညီ မည်ကဲ့သို့ စောင့်ကြည့်ရယူမည်ဟူသည့် အချက်မှာ မေးခွန်းထုတ်ဖွယ်ရာ ဖြစ်နေသည်ဟု ၎င်းက ထောက်ပြသည်။

“နောက်တစ်ခု ထပ်ပြီး စိုးရိမ်စရာကောင်းတာက ဒီဘက်မှာရှိတဲ့ ISP (အင်တာနက်ဝန်ဆောင်မှုပေးသူ) တွေက မတွန်းလှန်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဘက်မှာက domestic law (ပြည်တွင်းဥပဒေ) လျော့ရိလျော့ရဲကြီးနဲ့ အလုပ်လုပ်ရတဲ့ အခါကျတော့ သူတို့မှာ အများကြီးမတွန်းလှန်နိုင်တာကို တွေ့ရတယ်” ဟု မယဉ်ရတနာသိန်းက ဆိုသည်။

ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် တယ်လီနော (မြန်မာ) ၏ ဒီဇင်ဘာ ၃ ရက် ထုတ်ပြန်ချက်တစ်စောင်တွင်လည်း ဆက်သွယ်ရေးအော်ပရေတာများနှင့် အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီများ၏ ခွင့်ပြုချက်မရှိဘဲ သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို အစိုးရက တိုက်ရိုက်ရယူနိုင်ရန် ကြံရွယ်နေကြောင်း ဖော်ပြခဲ့သည်။

လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တစ်ဦးအနေဖြင့် မိမိ၏ ဖုန်းပြောဆိုမှုများ၊ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မြန်မာစစ်တပ်က မည်မျှအထိလက်လှမ်းမီနေသည်ဟူသည့် အချက်အပေါ် စိုးရိမ်မိကြောင်း မယဉ်ရတနာသိန်းက ဆိုသည်။

ပို့ဆောင်/ ဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကမူ Mytel အနေဖြင့် ဥပဒေကိုကျော်လွန်၍ လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း၊ ပြုလုပ်ပါကလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၉ အရ အရေးယူခံရမည်ဖြစ်ကြောင်း အခိုင်အမာပြောသည်။ 

“ပွင့်ပွင့်လင်းလင်းပြောရရင် သူတို့ (Mytel) လည်း လက်ရှိ ဥပဒေအတိုင်း လိုက်နာရမှာပဲလေ။ ကျွန်တော်တို့ ဆက်သွယ်ရေးဥပဒေမှာကလည်း ဒီဘက်က ခွင့်ပြုချက်တစ်ခုမျှမရှိဘဲ (တပ်မတော်ဘက်ကို) သူတို့ပေးလို့ မရဘူး” ဟု ဦးမျိုးဆွေက ဆိုသည်။

မည်သူမဆို ဆက်သွယ်ရေးနှင့် ပတ်သက်၍ တရားစွဲဆိုခြင်းကိစ္စနှင့် တရားရုံးအမိန့်အရ ထုတ်ဖော်ပြသရန် ခွင့်ပြုထားသည့် ကိစ္စများမှအပ ယုံကြည်စိတ်ချရသော စနစ်ဖြင့်ဖြစ်စေ၊ လျှို့ဝှက်စနစ်ဖြင့်ဖြစ်စေ ထားရှိသော သတင်းအချက်အလက်ကို ယင်းတို့နှင့် သက်ဆိုင်ခြင်းမရှိသည့် အခြားသူတစ်ဦးဦးသို့ တစ်နည်းနည်းဖြင့် ထုတ်ဖော်ခြင်းကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၉ အရ တားမြစ်ထားသည်။ ဖောက်ဖျက်ပါက အမြင့်ဆုံးထောင်ဒဏ် တစ်နှစ်အထိ ချမှတ်ခံရနိုင်သည်။ 

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၉ တွင် ထိုကဲ့သို့ဖော်ပြထားသော်လည်း ဥပဒေနှင့်အညီ ကြားဖြတ်ရယူမှုအတွက် လိုအပ်သည့် သီးခြားဥပဒေ၊ နည်းဥပဒေများ ရှိမနေခြင်းသည် တပ်မတော်နှင့် အစိုးရက ပြည်သူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ရယူခွင့်ရှိနေစေသည်ဟု ဖွံ့ဖြိုးမှုအတွက် မြန်မာအိုင်စီတီအဖွဲ့ (MIDO) ၏ အမှုဆောင်ဒါရိုက်တာ မထိုက်ထိုက်အောင်က ဆိုသည်။

“Mytel ကလည်း ဗီယက်နမ်စစ်တပ်၊ မြန်မာစစ်တပ်ကနေ ပူးပေါင်းလုပ်ထားတဲ့အခါကျတော့ ဘာပဲပြောပြော စစ်တပ်က real-time data (အချိန်နဲ့တစ်ပြေးညီ စုစည်းရရှိတဲ့အချက်အလက်) တွေကို ရယူနေနိုင်တော့ အဲဒါက တော်တော်လေးတော့ စိတ်ပူရတဲ့ကိစ္စပါ” ဟု ၎င်းက ပြောသည်။

တပ်မတော်သည် real-time data (အချိန်နဲ့တစ်ပြေးညီ စုစည်းရရှိတဲ့အချက်အလက်) များကို ရယူနိုင်သည့် အခွင့်အလမ်းရှိမရှိ မေးမြန်းရာ ယင်းသို့ ရယူပိုင်ခွင့်မရှိကြောင်းနှင့် Mytel ကို တပ်မတော်က ရင်းနှီးမြှုပ်နှံထားသည်ဟူသည့် အချက်တစ်ချက်တည်းကိုကြည့်၍ ထိုကဲ့သို့ ယူဆ၍ မရနိုင်ကြောင်း ဦးမျိုးဆွေက ကာကွယ်ပြောကြားသည်။

“ဒါကို ဘယ်ဘက်က ယူတယ်ပဲဖြစ်ဖြစ် တွေ့သွားတာနဲ့ သူတို့အရေးယူခံရမှာပဲလေ။ နောက်ဆုံး လိုအပ်တယ်၊ သူတို့ ရယူချင်တယ် ဆိုရင်တော့ တရားရုံးအမိန့်တွေ၊ နိုင်ငံတော်အစိုးရက တာဝန်ပေးထားတဲ့ အစိုးရအဖွဲ့အစည်းတွေကပဲ ဆောင်ရွက်ခွင့်ရှိတာ” ဟု ဦးမျိုးဆွေက ပြောသည်။ 

နည်းပညာတိုးတက်မြင့်မားလာသည်နှင့်အမျှ အစိုးရများသည် နည်းပညာများအသုံးပြု၍  ပြည်သူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စောင့်ကြည့်ထောက်လှမ်းမှုများ ပြုလုပ်လေ့ရှိကြသော်လည်း ဒီမိုကရေစီအားကောင်းသည့် နိုင်ငံများတွင်မူ ပြည်သူကို အကာအကွယ်ပေးနိုင်သည့် ဥပဒေများလည်း ရှိထားကြသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း ပြည်တွင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၊ သတင်းအချက်အလက်နှင့် နည်းပညာလွတ်လပ်ခွင့်အတွက် ရပ်တည်ကြသူများက ပြည်သူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်အပေါ် အကာအကွယ်ပေးနိုင်သည့် ဥပဒေများ ပေါ်ထွက်လာရေး ဆော်ဩနေကြခြင်းဖြစ်သည်။

“စောင့်ကြည့်ထောက်လှမ်းမှုတွေ လုပ်လာမယ်ဆိုရင်တောင် (ပြည်သူကို) အကာအကွယ်ပေးနိုင်ဖို့အတွက် ဥပဒေတွေလိုအပ်တယ်” ဟု မထိုက်ထိုက်အောင်က ပြောသည်။

KLT သည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading