သတင်း

ကျောက်တော်တွင် ကျောင်းသားတစ်ဦးကို တပ်မတော်စစ်ကြောင်းက ရိုက်နှက် 

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင် ဒီဇင်ဘာ ၂၂ ညပိုင်းက အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ဦးကို တပ်မတော်စစ်ကြောင်းက ခေါ်ယူရိုက်နှက်ခဲ့ပြီး မှတ်ပုံတင်နှင့် ဖုန်းကိုလည်း ယူဆောင်သွားသည်ဟု သိရသည်။ 

အပေါက်ဝကျေးရွာအနီး ရန်ကုန် – စစ်တွေ ကားလမ်းမပေါ်တွင် တပ်စွဲနေသည့် ခမရ ၅၃၉ စစ်ကြောင်းက ခေါ်ယူ ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ရိုက်နှက်ခံခဲ့ရသူ မောင်အောင်နေဝင်းက ပြောသည်။ 

“သူတို့က (တပ်မတော်စစ်ကြောင်း) ကျွန်တော်တို့ကို အိမ်ပေါ်ကနေ ဆင်းဖို့ခေါ်ပါတယ်။ တံခါးဖွင့်ဖို့ ခိုင်းတယ်။ တံခါးဖွင့် မီးထွန်းခိုင်းပြီးတော့ အပြင်ကို ခေါ်ပါတယ်။ ကျွန်တော့်ကို မိဘနာမည်မေးတယ်။ မိဘနာမည်မေးပြီးတော့ တစ်ခါတည်းရိုက်တယ်” ဟု မောင်အောင်နေဝင်းက ပြောသည်။

ခြေထောက်၊ မျက်နှာ၊ နောက်ကျောဘက်နှင့် နံကြားကို တုတ်ဖြင့် ရိုက်နှက်ခဲ့ခြင်းဖြစ်ကာ ညာဘက်အထက်မျက်ခုံး ကွဲသွားခဲ့ပြီး စိုးရိမ်ကြောက်လန့်သဖြင့် ညတွင်းချင်း အခြားရွာသို့ ထွက်ပြေးပုန်းရှောင်ခဲ့ရသည်ဟုလည်း ၎င်းက ပြောသည်။ 

“ဘာဖြစ်လို့ ရိုက်မှန်းလည်း မသိဘူး။ ကျွန်တော်တို့က အပြစ်လုပ်တာလည်း မဟုတ်ဘူး။ ရာဇဝတ်သားလည်း မဟုတ်ဘူး။ ကျောင်းသား ဘာလုပ်ရမှာလဲဆိုပြီးတော့ ကျောင်းသားကိုလည်း ဆွဲတယ်ဆိုပြီးတော့ အရမ်းရိုက်တယ်။ ဘယ်နှချက်ရိုက်တယ်ဆိုတာကို ရေတွက်လို့ မရဘူး။ မျက်ခုံးလည်း ကွဲသွားတယ်” ဟု မောင်အောင်နေဝင်းက ဆိုသည်။

သားဖြစ်သူကို နေအိမ်တွင်းမှ ခေါ်ထုတ်ကာ ရိုက်နှက်ပြီးနောက် တပ်မတော်စစ်ကြောင်းရှိရာ ကားလမ်းမသို့ ခေါ်ဆောင်၍ ထပ်မံရိုက်နှက်ခဲ့ကြောင်း၊ ည ၈ နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း မောင်အောင်နေဝင်း၏ ဖခင် ဦးသိန်းထွန်းက ပြောသည်။

ဒဏ်ရာ ရရှိခဲ့သောကြောင့် အပေါက်ဝတိုက်နယ်ဆေးရုံသို့ သွားရန် ပြင်ဆင်ခဲ့သော်လည်း ဆေးရုံအနီးတွင် တပ်မတော်သားများရှိနေသည့်အတွက် ထပ်မံစစ်ဆေးမေးမြန်းခံရမည်ကို စိုးရိမ်သဖြင့် အခြားရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

“ဖမ်းပြီးတော့ ရိုက်တာက ကျွန်တော့်သားတစ်ယောက်တည်းကို ရိုက်တာ။ ကျွန်တော့်သားနဲ့အတူ နောက် ကလေးတစ်ယောက်လည်း ပါသေးတယ်။ အဲဒီကလေးကိုတော့ မရိုက်ဘူး။ ပြန်လွှတ်ပေးလိုက်တယ်လို့ ပြောတယ်။ ကျွန်တော့်သားကိုတော့ ဂိတ်မှူးသားဆိုရင် လာခဲ့ဆိုပြီးတော့ သူတို့ရှိတဲ့နေရာကို ခေါ်သွားတာ”ဟု ဦးသိန်းထွန်းက ပြောသည်။ 

ဦးသိန်းထွန်းမှာ အပေါက်ဝကျေးရွာတွင် အဝေးပြေးကားလက်မှတ်များရောင်းချသည့် မော်တော်ယာဉ်လိုင်း ဂိတ်မှူးဖြစ်သည်။ မောင်အောင်နေဝင်းမှာ ဆယ်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး ကျောင်းပိတ်ထားသည့်ကာလဖြစ်၍ နေအိမ်တွင် အေးဆေးစွာ နေထိုင်နေသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။ 

ထိုသို့ တပ်မတော်စစ်ကြောင်းက ရိုက်နှက်ခဲ့သည်ကို ကာယကံရှင် မိသားစုဝင်များ၏ ပြောပြချက်အရ သိရကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။ 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်ထံ ဆက်သွယ်မေးမြန်းရာ အစည်းအဝေးလုပ်နေကြောင်း ဖုန်းလက်ခံဖြေကြားသူက ဆိုသည်။ 

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာရှိ တပ်မတော်စစ်ကြောင်းသည် ဈေးသည်များထံမှ ကုန်ပစ္စည်းများကို အဖိုးအခမပေးဘဲ ယူဆောင်သွားသည်ဟုလည်း ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။ 

ထိုသို့ ဈေးသည်များထံမှ အဖိုးအခမပေးဘဲ ယူခြင်းအပေါ် တပ်မတော်သားများက နှုတ်ဖြင့် တောင်းပန်ခဲ့သော်လည်း စာဖြင့် ခံဝန်လက်မှတ်ရေးထိုးရာတွင် ထို့သို့ယူဆောင်သွားခြင်း မရှိကြောင်း ရေးသားစေခဲ့သည်ဟု အပေါက်ဝစျေးကော်မတီဥက္ကဋ္ဌ ဦးစံလှိုင်က Myanmar Now ကို ပြောသည်။ 

“ဒီရွာမှာ ရောင်းချစားသောက်နေတဲ့လူတွေကို မနက်ပိုင်းက ဖြစ်သွားတာကို စိတ်မကောင်းဘူး။ သူတို့အားလုံးကို ပတ်ပြီးတောင်းပန်ဖို့ပါ။ ဦးလေးကိုလည်း စျေးကော်မတီဥက္ကဋ္ဌဖြစ်တဲ့အတွက် ကျွန်တော်တို့ တောင်းပန်ပါတယ်။ နောက်နောင် ဒီလိုမဖြစ်ရဆိုပြီးတော့ ပြောပါတယ်” ဟု တပ်မတော်သားများက နှုတ်ဖြင့် တောင်းပန်ခဲ့ကြောင်း ဦးစံလှိုင်က ပြောသည်။

အပေါက်ဝကျေးရွာတွင် ယာယီတပ်စွဲနေသည့် အမှတ် ၅၃၉ ခြေမြန်တပ်ရင်းမှ တပ်မတော်သားအချို့သည် စျေးသည်များထံမှ အတင်းအဓမ္မတောင်းယူခြင်း၊ လုယူခြင်းမရှိ၊ ကျေးရွာသားများကိုလည်း မတော်မတရား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ခေါ်ဆောင်သွားခြင်းမရှိကြောင်း စာရွက်ပေါ်တွင် ခံဝန်လက်မှတ်ထိုးခိုင်းခဲ့သောကြောင့် ကြောက်လန့်၍ လက်မှတ်ထိုးပေးခဲ့သည်ဟု ဦးစံလှိုင်က ပြောသည်။ 

Show More

Related Articles

Back to top button