ပြည်တွင်းဈေးကွက်တွင် နာမည်ကြီးအမှတ်တံဆိပ်များဖြစ်ကြသည့် Red Ruby နှင့် Premium Gold စီးကရက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော Virginia Tobacco ကုမ္ပဏီကို စင်ကာပူအခြေစိုက် RMHS ကုမ္ပဏီနှင့် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတတ်တို့ အကျူးတူပူးပေါင်းလုပ်ကိုင်နေခြင်းဖြစ်ပြီး Virginia Tobacco ကုမ္ပဏီ၏ ငွေကြေးစီးဆင်းမှုကို လွတ်လပ်သော စာရင်းစစ်အဖွဲ့ဖြင့် စစ်ဆေးရန် တောင်းဆိုမှုကို ဦးပိုင်က ငြင်းဆန်ခဲ့သည်ဟု ဆိုသည်
တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) ၏ လုပ်ရပ်များကို တရားရုံးမှတစ်ဆင့် ကန့်ကွက်တိုင်ကြားသွားမည်ဟု ယင်းနှင့် စီးကရက်ထုတ်လုပ်ရေး ဖက်စပ်လုပ်ကိုင်နေသည့် စင်ကာပူအခြေစိုက် Rothmans Myanmar Holdings Singapore (RMHS) ကုမ္ပဏီက ယနေ့ (ဒီဇင်ဘာ ၂၃) တွင် သတင်းထုတ်ပြန်လိုက်သည်။
ဦးပိုင်က ချုပ်ကိုင်ထားသော ဈေးကွက်ဖြန့်ဖြူးရေးစနစ်ကို ဥပဒေနှင့်အညီ ပြုပြင်ပြောင်းလဲရန် ၂၀၁၆ မှစ၍ RMHS က တိုက်တွန်းခဲ့မှု၊ ဦးပိုင်၏ တောင်းဆိုမှုကြောင့် ကုမ္ပဏီအမည်ဖြင့် ပြုလုပ်သည့် လစဉ်လှူဒါန်းမှုများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိစေရန် RMHS က တောင်းဆိုခဲ့မှုများကို ဦးပိုင်က လျစ်လျူရှုထားခဲ့သည်ဟု သတင်းထုတ်ပြန်ချက်က ဆိုသည်။

ပြည်တွင်းဈေးကွက်အတွင်း ဈေးကွက်ဝေစု အများဆုံးရရှိထားသော Red Ruby နှင့် Premium Gold ထုတ်လုပ်သည့် Virginia Tobacco (VTCL) ကုမ္ပဏီတွင် စင်ကာပူအခြေစိုက် RMHS ကုမ္ပဏီက ၁၉၉၃ ခုနှစ်ကတည်းက ဦးပိုင်နှင့် ဖက်စပ်လုပ်ကိုင်နေခြင်းဖြစ်ပြီး Virginia Tobacco ကုမ္ပဏီတွင် ဝန်ထမ်းအင်အား ၁,၀၀၀ ခန့်ရှိသည်ဟု သိရသည်။
ဦးပိုင်နှင့် ဖက်စပ်လုပ်ကိုင်သည့် စင်ကာပူ RMHS ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် Virginia Tobacco ကုမ္ပဏီအမည်ဖြင့် ပြုလုပ်သည့် 'လစဉ်အလှူငွေပေးချေမှုများ' ဆိုသည်မှာ မသန်စွမ်း စစ်မှုထမ်းဟောင်းများအတွက်ဖြစ်သည်ဟုသာ သိရပြီး ငွေကြေးပမာဏမည်မျှရှိသည်ကို မသိရကြောင်း RMHS စင်ကာပူရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
“အဲဒီလို ထည့်ဝင်ကူညီ မပေးဘူးဆိုရင် ကုမ္ပဏီရဲ့ ထုတ်ကုန်ဖြန့်ဖြူးရေး ရပ်ပစ်မယ်ဆိုတဲ့ သဘောမျိုးနဲ့ ခြိမ်းခြောက်တယ်။ ဒါက စီးပွားရေးကို ဖျက်ဆီးပစ်တာပဲ” ဟု အဆိုပါပြောရေးဆိုခွင့်ရှိသူ ပြောသည်။
“MEHL (ဦးပိုင်) ၏ လုပ်ရပ်များသည် VTCL နှင့် RMHS တို့၏ အကျိုးစီးပွားကို ထိခိုက်စေသည်ဟု ယုံကြည်ပါသည်။ ထိုသို့သောလုပ်ဆောင်မှုသည် ဖက်စပ်လုပ်ငန်း၏ အခြေခံအုတ်မြစ်ကိုလည်း ဖျက်ဆီးပစ်ရာ ရောက်ပါသည်” ဟု RMHS ၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။


VTCL ဝန်ထမ်းများကို ယခုနှစ် စက်တင်ဘာနှင့် ဒီဇင်ဘာလများတွင် ဆုကြေးပေးရန် RMHS ၏ စီစဉ်မှုကိုလည်း ဦးပိုင်က ပယ်ချခဲ့သည်ဟု RMHS စင်ကာပူရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“ကုမ္ပဏီရဲ့ အခြေအနေကလည်းကောင်းတော့ အထူးသဖြင့် ကိုဗစ်နိုင်တင်းကပ်ရောဂါကာလမျိုးမှာ ဝန်ထမ်းတွေ ထပ်ဆောင်းဆုကြေး ရလိမ့်မယ်လို့ ကျွန်တော်တို့ ထင်ထားတာ။ ကျွန်တော်တို့ အပိုဆုကြေး ပေးသင့်ပေမယ့် သူတို့ (ဦးပိုင်) က သဘောတူလက်မှတ်ထိုးဖို့ ငြင်းဆိုခဲ့တယ်” ဟု ၎င်းက ပြောသည်။
ကိုဗစ်နိုင်တင်းကပ်ရောဂါကာလအတွင်း VTCL ဝန်ထမ်းများ၏ အဖွဲ့အစည်းအပေါ် ပံ့ပိုးမှုများကို လျစ်လျူရှု၍ ဝန်ထမ်းများ၏ ရပိုင်ခွင့်များအပေါ် ဖြတ်တောက်သည့် လုပ်ရပ်များသည် ဝန်ထမ်းများအပေါ် တရားမျှတမှုမရှိဟုလည်း RMHS ၏ ထုတ်ပြန်ချက်က ဆိုထားသည်။
မြန်မာ့စီးပွားရေးဦးပိုင်လီမိတတ်၏ စီမံရေးဌာန အထွေထွေမန်နေဂျာ ဦးလှမျိုးကမူ RMH နှင့် ဖြစ်နေသည့်ကိစ္စမှာ လုပ်ငန်းဖက်စပ်လုပ်သူအချင်းချင်း ‘နားလည်မှုလွဲခြင်း’ သာ ဖြစ်သည်ဟု Myanmar Now ကို ပြောသည်။
“တကယ်တမ်းကျတော့ CSR (စီးပွားရေးလုပ်ငန်းများ၏ လူမှုတာဝန်ယူမှု) ပုံစံမျိုး လှူတာတွေရှိတယ်။ ရှယ်ယာရှင်တွေရဲ့ သက်သာချောင်ချိရေးအတွက် လုပ်ကိုင်ပေးတာလေးတွေရှိတယ်။ တစ်ဘက်နဲ့ တစ်ဘက် ပြောဆိုရှင်းလင်းပြတဲ့နေရာမှာ တစ်ခုနဲ့တစ်ခု ကွာဟမှု ဖြစ်သွားတာမျိုးပေါ့” ဟု ဦးလှမျိုးက ပြောသည်။
ဦးပိုင်အနေဖြင့် ဝန်ထမ်းများ၏ အကျိုးခံစားခွင့်ကို ပိတ်ပင်စရာအကြောင်းမရှိဘဲ ဒါရိုက်တာအဖွဲ့ဝင်များ ၏ ဆုံးဖြတ်ချက်အရသာ ဆောင်ရွက်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
“ဦးပိုင်နဲ့ RMH နှစ်ခုပေါင်းလာမှ VTCL ဆိုတာ ပေါ်ပေါက်လာတာပါ။ ဝန်ထမ်းတွေရဲ့ သက်သာချောင်ချိရေးကို ဦးပိုင်က ပိတ်ပင်စရာအကြောင်းမရှိပါဘူး။ VTCL ဝန်ထမ်းကလည်း ဦးပိုင်ရဲ့ ဝန်ထမ်းဖြစ်တဲ့အတွက် ကျောသားရင်သား မခွဲခြားပါဘူး။ (ဒါရိုက်တာအဖွဲ့ဝင်တွေ) တိုင်ပင်ပြီး နည်းတယ်၊ များတယ် ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး ဖြစ်လာတာ” ဟု ဦးလှမျိုးက ပြောသည်။
ကမ္ဘာ့ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) တို့၏ အစီရင်ခံစာ အကြံပေးချက်များအရ မြန်မာတပ်မတော်နှင့် ဖက်စပ်လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ပိုရှိစေရေး မည်သည့်နေရာသို့ ထောက်ပံ့လှူဒါန်းငွေများ ပြုလုပ်နေသည်ကို သိရှိရန် အရေးကြီးသဖြင့် လွတ်လပ်သော စာရင်းစစ်အဖွဲ့ဖြင့် ကုမ္ပဏီ၏ငွေကြေးစီးဆင်းမှုများကို စစ်ဆေးလိုခဲ့သော်လည်း ဦးပိုင်က သဘောမတူခဲ့ဟုလည်း RMHS စင်ကာပူရုံးမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
မြန်မာ့စီးပွားရေးဦးပိုင်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) အပါအဝင် တပ်မတော်၏ အခြားလက်ခွဲလုပ်ငန်းများနှင့် စီးပွားရေးမလုပ်ရန် ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့က ဩဂုတ်လ ၅ ရက်နေ့ထုတ် “မြန်မာ့တပ်မတော်၏ စီးပွားရေးအကျိုးစီးပွားများ” အစီရင်ခံစာတွင် တိုက်တွန်းခဲ့သည်။
နိုင်ငံတကာ စီးပွားရေးအသိုင်းအဝိုင်းအနေဖြင့် စစ်တပ်ပိုင်လုပ်ငန်းများနှင့် စီးပွားရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ အဆက်အသွယ်မပြုလုပ်သင့်ကြောင်း ယခင်က အဆက်အသွယ်ရှိခဲ့လျှင်လည်း ဆက်လက်ဆက်ဆံရေး မပြုလုပ်သင့်ကြောင်း ယင်းအစီရင်ခံစာက အကြံပြုထားသည်။
တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းစုများနှင့် ဖက်စပ်လုပ်ငန်းများလုပ်ကိုင်ခြင်း၊ စီးပွားရေးဆက်ဆံမှုများ ပြုလုပ်ခြင်းကြောင့် စစ်တပ်ကို ငွေကြေးထောက်ပံ့ပေးရာ ရောက်ပြီး “အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေများ ချိုးဖောက်မှုတို့အပေါ် ပံ့ပိုးဖြည့်ဆည်းပေးသူ သို့မဟုတ် ထိုပြစ်မှုတို့နှင့် ဆက်နွယ်သူအဖြစ်” သတ်မှတ်ခံရနိုင်ချေများသည်ဟုလည်း ယင်းအစီရင်ခံစာက ထောက်ပြခဲ့သည်။
အစီရင်ခံစာအရ တပ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် ဖက်စပ်လုပ်ကိုင်သည့် နိုင်ငံခြားကုမ္ပဏီ ၁၅ ခု၊ အခြားသော စီးပွားရေးဆက်ဆံမှုပြုလုပ်သည့် နိုင်ငံခြားကုမ္ပဏီပေါင်း အနည်းဆုံး ၄၄ ခုခန့် ၊ စုစုပေါင်း ၅၉ ခုခန့် ရှိပြီး စင်ကာပူမှ RMHS သည်လည်း အပါအဝင်ဖြစ်သည်။
ဦးပိုင်၏ မတရားမှုများနှင့် ဖိနှိပ်ချုပ်ချယ်မှုများသည် RMHS အပြင် VTCL ဝန်ထမ်းများ၏ လူမှုဖူလုံရေးနှင့် အကျိုးခံစားခွင့်များအထိပါ ဆိုးကျိုးသက်ရောက်ခြင်းများ ဆက်လက်ဖြစ်ပေါ်နေဆဲဟု ခံစားရကြောင်း RMHS ၏ အကြိမ်ကြိမ်တောင်းဆိုမှုကို ဦးပိုင်က ငြင်းဆန်ခဲ့ခြင်းနှင့် ပတ်သက်၍ ဒီဇင်ဘာ ၂၃ သတင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဦးပိုင်၏ လုပ်ရပ်များနှင့် ပတ်သက်၍ စင်ကာပူကုမ္ပဏီ RMHS က မြန်မာနိုင်ငံရှိ တရားရုံးတွင် တိုင်ကြား ကန့်ကွက်သွားမည်ဖြစ်ပြီး မျှတသောစစ်ဆေးစီရင်မှုတစ်ခု ဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ဆိုသည်။
“ဦးပိုင်ဆိုတာ အလွန်အင်အားကြီးတဲ့ ကုမ္ပဏီတစ်ခုဖြစ်တာကြောင့် ကျွန်တော်တို့ကိုယ်စား တရားရုံးက ဆုံးဖြတ်ချက်တစ်ခု ချပေးစေလိုတဲ့အတွက် တရားရုံးမှာ တိုင်ကြားရသွားမှာ ဖြစ်ပါတယ်” ဟု RMHS ပြောရေးဆိုခွင့်ရှိသူက ဆိုပြီး ၎င်းတို့ကုမ္ပဏီကို ကိုယ်စားပြုရန် မြန်မာရှေ့နေ ဦးမင်းစိန်ကို ငှားရမ်းထားသည်ဟုလည်း ဆိုသည်။
RMHS က တရားရုံးတွင် တိုင်ကြားမည့်ကိစ္စနှင့် ပတ်သက်၍ ဦးလှမျိုးက “အဲဒီအခြေအနေကိုကြည့်ပြီး ဆောင်ရွက်ရမယ့် အနေအထားရှိပါတယ်။ လတ်တလောကတော့ ဦးပိုင်ဘက်က ဘာမှ သဘောထားပေးဖို့ မရှိပါဘူး” ဟု ပြောသည်။
ပြည်တွင်းဈေးကွက်ရှိ အရောင်းရဆုံးသော စီးကရက်အမှတ်တံဆိပ်များတွင် ပါဝင်သည့် Red Ruby နှင့် Premium Gold VTCL ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် Virginia Tobacco ကုမ္ပဏီသည် ဦးပိုင်က ၅၁ ရာခိုင်နှုန်းနှင့် စင်ကာပူကုမ္ပဏီ RMHS က ၄၉ ရာခိုင်နှုန်း ပူးပေါင်းလုပ်ကိုင်နေသော ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သည်။
စင်ကာပူအခြေစိုက် RMHS သည် အခွန်ရှောင်ကုမ္ပဏီများ စုဝေးရာအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားသော ဗြိတိန်ဗာဂျင်ကျွန်းနိုင်ငံ (British Virgin Islands) တွင် ကုမ္ပဏီမှတ်ပုံတင်ခြင်းနည်းလမ်း အသုံးပြုမှုအပါအဝင် ရှုပ်ထွေးသော ကုမ္ပဏီဖွဲ့စည်းပုံလည်းရှိသည်။
ဦးပိုင်နှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်နေသည့် RMHS ကုမ္ပဏီကို မြန်မာနိုင်ငံသား Geroge Yin Soon, Castlebay Investments နှင့် Bright Seasons ဟူသော ရှယ်ယာရှင်သုံးဦး အစုအညီအမျှပါဝင်ထားသည့် Distinction Investment Pte အမည်ရှိ ကုမ္ပဏီက ပိုင်ဆိုင်ပြီး Distinction Investments ၏ ဒါရိုက်တာ သုံးဦးမှာ George Yin Soon ၊ Lim Kaling နှင့် Ong Beng Huat တို့ ဖြစ်သည်။
Lim Kaling သည် Razer ဂိမ်းကွန်ပျူတာထုတ်လုပ်သည့် ကုမ္ပဏီကို ပူးတွဲတည်ထောင်သူဖြစ်ပြီး ယင်းကုမ္ပဏီသည် နိုင်ငံတကာ စုံစမ်းဖော်ထုတ်သတင်းသမားများအဖွဲ့ (ICIJ) က ဖွင့်ချခဲ့သည့် “အခွန်ရှောင်ရန် ပြည်ပတွင် မှတ်ပုံတင်ကာ လုပ်ကိုင်သောလုပ်ငန်းများစာရင်း” ပါ လုပ်ငန်း ၁၈ နှင့် ချိတ်ဆက်နေသည်။
ချမ်းသာ ပူးပေါင်းရေးသားသည်
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

















