ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်

မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီသည် ကိုယ်စားလှယ်လောင်းပေါင်း ၁၀၀၀ ကျော်ဖြင့် ဝင်ပြိုင်ခဲ့သော်လည်း လွှတ်တော်သုံးရပ်လုံးတွင် ၇၁ နေရာသာ အနိုင်ရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရ နေရာများမှာ တင်ရင်းတပ်ဖွဲ့များ အခြေစိုက်ရာ ဇေယျာသီရိ၊ ကိုကိုးကျွ...

Published on Nov 26, 2020
သတင်းစာရှင်းပွဲအပြီးတွင် တက်ရောက်လာသူအချို့နှင့်အတူ တွေ့ရသည့် ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌ ဦးခင်ရီ။ (ဓာတ်ပုံ - စိုင်းဇော်/ Myanmar Now) 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အပြတ်အသတ်အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲသည် မဲမသမာမှု၊ မမျှတမှုနှင့် တရားမဲ့ပြုကျင့်မှုများ ထင်ထင်ရှားရှားရှိနေသည်ဟုဆိုကာ ဥပဒေဘောင်အတွင်းမှ အဆုံးစွန်အထိ တုံ့ပြန်ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများက ပြောကြားလိုက်သည်။ 

“ဖွဲ့စည်းပုံအခြေခံဥပဒေအရ အကြီးဆုံးက နိုင်ငံတော်သမ္မတပဲ။ နိုင်ငံတော်သမ္မတကို တိုင်တည်ပြီးတော့ စာတင်တယ်။ ဘာမှပြန်မလာဘူး။ ပြန်မလာဘူးဆိုတော့ ဥပဒေဘောင်အတွင်းက တစ်ဆုံးတစ ကျွန်တော်တို့ လုပ်ပါမယ်။ ဘာဆိုတာတော့ ကျွန်တော်တို့ မပြောပါရစေနဲ့” ဟု ရန်ကုန်မြို့တွင် ယနေ့ (နိုဝင်ဘာ ၂၆) ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီက ပြောသည်။ 

ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်ခံရမှု ၁၂၆ မှုနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်တန်းသည့် အမှုပေါင်း ၁၀၄၂ မှုရှိ‌ပြီး ‌ယင်းအမှုများအပေါ် ဆုံးဖြတ်ချက်ချမည့်ပုဂ္ဂိုလ်များက သမာသမတ်ရှိရှိ၊ မှန်မှန်ကန်ကန်ဆုံးဖြတ်ပါက လက်ရှိမဲရလဒ်သည် အပြောင်းအလဲရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရွေးကောက်ပွဲ တရားမမျှတမှု၊ တရားမဲ့ပြုကျင်ခံရမှုများနှင့်ပတ်သက်၍ ရဲစခန်း၌ အမှုဖွင့်ခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားခြင်း၊ နိုင်ငံတော်သမ္မတထံ တိုင်တန်းခြင်းကို တစ်ဆင့်ချင်းဆောင်ရွက်နေပြီး အဆုံးစွန်အထိ တုံ့ပြန်ဆောင်ရွက်သွားမည်ဟုလည်း ဦးခင်ရီက ပြောသည်။

ယခင်အစိုးရ လက်ထက်များတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဖြစ်ခဲ့သူ ဦးခင်ရီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှုံးနိမ့်ခဲ့သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်ကို ကျော်လွန်လုပ်ဆောင်နေပြီး ဥပ‌ဒေက ပေးအပ်သည့်တာဝန်များ ပျက်ကွက်သည်ဟုဆိုကာ အရေးယူပေးရန် ပြည်ခိုင်ဖြိုးနှင့် မိတ်ဖက်ပါတီ ၁၈ ခုက နိုဝင်ဘာ ၂၄ တွင် နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည်။ 

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုး၏ မိတ်ဖက်နိုင်ငံရေးပါတီအဖြစ် တက်ရောက်ခဲ့သည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုးမောင်ကလည်း တရားမဲ့ပြုကျင့်မှုများအပေါ် ဥပဒေနှင့်အညီဆုံးဖြတ်ရန် မေတ္တာရပ်ခံထားကာ ယင်းကဲ့သို့ မဆောင်ရွက်ပါက တန်ပြန်သက်ရောက်မှု ရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

"ဥပဒေအတိုင်းပဲ တိတိကျကျဖြစ်အောင်၊ ထန်ကုန်အောင်၊ ထန်ကုန်အောင်ဆိုတာက အကုန်အစင် ဘက်စုံထောင့်စုံက ထောက်ပြပြီး လုပ်ပေးနေပါတယ်။ အဲ့ဒီအပေါ်မှာ လေးစားမှုမရှိဘဲ ဆက်လက်ပြီး လစ်လျူရှုနေမယ်ဆိုရင်တော့ နယူတန်နိယာမရှိပါတယ်။ သက်ရောက်မှုတိုင်းက တန်ပြန်သက်ရောက်မှု ရှိမယ်ဆိုတာကို သတိပေးလိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။ 

စစ်ဥပဒေချုပ်ဟောင်းနှင့် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်၏ ပါတီသည် 'အမျိုးသားရေးနှင့် ပတ်သက်၍ သတ္တိနှင့် စွန့်လွှတ်စွန့်စားရန် ဆုံးဖြတ်ထားသူများ၏ပါတီ" ဟူသော ကြွေးကြော်သံဖြင့် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့သော်လည်း တစ်နေရာမှ အနိုင်မရခဲ့ပေ။ 

ဦးစိုးမောင်ကိုယ်တိုင်သည်လည်း ၎င်း၏ဇာတိ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ဘက် NLD ပါတီကိုယ်စားလှယ်လောင်းကို မဲကွာဟချက် တစ်သိန်းကျော်ဖြင့် အပြတ်အသတ် ရှုံးနိမ့်ခဲ့သည်။ 

ပြည်ခိုင်ဖြိုးအစိုးရလက်ထက် ကျင်းပခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ဦးစိုးမောင်သည် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကာ ရေစကြိုမြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့သည်။ 

ရွေးကောက်ပွဲကျင်းပပြီးချိန်မှ စတင်ကာ ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲရလဒ်ကို ဆက်တိုက်ကန့်ကွက်လျက်ရှိပြီး မြို့နယ်အချို့တွင်လည်း ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့သည်။ 

ရွေးကောက်ပွဲကျင်းပပြီး ရက်အနည်းငယ်အကြာတွင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ကြသည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများအနေဖြင့် ပုံစံ - ၁၉ တွင် လက်မှတ်မထိုးရန် ပါတီဌာနချုပ်က ညွှန်ကြားခဲ့ပြီး သံသယကြီးစွာရှိတဲ့အတွက် လက်မှတ်မထိုးခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက  သတင်းဌာနတစ်ခုနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ 

"သွားပြီးလက်မှတ်ထိုးလိုက်ရင် ကိုယ့်ရဲ့ရှုံးနိမ့်မှုကို ဝန်ခံရောက်ရောက်တဲ့အတွက်...။ ဒါကြောင့်မို့ လက်မှတ်မထိုးဘူး" ဟု ၎င်းက အဆိုပါအင်တာဗျူးတွင် ပြောကြားခဲ့သည်။ 

ထို့ပြင် ပြည်ခိုင်ဖြိုးပါတီသည် မျှော်လင့်မထားသော အရေအတွက်ဖြင့် ရှုံးနိမ့်ခဲ့ပြီး အစဉ်အလာအရ နိုင်ခဲ့သည့်နေရာများတွင် ပက်ပက်စက်စက် ရှုံးသွားခဲ့သည်ဟုလည်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဆိုသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ ပြည်ခိုင်ဖြိုးပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် စုစုပေါင်းကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ပြည်သူ့လွှတ်တော် ၂၆ နေရာ၊ အမျိုးသားလွှတ်တော် ၇ နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တော် ၃၈ နေရာ စုစုပေါင်း ၇၁ နေရာသာ အနိုင်ရရှိခဲ့သည်။ 

ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိခဲ့သော နေရာများမှာ တပ်မတော်အသိုင်းအဝိုင်းများ အခြေစိုက်တည်ရှိရာ နေပြည်တော် ဇေယျာသီရိမြို့နယ်၊ ရန်ကုန်တိုင်း ကိုကိုကျွန်း၊ ကရင်ပြည်နယ် ဖာပွန်၊ ရခိုင်ပြည်နယ် အမ်းနှင့် ကယားပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ မြို့နယ်အချို့ဖြစ်သည်။ 

ရွေးကောက်ပွဲအတွက် မဲစာရင်းများထုတ်ပြန်ရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းထက် အဆမတန်ပိုသည့် ဆန္ဒမဲများပေါ်ပေါက်လာခြင်း၊ အာဏာရ NLD ပါတီက ကိုဗစ်ကန့်သတ်ချက်များကို ဘောင်ကျော်လုပ်ဆောင်ခြင်း စသည့် သံသယဖြစ်ဖွယ်အငြင်းပွားမှုများရှိနေခြင်းကြောင့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းစစ်ဆေးရန်လည်း ပြည်ခိုင်ဖြိုးနှင့် နိုင်ငံရေးပါတီ ၁၅ ခုက ရွေးကောက်ပွဲအပြီး ၃ ရက်အကြာတွင် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲကော်မရှင်၏ မတရားမှုများကို ဖော်ထုတ်နေခြင်းသာဖြစ်ပြီး ရွေးကောက်ပွဲ အနိုင်အရှုံးရလဒ်ကို လက်ခံသည်ဟု ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရပုဂ္ဂိုလ်များက ဆိုပြီး မဲရလဒ်ကွာခြားလွန်းသည်ဖြစ်၍ အကျိုးရလဒ်မပေါ်နိုင်ဟု ဥပဒေကျွမ်းကျင်သူက သုံးသပ်ထားသည် ...

Published on Nov 24, 2020
Published on Nov 24, 2020
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အပြတ်အသတ်အနိုင်ရခဲ့ပြီးနောက် ပြည်ခိုင်ဖြိုးပါတီဝင်များက ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ အင်းစိန်မြို့နယ်တွင် နိုဝင်ဘာ ၂၀ ရက် ဆန္ဒဖော်ထုတ်ခဲ့စဉ်။ (ဓာတ်ပုံ - စိုင်းဇော်/Myanmar Now) 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ရွေးကောက်ပွဲအပြီး လှုပ်ရှားမှုများမှာ ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်ခံရသည့် ကိုယ်စားလှယ်လောင်းကို ပြန်လည်ဖြုတ်ချရန်မဟုတ်ဘဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၏ မတရားမှုများကို ဖော်ထုတ်နေခြင်းဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က Myanmar Now ကို ပြောသည်။ 

"ပြည်သူ့ဆန္ဒနဲ့အညီ အနိုင်၊ အရှုံးကို ကျွန်တော်တို့က လက်ခံတယ်။ ဒါနိုင်ငံရေးပါတီတွေရဲ့ယဉ်ကျေးမှုပဲ၊ ကျွန်တော်တို့ မနိုင်ရင် ပြန်ကြိုးစားရမယ်။ သို့သော် မှန်ကန်မှုရှိဖို့ လိုတယ်။ အခုက မမှန်ကန်ဘူး။ တရားမျှတမှု မရှိဘူး။ ကလိမ်ကကျစ်တွေပါတယ်။ UEC ရဲ့မတရားမှုကို ဖော်ထုတ်နေတာ၊ ကျွန်တော်တို့က ကိုယ်စားလှယ်ဖြုတ်ချရေးလုပ်နေတာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က မဲဆန္ဒနယ်စုစုပေါင်း၏ ၈၃ ရာခိုင်နှုန်းကျော်အနိုင်ရခဲ့ပြီး ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီက ကန့်ကွက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းနှင့် စပ်လျဉ်း၍ ဒေါက်တာနန္ဒာလှမြင့်ထံ Myanmar Now က ဆက်သွယ်မေးမြန်းခြင်းခဲ့ခြင်းဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဒေါ်ယဉ်မင်းမြင့်ဆွေကလည်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကန့်ကွက်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အမှုတွဲပေါင်း ၉၀၀ နီးပါး တင်သွင်းရန် စီစဉ်ထားသည်ဟု ယနေ့ (နိုဝင်ဘာ ၂၄) နံနက်ပိုင်းတွင် ပြောသည်။ 

သို့သော် ထိုအမှုတွဲအားလုံးမှာ UEC ထံ ကျပ်ငွေ ၅ သိန်းပေးသွင်း (ပြန်မရ) ကာ လျှောက်ထားရသည့် အနိုင်ရကိုယ်စားလှယ်လောင်း ကန့်ကွက်လွှာများမဟုတ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရပုဂ္ဂိုလ်များဖြစ်သည့် ဒေါက်တာနန္ဒာလှမြင့်နှင့် ဒေါ်ယဉ်မင်းမြင့်ဆွေက အတည်ပြုကြသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး NLD ပါတီကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့သော ဒေါက်တာနန္ဒာလှမြင့်က အနိုင်ရသူအပေါ် ကိုယ်တိုင်ကန့်ကွက်ရန် မရှိသည့်အပြင် ရလဒ်အပေါ် စောဒကတက်ရန် ပါတီက မူဝါဒချမှတ်ထားခြင်း မရှိကြောင်းပြောသည်။

အနိုင်ရကိုယ်စားလှယ်အပေါ် ရွေးကောက်ပွဲရလဒ်ကြေညာအပြီး ၄၅ ရက်အတွင်း ကန့်ကွက်ရန်ရှိမရှိ ကိစ္စသည် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းနှင့်သာ သက်ဆိုင်ကြောင်း၊ ယင်းနှင့်စပ်လျဉ်းသည့် ကုန်ကျစရိတ်အတွက် ပါတီက တစ်စုံတစ်ရာ ညွန်ကြားထားခြင်း မရှိကြောင်း ဒေါ်ယဉ်မင်းမြင့်ဆွေ က ပြောသည်။

"ကိုယ်စားလှယ်လောင်း ကန့်ကွက်တယ်ဆိုတာကလည်း ပိုက်ဆံသွင်းနိုင်တိုင်း အခြေအမြစ်မရှိ စာတင်နေလို့ရတာ မဟုတ်ဘူးလေ။ အကြောင်းတရားရှိမှ ကန့်ကွက်လို့ရတာလေ။ ကန့်ကွက်ရမယ့်အကြောင်းတွေ ဥပဒေတွေမှာလည်း ပါပြီးသားပါ" ဟု ၎င်းက ဆိုသည်။ 

ထိုသို့ ကန့်ကွက်လွှာ တင်သွင်းသူများရှိနိုင်ပြီး လက်ရှိတွင်မူ အရေအတွက်အတိအကျနှင့် ရွေးကောက်ပွဲ ရလဒ်အပြောင်းအလဲရှိမရှိ မပြောနိုင်သေးဟု ဒေါ်ယဉ်မင်းမြင့်ဆွေက ဆက်ပြောသည်။ 

"‘UEC ပေါ်မှာပဲ မူတည်လိမ့်မယ်။ အကြောင်းအရာပေါ်မူတည်ပြီး မှန်မှန်ကန်ကန်ဆုံးဖြတ်တဲ့ ဆုံးဖြတ်တယ်ဆိုရင် အခြေအနေက ပြောင်းလဲကောင်းပြောင်းလဲနိုင်တာပေါ့။ စောင့်ကြည့်ရုံမှတပါး ဘာမှတော့မရှိဘူးပေါ့" ဟု ၎င်းက ဆိုသည်။

လွှတ်တော်အသီးသီး၏ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများအရ သက်ဆိုင်ရာ မဲဆန္ဒနယ်တွင် အနိုင်ရကိုယ်စားလှယ်သည် တရားမဲ့ပြုကျင့်မှုများဖြင့် မဲအများဆုံးရခဲ့ကြောင်း ကန့်ကွက်လိုပါက ငွေကျပ် ၅ သိန်းပေးသွင်းကာ ကန့်ကွက်လွှာတင်သွင်းနိုင်သည်။ 

ထို့အတူ ကန့်ကွက်လွှာအပေါ် ရွေးကောက်ပွဲခုံအဖွဲ့၏ ဆုံးဖြတ်ချက်ကို မကျေနပ်၍ အယူခံမှုတင်သွင်းလိုလျှင်လည်း အမှုစရိတ်အဖြစ် နောက်ထပ် ကျပ် ၅ သိန်း ထပ်မံပေးဆောင်လျှောက်ထားနိုင်ပြီး ပြင်ဆင်မှုတင်သွင်းလိုလျှင် ကျပ် ၃ သိန်း ထပ်မံပေးသွင်းဆောင်ရွက်ရန် လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများတွင် ပြဌာန်းထားသည်။

ရွေးကောက်ပွဲအပြီး နှစ်ပတ်ကျော်ကြာသည့် ယနေ့နံနက်အထိ အနိုင်ရကိုယ်စားလှယ်လောင်း ကန့်ကွက်လွှာများ လက်ခံရရှိခြင်း မရှိသေးကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ  ညွန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက Myanmar Nowကို အတည်ပြုသည်။

"ပြင်ဆင်ချက်တွေဘာတွေပါ တက်တယ်ဆိုရင်တော့ ကျပ် ၁၃ သိန်းလောက်တော့ ကျမယ့်သဘောရှိတယ်။ အမှုအနိုင်အရှုံးကို စစ်ဆေးတဲ့တရားရုံးက ရှုံးသွားရင်တော့ အမှုစရိတ်တွေပေးရတာမျိုးလည်း ရှိမယ်”ဟု ဦးခင်မောင်ဦးက ပြောသည်။ 

ရက်ကာလရှည်အတွင်း လူအများအပြားပါဝင်ပတ်သက်ရသည့် ရွေးကောက်ပွဲဖြစ်စဉ်တွင် တိုင်တန်းမည်ဆိုပါက ဖြစ်ရပ်များစွာရှိနေမည်မှာ ဓမ္မတာပင်ဖြစ်သည်ဟု ရွေးကောက်ပွဲအနိုင်ရ NLD ပါတီမှ ဒေါက်တာမျိုးညွန့်က မှတ်ချက်ပြုသည်။

"ကျွန်တော်တို့ကတော့ သိပ်ထင်ရှားမှပဲ ကန့်ကွက်စေချင်ပါတယ်။ တရားရုံးတွေမှာ အလုပ်ရှုပ်တယ်။ မသေချာပဲလုပ်တာမျိုးတော့ အားမပေးဘူ" ’ဟု ၎င်းက ဆိုသည်။ NLD အနေဖြင့်လည်း ကန့်ကွက်ရန်ကိစ္စ အနည်းငယ်ရှိသည်ဟု ဒေါက်တာမျိုးညွန့်က ပြောသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ရွေးကောက်ပွဲအပြီး ပေါ်ပေါက်နေသည့် ပြည်ခိုင်ဖြိုး၏ အငြင်းပွားနေမှုများမှာ သဘာဝမကျဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဆိုသည်။ 

"NLD က USDP အပေါ် နိုင်တဲ့ မဲရလဒ်ပမာဏတွေက သိပ်ကွာတယ်ဗျ။ တစ်မှုချင်းစီတက်မယ် (UEC ထံ ကန့်ကွက်လွှာ) ဆိုရင်လည်း သဘာဝမကျဘူး။ စတန့်ထွင်တာလို့ပဲ ထင်တယ်။ တစ်ခုတော့ရှိတာပေါ့။ ပိုက်ဆံအများကြီးရှိထားလို့ တက်မယ်ဆိုရင်လည်း တက်မှာပေါ့၊ အောင်မြင်ဖို့တော့ သိပ်မရှိဘူးလို့ ထင်တယ်ဗျ” ဟု ၎င်းက ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးက ၁၀၈၇ ဦးဝင်ပြိုင်ပြီး ၇၁ နေရာအနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာ အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်မှု စုစုပေါင်း ၄၅ မှုရှိသည်။ ယင်းတို့ အနက် USDPက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်ရခဲ့ခြင်း မရှိပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့် အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ဆက်တိုက်ရှုံးနိမ့်ခဲ့သော နိုင်ငံရေးပါတီများတွင် ဝါရင့်နိုင်ငံရေးသမားများဖြစ်ကြသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့၏ ပါတီများအပြင် သမ္မတဟောင်းဦးသိန်းစိန်၏ အကြံပေးဖြစ်ခဲ့သူ ဒေါက်တာနေဇင်လတ်၏ပါတီလည်း အပါအဝင်ဖ...

Published on Nov 19, 2020
Published on Nov 19, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အရ တည်ဆဲနိုင်ငံရေးပါတီ ၉၀ ကျော်ရှိသည့်အနက် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ဆက်တိုက်ရှုံးနိမ့်ခဲ့သည့် နိုင်ငံရေးပါတီ ၅၀ တိတိရှိသည်။ (ဓာတ်ပုံ - စိုင်းဇော်/ Myanmar Now) 

မြန်မာနိုင်ငံတွင် တည်ဆဲနိုင်ငံရေးပါတီပေါင်း ၉၀ ကျော်ရှိသည့်အနက် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆက်တိုက်ရှုံးနိမ်ခဲ့သည့် ပါတီ ၅၀ အထိ ရှိနေသည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မှတ်တမ်းများအရ နိုင်ငံရေးပါတီ ၉၁ ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်၂၂ ပါတီအနိုင်ရခဲ့ပြီး ယခုကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ၈၇ ပါတီ ဝင်ပြိုင်ရာ ၁၉ ပါတီသာ အနိုင်ရခဲ့သည်။

ထိုရွေးကောက်ပွဲနှစ်ခုလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့သော နိုင်ငံရေးပါတီမှာ ၅၀ တိတိရှိနေပြီး ထိုအထဲတွင် ဝါရင့်နိုင်ငံရေးသမားများဖြစ်သည့် ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေနှင့် သမ္မတဟောင်းဦးသိန်းစိန်၏ အကြံပေးဖြစ်ခဲ့သူ ဒေါက်တာနေဇင်လတ်၏ ပါတီတို့လည်း ပါဝင်သည်။ 

အဆိုပါ နိုင်ငံရေးပါတီ ၅၀ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်းများအရေအတွက်မှာ ၂၀၁၅ တွင် ၁၃၃၇ ဦးအထိ ရှိခဲ့သော်လည်း ၂၀၂၀ တွင် ၄၂၈ ဦးသာ ရှိသည်။ ပါတီအလိုက် ကိုယ်စားလှယ်လောင်း အနည်းဆုံး ၃ ဦးဖြင့်သာ ဝင်ပြိုင်နိုင်သည့် ပါတီများရှိသလို ကိုယ်စားလှယ် ၃၀၀ ကျော်အထိ ဝင်ပြိုင်သော ပါတီများရှိသော်လည်း တစ်နေရာမျှ အနိုင်ရခဲ့ဖူးခြင်း မရှိပေ။ 

ဝါရင့်နိုင်ငံရေးသမား ဦးသိန်းညွန့် ထူထောင်ထားသည့် အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၂၇ ဦး၊ ၂၀၂၀ တွင် ကိုယ်စားလှယ်လောင်း ၃ ဦးဖြင့်  ဝင်ပြိုင်ခဲ့သော်လည်း ထိုနှစ်ကြိမ်လုံးတွင် ရှုံးနိမ့်ခဲ့သည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ခွဲထွက်ပြီး ဦးခင်မောင်ဆွေနှင့်အတူ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီကို ထူထောင်ခဲ့သူ ဦးသိန်းညွန့်သည် NDF ကိုယ်စားပြုကာ ၂၀၁၀ ရွေးကောက်ပွဲတွင် သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ဝင်ပြိုင်ပြီး အနိုင်ရရှိခဲ့သည်။ 

သို့သော် ၂၀၁၅ နှင့် ၂၀၂၀ တွင် ၎င်း၏ ကိုယ်ပိုင်ပါတီဖြင့် မဲဆန္ဒနယ်ဟောင်းဖြစ်သည့် သင်္ကန်းကျွန်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရာ နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့သည်။ 

NLD ခွဲထွက်တစ်ဦးဖြစ်သော ဦးခင်မောင်ဆွေ ဥက္ကဋ္ဌအဖြစ် ဦးစီးတာဝန်ယူထားသည့် NDF ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း ၂၀၂၀ နှင့် ၂၀၁၅ တွင် တစ်နေရာမျှ အနိုင်မရခဲ့ပေ။ ၂၀၁၅ တွင် ကိုယ်စားလှယ်လောင်း ၂၆၄ ဦးနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ၁၀၄ ဦးဖြင့် ဝင်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲနှစ်ကြိမ်ဆက်ရှုံးနိမ့်သည့် နိုင်ငံရေးပါတီများအနက် ကိုယ်စားလှယ်လောင်းအရေအတွက် အများဆုံးဝင်ပြိုင်နိုင်သည့် ပါတီဖြစ်သည်။ 

ရွေးကောက်ပွဲရှုံးနိမ့်ခြင်းမှာ အာဏာရ NLD ပါတီကက အနိုင်ကျင့်၍ မဲရအောင်လုပ်သွားသောကြောင့်ဖြစ်သည်ဟု ရွေးကောက်ပွဲနှစ်ကြိမ်ဆက် ရှုံးနိမ့်ထားသည့် NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုသည်။

“အနိုင်ရပါတီတစ်ရပ်အနေနဲ့ မဲတွေကို လိမ်လည်ပြီးရယူမယ့်ဟာမျိုး ဆက်လုပ်နိုင်မယ့် အလားအလာရှိရင် ရွေးကောက်ပွဲကို တော်တော်ကြီးစဉ်းစားရတော့မှာပါ” ဟုလည်း ၎င်းက ပြောသည်။ 

သမ္မတဟောင်းဦးသိန်းစိန်၏ အကြံပေးဖြစ်ခဲ့သူ ဒေါက်တာနေဇင်လတ်၏ အမျိုးသားတိုးတက်ရေးပါတီသည်လည်း ပါတီတည်ထောင်ပြီးချိန်မှ ယနေ့အထိ ရွေးကောက်ပွဲများ ဝင်ပြိုင်ခဲ့သော်လည်း တစ်ကြိမ်တစ်ခါမျှ အနိုင်ရခဲ့ဖူးခြင်း မရှိပေ။ 

ဒေါက်တာနေဇင်လတ်၏ ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၃၃၆ ဦးဖြင့် ဝင်ပြိုင်ခဲ့သော်လည်း ၂၀၂၀ တွင် ကိုယ်စားလှယ်လောင်း ၁၂ ဦးသာ ဝင်ပြိုင်နိုင်ခဲ့သည်။

ရွေးကောက်ပွဲနှစ်ကြိမ်ဆက် ရှုံးနိမ့်ခဲ့ကြသည့် နိုင်ငံရေးပါတီ ၅၀ အနက် ပါတီ ၂၀ သည် နေပြည်တော်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံ၍ ရွေးကောက်ပွဲတရားမျှတမှု မရှိပါက တပ်မတော်မှ ဝင်ရောက်ဖြေရှင်းပေးရန် တောင်းဆိုရာတွင် ပါဝင်ခဲ့သည်။ 

ပြီးခဲ့သည့် ရွေးကောက်ပွဲများတွင် ရှုံးနိမ့်ထားသည့် နိုင်ငံရေးပါတီများအနက် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံမှ ပေါက်ဖွားလာသော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) လည်း အပါအဝင်ဖြစ်သည်။ DPNS ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၂၁ ဦး၊ ၂၀၂၀ တွင် ၁၅ ဦးဖြင့် ဝင်ပြိုင်ခဲ့သော်လည်း အနိုင်မရရှိခဲ့ပေ။ 

ပြီးခဲ့သည့် ရွေးကောက်ပွဲနှစ်ကြိမ်လုံးတွင် တစ်နေရာမျှ အနိုင်မရဖူးသော နိုင်ငံရေးပါတီများတွင် ကချင်၊ ချင်း၊ ရခိုင်၊ ရှမ်းနှင့် ကရင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားလူမျိုးစုကိုယ်စားပြု နိုင်ငံရေးပါတီငယ်များ ၂၁ ခုလည်း ပါဝင်သည်။ 

အဆိုပါ တိုင်းရင်းသားပါတီများအနက် မြိုအမျိုးသားဒီမိုကရေစီပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဒိုင်းနက်လူမျိုးများတိုးတက်ရေးပါတီနှင့် မြိုတိုင်းရင်းသားများပါတီများသည် အများဆုံး ၃ နေရာအထိသာ ဝင်ပြိုင်နိုင်ခဲ့ကြသည်။ ၂၀၂၀ ရွေးကောက်ပွဲ၌ ထိုတိုင်းရင်းသားပါတီများ ဝင်ပြိုင်သည့် မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသဖြင့် အမှန်တကယ် ယှဉ်ပြိုင်ရွေးကောက်ခံခွင့် မရခဲ့ပေ။ 

ရွေးကောက်ပွဲဥပဒေအရ မဖြစ်မနေ အနည်းဆုံး ၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်ရသည်ဖြစ်ရာ ရွေးကောက်ပွဲနှစ်ကြိမ်ဆက် ရှုံးနိမ့်ထားသည့် ပါတီများအနက် အချို့မှာ မဲဆန္ဒနယ် ၃ နေရာသာ ဝင်ပြိုင်နိုင်ခြင်းဖြစ်သည်။ 

ရန်ကုန်အခြေစိုက် အမျိုးသားတိုးတက်မြင့်မားရေးပါတီသည် ပါတီရံပုံငွေ မရှိခြင်းကြောင့် ပါတီကိုယ်စားပြု ဝင်ပြိုင်လိုသူ ကိုယ်စားလှယ်လောင်းများ၏ အင်အားဖြင့်သာ ရွေးကောက်ပွဲဝင်ပြိုင်ရသည်ဟု ပါတီဥက္ကဋ္ဌ ဦးကျော်စိန်က ပြောသည်။

“သုံးယောက်ဝင်နိုင်အောင်တော့ အစကတည်းက စီစဉ်ထားတယ်။ ဘာလို့လဲဆိုတော့ သုံးယောက်မဝင်ရင် ကျွန်တော်တို့ ရပ်တည်ခွင့် မရှိတော့ဘူး။ ဖြစ်တဲ့နည်းနဲ့ ဝင်မယ်။ ငွေကုန်ကြေးကျလည်း သက်သာတယ်။ စည်းရုံးရေးလည်း လုပ်နိုင်တဲ့အခြေအနေလည်း ဖြစ်တယ်" ဟု ၎င်းက ပြောသည်။ 

Continue Reading