အင်းစိန်ရွာမဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသသည် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့သော မဘသအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ဦးဆောင်ခဲ့ပြီး မဘသဖျက်သိမ်းခံရပြီးနောက် အမည်ပြောင်းရပ်တည်ခဲ့သည့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းတွင်လည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်
မဘသ (အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ) ဥက္ကဋ္ဌဟောင်း အင်းစိန်ရွာမဆရာတော်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်းတွင် သွားရောက်လှူဒါန်းကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မဘသဥက္ကဋ္ဌဟောင်း အင်းစိန်ရွာမဆရာတော်ကို တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်းမှုများအပြင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၉) မှ အငြိမ်းစားတပ်မတော်အရာရှိကြီး၏ ၄၃ နှစ်မြောက် အထိမ်းအမှတ်အဖြစ် လှူဒါန်းခဲ့ကြောင်း သတင်းထုတ်ပြန်တွင် ပါရှိသည်။

အင်းစိန်ရွာမဆရာတော် ဘဒ္ဒန္တတိလောကဘိဝံသသည် ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့သော အမျိုးသားရေးလှုပ်ရှားမှု မဘသအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ဦးဆောင်ခဲ့သူဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရလက်ထက်တွင် မဘသအဖွဲ့ ဖျက်သိမ်းခံရပြီးနောက် အမည်ပြောင်းရပ်တည်ခဲ့သည့် ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းတွင်လည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဆရာတော်လည်းဖြစ်သည်။
မဘသအဖွဲ့ကို ဖျက်သိမ်းရန် နိုင်ငံတော်သံဃမဟာနယကအဖွဲ့ (မဟန) က ၂၀၁၇ ခုနှစ် မေလအတွင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အင်းစိန်ရွာမဆရာတော်၏ ဦးဆောင်မှုဖြင့် မဘသအဖွဲ့ကို ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းအမည်ပြောင်းကာ ရပ်တည်ခဲ့သည်။


မဘသအမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းသည် တရားမဝင်အဖွဲ့ဖြစ်ကြောင်း နိုင်ငံတော်သံဃမဟာနယကအဖွဲ့က ထပ်မံကြေညာခဲ့ပြီး ဓမ္မစက်ဖြင့် မရပါက အာဏာစက်ဖြင့် အရေးယူမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း ၂၀၁၉ ခုနှစ်အတွင်း ထုတ်ပြန်ကြေညာ ခဲ့သည်။
၂၀၁၉ ခုနှစ်အတွင်းက မဘသအမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း၏ နှစ်ပတ်ညီလာခံကို အင်းစိန်ရွာမစာသင်တိုက်တွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့သဖြင့် ဝေဖန်ခံခဲ့ရသည်။


တပ်မတော်၏ ထိုလှူဒါန်းမှုနှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက “သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ရန်လိုအပ်” ဟူသော ခေါင်းစဉ်ဖြင့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
“နိုင်ငံတော်သံဃမဟာနယကအဖွဲ့က တရားမဝင်ဟု သတ်မှတ်ထားသောအဖွဲ့ထံ အဖွဲ့အစည်းကြီးတစ်ခုမှ ငွေကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့ခြင်းသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ရာရောက်သော လုပ်ရပ်တစ်ခုဖြစ်ကြောင်း အများပြည်သူက ရှုမြင်ကြပါသည်” ဟု ထိုစဉ်က ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
နောက်ပိုင်းတွင် တပ်မတော်တာဝန်ရှိသူက သတင်းစာရှင်းလင်းပွဲ၌ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း၏ နှစ်ပတ်လည်ညီလာခံအတွက် ထိုသို့ငွေလှူဒါန်းခဲ့ခြင်းမှာ သံဃာကို ရည်မှန်းပြီး လှူဒါန်းခြင်းဖြစ်ကြောင်း ဖြေရှင်းခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။










