ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သည် မသမာမှု၊ မရိုးသားမှုများနှင့် တမင်လုပ်ကြံဖန်တီးမှုများ ရှိနေသည့်အပြင် ရာဇဝတ်မှုကျူးလွန်သည်ဟုပင် စွပ်စွဲကာ ကော်မရှင်တာဝန်ရှိသူများကို တရားစွဲဆိုရန် စိုင်းပြင်းနေသူ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) ပါတီဥက္ကဋ္ဌ ဦးစိုးမောင်သည် ရွေးကောက်ပွဲတွင် ဘာသာရေးမှိုင်းတိုက်သော ဟောပြောမှုဖြင့် မဲဆွယ်စည်းရုံးခဲ့သည်ကို တွေ့ရှိရသည်။
ရွေးကောက်ပွဲမကျင်းပမီ ရက်ပိုင်းအလိုတွင် ဦးစိုးမောင်က ၎င်း၏မဲဆန္ဒနယ်ဖြစ်သော မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေး ဟောပြောရာ၌ အစ္စလာမ်ဘာသာရေးပူးပေါင်းအဖွဲ့အစည်းဖြစ်သည့် OIC သည် မြန်မာနိုင်ငံရှိ အမျိုးသမီးများကို အစ္စလာမ်ဘာသာဝင်များက လက်ထပ်နိုင်ရန် ငွေကြေးထောက်ပံ့နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
“လုပ်ရင်း လုပ်ရင်းနဲ့ နှစ်ပေါင်းများလာတော့ ဘယ်လောက်အောင်မြင်လာလဲဆိုရင် သီချင်းဆိုတဲ့ ‘လွှမ်းမိုး’ ကြားဖူးလား။ လွှမ်းမိုးက ဝန်ကြီးချုပ်ရဲ့သမီးကို ရသွားတယ်” ဟု ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်ခ၏ သမီးဖြစ်သူနှင့် လက်ထပ်ခဲ့သူ ကွယ်လွန်သူ အဆိုတော်လွှမ်းမိုးကို ရည်ညွှန်းလျက် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်က ဘာသာရေးမှိုင်းတိုက်ကာ ဟောပြောစည်းရုံးခဲ့သည်။
ရေစကြိုမြို့နယ်၊ ကြူရွာအုပ်စု၊ ဆင်ကြို့ရွာရှိ လိုတရသာရက္ခန် ရွှေဂူမြတ်စွာဘုရား မုဒ်ဦးတွင် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်က ထိုသို့ ဟောပြောကာ မဲဆွယ်စည်းရုံးခဲ့ခြင်းဖြစ်ပြီး ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ထွန်းသည်လည်း ဦးစိုးမောင်အတွက် ဟောပြောစည်းရုံးပေးခဲ့သည်ကို Myanmar Now က ရရှိထားသည့် ရုပ်သံမှတ်တမ်းအရ သိရှိရသည်။
ဒေသခံအမျိုးသားအများစု တော်လှန်ပုန်ကန်နေသော ပြည်နယ်တစ်ခုတွင် လက်နက်ကိုင်ခေါင်းဆောင်များက ဒေသခံအမျိုးသမီးများကို ဗမာနှင့် မပေါင်းသင်းခိုင်းသဖြင့် ယင်းအမျိုးသမီးများသည် အစ္စလာမ်ဘာသာဝင်များနှင့် လက်ထပ်သွားကြရာ ပြည်နယ်အတွင်း မွတ်စလင်လူဦးရေ တိုးပွားလာကြောင်းလည်း ဦးစိုးမောင်က ဟောပြောထားသည်။
အဆိုပါမဲဆွယ်ဟောပြောမှုတွင် ဦးစိုးမောင်သည် ၎င်း၏ပါတီက လုပ်ပေးနိုင်သည့် ကိစ္စရပ်များကို ထည့်သွင်းပြောကြားခြင်း မရှိဘဲ အစ္စလာမ်ဘာသာဝင်များအကြောင်းကိုသာ ပုတ်ခတ်ပြောဆိုသွားကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်သည့် ၎င်း၏ပါတီကို မဲထည့်ရန် ပြောဆိုသွားကြောင်း ထိုဟောပြောပွဲ တက်ရောက်ခဲ့သူ ဆင်ကြို့ရွာမှ အမည်မဖော်လိုသူ လူငယ်တစ်ဦးက Myanmar Now ကို ပြောသည်။
တစ်နိုင်ငံလုံးကို ကယ်တင်ချင်၍ ပါတီထောင်သည်ဟု အစချီကာ ဦးစိုးမောင်က "ကျုပ်တို့ တိုင်းရင်းသားတွေကျတော့ (ကိုဗစ်ထောက်ပံ့ကြေး) ၂၀,၀၀၀ ပေးပြီး ကုလားမွတ်စလင်ကျ ၈၀၀,၀၀၀ (ကျပ် ၈ သိန်း) ပေးပါတယ်။ သိလား အဲဒါ။ မယုံရင် စုံစမ်းလိုက်ပါ” ဟုလည်း ထည့်သွင်းဟောပြောခဲ့သည်။
ပါတီအကြောင်းဟောပြောမည်ဆိုကာ ဟောပြောပွဲကို ဦးဆောင်စည်းရုံးခဲ့သူ ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ထွန်းကလည်း NLD ပါတီကြောင့် ၂၀၂၅ တွင် မြန်မာနိုင်ငံသည် မွတ်စလင်နိုင်ငံဖြစ်တော့မည်ဖြစ်ကြောင်း၊ အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်သည့် ဦးစိုးမောင်၏ပါတီကို မဲပေးရန်လိုကြောင်း ဟောပြောခဲ့သည်ကို တွေ့ရသည်။
“ဘင်္ဂလားဒေ့ရှ်က ထေရဝါဒ ဗုဒ္ဓမြန်မာတွေ တစ်ယောက်မှ မရှိတော့ဘူး။ ဘာလို့လဲ လည်ဖြတ်သတ်လိုက်လို့။ သူတို့ထဲ ဝင်ရင်ဝင်၊ မဝင်ရင် လည်ဖြတ်။ အဲဒီတော့ အိမ်နားနီးချင်းဖြစ်နေပြီ။ အဲဒီက လူတွေကလည်း ဒီ ဝင်နေပြီ။ အခု နယ်စည်းဥပဒေလည်း ဖွင့်ပေးလိုက်ပြီ။ မွေးစားဥပဒေလည်း ဖွင့်ပေးလိုက်ပြီ” ဟု ဦးအောင်ထွန်းက ဟောပြောခဲ့သည်။
ဦးစိုးမောင်သည် ရေစကြိုမြို့နယ်အတွင်း ဆင်ကြို့ရွာအပြင် နိပဆေးတောရွာ၌လည်း အောက်တိုဘာ ၂၁ ရက်က ဘာသာရေးအကြောင်းပြ မဲဆွယ်စည်းရုံးရေးဟောပြောခဲ့သည်ကို အဆိုပါ ဟောပြောပွဲတက်ရောက်ခဲ့သူတစ်ဦးက Myanmar Now ကို ပေးပို့လာသည့် ရုပ်သံဖိုင်တစ်ခုအရ သိရသည်။
ဗုဒ္ဓဘာသာအမျိုးသမီးများကို လက်ထပ်လျှင် ထောက်ပံ့ကြေးငွေရရှိကြောင်း ဦးစိုးမောင်၏ ပြောကြားချက်နှင့် ပတ်သက်၍ အထောက်အထားပြရန် လိုအပ်ပြီး အချင်းချင်း ချစ်ကြိုက်၍ လက်ထပ်ယူကြသည့်အခါ ဗုဒ္ဓဘာသာသို့ ကူးပြောင်းသွားသော အစ္စလာမ်ဘာသာဝင်အမျိုးသားများ ရှိသကဲ့သို့ အခြားဘာသာမှ အစ္စလာမ်ဘာသာသို့ ကူးပြောင်းလာသူ အမျိုးသမီးများလည်းရှိကြောင်း အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတစ်ခု၏ ဥက္ကဋ္ဌဖြစ်သူက ဆိုသည်။
“မျိုးစောင့်ဥပဒေ၊ ဘာညာ အစိုးရက လုပ်ထားပြီးပြီပဲ။ ဒါလည်း မကျေနပ်ဘဲနဲ့ ထပ်ပြောနေမယ်ဆိုရင်တော့ ဒါ သူတို့ အာဏာရဖို့အတွက် ဘာသာတရားတစ်ခုကို ဖိနှိပ်စော်ကား စွပ်စွဲတယ်လို့ပဲ ပြောချင်တယ်” ဟု ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းအောင်က ပြောသည်။
ထိုသို့သော ဦးစိုးမောင်၏ မဲဆွယ်စည်းရုံးရေး ဟောပြောမှုများနှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “ဒါ ဥပဒေနဲ့ မညီဘူး။ အမုန်းစကားတွေဖြစ်တယ်။ ရွေးကောက်ခံ NLD အမတ်ကဖြစ်စေ၊ တခြားအမတ်လောင်းတွေကဖြစ်စေ၊ ပြည်သူတွေကဖြစ်စေ အမှုဖွင့်မယ်ဆိုရင်တော့ ရဲအရေးပိုင်တဲ့အမှု ဖြစ်ပြီးတော့ ရဲက အမှုဖွင့်ပေးမှာပဲ” ဟု Myanmar Now ကို ပြောသည်။
ဘာသာရေးကို အလွဲသုံးစားပြု၍ မဲဆွယ်စည်းရုံးခြင်း မပြုလုပ်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများတွင် တားမြစ်ထားပြီး ဖောက်ဖျက်ပါက ပါတီဖျက်သိမ်းနိုင်သည်အထိ အရေးယူနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ (ဈ)အရ ဘာသာရေးကို အကြောင်းပြ၍ ဆန္ဒမဲပေးရန်ဖြစ်စေ၊ ဆန္ဒမဲမပေးရန်ဖြစ်စေ ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်းနှင့် ယင်းသို့ ပြုလုပ်ရန် အားပေးလှုံ့ဆော်သူ သို့မဟုတ် ပြုလုပ်သည့်အဖွဲ့အစည်းဝင်ဖြစ်သူသည် ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ပိုင်ခွင့် မရှိစေရဟု ဖော်ပြထားသည်။
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈ (ဂ) တွင်လည်း လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြ မဲပေးရန် သို့မဟုတ် မပေးရန် ဟောပြောလှုံ့ဆော်ပါက ဥပဒေအရ ထောင်ဒဏ်တစ်နှစ် ကျခံရမည့်အပြင် တရားမဲ့ပြုကျင့်မှု မြောက်သဖြင့် ရွေးကောက်ပွဲအနိုင်ရပါကလည်း ကန့်ကွက်သူရှိပါက ရွေးကောက်ခံကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခံရနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ဦးစိုးမောင်သည် အမျိုးသားရေးလှုပ်ရှားမှု ဦးတည်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ရဌပါလအသင်းဥက္ကဋ္ဌလည်း ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီတွင် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီကို တည်ထောင်ခဲ့ကာ ၎င်း၏ပါတီ၌ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရာထူးမှဖြုတ်ချခံခဲ့ရသူ စာရင်းစစ်ချုပ်ဟောင်း ဗိုလ်ချုပ် (အငြိမ်းစား) လွန်းမောင်က ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။
“အမျိုးသားရေးနှင့် ပတ်သက်၍ သတ္တိနှင့် စွန့်လွှတ်စွန့်စားရန် ဆုံးဖြတ်ထားသူများ၏ပါတီ” ဟူသော ကြွေးကြော်သံဖြင့် ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သော ဦးစိုးမောင်၏ ပါတီသည် တစ်နိုင်ငံလုံးတွင် တစ်နေရာမျှ အနိုင်မရရှိဘဲ ပါတီဥက္ကဋ္ဌ ဦးစိုးမောင်သည်လည်း ၎င်း၏ဇာတိ ရေစကြိုမြို့နယ်၌ မဲကွာဟချက် ကြီးမားစွာဖြင့် မရှုမလှ ရှုံးနိမ့်ခဲ့သည်။
စစ်ဥပဒေချုပ်ဟောင်းနှင့် သမ္မတရုံးဝန်ကြီးဟောင်းလည်းဖြစ်သူ ဦးစိုးမောင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုကာ ရေစကြိုမြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့သူဖြစ်သည်။
ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၂၆ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ၏ သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီ၏ မိတ်ဖက်အဖြစ် တက်ရောက်ခဲ့သူ ဦးစိုးမောင်က ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုများအပေါ် ဥပဒေနှင့်အညီ မဆောင်ရွက်ပါက တန်ပြန်သက်ရောက်မှု ရှိလာမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောကြားခဲ့သည်။
“ဥပဒေအတိုင်းပဲ တိတိကျကျဖြစ်အောင်၊ ထန်ကုန်အောင်၊ ထန်ကုန်အောင်ဆိုတာက အကုန်အစင် ဘက်စုံထောင့်စုံက ထောက်ပြပြီး လုပ်ပေးနေပါတယ်။ အဲဒီအပေါ်မှာ လေးစားမှုမရှိဘဲ ဆက်လက်ပြီး လစ်လျူရှုနေမယ်ဆိုရင်တော့ နယူတန်နိယာမ ရှိပါတယ်။ သက်ရောက်မှုတိုင်းက တန်ပြန်သက်ရောက်မှု ရှိမယ်ဆိုတာကို သတိပေးလိုက်ပါတယ်” ဟု ထိုသတင်းစာရှင်းလင်းပွဲတွင် ဦးစိုးမောင်က ပြောကြားခဲ့သည်။
ထို့ပြင် ရွေးကောက်ပွဲကော်မရှင်အသစ် ဖွဲ့စည်းပေးရန် အပါအဝင် ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ တရားမျှတမှုမရှိသဖြင့် ကော်မရှင်ကို တရားစွဲဆိုမည်ဖြစ်ကြောင်း နိုဝင်ဘာ ၆ နှင့် ၉ ရက်နေ့များတွင် ဦးစိုးမောင်က သဘောထားကြေညာချက်များ ထုတ်ပြန်ခဲ့သည်။
ကော်မရှင်သည် စာတမ်းအမှတ်အသားအတု အသုံးပြုမှု ရာဇသတ်ကြီးပုဒ်မ ၄၇၁၊ အခြေခံဥပဒေနှင့် ပါလီမန်အက်ဥပဒေ ပြဋ္ဌာန်းချက်များကို ချိုးဖောက်မှု ၁၃၀-က၊ ရာဇဝတ်မကင်းသော ပူးပေါင်းကြံစည်မှု ပုဒ်မ ၁၂၀-က တို့ကို ကျူးလွန်သည်ဟု ဦးစိုးမောင်က စွပ်စွဲထားပြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းအပါအဝင် ကော်မရှင်အဖွဲ့ဝင်များကို တရားစွဲဖြစ်ကြောင်း အထက်ပါကြေညာချက်များတွင် ဖော်ပြခဲ့သည်။
ဦးစိုးမောင်၏ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) ပါတီသည် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ ၁၅ ဦး ကို တရားစွဲဆိုခဲ့ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမှုတွဲလက်ခံထားသည်ဟုလည်း Peope Media က ဒီဇင်ဘာ ၅ တွင် ရေးသားဖော်ပြခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၇ ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် ဦးစိုးမောင်၏ပါတီသည် ရွေးကောက်ပွဲတာဝန်ရှိသူများကို ခြိမ်းခြောက်ပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို နှောင့်ယှက်စော်ကားနေသည့်အပြင် အခြေခံဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတို့ကို လေးစားလိုက်နာမှု မရှိဟု ကော်မရှင်၏ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့်ဆောင်ရွက်ချက်သည် အပြီးအပြတ် အတည်ဖြစ်စေရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီး ရွေးကောက်ပွဲဆိုင်ရာဥပဒေများအရလည်း ကော်မရှင်၏ ဆုံးဖြတ်ဆောင်ရွက်ချက်အပေါ် မည်သည့် တရားရုံးတွင်မှ စစ်ဆေးပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားကြောင်း ကော်မရှင်ဘက်က တုံ့ပြန်ထားသည်။
အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်ကို Myanmar Now က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ လက်ခံဖြေကြားခဲ့ခြင်း မရှိပေ။
ခင်မို့မို့လွင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။