စောင့်ကြည့်ကင်မရာများ၊ အနီအောက်ရောင်ခြည် (Infrared) သုံး အာရုံခံကိရိယာများအပြင် ဗို့အားမြင့် လျှပ်စစ်လွှတ်ထားသည့် ခြံစည်းရိုးတံတိုင်းကို တရုတ်နိုင်ငံက ၂၀၂၂ အောက်တိုဘာတွင် အပြီးတည်ဆောက်မည်ဟု နိုင်ငံတကာသတင်းများက ဆိုသော်လည်း တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ကန့်သတ်ရန်သာဖြစ်ကြောင်း မူဆယ်ခရိုင် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူးက ဆိုသည်
တရုတ် - မြန်မာနယ်စပ်တလျှောက် တရုတ်အစိုးရက ခြံစည်းရိုးခတ်ခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ဒွိဟဖြစ်ဖွယ်ရာများရှိနေသော်လည်း တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများကို ကန့်သတ်ရန်သာဖြစ်ကြောင်း မူဆယ်ခရိုင် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူးက ဆိုသည်။
ကီလိုမီတာ ၂၀၀၀ ကျော် ထိစပ်နေသော တရုတ် - မြန်မာတလျှောက်တွင် တရားမဝင် အဝင်အထွက်လုပ်နိုင်ခြေရှိသော နေရာများကို ခြံစည်းရိုးခတ်နေခြင်းဖြစ်သည်ဟု မူဆယ်ခရိုင် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးဥက္ကာက ဒီဇင်ဘာ ၂၁ တွင် Myanmar Now ကို ပြောသည်။

“သူတို့ (တရုတ်အစိုးရ) စိတ်ထဲ နှစ်ဘက်နယ်စပ် ဧရိယာအတွင်း တရုတ်ဘက်ကလည်း ခိုးဝင်တာမျိုးတွေ ရှိကောင်းရှိမှာပေါ့။ အဲဒီလို နှစ်ဘက်အဝင်အထွက်ရှိနိုင်တဲ့ နေရာတွေကို ခတ်တာပါ။ နေရာတကာ လိုက်ခတ်တာတော့ မဟုတ်ပါဘူး” ဟု ဦးဥက္ကာက ပြောသည်။
ကိုဗစ်နိုင်တင်း ကပ်ရောဂါကာလအတွင်း ကူးစက်ရောဂါထိန်းချုပ်နိုင်ရန် နှစ်နိုင်ငံဘက်မှ လူ သို့မဟုတ် ကုန်စည်များ တရားမဝင် ဝင်ထွက်ခြင်းကို ကန့်သတ်နိုင်ရန် နယ်စပ်ခြံစည်းရိုးခတ်ခြင်း ဖြစ်နိုင်ပြီး ပုံမှန်အားဖြင့် တရုတ်နိုင်ငံ၏ ပြည်နယ်အစိုးရထက် ဗဟိုအစိုးရ၏ ညွှန်ကြားချက်အရ လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟုလည်း ၎င်းက ဆိုသည်။


မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ စတင်တွေ့ရှိပြီးနောက် တရုတ်အစိုးရက ဧပြီလမှစတင်ကာ နယ်စပ်လူအဝင်အထွက် ကန့်သတ်ခဲ့သည့်နည်းတူ ကုန်စည်ပို့ဆောင်ရေးယာဉ်များကိုလည်း ကျန်းမာရေးစစ်ဆေးထားသော ယာဉ်မောင်းများဖြင့် အစားထိုးမောင်းနှင်ပြီး ဝင်ရောက်စေခဲ့သည်။
ထို့အပြင် နှစ်နိုင်ငံနယ်စပ်တစ်လျှောက် မူဆယ်၊ နမ့်ခမ်း၊ လောက်ကိုင်၊ မန်ဟီးရိုးမြို့နယ်ခွဲ အစရှိသော ဒေသများရှိ နယ်စပ်မှတ်တိုင်များအနီးတွင် သံဆူးကြိုးအကာအရံများဖြင့် ခြံစည်းရိုးခတ်ခြင်းကို ယခုနှစ်လယ်ပိုင်းမှ စတင်၍ ခပ်စိပ်စိပ် လုပ်ဆောင်လာသည်ဟု ဒေသခံအချို့က ပြောသည်။
“တရုတ်က ချမ်းသာလာတော့ သူ့နိုင်ငံကို Upgrade (အဆင့်မြှင့်) လုပ်တဲ့သဘောဖြစ်သလို ကိုဗစ်ကာလဆိုတော့ တရားမဝင် လူအဝင်အထွက်တွေကို ကန့်သတ်ချင်တော့ ပိုပြီးအားသွန်ခွန်စိုက် လုပ်ပုံရတယ်။ မူဆယ်၊ နမ့်ခမ်း ဘက်မှာ ခြံစည်းရိုးခတ်တာတွေက တော်တော်တောင်ပြီးနေပြီ” ဟု မူဆယ်ဒေသခံ စိုင်းခင်မောင်က Myanmar Now ကို ပြောသည်။
သို့သော် ကိုဗစ်နိုင်တင်းပြန့်ပွားမှုထိန်းချုပ်ရေးသည် တရုတ်အစိုးရ ကာလရှည်ကြာစွာ စိုးရိမ်ပူပန်ခဲ့ရသည့် နယ်စပ်ပြဿနာများကို ကိုင်တွယ်ရန် အကြောင်းပြချက်ဖြစ်နေသည်ဟု The Diplomat သတင်းစာ၏ ဒီဇင်ဘာ ၁၇ ဆောင်းပါးတစ်ပုဒ်တွင် ရေးသားထားသည်။
တရားမဝင်ကုန်စီးဆင်းမှုကို လုံးဝဖြတ်တောက်လိုက်ခြင်းမျိုးမဟုတ်ဘဲ မည်သည့်နေရာ၊ မည်သည့်အချိန်တွင် မည်သည့်သတ်မှတ်ချက်များဖြင့် ကုန်သွယ်ရေးပြုလုပ်နိုင်မည်ဟူသော တရုတ်အစိုးရ၏ ဆုံးဖြတ်နိုင်စွမ်းကို တိုးမြှင့်ပေးသည်ဟု ဆောင်းပါးရှင် Sebastian Strangio က ဆိုထားသည်။
နယ်စပ်ရှိ တရုတ်အစိုးရ၏ အကျိုးစီးပွားများအပေါ် ထောက်ခံပေးရန် မြန်မာအစိုးရနှင့် လက်နက်ကိုင်အဖွဲ့များကို ဖိအားပေးနိုင်သော အခြေအနေတစ်ခု ဖန်တီးပေးနိုင်မည်ဟုလည်း ၎င်းက ဆိုသည်။
Asia Times ပါ ဘာတေးလင့်တနာ၏ ဆောင်းပါး
မြန်မာနယ်စပ်တွင် တရုတ်နိုင်ငံဘက်ခြမ်းမှ ခြံစည်းရိုးခတ်ခြင်းမှာ ကိုဗစ်နိုင်တင်းပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်ဟူသော အယူအဆနှင့် ဆန့်ကျင်နေသည်ဟု ဟောင်ကောင်အခြေစိုက် Asia Times သတင်းဌာန၏ ဒီဇင်ဘာ ၁၉ တွင် ဖော်ပြခဲ့သော ဆောင်းပါးတစ်ပုဒ်က ဆိုသည်။
စောင့်ကြည့်ကင်မရာများ၊ အနီအောက်ရောင်ခြည် (Infrared) သုံး အာရုံခံကိရိယာများအပြင် ဗို့အားမြင့် လျှပ်စစ်လွှတ်ထားသည့် ခြံစည်းရိုးတံတိုင်းကို တရုတ်နိုင်ငံက ၂၀၂၂ အောက်တိုဘာတွင် အပြီးတည်ဆောက်ရန် စီစဉ်နေသည်ဟုလည်း ထိုဆောင်းပါးက ဆိုသည်။
တရုတ်နိုင်ငံဘက်ခြမ်းမှ နယ်စပ်ခြံစည်းရိုးခတ်ခြင်းကို နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် အနောက်တိုင်းသံတမန်များက သဘောမတွေ့သည့် ထင်မြင်ချက်အမျိုးမျိုး ပေးနေကြပြီး အဝေးပြေးလမ်းမကြီးများ၊ အမြန်ရထားလိုင်းကဲ့သို့ တရုတ်-မြန်မာ နှစ်နိုင်ငံကြား ချိတ်ဆက်မည့် တရုတ်စီမံကိန်းများနှင့် ဆန့်ကျင်နေသည်ဟုလည်း တရုတ် - မြန်မာအရေးကျွမ်းကျင်သူ ဆွီဒင်သတင်းစာဆရာ ဘာတေးလင့်တနာရေးသားထားသော ထိုဆောင်းပါးတွင် ဖော်ပြထားသည်။
ခြံစည်းရိုးခတ်ရခြင်းရည်ရွယ်ချက်သည် ကိုဗစ်နိုင်တင်းပြန့်ပွားမှု ကာကွယ်ရန်လား၊ နိုင်ငံအတွင်းမှ တရုတ်အစိုးရဆန့်ကျင်သူများ ထွက်ပြေးခြင်းကို ကာကွယ်ရန်လား၊ မူးယစ်ဆေး၊ တောရိုင်းတိရစ္ဆာန်ထွက်ကုန်နှင့် အခြား တရားမဝင်ပစ္စည်းများကုန်သွယ်ခြင်းကို တားမြစ်ရန်လားဆိုသည့် ထင်ကြေးများဖြင့်လည်း ဘာတေးလင့်တနာက မေးခွန်းထုတ်ထားသည်။
ထို့ပြင် ဘာသာရေးအုပ်စုများ၏ လှုပ်ရှားမှုနှင့် ပတ်သက်၍ တရုတ်အစိုးရ၏ စိုးရိမ်မှုကို မြင်တွေ့ရသည်ဟုလည်း တရုတ်နိုင်ငံအခြေစိုက် ‘ထုံထျောင်’ အမည်ရှိ ပုဂ္ဂလိကအင်တာနက်စာမျက်နှာတွင် နိုဝင်ဘာ ၂၇ ရက်က ဖော်ပြထားသော ဆောင်းပါးတစ်ပုဒ်ကို ကိုးကားထားသည့် ဘာတေးလင့်တနာ၏ ဆောင်းပါးက ဆိုသည်။
တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကချင်ပြည်နယ်ရှိ ကချင်လူမျိုးအများစုမှာ ခရစ်ယာန်ဘာသာ ကိုးကွယ်သူများဖြစ်ကြပြီး အမေရိကန်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသည့်အပြင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည်လည်း အမေရိကန်နှင့် အဆက်အဆံ ရှိနေဆဲဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအခြေစိုက် ကချင်အဖွဲ့တစ်ခုသည် အမေရိကန်ထောက်လှမ်းရေးအဖွဲ့၏ အထောက်အပံ့ယူထားကာ ယူနန်ပြည်နယ်အတွင်းရှိ ဂျိန်းဖောလူမျိုးစုများ နေထိုင်သည့်နေရာကို လွတ်လပ်သောနိုင်ငံအဖြစ် တည်ထောင်လိုကြကြောင်း ‘ထုံထျောင်’ ဆောင်းပါးရှင်က ရေးသားထားသည်ဟု ဆိုသည်။
အမေရိကန်တို့သည် ကချင်များကို အသုံးချ၍ တရုတ်နိုင်ငံတောင်ပိုင်းတွင် လှုံ့ဆော်မှုများပြုလုပ်လိုသည့်အပြင် မြန်မာနိုင်ငံရှိ ကချင်များသည်လည်း တရုတ်နိုင်ငံတွင် ထောက်လှမ်းရေးများပြုလုပ်ကာ တရုတ်နိုင်ငံအတွင်းရှိ ဂျိန်းဖောမျိုးနွယ်စုများကို တပ်သားအဖြစ် စုဆောင်းလျက်ရှိသည်ဟု ‘ထုံထျောင်’ ဆောင်းပါးတွင် စွပ်စွဲရေးသားထားသည်ဟု သိရသည်။
‘ထုံထျောင်’ ဆောင်းပါးကို ဘုမသိဘမသိ အလွတ်တန်းစာရေးသူတစ်ဦးက ရေးသားထားသည်ဟု လျစ်လျူရှုနိုင်သော်လည်း တရုတ်အစိုးရက စိစစ်တင်းကျပ်တတ်သော သဘောတရားအရ အနည်းဆုံး ဆင်ဆာတာဝန်ရှိသူများမဆန့်ကျင်သည့် အာဘော်ဖြစ်သည်ဟု ယူဆရကြောင်း ဘာတေးလင့်တနာက ဆိုသည်။
တရုတ်ကွန်မြူနစ်ပါတီအစိုးရသည် နိုင်ငံရေးဆန့်ကျင်သူများထက် ဘာသာရေးယုံကြည်မှုပေါ် အခြေခံသော လှုပ်ရှားမှုများကို ပိုမိုပြင်းထန်သည့် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှုမြင်တတ်သည်ကို တရုတ်နိုင်ငံအရေးလေ့လာသူ အနောက်တိုင်းပညာရှင်များက ဆိုကြောင်း ဘာတေးလင့်တနာက ရေးသားထားသည်။
တရုတ်နိုင်ငံ၏ နယ်စပ်ခြံစည်းရိုးခတ်ရခြင်း ရည်ရွယ်ချက်မှာ ကိုဗစ်နိုင်တင်းပြန့်ပွားမှု ထိန်းချုပ်ရန်နှင့် တရားမဝင်ကုန်သွယ်မှု တားမြစ်ခြင်းခြင်းဆိုသော အချက်ကို ဖယ်ထုတ်မရသော်လည်း လတ်တလောနှစ်များအတွင်း တရုတ်အစိုးရဆန့်ကျင်သူများ မြန်မာနိုင်ငံအတွင်း ထွက်ပြေးလွတ်မြောက်လာသည့်ဖြစ်ရပ်မျိုး မကြားသိရဟု ဘာတေးလင့်တနာက ဆိုသည်။
သို့သော် မူဆယ်ခရိုင် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးဥက္ကာ၏ အဆိုအရမူ အဆိုပါခြံစည်းရိုးသည် အဆင့်မြင့်နည်းပညာများဖြင့် မဟုတ်ဘဲ သံဆူးကြိုး၊ သံတိုင် စသည်တို့ဖြင့် အမြင့် ၇ ပေခန့် ကာရံခြင်းဖြစ်သည်ဟု သိရသည်။
“ကွင်းဆင်းကြည့်သလောက်က ပုံမှန်ခြံစည်းရိုးခတ်တဲ့ ပုံစံပါပဲ။ အခိုင်အမာပုံစံတော့ မဟုတ်ပါဘူး။ ပြန်ဖြုတ်ရင်လည်း အလွယ်တကူပြန်ဖြုတ်လို့ရတဲ့ ဟာမျိုးဆိုတော့ … ကိုဗစ်ကာလပြီးရင် ဖြုတ်သိမ်းဖို့ အကြောင်းကြားပေးထားပါတယ်” ဟု ဦးဥက္ကာက ပြောသည်။
နယ်နိမိတ်မျဉ်း၏ ၁၀ မီတာအတွင်း မည်သည့်အဆောက်အအုံမျှ အခိုင်အမာဆောက်ခွင့်မပြုဆိုသည့် နှစ်နိုင်ငံကြား သဘောတူညီချက်ရှိထားသည့်အတွက် ယခုကဲ့သို့ နယ်စပ်ခြံစည်းရိုးကာခြင်းသည် ကန့်သတ်ဧရိယာအတွင်း ရောက်ရှိလာပါက သက်ဆိုင်ရာအစိုးရအဖွဲ့ထံ တင်ပြသလို ယူနန်ပြည်နယ်အစိုးရ ပြည်ပရေးရာဌာနကိုလည်း ကန့်ကွက်စာပေးပို့ကြောင်း ၎င်းက ဆိုသည်။
မြန်မာ-တရုတ်နယ်စပ်တွင် အကောင်အထည်ဖော်မည့် စီးပွားရေးဇုန်စီမံကိန်းများလည်းရှိရာ နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာကိစ္စများကို သတိပြုဆောင်ရွက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရကို အကြံပြုထားသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က Myanmar Now ကို ပြောသည်။
“တရုတ်ဘက်ကလည်း နယ်စပ်တလျှောက် ခြံစည်းရိုးကာတာတွေရှိသလို နှစ်နိုင်ငံနယ်နိမိတ်ကိစ္စ သတိထားဆောင်ရွက်ဖို့ နိုင်ငံခြားရေး (ဝန်ကြီးဌာန) ကလည်း အကြံပြုထားပါတယ်” ဟု ၎င်းက ပြောသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။














