ဟားခါးမြို့ရေပေးဝေရေး လေးလစီမံကိန်း လေးနှစ်ကြာသည်အထိ အပြီးမသတ်နိုင်

‌‌ငွေကျပ် ၂ ဒသမ ၉ ဘီလျံတန် ရေပေးဝေရေးစီမံကိန်း နှောင့်နှေးရခြင်းနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်တွင် ယခုလဆန်းပိုင်းက အရေးကြီးအဆိုတင်သွင်းခဲ့ပြီး စီမံကိန်းလုပ်ကိုင်ခွင့်ရကုမ္ပဏီများကို ဥပဒေကြောင်းအရ အရေးယူရန် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြဆွေးနွေးခဲ့သည် 

Published on Dec 22, 2020
လေးလဖြင့် အပြီးဆောင်ရွက်ရန် မျှော်မှန်းခဲ့သည့် ဟားခါးမြို့ ရေပေးဝေရေးစီမံကိန်းမှာ လေးနှစ်ကြာသည်အထိ အပြီးသတ်နိုင်ခြင်း မရှိသေးပေ။  (ဓာတ်ပုံ - Salai Shing Mang) 
လေးလဖြင့် အပြီးဆောင်ရွက်ရန် မျှော်မှန်းခဲ့သည့် ဟားခါးမြို့ ရေပေးဝေရေးစီမံကိန်းမှာ လေးနှစ်ကြာသည်အထိ အပြီးသတ်နိုင်ခြင်း မရှိသေးပေ။  (ဓာတ်ပုံ - Salai Shing Mang) 

ချင်းပြည်နယ်မြို့တော် ဟားခါးတွင် ကျပ် ၂ ဒသမ ၉ ဘီလျံတန် ရေပေးဝေရေးစီမံကိန်းအတွက် ၂၀၁၆ အောက်တိုဘာလအတွင်းက တင်ဒါခေါ်ယူခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လအတွင်း ပြီးစီးနိုင်ရန် မျှော်မှန်းခဲ့သော်လည်း ယနေ့အချိန်ထိ အပြီးသတ်နိုင်ခြင်း မရှိသေးပေ။ 

လူဦးရေ နှစ်သောင်းကျော်ရှိ ဟားခါးမြို့၏ ရေပေးဝေရေးစီမံကိန်းမှာ သတ်မှတ်ကာအတွင်း ပြီးစီးခြင်းမရှိသည့်အတွက် သုံးကြိမ်တိုင် သက်တမ်းတိုးခဲ့ရသည်ဟု စီမံကိန်းနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးပြီး ထုတ်ပြန်ခဲ့သည့် ပြည်နယ်စာရင်းစစ်ချုပ်အစီရင်ခံစာက ဆိုသည်။ 

စီမံကိန်းအကြိုလုပ်ငန်းများဖြစ်သည့် ကွင်းဆင်းတိုင်းတာခြင်း၊ မြေပုံရေးဆွဲခြင်း၊ ဒီဇိုင်းပုံထုတ်ခြင်း၊ အသုံးပြုမည့်စနစ်အတည်ပြုခြင်း၊ အတတ်ပညာရှင်များ၏ အကြံဉာဏ်ရယူခြင်း၊ လုပ်ငန်းအတွေ့အကြုံရှိပြီး ကျွမ်းကျင်သည့် ကုမ္ပဏီရွေးချယ်ခြင်းမရှိဘဲ ဆောင်ရွက်ခဲ့သည့်အတွက် အဆိုပါရေပေးဝေရေးစီမံကိန်း မအောင်မြင်ရခြင်းဖြစ်ကြောင်းလည်း အစီရင်ခံစာက ဆိုသည်။ 

အဂတိဖြင့် အရေးယူခံရသော ပြည်နယ်ထွေအုပ်ဦးစီးသည့် စီမံကိန်း 

ဟားခါးမြို့ရေပေးဝေရေးစီမံကိန်းအတွက် ဝယ်ယူရေးတင်ဒါ ၂ ခုနှင့် တည်ဆောက်ရေးလုပ်ငန်းတင်ဒါ ၂ ခုခေါ်ယူခဲ့ရာ ရန်ကုန်အခြေစိုက်ကုမ္ပဏီများဖြစ်သည့် K & DL ကုမ္ပဏီနှင့် မိုးကုတ်ရွှေရည်တို့က တင်ဒါအားလုံးကို ရရှိခဲ့သည်။ 

ထို့နောက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဖြစ်သူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးပြုံးချိုတို့ စီမံကိန်းသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး စီမံကိန်းကို ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်တွင် အပြီးသတ်ဆောင်ရွက်ရန် ဖြစ်သည်။  

စီမံကိန်း အချိန်မီပြီးစီးခြင်းမရှိခဲ့သည့်အတွက် ၂၀၁၇ ခုနှစ် မေလအထိ ပထမအကြိမ် သက်တမ်းတိုးခဲ့ပြီး ထိုနှစ်မေလတွင် ဟားခါးမြို့၌ မိုရာမုန်တိုင်းကျရောက်ခဲ့သဖြင့် အောက်တိုဘာလအထိ ဒုတိယအကြိမ် သက်တမ်းတိုးပေးရန် ကုမ္ပဏီက တောင်းဆိုခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

ထိုသို့ ဒုတိယအကြိမ် သက်တမ်းတိုးထားစဉ်အတွင်း ရေပေးဝေရေးစီမံကိန်း လုပ်ကိုင်ခွင့်ရကုမ္ပဏီတစ်ခုဖြစ်သည့် မိုးကုတ်ရွှေရည်ကုမ္ပဏီမှ ဒါရိုက်တာ ဦးကျော်စိုးနိုင်နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးပြုံးချိုတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံခဲ့ရသဖြင့် စီမံကိန်းနှောင့်နှေးခဲ့ပြီး တတိယအကြိမ် သက်တမ်းတိုးခဲ့ရသည်ဟု ဆိုသည်။ 

၂၀၁၅ ခုနှစ်အတွင်းက ရန်ကုန်ရှိ မြေကွက်အရောင်းအဝယ်တစ်ခုနှင့် ပတ်သက်ပြီး ပြည်နယ်ထွေအုပ်ညွှန်ကြားရေးမှူး ဦးပြုံးချိုနှင့် ကုမ္ပဏီဒါရိုက်တာ ဦးကျော်စိုးနိုင်တို့ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း အဂတိဖြင့် အရေးယူခံခဲ့ရခြင်းဖြစ်သည်။ 

ထိုသို့ အရေးယူခံရသည့်အချိန်က ဦးပြုံးချိုမှာ ပြည်ထဲရေးဝန်ကြီးဌာနတွင် ဒုတိယအမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ယူနေချိန်ဖြစ်ကာ ထိုသို့အရေးယူခံရပြီးနောက် ချင်းပြည်နယ်သို့ ပြောင်းရွှေ့ခံခဲ့ရပြီး ရေပေးဝေရေးစီမံကိန်းဆောင်ရွက်ချိန်တွင် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဖြစ်ခဲ့သည်။  

ဟားခါးရေပေးဝေရေးစီမံကိန်းလုပ်ကိုင်ခွင့်ရ ကုမ္ပဏီနှစ်ခုမှာ မိတ်ဖက်ကုမ္ပဏီများဖြစ်ပြီး စီမံကိန်းကို ဦးဆောင်တာဝန်ယူခဲ့သည့် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးပြုံးချိုနှင့် ပုဂ္ဂိုလ်ရေးဆက်စပ်မှုရှိသည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က Myanmar Now ကို ပြောသည်။ 

“သူတို့က ဆက်စပ်နေတယ်။ သူက ပြည်နယ်အတွင်းရေးမှူးဖြစ်တယ်။ ဟိုကုမ္ပဏီနှစ်ခုက မိတ်ဖက်ကုမ္ပဏီတွေဖြစ်တော့ အဲ့လိုတွေဖြစ်ကုန်တာ။ ရှုပ်ကုန်တာ” ဟု ဦးစိုးထက်က ပြောသည်။ 

မိုးကုတ်ရွှေရည်ကုမ္ပဏီ ဒါရိုက်တာ ဦးကျော်စိုးနိုင် အဂတိဖြင့် အရေးယူခံရချိန်တွင် စီမံကိန်းလုပ်ငန်းများကို K&DL ကုမ္ပဏီက ဆက်လက်ဆောင်ရွက်ရန် ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက နှုတ်မိန့်ဖြင့် ပြောကြားခဲ့သော်လည်း စီမံကိန်းလုပ်ငန်းခွဲဝေမှုနှင့် ပတ်သက်၍ အတိအကျမသိရကြောင်း အစီရင်ခံစာက ဆိုသည်။ 

ထို့ကြောင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးစီးဆောင်ရွက်သည့် ဟားခါးရေပေးဝေရေးစီမံကိန်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအထိ တတိယအကြိမ် သက်တမ်းတိုးပေးခဲ့ရသည်ဟု ဆိုသည်။ 

ရေပေးဝေရေးစီမံကိန်းကို ကျွမ်းကျင်အင်ဂျင်နီယာပညာရှင်များရှိသည့် စည်ပင်သာယာရေးကော်မတီကို ဦးဆောင်လုပ်ကိုင်ခွင့်ပေးရန် ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြခဲ့သည်ဟု စီမံကိန်းစတင်ချိန်က ပြည်နယ်စည်ပင်သာယာရေးအဖွဲ့တွင် ညွှန်ကြားရေးမှူးဖြစ်ခဲ့သူ ဦးထလာဟရဲက ပြောသည်။ 

“ဝန်ကြီးချုပ်ဆီမှာ ကျွန်တော် နှစ်ကြိမ်၊ သုံးကြိမ်ပြောတယ်။ စည်ပင်ကိုပေးပါ။ စည်ပင်က (လုပ်ငန်းအပ်နှံသူအဖြစ်) တိုက်ရိုက်ကိုင်တွယ်မှဖြစ်မယ်။ တင်ဒါရောင်းတာတော့ အစိုးရအဖွဲ့က ရောင်းပါ။ အစိုးရအဖွဲ့က ကြိုက်တဲ့ကုမ္ပဏီကို ပေးပါ။ လုပ်ငန်းကြီးကြပ်တာ စည်ပင်က ကြီးကြပ်မယ်” ဟု စီမံကိန်းကို စည်ပင်က ကိုင်တွယ်သင့်ကြောင်း တင်ပြခဲ့ခြင်းကို ဦးထလာဟရဲက ပြောသည်။ 

“ဒါပေမယ့် ဝန်ကြီးချုပ်က လက်မခံဘူး။ အထွေထွေအုပ်ချုပ်ရေးဌာနကိုပဲ တာဝန်ပေးတယ်" ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။ 

ပြည်နယ်လွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်း 

သုံးကြိမ်တိုင် သက်တမ်းတိုးခဲ့သော်လည်း အပြီးသတ်ဆောင်ရွက်နိုင်ခြင်းမရှိသည့် ဟားခါးမြို့ရေပေးဝေရေးစီမံကိန်းကို ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်း ပြီးစီးအောင်ဆောင်ရွက်ရေး ပြည်နယ်အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်း ပလက်ဝမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးပြေမင်းက ဒီဇင်ဘာ ၄ ရက်တွင် အရေးကြီးအဆို တင်သွင်းခဲ့သည်။ 

ထိုအရေးကြီးအဆို အတည်မပြုရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်၊ စည်ပင်ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးတို့က ပြည်နယ်လွှတ်တော်၌ အကြိတ်အနယ်ဆွေးနွေးခဲ့ကြသော်လည်း မဲခွဲဆုံးဖြတ်ပြီးနောက် အဆိုကို လွှတ်တော်က အတည်ပြုခဲ့သည်။ 

‌ရေပေးဝေရေးစီမံကိန်းမအောင်မြင်ရခြင်းမှာ စီမံကိန်းဒီဇိုင်းကြောင့်ဖြစ်ပြီး တာဝန်ရှိသူများကို အရေးယူမည်ဟု ပြည်နယ်ဝန်ကြီးချုပ်က လွှတ်တော်၌ ပြောကြားခဲ့သော်လည်း ကုမ္ပဏီ သို့မဟုတ် မည်သည့်ဌာနဆိုင်ရာကို အရေးယူမည်ကိုမူ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ခြင်း မရှိပေ။ 

စီမံကိန်းနှင့် ပတ်သက်ပြီး စည်ပင်သာယာဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်နှင့် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးထလာဟရဲတို့ တာဝန်ယူ၊ တာဝန်ခံသည့်အနေဖြင့် ရာထူးမှ နှုတ်ထွက်ခဲ့ကြပြီးဖြစ်သည်ဟုလည်း ပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က  လွှတ်တော်တွင် ပြောကြားခဲ့သည်။ 

စည်ပင်သာယာရေးဝန်ကြီးအဖြစ် ၂ နှစ်ကျော် တာဝန်ယူခဲ့သူ ဆလိုင်းအိုက်ဇက်ခင်မှာ ၂၀၁၈ ခုနှစ် မေလအတွင်း နှုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး ဟားခါးစျေးတည်ဆောက်ရေး၊ ဟားခါးမြို့ပြစီမံကိန်းနှင့် ဖလမ်းရေပေးဝေရေးစီမံကိန်းများကို သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုအရ မိမိဆန္ဒအလျောက် နှုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက နှုတ်ထွက်စဉ် ပြောကြားခဲ့ဖူးသည်။ 

ဟားခါးရေပေးဝေရေးစီမံကိန်းတွင် တင်ဒါရွေးချယ်ခြင်းမှအစ လုပ်ငန်းပိုင်းအရည်အသွေး ကြီးကြပ်သည့်အဆင့်တိုင်းတွင် အားနည်းချက်များရှိနေပြီး လုပ်ငန်းကျွမ်းကျင်မှုနှင့် အတွေ့အကြုံရှိကုမ္ပဏီကို မရွေးချယ်ခဲ့သည့်အတွက် တင်ဒါစိစစ်ရေးအဖွဲ့တွင် တာဝန်ရှိကြောင်း ပြီးခဲ့သည့်နှစ်အတွင်း ထုတ်ပြန်ခဲ့သည့် ပြည်နယ်စာရင်းစစ်ချုပ်အစီရင်ခံစာက ဆိုသည်။  

စီမံကိန်းလုပ်ငန်းပြီးစီးမှုကို သေချာမစိစစ်ဘဲ ငွေထုတ်ပေးခဲ့သူ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးတွင်လည်း တာဝန်ရှိသည်ဟု စာရင်းစစ်ချုပ်အစီရင်ခံစာက မှတ်ချက်ပြုထားသည်။ ထို့ပြင် ပစ္စည်းဝယ်ယူရေး ကြိုတင်ငွေထုတ်ပေးရာတွင် စာချုပ်ပါအချက်အလက်နှင့် ကိုက်ညီခြင်းမရှိသည့်အပြင် ဝယ်ယူသည့် ပစ္စည်းများအပေါ် အရည်အသွေးကြီးကြပ်စစ်ဆေးမှုလည်း အားနည်းခဲ့သည်ဟု ဆိုသည်။ 

ပိုက်များဝယ်ယူရာတွင် ကုမ္ပဏီနှစ်ခု၏ ခန့်မှန်းချေစာရင်းထက် ကျပ်သိန်း ၃၀၀၀ ကျော်ဖိုး ပိုမိုဝယ်ယူခဲ့ပြီး ပိုလျှံရေပိုက်များမှာ ပြန်လည်အသုံးပြုရန် ခက်ခဲသည့်အတွက် “နိုင်ငံတော်ဘဏ္ဍာငွေ ဖြုန်းတီးရာရောက်သည်" ဟု စာရင်းစစ်ချုပ်အစီရင်ခံစာက ဆိုသည်။

ကန်ပက်လက်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးကွီးထန်းက “ကုမ္ပဏီက ဒီဇိုင်းမရှိဘဲနဲ့ ခန့်မှန်းပြီးတော့ လုပ်သွားတာ။ ရွာမှာ ခန့်မှန်းပြီး အလုပ်လုပ်တဲ့ ပုံစံမျိုးဖြစ်နေတယ်” ဟု ထောက်ပြသည်။

စီမံကိန်းနှင့် ပတ်သက်၍ သက်ဆိုင်ရာကုမ္ပဏီများကို ဥပဒေကြောင်းအရ အရေးယူရန် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြဆွေးနွေးခဲ့သော်လည်း သတ်မှတ်ကာလအတွင်း စီမံကိန်းမပြီးပြတ်ခြင်းအပေါ် ကုမ္ပဏီများက ဒဏ်ကြေးပေးဆောင်ပြီးဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က ပြောသည်။ 

လက်ရှိတွင် စီမံကိန်းနှင့် ပတ်သက်၍ စွမ်းရေထွက်လေးခုမှ ရေသွယ်ရေးလုပ်ငန်းသာ ကျန်ရှိနေပြီး မြို့တွင်း ရေဖြန့်ဝေရေးနှင့်ဆိုင်သော လုပ်ငန်းများ ပြီးပြတ်ပြီဖြစ်ကာ စီမံကိန်းအတွက် မူလလျာထားသည့် ကျပ် ၂ ဒသမ ၉ ဘီလျံအပြင် ကျပ်သိန်း ၉၇၀၀ ကျော် ထပ်မံသုံးစွဲခဲ့ရသည်ဟုလည်း ၎င်းက ပြောသည်။ 

ကုမ္ပဏီနှစ်ခုလုံးမှ ဒါရိုက်တာများသည် ငွေကြေးကိစ္စများ ရှင်းလင်းပြီးဖြစ်သည့်အတွက် အရေးယူဆောင်ရွက်ရန် မသင့်ကြောင်းလည်း ဦးစိုးထက်က ဆိုသည်။ 

“ငွေအပေးအယူတွေ အကုန်လုံးပြီးသွားပြီ။ သူတို့လည်းပြောရရင်တော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေဖြစ်တယ်လေ။ Win – Win (နှစ်ဖက်အကျိုးရှိခြင်း) ပေါ့။ အရေးယူဆောင်ရွက်ဖို့ မသင့်တော့ဘူးလို့ ကျွန်တော်တို့ဘက်ကတော့ စဉ်းစားတာပေါ့ ”ဟု ဦးစိုးထက်က Myanmar Now ကို ပြောသည်။ 

မတူပီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်ကမူ "ဘာလို့ တရားမစွဲရဲတာလဲ အစိုးရဘက်က။ သူတို့မှာ အနှောင်အဖွဲ့တွေ ပါနေလို့လား။ ကျွန်တော်တော့ အဲလိုပဲ သံသယဖြစ်တော့တယ်။ အနှောင်အဖွဲ့ရှိလို့ပဲ တရားမစွဲတာလား" ဟု ပြောသည်။ 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading