TNLA ‘ရန်ပုံငွေ’ အဖြစ် ငွေကျပ် ၁၅ သိန်း၊ ၁၆ သိန်း ပေးသွင်းရန် ဖုန်းမက်ဆေ့များမှတစ်ဆင့် ပေးပို့တောင်းခံထားပြီး ယင်းစာများ ပေါက်ကြားပါက ‘အရေးယူခြင်း၊ ပြန်ပေးဆွဲခြင်း၊ အိမ်တိုင်ရာရောက် မိသားစုကို တစ်ခုခုပြုလုပ်မည်’ ဖြစ်ကြောင်း ရေးသားထားသည်
မန္တလေးတိုင်း မိုးကုတ်မြို့ ဒေသခံများထံ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဆက်ကြေးတောင်းခံသည့် စာများကို ယခုရက်ပိုင်းအတွင်း ဖုန်းမက်ဆေ့မှတစ်ဆင့် ပေးပို့နေသည်ဟု ဒေသခံများက ပြောသည်။
ငွေကြေးတောင်းခံရသည့် ဒေသခံများ၏ နေအိမ်အနီး TNLA တပ်ဖွဲ့ဝင်များကို စေလွှတ်ထားပြီး ၎င်းတို့နောက်ကိုလည်း လိုက်လံစောင့်ကြည့်ခိုင်းထားသည့်အတွက် သတ်မှတ်ရက်အတွင်း ငွေမပေးသွင်းပါက ပြန်ပေးဆွဲခြင်းခံရမည်ဟု ခြိမ်းခြောက်ထားကြောင်း ငွေကြေးတောင်းခံရသူ မြို့ခံတစ်ဦးက Myanmar Now ကို ပြောသည်။

TNLA က တောင်းခံသည့် ငွေကြေးကို မပေးနိုင်သည့်အတွက် မိသားစုဝင်များကို တိမ်းရှောင်ခိုင်းထားရပြီး ၎င်းကိုယ်တိုင်လည်း လုံခြုံရေးစိုးရိမ်နေရသည်ဟု အဆိုပါမြို့ခံက ပြောသည်။ ဒေသခံများ၏ လုံခြုံရေးအတွက် အဆိုပါမြို့ခံ၏အမည်ကို Myanmar Now က ဖော်ပြနိုင်ခြင်း မရှိပေ။
“ကျွန်တော်တို့က ကြောက်လန့်နေရတာပေါ့ဗျာ။ အလုပ်လည်းမလုပ်ရဲဘူး။ လုပ်ငန်းလည်း ရပ်ဆိုင်းပေါ့။ ဘာလို့လည်းဆိုတော့ အဆင်မပြေဘူး။ မိသားစုနဲ့ဆိုတော့ စိုးရိမ်ကြောင့်ကြနေရတာပေါ့” ဟု ၎င်းက ပြောသည်။


TNLA က မြို့ခံများကို ဆက်ကြေးတောင်း၊ ခြိမ်းခြောက်ထားသည့် ဖုန်းမက်ဆေ့အချို့ကို Myanmar Now က ဖတ်ရှုခဲ့ရပြီး စာအချို့မှာ ဒီဇင်ဘာလယ်ခန့်တွင် ပေးပို့ထားသည့် စာများဖြစ်ကာ စာ၏အဆုံးတွင် ‘တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်မတော် အခွန်ကောက်တပ်ဖွဲ့ ၇’ မှ ‘ဗိုလ်တာလဲင်းယု’ ဟု ပါရှိသည်။
TNLA ‘ရန်ပုံငွေ’ အဖြစ် ငွေကျပ် ၁၅ သိန်း၊ ၁၆ သိန်း တောင်းခံထားပြီး ယင်းစာ (ဖုန်းမက်ဆေ့များ) ပေါက်ကြားပါက ‘အရေးယူခြင်း၊ ပြန်ပေးဆွဲခြင်း၊ အိမ်တိုင်ရာရောက် မိသားစုကို တစ်ခုခုပြုလုပ်မည်’ ဖြစ်ကြောင်း၊ စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကဲ့သို့ ပြုလုပ်မည်ဖြစ်ကြောင်း ယင်းဖုန်းမက်ဆေ့များတွင် ရေးသားထားသည်ကို တွေ့ရသည်။


ဒီဇင်ဘာ ၄ နံနက်ပိုင်းတွင် မိုးကုတ်မြို့လမ်းမတစ်ခုပေါ်၌ TNLA က ဖမ်းဆီးခေါ်ဆောင်သွားသည့် မိုးကုတ်မြို့၏ နာမည်ကြီး စံပြမုန့်တိုက် (SP Bakery) ပိုင်ရှင် ဦးကျော်ဝင်းကို ရည်ညွှန်းရေးသားထားခြင်း ဖြစ်သည်။ ၎င်းကို ဖမ်းဆီးသွားသည်မှာ ၁၈ ရက်ကြာသည့်တိုင် TNLA အဖွဲ့ဝင်များက ပြန်လည်လွှတ်ပေးခြင်း မရှိပေ။
TNLA က ဖုန်းမက်ဆေ့များ ပေးပို့မှု မှန်ကန်ခြင်းရှိမရှိနှင့် အခွန်ကောက်တပ်ဖွဲ့ ၇ မှ ဗိုလ်တာလဲင်းယု ဆိုသူမှာ TNLA အဖွဲ့ဝင် ဟုတ်မဟုတ် မေးမြန်းနိုင်ရန် TNLA ၏ ပြောခွင့်ရအရာရှိ ဗိုလ်မှူး တာအိုက်ကျော်ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
ဒေသခံများထံ ပေးပို့ထားသည့် ခြိမ်းခြောက်စာများတွင် ပါဝင်သော ဆက်သွယ်ရန်ဖုန်းနံပါတ်ကို Myanmar Now က ဆက်သွယ်ခဲ့သော်လည်း ဖုန်းမှာ စက်ပိတ်ထားသည်။
မြို့ခံများကို TNLA က ဖုန်းဆက်ခြိမ်းခြောက်ခြင်း၊ ငွေကြေးတောင်းခံသည့် သတင်းများကို တစ်ဆင့်ခံအဖြစ်သာ ကြားသိနေရပြီး ကာယကံရှင်များကိုယ်တိုင် လာရောက်တိုင်တန်းခြင်း မရှိသေးကြောင်း မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော်က ပြောသည်။
“ကျွန်တော်တို့က အေးအေးချမ်းချမ်းနဲ့ ရှာဖွေစားသောက်ချင်တဲ့စိတ်ပဲ ရှိတယ်။ ဒါပါပဲဗျာ။ ကျန်တာတွေကတော့ ကြိုက်လည်းမကြိုက်ဘူးဗျာ။ ပြည်သူတွေရဲ့ စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တာတွေ၊ စိုးရိမ်ထိန်လန့်မှုဖြစ်အောင် လုပ်တာတွေက ကျွန်တော်တို့လည်း သဘောမကျဘူး” ဟု ဦးနိုင်ငံကျော်က ပြောသည်။
မြို့ခံများကို ပြန်ပေးဆွဲခြင်းမလုပ်ရန်၊ ဖုန်းဆက်၊ မက်ဆေ့ပို့ ခြိမ်းခြောက်ခြင်းများမလုပ်ရန်နှင့် မြို့လုံခြုံရေးကို ကာကွယ်ရန်စသည့် စာသားများပါ ဗီနိုင်းပိုစတာများကိုင်ဆောင်ကာ မြို့ခံအချို့က ဒီဇင်ဘာ ၁၉ တွင် မိုးကုတ်မြို့၌ အသံတိတ်ဆန္ဒပြခဲ့ကြသည်။
လတ်တလောမိုးကုတ်မြို့လုံခြုံရေးအခြေအနေနှင့် ပတ်သက်၍ မိုးကုတ်မြို့မရဲစခန်းမှ မြို့နယ်မှူး ရဲမှူးငြိမ်းချမ်းကို ဆက်သွယ်မေးမြန်းရာတွင် “အခုလက်ရှိကတော့ဗျာ ကျွန်တော်တို့က လုံခြုံရေးနဲ့ပတ်သက်ပြီးတော့ ကြိုးစားပြီးတော့ လုပ်နေတုန်း ရှိပါသေးတယ်ဗျ။ အခုလည်း ဒီမှာ နေရာချတာတို့ စစ်ဆေးတာတို့နဲ့ အလုပ်ရှုပ်နေလို့ပါနော်” ဟုသာ ပြောဆို၍ ဖုန်းချသွားသည်။
စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားစဉ်က ယာဉ်မောင်းကို မိုးကုတ်မြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားသည်ဟု မြို့ခံများကြား သတင်းပြန့်နေသော်လည်း မိုးကုတ်မြို့ရဲတပ်ဖွဲ့က အတည်မပြုပေ။
မိုးကုတ်မြို့နေ အသက် ၅၀ ကျော် ဒေသခံအမျိုးသမီးတစ်ဦးကို TNLA က ကျပ် သိန်း ၃၄၀ ဖြင့် အောက်တိုဘာလအတွင်းက ပြန်ပေးဆွဲကာ တောထဲတွင် ၉ ရက်ခန့် ချုပ်နှောင်၍ ရိုက်နှက်နှိပ်စက်ခဲ့သေးသည်။
နိုဝင်ဘာ ၂၄ တွင် မိုးကုတ်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်း တပ်မတော်နှင့် TNLA တိုက်ပွဲဖြစ်ပွားသောကြောင့် ဒေသခံထောင်ချီ မိုးကုတ်မြို့ပေါ် တိမ်းရှောင်ခဲ့ရသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












