လူငယ်များကို ဇီဝိန်ခြွေနေသော မော်ချီးသတ္တုသိုက်က ဂန်းရောဂါ 

အဖိုးတန် ခဲမဖြူ၊ အဖြိုက်နက် သတ္တုထွက်ရှိရာ ကယားပြည်နယ်ရှိ မော်ချီးသတ္တုသိုက်တွင် ဝင်ငွေရွှင်သော 'ဂန်းထိုး' အလုပ်ဖြင့် အသက်မွေးသူလူငယ်များမှာ အဆုတ်အတွင်း ကျောက်မှုန့်ဝင်ရောက်မှုကြောင့် ‘ဂန်း’ ရောဂါခေါ် နာတာရှည်အဆုတ်ရောဂါတစ်မျိုးဖြင့် သေဆုံးလေ့ရှိပြီး လွန်ခဲ့သော ၆ နှစ်တာအတွင်း ဂန်းထိုးသမား ရာချီသေဆုံးခဲ့သည်ဟု ကျန်းမာရေးမှူးဟောင်းတစ်ဦးက ဆိုသည်  

Published on Dec 21, 2020
မော်ချီးသတ္တုတွင်းရှိ ခဲလုပ်ကွက်တစ်ခုတွင် မြေစာလှည်းတွန်းလာသူ ကျင်းလုပ်သားနှစ်ဦးကို နိုဝင်ဘာ ၃၀ က တွေ့ရစဉ်။  (ဓာတ်ပုံ - စန္ဒာဉာဏ်/ Myanmar Now) 
မော်ချီးသတ္တုတွင်းရှိ ခဲလုပ်ကွက်တစ်ခုတွင် မြေစာလှည်းတွန်းလာသူ ကျင်းလုပ်သားနှစ်ဦးကို နိုဝင်ဘာ ၃၀ က တွေ့ရစဉ်။  (ဓာတ်ပုံ - စန္ဒာဉာဏ်/ Myanmar Now) 

မှောင်မှောင်မဲမဲ တွင်းနက်အတွင်း ကျောက်လွှာကို စက်ဖြင့် ထိုးဖောက်နေသည့်အသံက တဝီဝီ ထွက်ပေါ်လျက်ရှိသည်။ အလင်းရောင်အားနည်းမှုအပြင် ကျောက်မှုန့်များ ဖုံးလွှမ်းနေမှုကြောင့် ကောင်းစွာမမြင်ရသော်လည်း တွင်းနက်ထဲတွင် အလုပ်များနေသူနှစ်ဦးမှာ လူရွယ်များဖြစ်ကြသည်။ 

ပေပေါင်းများစွာနက်သော တွင်းနက်အတွင်း အဖိုးတန် ခဲမဖြူနှင့် အဖြိုက်သတ္တုရရန် ကျောက်သားကို အဲဂန်း (Air-gun) ခေါ် လေဖိအားသုံး လွန်သွားတပ်လက်ကိုင်စက်ဖြင့် ဖောက်နေကြခြင်းဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံး ကျောက်မှုန့်များဖြင့် ပေကျံလျက်ရှိသည်။ ဝတ်ဆင်ထားသော နှာခေါင်းစည်းသည်ပင်လျှင် ကျောက်မှုန့်အထပ်ထပ်ဖြင့် ညစ်ပတ်ပေရေလျက်ရှိသည်။ 

ထိုအလုပ်ကို အရပ်ခေါ်အနေဖြင့် ‘ဂန်းထိုး’ ဟု ခေါ်ကြသည်။ အဆုတ်ကို ထိခိုက်ပျက်စီးစေမှန်းသိသော်လည်း ငွေရွှင်သော ဂန်းထိုးအလုပ်ဖြင့် အသက်မွေးနေသူက ရာပေါင်းများစွာ ရှိနေသည်။

အဖိုးတန် ခဲမဖြူ၊ အဖြိုက်နက် သတ္တုထွက်ရှိရာ ကယားပြည်နယ် ဖားဆောင်းမြို့နယ်ရှိ မော်ချီးသတ္တုသိုက်တွင် သတ္တုတွင်းလုပ်သား ထောင်နှင့်ချီ ရှိလေသည်။ မြေစာထမ်းသူထမ်း၊ လှည်းတွန်းသူတွန်း၊ ဂေါ်ပြားဖြင့် မြေစာကော်သူကော်ဖြင့် ပျားပန်းခပ်မျှ သက်ဝင်လှုပ်ရှားလျက်ရှိသည်။ တစ်ချိန်က ကမ္ဘာကျော်ခဲ့သော မော်ချီးသတ္တုသိုက်ဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီဖြစ်သည်။ 

ဝင်ငွေရွှင် ဂန်းထိုးအလုပ်ကြောင့် အဆုတ်ပျက်စီးသူများ 

ခဲမဖြူနှင့် အဖြိုက်သတ္တုရရန် ကျောက်သားကို အဲဂန်းဖြင့် ထိုးဖောက်ရသည်။ ကျောက်လွှာကို လက်ကိုင်စက်ဖြင့် နာရီပေါင်းများစွာ ထိုးဖောက်ရင်း တစ်ပါတည်း ရှူရှိုက်မိသည်က ကျောက်မှုန့်များဖြစ်သည်။  အချိန်ကြာလာသည်နှင့်အမျှ လွန်သွားက ကျောက်လွှာကို ထိုးဖောက်လျက်ရှိသည့်နည်းတူ ကျောက်မှုန့်များသည်လည်း အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အဆုတ်ကို ထိုးဖောက်လျက်ရှိသည်။ 

ဂန်းထိုးအလုပ်ကို လုပ်ကိုင်သူအများစုမှာ လူငယ်များဖြစ်ပြီး အဆုတ်ပျက်စီးစေသော အလုပ်ကြောင့် သက်ဆိုးမရှည်ကြပေ။ မော်ချီးသတ္တုမိုင်းတွင် လုပ်ကိုင်ရင်း အဆုတ်ရောဂါဖြင့် သေဆုံးသူများအနက် ကျောက်ကြားရပ် ခဲကျင်းလုပ်ကွက်တွင် နေထိုင်သူ အသက် ၃၀ အရွယ် မအေးစန္ဒာထွန်း၏ခင်ပွန်း ကိုဘားရယ်လည်း ပါဝင်သည်။ ‘ဂန်း’ ရောဂါဟု အလွယ်ခေါ်ကြသော အဆုတ်ပျက်စီးသော ရောဂါတစ်မျိုးဖြင့် လွန်ခဲ့သော ၆ လခန့်က သေဆုံးခဲ့သူဖြစ်သည်။ 

မြေအောက်သတ္တုမိုင်းလုပ်ကွက်များတွင် သတ္တုပါဝင်သည့် ကျောက်သားကို ယမ်းဖြင့်ဖောက်ခွဲနိုင်ရန် ဦးစွာ တစ်ပေမှ နှစ်ပေအနက်ရှိ အပေါက်များ ဖောက်ရသည်။ ယင်းအပေါက်များထဲသို့ ယမ်းတောင့်များထည့်ကာ ကျောက်သားဖောက်ခွဲရခြင်းဖြစ်သည်။ ကျောက်သားတွင် အပေါက်ဖောက်ရန် အဲဂန်းခေါ် လေဖိအားသုံး လွန်ဖောက်စက်များ အသုံးပြုရသည်။

ဂန်းထိုးအလုပ်က အခြားအလုပ်ထက် ဝင်ငွေပိုကောင်းသော်လည်း အဆုတ်ကို ဒုက္ခပေးသော ကျောက်မှုန့်ကြောင့် ရေရှည်မလုပ်နိုင်ကြပေ။ 

မအေးစန္ဒာထွန်းသည် ပျဉ်းမနားမှ လွိုင်ကော်သို့ ရွှေ့ပြောင်းလုပ်သားအဖြစ် ရောက်ရှိလာသူဖြစ်သည်။ ကယားလူမျိုး ကိုဘားရယ်နှင့် ချစ်ကြိုက်ပြီးနောက် ခင်ပွန်းအလုပ်လုပ်ရာ မော်ချီးသို့ ယောင်နောက်ဆံထုံးပါ ပြောင်းရွှေ့ခဲ့သည်။ မော်ချီး အမှတ် (၂) ကျင်း၊ ကျောက်ကြားလုပ်ကွက်တွင် ထမင်းချက်အလုပ်ကို စရိတ်ငြိမ်း တစ်လ ကျပ် တစ်သိန်းခွဲဖြင့် လုပ်ကိုင်ခဲ့သည်။ မော်ချီးသတ္တုတွင်း၌ ၂၀၀၉ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့သူ ကိုဘားရယ်သည် ကျင်းဆရာအဆင့်ထိ ဖြစ်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် ဝင်ငွေပိုကောင်းသော ဂန်းထိုးအလုပ်ကို ပြောင်းလုပ်ခဲ့သည်။ 

“ပိုက်ဆံရတာပဲ ပိုလုပ်ဖြစ်တယ်ရှင့်။ ပိုက်ဆံပိုရတော့ ဂန်းထိုးမယ်လို့ သူပြောတယ်ရှင့်။ အဲဒါနဲ့ ကျွန်မလည်း ဂန်းပေးထိုးလိုက်တယ်။ အသိပညာနည်းတဲ့အတွက် မတားခဲ့မိဘူးရှင့်” ဟု ဆုံးပါးသွားပြီဖြစ်သော ခင်ပွန်း ဂန်းထိုးအလုပ် စတင်လုပ်ကိုင်ဖြစ်ခဲ့ပုံကို မအေးစန္ဒာထွန်းက ပြောပြသည်။

ဂန်းထိုးအလုပ် စတင်လုပ်ကိုင်ပြီး သုံးနှစ်အကြာတွင် အဆုတ်ရောဂါလက္ခဏာများ စတင်ခံစားလာရသည်ဟု မအေးစန္ဒာထွန်းက ပြောသည်။

“အဲယားဂန်း (အဲဂန်း) ထိုးတဲ့ အချိန်တုန်းက ဒဏ်တွေပေါ့။ အဲဒဏ်တွေက ဆေးသောက်ထားလို့ သက်သာနေပေမယ့် ကိုယ်ခံအားနည်းသွားတဲ့အချိန်ကျမှ ဒီရောဂါက ပြန်ပြီးစဝင်တာပေါ့။ ချောင်းတွေဆိုးတယ်၊ ဖျားတယ်” ဟု ခင်ပွန်းဖြစ်သူ ရောဂါဆိုးရွားလာပုံကို ၎င်းက ပြောပြသည်။

ဂန်းထိုးခဲ့စဉ်က နှာခေါင်းစည်း အကာအကွယ်မပါသည့်အပြင် တုန်ခါနေသော လက်ကိုင်စက် ဂန်းကို ရင်ဘတ်ဖြင့်ဖိကာ လုပ်ကိုင်ရသဖြင့် အဆုတ်ကိုပို၍ ထိခိုက်ခဲ့သည်ဟုလည်း မအေးစန္ဒာထွန်းက ယူဆသည်။ 

“တခြားသူတွေကို မလုပ်စေချင်ဘူး။ ဒါလုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ သူတို့သိရဲ့သားနဲ့ ခဏတာလေး ငွေရတဲ့အပေါ်မှာ မလိုက်စေချင်ဘူး” ဟုလည်း မအေးစန္ဒာထွန်းက ညည်းတွားရင်း ဆိုသည်။ 

မော်ချီးဒေသတွင် လူဦးရေ ၃၀,၀၀၀ ကျော်ရှိပြီး ဂန်းထိုးအလုပ်ဖြင့် အဆုတ်ပျက်စီးကာ သေဆုံးသွားသွားသူ ရာချီရှိသည်ဟုလည်း သိရသည်။ 

အရပ်အခေါ် ‘ဂန်းရောဂါ’ ကို အင်္ဂလိပ်ဘာသာဖြင့် Pneumoconiosis ဟု ခေါ်ဆိုပြီး အတိအကျပျောက်ကင်း သက်သာစေသော ဆေးလည်းမရှိသေးပေ။ ကျန်းမာရေးမှူးဟောင်းတစ်ဦးဖြစ်သူ မော်ချီးဒေသ ယူကောခိုရွာမှ ဒေါ်မာဂရက်စိန်၏ ပြောပြချက်အရ လွန်ခဲ့သော ခြောက်နှစ်အတွင်း ၎င်း၏ဆေးခန်းသို့ အဆုတ်ပျက်စီးသည့် လက္ခဏာများဖြင့် ရောက်ရှိလာသော ဂန်းထိုးသမား ရာချီရှိခဲ့သည်ဟု ဆိုသည်။ 

ဂန်းထိုးအလုပ်ကြောင့် အဆုတ်ပျက်စီးကာ သေဆုံးသွားသူ ပမာဏမှာ ထိုအရေအတွက်ထက် ပိုများနိုင်ပြီး မည်သူမျှ အတည်အကျ မသိကြောင်းလည်း ၎င်းက ဆိုသည်။ 

တပ်မတော်က လုပ်ပိုင်ခွင့်ယူထားသည့် မော်ချီးသတ္တုတွင်း 

မော်ချီးသတ္တုတွင်းသည် ကမ္ဘာ့အဆင့် သတ္တုသိုက်သုံးခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ဗြိတိသျှကိုလိုနီခေတ်မှ ယနေ့အချိန် နှစ်ပေါင်း ၁၀၀ ကျော် ခဲမဖြူနှင့် အဖြိုက်နက် သတ္တုများ ထုတ်ယူရရှိနေဆဲဖြစ်သည်။ ခဲမဖြူနှင့် အဖြိုက်နက်သည် အရေးကြီးသတ္တုတစ်မျိုးဖြစ်ပြီး စည်သွပ်ဘူးမှသည် သေနတ်၊ အမြှောက်ဆံ၊ ဒုံးကျည်အထိ စစ်ဘက်ဆိုင်ရာ ပစ္စည်းအစိတ်အပိုင်း အမျိုးမျိုးထုတ်လုပ်ရာတွင် အသုံးပြုနိုင်သည်။ 

အဖိုးတန် ခဲမဖြူနှင့် အဖြိုက်သတ္တုများ ထွက်ရှိနေဆဲ မော်ချီးသတ္တုတွင်းကို ကယားပြည်နယ်သတ္တုထုတ်လုပ်ရေးကုမ္ပဏီ (KMPC) အမည်ဖြင့် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က ၂၀၀၂ ခုနှစ်မှစတင်ကာ လုပ်ကိုင်ခွင့်ရရှိထားသည်။ ငါးနှစ်တစ်ကြိမ် သက်တမ်းတိုးခြင်းဖြင့် တပ်မတော်က  ၂၀၂၄ ခုနှစ်အထိ လုပ်ကိုင်ခွင့်ရရှိထားကြောင်း ပြည်သူ့လွှတ်တော်မှတ်တမ်းများအရ သိရသည်။ 

၂၀၀၂ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ သတ္တု ၈,၄၀၉ ဒသမ ၉၉၇ မက်ထရစ်တန် ထုတ်လုပ်နိုင်ခဲ့ပြီး နိုင်ငံတော်အတွက် မက်ထရစ်တန် ၂၅၅၉ ဒသမ ၃၄၃ ရရှိခဲ့သည်ဟု သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်း ပြည်သူ့လွှတ်တော်၌ ရှင်းလင်းတင်ပြခဲ့သည်။ 

မော်ချီးသတ္တုတွင်းကို ၂၀၀၉ ခုနှစ်မှစတင်ကာ ရဲထွဋ်ကျော်ကုမ္ပဏီက တပ်မတော်နှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်ခဲ့သည်။ ရဲထွဋ်ကျော်ကုမ္ပဏီပိုင်ရှင် ဦးရဲထွဋ်တင်သည် တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ပြီး ဖားဆောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သည်။ 

ဧက ၇,၀၀၀ ခန့် လုပ်ပိုင်ခွင့်ရရှိထားသော ရဲထွဋ်ကျော်ကုမ္ပဏီမှတစ်ဆင့် ဒေသခံများကို လုပ်ကွက်ငယ်များ ထပ်မံချထားပေးရာ လုပ်ကွက်ငယ်ပေါင်း ၂၀၀ ကျော်ရှိသည်ဟု သိရသည်။ အဆိုပါလုပ်ကွက်များမှ ထွက်ရှိလာသော သတ္တုအနက် သတ်မှတ်ပမာဏကို ရဲထွဋ်ကျော်ကုမ္ပဏီက သတ်မှတ်ဈေးနှုန်းဖြင့် ပြန်လည်ဝယ်ယူခြင်းဖြစ်သည်။ တန်ဖိုးကြီး ရှားပါးသတ္တုကုန်ကြမ်းကို အဓိကဝယ်လက်မှာ တရုတ်နိုင်ငံဖြစ်သည်။ 

သတ္တုမိုင်းတွင် လုပ်ကိုင်သူအများစုမှာ နေ့စားအလုပ်သမားများဖြစ်ကြပြီး သက်ဆိုင်ရာကုမ္ပဏီနှင့် အလုပ်သမားအကြား စာချုပ်စာတမ်းဖြင့် အလုပ်ခန့်ထားခြင်း မဟုတ်ပေ။ 

သတ္တုလုပ်ကွက်တစ်ခုတွင် ကျင်းခိုင်ခံ့ရေးနှင့် လုံခြုံရေးကို တာဝန်ယူရသူ ကျင်းဆရာသည် လုပ်သက်ရင့်သူဖြစ်ကာ ကျင်းပိုင်ရှင်က ယုံကြည်စိတ်ချသဖြင့် လွှဲအပ်ထားသူဖြစ်ပြီး ၎င်းကို ရှေ့တန်းမှူးဟုလည်းခေါ်သည်။ လုပ်ကွက်တစ်ခုတွင် နောက်လိုက်ကျင်းလုပ်သား ၅ ဦးမှ ၁၀ ဦးအထိ ရှိသည်။ ရှေ့တန်မှူးခေါ် ကျင်းဆရာသည် အတွေ့အကြုံပေါ်မူတည်၍ နေ့စဉ်ဝင်ငွေ ကျပ်သုံးသောင်းအထိ ရနိုင်ပြီး ကျင်းနောက်လိုက်မှာ တစ်နေ့ ရှစ်ထောင်ကျပ်နှုန်း ရရှိသည်ဟု ဒေသခံ သတ္တုတွင်းလုပ်သားများက ဆိုသည်။ 

လုပ်ငန်းအတွေ့အကြုံမလိုဘဲ အပင်ပန်းခံနိုင်လျှင် ခံနိုင်သလောက် ဝင်ငွေရသူများမှာ ဂန်းထိုးသမားများဖြစ်သည်။ တစ်နေ့ဝင်ငွေ အနိမ့်ဆုံး ကျပ် ၄၀,၀၀၀ မှ အမြင့်ဆုံး ကျပ် ၁၀၀,၀၀၀ အထိ ရရှိသည်ဟု သိရသည်။ အရှည်နှစ်ပေခွဲရှိ အပေါက်တစ်ပေါက်ကို ဂန်းထိုးခ ၂၅၀၀ ကျပ်ရရှိပြီး ဂန်းထိုးသမားနှစ်ဦး ပေါင်းလုပ်ပါက တစ်နေ့လျှင် ပျမ်းမျှ အပေါက် ၃၀ မှ ၅၀ အထိ ပြီးစီးနိုင်သည်ဟု ဆိုသည်။ 

ရဲထွဋ်ကျော်ကုမ္ပဏီက ခဲ (ခဲမဖြူနှင့် အဖြိုက်နက်ပါရှိသည့် သတ္တုရိုင်း) တစ်ပိဿာလျှင် သတ္တုသန့်စင်မှု အပေါ်မူတည်ပြီး အနည်းဆုံးကျပ် ၅၀၀၀ မှ အများဆုံး ၁၆,၀၀၀ ပေါက်ဈေးဖြင့် ဝယ်ယူသော်လည်း ပြင်ပပေါက်ဈေး (မှောင်ခို) မှာ တစ်ပိဿာလျှင် ကျပ် ၂၂,၀၀၀ အထိ ရှိကြောင်း ဒေသခံကျင်းပိုင်ရှင်များက ဆိုသည်။ ထို့ပြင် မှောင်ခိုဈေးကွက်တွင် ရောင်းချပါက ပစ္စည်းနမူနာ စစ်ဆေးရန် လုံးဝမလိုအပ်သော်လည်း ကုမ္ပဏီသို့ သွင်းရာတွင် နမူနာစစ်ဆေးခံရပြီး မအောင်ပါက ဈေးနှိမ်ခံရသည်ဟု ဆိုသည်။ 

“အရင်တုန်းက နမူနာတွေ အောင်ကြတယ်။ အခုကျတော့ ခဲဘယ်လောက်ပဲကောင်းကောင်း နမူနာက ကျနေတော့ တစ်ချက်လေးတော့ သံသယရှိတယ်” ဟု ခဲမဖြူနှင့် အဖြိုက်ပါရှိသော ခဲရောင်းချခြင်းနှင့် ပတ်သက်၍ ကျင်းဦးစီး စောဖလယ်ကော ကပြောသည်။

သေမည့်နေ့ ထိုင်စောင့်

ငွေအဝင်ကြမ်းသော ဂန်းထိုးအလုပ်က လူငယ်များကို ဆွဲဆောင်လျက်ရှိသည်။ “တွက်ကြည့်ရင် တစ်ပတ်ကို အိမ်ကို ၄၀၀,၀၀၀ လောက် ပို့နိုင်တယ်” ဟု ဆိုလာသူမှာ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှ မော်ချီးတွင် လာရောက်လုပ်ကိုင်သူ ကိုသူသူအောင်ဖြစ်သည်။ အသက် ၂၃ နှစ်အရွယ် ကိုသူသူအောင်မှာ မော်ချီးသို့ ရောက်ရှိသည်မှာ နှစ်လခန့်သာရှိသေးပြီး ရောက်ရောက်ချင်း ဂန်းထိုးသည့်အလုပ်ကို လုပ်ကိုင်နေသူဖြစ်သည်။

ဂန်းထိုးသမား ကိုသူသူအောင်တစ်ယောက် ကျန်းမာရေးမှူးဟောင်း ဒေါ်မာဂရက်စိန် ဖွင့်လှစ်ထားသော ဆေးခန်းသို့ လာရောက်ပြသစဉ် Myanmar Now နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ဂန်းထိုးသမားလုပ်သည်မှာ နှစ်လသာ ရှိသေးသော်လည်း ကိုသူသူအောင်အနေဖြင့် ဆေးခန်း သုံးခါရောက်ပြီးပြီဖြစ်သည်။ မောပန်းပြီး ခေါင်းမူးသဖြင့် ဆေးခန်းလာပြခြင်းဖြစ်သည်ဟု ဆိုသည်။ 

“ရွာကနေလာပြီး မလုပ်ခင်ကတည်းက ကြားထားတာရှိတယ်။ ဒါပေမဲ့ ငွေလည်းရတယ်ဆိုတော့ လာလုပ်ကြတယ်ပေါ့။ ငွေရေးကြေးရေး အဆင်ပြေတယ်ပေါ့။ အသက်စွန့်ပြီး လာလုပ်တဲ့သဘောပေါ့” ဟု အဆုတ်ရောဂါအကြောင်းသိလျက်ဖြင့် ဂန်းထိုးအလုပ် လုပ်ကြပုံကို ကိုသူသူအောင်က ရည်ညွှန်းသည်။ 

ပုံမှန်အားဖြင့် အလုပ်သမားများသည် ဂန်းထိုးသည့်အလုပ် စလုပ်ပြီး နှစ်လခန့်အကြာတွင် ဆေးခန်းသို့ ရောက်လာလေ့ရှိကြောင်း၊ နောက်ပိုင်းတွင် ရောဂါလက္ခဏာအနေဖြင့် ချောင်းဆိုးခြင်း၊ ညဘက်တွင် ကိုယ်ပူခြင်း၊ အရမ်းပိန်လာခြင်းများ ဖြစ်လာပြီး တီဘီရောဂါလက္ခဏာနှင့် ခပ်ဆင်ဆင်ဖြစ်နေသည်ဟု ကျန်းမာရေးမှူးဟောင်း ဒေါ်မာဂရက်စိန်က ပြောသည်။

ချောင်းဆိုး၊ ဖျားနာရောဂါဖြင့် ၎င်းထံ ရောက်ရှိလာသော ဂန်းထိုးသမားများကို သက်ဆိုင်ရာ အစိုးရကျန်းမာရေးဌာနသို့ လွှဲပြောင်းပေးရကြောင်း၊ လူနာအများစုမှာ တီဘီရောဂါဟု အမည်တပ်ခံလိုက်ရပြီး အလွန်ပြင်းသည့် တီဘီဆေးဒဏ်ကို မခံနိုင်ကြကြောင်းလည်း ၎င်းက ပြောသည်။

“တီဘီလို့သတ်မှတ်ပြီး ဆေးပေးလိုက်တိုင်း ကျွန်မတို့လူနာတွေက အသက်အများကြီးပေးဆပ်လိုက်ရတယ်” ဟု ဒေါ်မာဂရက်စိန်က ပြောသည်။

မအေးစန္ဒာထွန်း၏ခင်ပွန်း ကိုဘားရယ်သည်လည်း ချောင်းဆိုးဝေဒနာ စတင်ခံစားလာရပြီး နှစ်လအကြာတွင် မခံမရပ်နိုင်အောင် အမောဖောက်လာသဖြင့် လွိုင်ကော်ဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့ရသည်ဟု ဆိုသည်။ ခွဲစိတ်ကုသမှုခံယူခဲ့သော်လည်း မသက်သာဘဲ တဖြည်းဖြည်းချင်း အခြေအနေဆိုးလာကာ အောက်ဆီဂျင်ဗူးအကူအညီဖြင့် အသက်ရှူရသည့်အဆင့်ထိ ရောက်ရှိခဲ့သည်။ ၂၀၂၀ မတ်လတွင် သလိပ်စစ်ကြည့်ရာ တီဘီပိုးတွေ့သဖြင့် တီဘီဆေးသောက်ခဲ့သော်လည်း နှစ်လအကြာတွင် ဆုံးပါးသွားခဲ့သည်။ 

“(တီဘီဆေးကို) သူ မသောက်ချင်ဘူး။ မသောက်ချင်တာကို ကျွန်မတို့ ဘယ်လိုလိမ်ညာပြီး ကျွေးခဲ့ရလဲဆိုတော့ ဒီဟာကိုသောက်မှ နင့်ရောဂါပျောက်မယ်လို့ လိမ်ပြီးတော့ တိုက်ခဲ့ရတယ်” ဟု ပြောပြရင်း မအေးစန္ဒာထွန်း မျက်ရည်များ ဝေ့တက်လာသည်။ 

ဖားဆောင်းမြို့နယ် လိုခါးလိုကျေးရွာ အထက်တန်းကျောင်းအနောက်ဘက်ရှိ ခြံဝိုင်းအတွင်း ဝါးခင်းထရံကာ အိမ်လေးတစ်လုံးရှိသည်။ မီးဖိုခန်းတွင် စောခူထူးတစ်ယောက် နှေးကွေးလေးလံစွာ ထမင်းဟင်းချက်ပြုတ်လျက်ရှိသည်။ စောခူထူးမှာ အသက်က ၅၉ နှစ်အရွယ်ရှိပြီဖြစ်သည်။ 

ရှိရင်းစွဲအသက် ထက် ၁၅ နှစ်ခန့် ပိုမိုအိုမင်းနေသည်ထင်ရသော စောခူထူးသည် လွန်ခဲ့သည့် အနှစ် ၂၀ ကျော်က ခဲကျင်းတွင် ဂန်းထိုးအလုပ် လုပ်ခဲ့ဖူးပြီး လက်ရှိတွင် နာတာရှည်အဆုတ်ရောဂါဖြင့် လူမမာလုံးလုံး ဖြစ်နေသည်။ 

“လမ်းလျှောက်ရင် တအားမောတယ်။ နောက် ချောင်းဆိုးတယ်။ တခါတလေ ချောင်းဆိုးရင် သွေးပါတယ်” ဟု ၎င်း၏ လက်ရှိ ကျန်းမာရေးအခြေအနေကို စောခူထူးက ပြောပြသည်။

ဂန်ထိုးသမားအဖြစ် သုံးနှစ်ကြာ လုပ်ကိုင်ပြီးနောက် ချောင်းဆိုးဝေဒနာ စတင်ခံစားလာရသဖြင့် ဆေးကုသမှုခံယူခဲ့သည်ဟု ဆိုသည်။ နောက်ပိုင်းတွင် ဂန်းထိုးသည့်အလုပ်ကို လုံးဝရပ်နားလိုက်သော်လည်း အဆုတ်ရောဂါက နာတာရှည်ဖြစ်ကျန်ရစ်ခဲ့သည်။ လုပ်ဖော်ကိုင်ဖက်နှင့် အသိမိတ်ဆွေများထဲတွင် ဂန်းထိုးအလုပ်ကြောင့် အသက်ဆုံးရှုံးသွားသူ ၇၀ ခန့် ကြုံတွေ့ခဲ့ပြီးဖြစ်သည်ဟုလည်း စောခူထူးက ဆိုသည်။ 

“ကောင်းဖို့တော့ မထင်ဘူး။ သူ့ဟာက တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ အဲ့လိုပဲ” ဟု ခပ်လေးလေးပြောကာ ထမင်းဟင်းချက်ရင်း စောခူထုးက ပြောသည်။

မော်ချီးသတ္တုမိုင်းအတွင်း ဂန်းထိုးအလုပ်ဖြင့် အဆုတ်ပျက်စီးပြီး ဆုံးပါးသွားရသူ များသထက်များလာရာ သက်ဆိုင်ရာ ကုမ္ပဏီနှင့် ကျင်းဦးစီး (လုပ်ကွက်ငယ်ဦးဆောင်သူများ) များကို ကျန်းမာရေးအသိပညာပေးရန် လိုအပ်နေပြီး အလုပ်သမားများအတွက် အသက်အာမခံ၊ ကျန်းမာရေးအာမခံများ လိုအပ်ကြောင်း ဒေါ်မာဂရက်စိန်က ပြောသည်။ 

ထို့ပြင် လုပ်သားအသစ်များကို လုပ်ငန်းခွင်မဝင်မီ ကြိုတင်လေ့ကျင့်ထားပေးရန်၊ လုပ်ငန်းတာဝန်အလိုက် အကျိုးသက်ရောက်မှုကို ကွဲကွဲပြားပြားသိစေရေး ပညာပေးရန်နှင့် ဂန်းထိုးသမားလုပ်မည်ဆိုပါက အကာအကွယ်ဝတ်စုံအသုံးပြုနည်းနှင့် အမှန်တကယ်အသုံးပြုနိုင်မည့် အကာအကွယ်ဝတ်စုံကိုသာ ထုတ်ပေးရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။ 

အဓိကထိန်းကျောင်းရမည့်သူမှာ သတ္တုထုတ်လုပ်ခွင့်လိုင်စင်ရထားသော ကုမ္ပဏီဖြစ်သည်ဟု ဒေါ်မာဂရက်စိန်က အခိုင်အမာဆိုသည်။

“အားနည်းချက်တစ်ခု၊ အကြီးဆုံးက ဘာလဲဆိုတော့ သူတို့ကို ပုံမှန်ကျန်းမာရေးစစ်ဆေးမှု မရှိဘူးပေါ့။ ဥပမာ ကျင်းလုပ်သားတွေကို ခြောက်လတစ်ကြိမ် အထွေထွေကျန်းမာရေး စစ်ဆေးမှုလုပ်ပြီး လိုအပ်တဲ့အားဆေးကို တိုက်မလား၊ ဒီရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲပေါ့” ဟုလည်း  ဒေါ်မာဂရက်စိန်က ပြောသည်။

အဲဂန်းအသုံးပြုရန် ကုမ္ပဏီက တိုက်တွန်းထားခြင်းမရှိကြောင်း၊ ဆိုးကျိုးများသော အဲဂန်းနှင့်ပတ်သက်၍ ကျင်းဦးစီးတိုင်းက သိရှိပြီးဖြစ်သော်လည်း တစ်ဦးစီ၏ အကျိုးစီးပွားအတွက် လုပ်နေကြခြင်းဖြစ်သည်ဟု ဖားဆောင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေက မှတ်ချက်ပြုသည်။ 

“အဲဒီအပေါ်မှာ ကျင်းဦးစီးတွေက လိုက်နာဖို့ပဲ လိုတယ်။ တချို့တွေကြတော့ လိုက်နာတယ်။ မလိုက်နာဘဲနဲ့ မိမိအကျိုးစီးပွားပေါ် မူတည်ပြီးတော့မှ လောဘဇောနဲ့ လုပ်တာလည်းရှိတယ်” ဟု ၎င်းက ပြောသည်။

အစိုးရအနေဖြင့် ကုမ္ပဏီနှင့်သာ စာချုပ်ချုပ်ဆိုထားခြင်းဖြစ်သည့်အတွက် ကျင်းဦးစီးများကို တိုက်ရိုက်ညွှန်ကြားပြီး ထိန်းကျောင်းရန် မလိုအပ်ကြောင်း၊ အကာအကွယ်ဝတ်စုံပြည့်ဖြင့် အလုပ်လုပ်ရန် ပညာပေးသာ အဓိကလုပ်၍ရကြောင်း၊ ဂန်းမသုံးရန် လုံးဝပိတ်ပင်လိုက်ပါက ကျင်းပိုင်ရှင်များ တွက်ခြေမကိုက်ဖြစ်သွားနိုင်ကြောင်းလည်း ဦးရန်နိုင်ဆွေက ဆိုသည်။ 

“ဒါကို ထိန်းကျောင်းဖို့၊ မလုပ်ဖို့ဆိုတာတော့ တိုက်တွန်းကြောင်းအဆိုကို တင်လည်းမတင်ခဲ့ဘူး။ တင်စရာလည်း မလိုဘူး။ ကုမ္ပဏီက လုပ်တာလည်း မဟုတ်ဘူးလေ။ ကုမ္ပဏီရဲ့ဧရိယာအတွင်းမှာ လုပ်နေတဲ့ တစ်ဦးချင်း လောဘသားတွေနဲ့ လုပ်နေတာဖြစ်တယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။ 

ကျန်းမာရေးမှူးဟောင်း ဒေါ်မာဂရက်စိန်ကမူ “ကျွန်မတို့က လုပ်ကြံပြီးပြောလို့ မရဘူး။ တကယ်အမှန် မော်ချီးဒေသမှာ ချမ်းသာတဲ့သူက ကျင်း (ပိုင်ရှင်) ချမ်းသာတယ်။ ကုမ္ပဏီက ချမ်းသာတယ်။ အဘက်ဘက်က ချမ်းသာသွားတယ်။ တကယ်တမ်း အသက်ပေးလိုက်ရတာက ရပ်ဝေးကလာတဲ့ လူငယ်တွေပေါ့” ဟု ဆိုသည်။

ကျင်းပိုင်ရှင်များသည် ကုမ္ပဏီက သတ်မှတ်ပေးထားသော ဧရိယာအတွင်း ထုတ်လုပ်ခြင်းဖြစ်ပါက အစိုးရထံမှ သတ္တုထုတ်လုပ်ခွင့်လိုင်စင်ရထားသော ကုမ္ပဏီသည် လုပ်ကွက်အတွင်းရှိ အလုပ်သမားရေးရာကိစ္စများကိုလည်း တာဝန်ယူရမည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူက ဆိုသည်။

“သူတို့သတ်မှတ်ပေးထားတဲ့ အကွက်ထဲက ထုတ်တယ်ဆိုရင် အဲ့ထုတ်တဲ့ကုမ္ပဏီက အလုံးစုံတာဝန်ရှိတယ်” ဟု ၎င်းက ဆိုသည်။

အလုပ်သမားများမှာ နေ့စားဖြစ်စေ၊ လခစားဖြစ်စေ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာဥပဒေအရ ကုမ္ပဏီက စီမံချက်ဆွဲပေးရမည်ဖြစ်ပြီး ထုတ်လုပ်ခွင့်လိုင်စင်ကိုင်ထားသော ရဲထွဋ်ကျော်ကုမ္ပဏီတွင် တာဝန်ရှိသကဲ့သို့ ရဲထွဋ်ကျော်နှင့် အကျိုးတူပူးပေါင်းထားသော မြန်မာ့စီးပွားရေးဦးပိုင်တွင်လည်း တာဝန်ရှိကြောင်း ဦးဝင်းမျိုးသူက ဆိုသည်။ 

“လူတိုင်းမှာ ဆင့်ကဲဆင့်ကဲတာဝန်ရှိနေတယ်လို့ ကျွန်တော်ဆိုလိုတာ” ဟု ၎င်းက ထပ်မံပြောကြားသည်။

အလုပ်သမားများအတွက် လိုအပ်သည့်သင်တန်းများ၊ လုပ်ငန်းခွင်သုံး အကာအကွယ်ပစ္စည်းများနှင့် အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ရေးကုန်ကျစရိတ်အတွက် ကုမ္ပဏီနှင့် ကျင်းပိုင်ရှင်ကြား ပြန်လည်ညှိနှိုင်းရမည်ဟုလည်း ဦးဝင်းမျိုးသူက အကြံပြုသည်။

ခင်ပွန်းသည် ကိုဘားရယ် ရောဂါပြင်းထန်နေချိန် လွိုင်ကော်တွင် ဆေးရုံတက်စဉ်က ကျင်းပိုင်ရှင်ထံ သုံးကြိမ်ဖုန်းဆက် အကူအညီတောင်းခံခဲ့သော်လည်း အကူအညီမပေးခဲ့ဟု မအေးစန္ဒာထွန်းက ဆိုသည်။ “အလုပ်သမားကို ခေါ်တယ်။ အလုပ်သမားကလည်း လုပ်တယ်။ ပိုက်ဆံပေးတယ်။ ပိုက်ဆံပေးပြီးရင် ပြီးသွားပြီ သူတို့တာဝန်က။ စာချုပ်တွေ ချုပ်ထားတာလည်း မရှိဘူး” ဟု မအေးစန္ဒာထွန်းက ပြောသည်။

မအေးစန္ဒာထွန်း၏ ခင်ပွန်းမှာ ဆုံးပါးချိန်တွင် အသက် ၂၉ နှစ်သာ ရှိသေးပြီး အသက်သုံးနှစ်အရွယ် သားတစ်ဦး ကျန်ရစ်ပြီး ပိုက်ဆံစုမိပါက မော်ချီးကို စွန့်ခွာ၍ လွိုင်ကော်တွင် ခြံတစ်ခြံဝယ်ကာ ဈေးရောင်းအသက်မွေးရန် မအေးစန္ဒာထွန်းက ရည်မှန်းထားသည်။ 

“သူများကောင်းစားဖို့ ကိုယ့်ဘဝကို မရင်းနှီးစေချင်ဘူး” ဟုလည်း မော်ချီးရောက် ဂန်းထိုးသမားများကို မအေးစန္ဒာထွန်းက တိုက်တွန်းလိုက်သည်။ 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading