Mytel တွင် အစိုးရကိုယ်စားပြုရှယ်ယာရှင် ပါသော်လည်း အစိုးရက စီမံပိုင်ခွင့်မရှိဟုဆို

Mytel တွင် အစိုးရကိုယ်စားပြုရှယ်ယာရှင်အဖြစ် တပ်မတော်လက်အောက်ခံ Star High ကုမ္ပဏီက ၂၈ ရာခိုင်နှုန်း၊ ခရိုနီလုပ်ငန်းရှင် သူဌေးကြီးများ ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် အများပိုင်ကုမ္ပဏီက ၂၃ ရာခိုင်နှုန်း စုစုပေါင်း မြန်မာဘက်က ၅၁ ရာခိုင်နှုန်း ပါဝင်သော်လည်း ကုမ္ပဏီ၏ အကျိုးအမြတ်ခွဲဝေမှုမှ အစိုးရဘတ်ဂျက်သို့ တစ်စုံတစ်ရာ စီးဆင်းမှုမရှိကြောင်း Justice for Myanmar က ဆိုသည် 

စတုတ္ထမြောက် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာ Mytel ဖွင့်လှစ်စဉ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့စဉ်။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး) 

စတုတ္ထမြောက်ဆက်သွယ်ရေးအော်ပရေတာအဖြစ် Mytel ကို စတင်ဖွဲ့စည်းတည်ထောင်ချိန်တွင် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်လက်အောက်ခံ Star High ကုမ္ပဏီကို အစိုးရကိုယ်စားပြု အစုရှယ်ယာရှင်ကုမ္ပဏီအဖြစ် သတ်မှတ်ဖွဲ့စည်းထားသော်လည်း အစိုးရက ကုမ္ပဏီ၏ အကျိုးအမြတ်၊ ဘဏ္ဍာရေးနှင့် လုပ်ငန်းလည်ပတ်မှုတို့နှင့်ပတ်သက်၍ စီမံခန့်ခွဲပိုင်ခွင့်မရှိကြောင်း Justice For Myanmar အဖွဲ့၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

Justice For Myanmar အဖွဲ့က လွတ်လပ်စွာရရှိနိုင်သော သတင်းရင်းမြစ်များနှင့် Viettel Construction Myanmar (VCM) က ထုတ်ပြန်သည့် မြန်မာနိုင်ငံရှိ Viettel စီမံကိန်းဆိုင်ရာ အချက်အလက်များအပေါ် အခြေခံရေးသားထားသည့် အဆိုပါအစီအရင်ခံစာတွင် Mytel နှင့်ပတ်သက်၍ ယင်းကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။

"Mytel မှာရှိတဲ့ အစိုးရရှယ်ယာတွေက အကျိုးအမြတ်တွေဟာ မြန်မာပြည်သူတွေနဲ့ ပိုင်ဆိုင်ပါတယ်။ ပြည်သူတွေဟာ ကျန်းမာရေးနဲ့ အလုပ်အကိုင် အစရှိတာတွေလို သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေ ကင်းမဲ့နေချိန်မှာ သူတို့ဆီကနေ အခိုးခံနေရတာ စက်ဆုပ်ဖွယ်ရာဖြစ်ပါတယ်" ဟု Justice For Myanmar အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။ 

စတုတ္ထမြောက် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာအဖြစ် အစိုးရကိုယ်စားပြု အစုရှယ်ယာရှင်၊ ပြည်တွင်းမှ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် အများပိုင်ကုမ္ပဏီနှင့် ဗီယက်နမ်စစ်တပ်ပိုင် Viettel ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အစိုးရကိုယ်စားပြု အစုရှင်ဖြစ်သည့် Star High ကုမ္ပဏီ၏ အမြတ်ခွဲတမ်းများသည် ပြည်ထောင်စုအစိုးရဘတ်ဂျက်သို့ စီးဆင်းမှုမရှိကြောင်းနှင့် ၂၀၂၀ ပထမသုံးလပတ်အတွက်ပင် Mytel ၏ အမြတ်ငွေသည် အမေရိကန်ဒေါ်လာ ၂၅ သန်းရှိကြောင်း Justice For Myanmar က ဆိုသည်။ 

အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလျံတန်ဖိုးရှိ Mytel တွင် မြန်မာအစိုးရအစုရှင် Star High ကုမ္ပဏီက ၂၈ ရာခိုင်နှုန်း၊ ပြည်တွင်းအများပိုင်ကုမ္ပဏီ ၁၁ ခုဖြင့် ပူးပေါင်းထားသည့် Myanmar National Telecom Holding (MNTH) ကုမ္ပဏီက ၂၃ ရာခိုင်နှုန်းနှင့် ဗီယက်နမ်စစ်တပ်လက်အောက်ခံ Viettel Global Investment JSC က ၄၉ ရာခိုင်နှုန်း အသီးသီးပိုင်ဆိုင်သည်။

Viettel သည် ဗီယက်နမ်အစိုးရ ထူထောင်ထားသည် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းဖြစ်ပြီး ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနက စီမံခန့်ခွဲ့သည်။ ထို့ကြောင့် ပြည်တွင်းပြည်ပဖက်စပ်လုပ်ငန်းဖြစ်သည့် Mytel ကို မြန်မာဘက်က ၅၁ ရာခိုင်နှုန်း၊ ဗီယက်နမ်က ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ကြပြီး Telecom International Myanmar ကုမ္ပဏီအမည်ဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးလျှက်ရှိသည်။ 

Mytel သည် မြန်မာ့ဆက်သွယ်ရေးစျေးကွက်အတွင်း ၂၀၁၈ ဇွန်တွင် နောက်ဆုံးဝင်ရောက်ခဲ့သော်လည်း ၎င်းတို့၏ ဆက်သွယ်ရေးကွန်ရက်ကို သုံးစွဲသူ ၁၀ သန်းကျော်အထိရှိလာပြီး အကျိုးအမြတ်ကြီးမားသည့် ဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်လာကြောင်း Justice For Myanmar က ဆိုသည်။

Mytel တွင် ၂၈ ရာခိုင်နှုန်းရှယ်ယာပါဝင်သည့် မြန်မာစစ်တပ်ပိုင် မြန်မာ့စီပွားရေးကော်ပိုရေးရှင်း (MEC) ၏ စီးပွားရေးလက်ခွဲ Star High သည် အစိုးရ၏ အစုရှင်ကုမ္ပဏီဖြစ်ခြင်းကြောင့် ဒီမိုကရေစီနည်းကျ ကြီးကြပ်မှုခံယူရမည်ဖြစ်ပြီး အမြတ်အစွန်းခွဲတမ်းများကိုလည်း ပြည်ထောင်စုဘက်ဂျက်အတွင်းသို့ ထည့်သွင်းရန်လိုအပ်ကြောင်း Justice For Myanmar က ဆိုသည်။

နိုင်ငံတော်ဘက်ဂျက်ဖြင့် ရပ်တည်နေသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း၊ နိုင်ငံတော်ဘက်ဂျက်ပြင်ပမှ သီးခြားရပ်တည်သည့် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းဟူ၍ နှစ်မျိုးရှိပြီး ယင်းလုပ်ငန်များသည် ပြည်ထောင်စု၏ ဘက်ဂျက်ဖြင့် ဆက်နွယ်မှုရှိသော်လည်း တပ်မတော်ပိုင် စီပွားရေးလုပ်ငန်းများမှာမူ ဆက်နွယ်မှုမရှိကြောင်း ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌဖြစ်သူ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွဋ်က Myanamr Now ကို ပြောသည်။

ထို့ကြောင့် မြန်မာစစ်တပ်ပိုင် MEC ၏ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်သည့် Star High သည်လည်း ပြည်ထောင်စုဘက်ဂျက်နှင့် ပတ်သက်ဆက်နွယ်မှုမရှိနိုင်ကြောင်း ဦးဝင်းထွဋ်က ၎င်း၏ အယူအဆကိုပြောသည်။

“MEC ရဲ့ ရသုံးတွေကလည်း နိုင်ငံတော်ဘက်ဂျက်နဲ့ ဘာမှမပတ်သက်ဘူးလေ။ သီးခြားရပ်တည်တဲ့ ဟာတွေပဲ ဖြစ်တယ်။ အဲ့တော့ သူ့ရဲ့လက်အောက်ခံ Star High ဆိုတာက MEC လက်အောက်ခံဖြစ်တဲ့ အတွက်တော့ ဘယ်လိုလုပ်ပြီး နိုင်ငံတော်ဆိုပြီးတပ်သလဲ ကျွန်တော်မသိဘူး” ဟု ဖျာပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် ဦးဝင်းထွဋ်က Myanmar Now ကို ပြောသည်။

‌ဂျပန်အခြေစိုက် KDDI ကုမ္ပဏီနှင့် ပူးပေါင်းထားသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှာမူ နိုင်ငံတော်ဘက်ဂျက်ပြင်ပမှ သီးခြားရပ်တည်သည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့်ရှိနေပြီး အကျိုးအမြတ်များမှာလည်း ပြည်ထောင်စု၏ဘက်ဂျက်သို့ စီးဝင်မှုရှိကြောင်း ဦးဝင်းထွဋ်က ဆိုသည်။

စစ်အစိုးရလက်ထက် ၁၉၉၇ တွင် စတင်တည်ထောင်၍ ကဏ္ဍမျိုးစုံတွင် စီးပွားရေးလုပ်ကိုင်နေသည့် MEC သည် နိုင်ငံတော်နှင့် မသက်ဆိုင်ဘဲ တပ်မတော်ပိုင်ပုဂ္ဂလိကကုမ္ပဏီအဖြစ် ရပ်တည်နေကြောင်း ယခုနှစ် ဇွန် ၂၂ တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက Myanmar Now ကို ဖြေကြားခဲ့သည်။

သို့သော်လည်း သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် စတုတ္ထမြောက်ဆက်သွယ်ရေးအော်ပရေတာ ဖွဲ့စည်းတည်ထောင်ရာတွင် အစိုးရအစုရှင်ကုမ္ပဏီရွေးချယ်ရန် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်သည့် ပြည်ထောင်စုဝန်ကြီးဌာနများကို ဖိတ်ကြားခဲ့သော်လည်း ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပြုသည့် MEC လက်အောက်ခံ Star High ကုမ္ပဏီကို ရွေးချယ်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၁၆ မတ်လ သတင်းထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

"နိုင်ငံတော်ကိုယ်စားပေါ့ Government (အစိုးရ) ဘက်ကနေပြီး ဘယ်ဝန်ကြီးဌာနတွေက Investment (ရင်းနှီးမြှုပ်နှံမှု) ထည့်လိုသလဲဆိုတာ မေးမြန်းတာရှိတာပေါ့။ တစ်ချို့ကျတော့ ငွေရေးကြေးရေးရှိတဲ့ ဘက်က လုပ်မလား။ အဲ့အချိန်မှာ လုပ်ကိုင်သူမရှိတော့ ကာကွယ်ဝန်ကြီးဌာနကနေ ထည့်ဝင်တယ်။ ကာကွယ်ရေးဝန်ကြီးဌာနအတွက် Star High ကုမ္ပဏီက ပါတာပေါ့" ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက Myanmar Now ကိုပြောသည်။

နိုင်ငံတော်ကိုယ်စားပြု အစုရှယ်ယာရှင်ပါဝင်နေသည့်အတွက် Mytel အနေဖြင့် နိုင်ငံပိုင်နှင့် တပ်မတော်ပိုင် မြေနှင့် အဆောက်အအုံများ သုံးစွဲခွင့်ရမည်ဖြစ်ကြောင်းလည်း Justice For Myanmar ၏ အစီရင်ခံစာက ဆိုသည်။ 

စတုတ္ထမြောက်ဆက်သွယ်ရေးအော်ပရေတာတွင် အစိုးရအစုရှင်ကုမ္ပဏီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် အကျိုးအမြတ်ခွဲဝေမှုအခြေအနေများကိုမှု ယခင်အစိုးရလက်ထက်က ဖွဲ့စည်းခဲ့သည့် ကော်မတီက ချမှတ်ဆောင်ရွက်ခဲ့ခြင်းကြောင့် အသေးစိတ်မသိရှိကြောင်း ဦးမျိုးဆွေက ပြောသည်။

ရန်ပုံငွေအများအပြားရှိသည့် လူမှုဖူလုံရေးဝန်ကြီးဌာနှင့် အခြားဝန်ကြီးဌာနအချို့က အစိုးရကိုယ်စားပြု အစုရှယ်ယာရှင်အဖြစ် ပါဝင်ရန် စဉ်းစားခဲ့ကြောင်း ဦးသိန်းစိန်အစိုးရလက်ထက် ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေးတွင် အကြံပေးတစ်ဦးအဖြစ် ပါဝင်ခဲ့သည့် ဒေါက်တာဇော်ဦးက Myanmar Now ကို ပြောသည်။

နောက်ဆုံးတွင် ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပြုသည့် Star High ကုမ္ပဏီကို အစိုးရကိုယ်စားပြု အစုရှင်အဖြစ် အပြီးသတ်ရွေးချယ်ခဲ့သော်လည်း ဘဏ္ဍာငွေနှင့်ပတ်သက်၍ အစိုးရနှင့် တပ်မတော်ကြား မည်ကဲ့သိုသဘောတူညီချက်ရှိသည်ကို မသိရှိကြောင်း ဒေါက်တာဇော်ဦးက ပြောသည်။

"MEC ဆိုတာကလည်း တပ်မတော်ကာကွယ်ရေးဝန်ကြီးဌာနက အစုရှယ်ယာရှင်တွေနဲ့ ကာကွယ်ရေးဝန်ကြီးဌာန အစုနဲ့ ဖွဲ့ထားတဲ့ဟာဆိုတော့ ကာကွယ်ရေးဝန်ကြီးဌာနကိုတော့ သူ့အစုရတဲ့ ဝေစုအတိုင်း ပြန်သွားလိမ့်မယ်လို့ ကျွန်တော်တို့ထင်တာပေါ့။ ကာကွယ်ရေးဝန်ကြီးဌာနက အစိုးရအဖွဲ့ရဲ့ ဝန်ကြီးဌာနတစ်ခုပဲဆိုတော့ အစိုးရအဖွဲ့ထဲ ပြန်ပြီးတော့ ဝင်မယ်လို့ပဲ ယူဆရတာပေါ့" ဟု ဒေါက်တာဇော်ဦးက ပြောသည်။

Mytel သည် ဆက်သွယ်ရေးဈေးကွက်အတွင်း နောက်ဆုံးပိတ်ဝင်ရောက်လာသည့် သက်တမ်းအနုဆုံးအော်ပရေတာဖြစ်ရာ ရသမျှအကျိုးအမြတ်ကို ရှယ်ယာအစုအဖွဲ့ရှင်များကြား ပြန်လည်မခွဲဝေဘဲ လုပ်ငန်းတွင် ပြန်လည်ရင်းနှီးမြှုပ်နှံသဖြင့် အကျိုးအမြတ်များသည် အစိုးရဘက်ဂျက်သို့ မစီးဝင်ခြင်းဖြစ်နိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

စတုတ္ထမြောက်ဆက်သွယ်ရေးလိုင်စင်ချပေးရန် ဦးသိန်းစိန်အစိုးရလက်ထက်တွင် စတင်ခဲ့သော်လည်း လက်ရှိအစိုးရလက်ထက်တွင်သာ အပြီးသတ်ပေးခဲ့ခြင်းကြောင့် အစိုးရသည် လိုင်စင်ကြေးအဖြစ် အမေရိကန်ဒေါ်လာ သန်းရာချီ ရရှိခဲ့ကြောင်း ဒေါက်တာဇော်ဦးက ပြောသည်။

Mytel သည် နိုင်ငံတစ်ဝန်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကို ၁၅ နှစ်လုပ်ပိုင်ခွင့်ရရှိထားပြီး လိုင်စင်ကြေး အမေရိကန်ဒေါ်လာ သန်း ၃၀၀ နှင့် အာမခံကြေး အမေရိကန်ဒေါ်လာ သန်း ၂၀၀ အစိုးရကို ပေးသွင်းရကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ဆိုသည်။ 

Mytel တွင် ရင်းနှီးမြှုပ်နှံထားသူများ

Star High ကုမ္ပဏီသည် အစိုးရအစုရှယ်ယာရှင်ဖြစ်သည့်အပြင် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ကြောင်း အစိုးရ၏မှတ်တမ်းများနှင့် Mytel ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြသော်လည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ပုဂ္ဂလိကကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားကြောင်း Justice For Myanmar အဖွဲ့က ဆိုသည်။

Star High ကုမ္ပဏီတွင် ဒါရိုက်တာအဖွဲ့ဝင် ၇ ဦးရှိပြီး ဦးသိန်းအောင်၊ ဦးဝင်းကြည်၊ ဦးလှဝင်း၊ ဦးကျော်စွာဦး၊ ဦးစန်းလွင်အောင်၊ ဦးဂန်အောင်နှင့် ဦးအန့်ဇော်တို့ဖြစ်ကြောင်း DICA ၏ မှတ်တမ်းများတွင် တွေ့ရသည်။

Mytel တွင် အစိုးရအစုရှယ်ယာရှင်ဖြစ်သည့် Star High ကုမ္ပဏီအကျိုးအမြတ်များနှင့်ပတ်သက်၍ အစိုးရဘက်ဂျက်သို့ ခွဲဝေပေးရခြင်းရှိမရှိ Mytel ၏ လူထုဆက်ဆံရေးလုပ်ငန်းများကို ကိုင်တွယ်သည့် Mangosteen Public Relation မှတစ်ဆင့် ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းမပြန်သေးပေ။

တစ်ပြိုင်တည်းတွင် Mytel တွင် ရှယ်ယာ ၂၃ ရာခိုင်နှုန်းရင်းနှီးမြှုပ်နှံထားသည့် Myanmar National Telecom Holding (MNTH) တွင် ပါဝင်နေသော အများပိုင်ကုမ္ပဏီ ၁၁ ခုသည် ခရိုနီကုမ္ပဏီများနှင့် တပ်မတော်ထိပ်တန်းခေါင်းဆောင်များ၏ မိသားစုဝင်များက ရင်းနှီးမြှုပ်နှံထားကြောင်း Justice For Myanmar ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အများပိုင်ကုမ္ပဏီ ၁၁ ခုမှာ Golden Land East Asia Development ၊ International Power Generation Public Company Ltd ၊ Mahar Yoma Public Company Ltd.၊ Myanmar Agribusiness Public Corporation (MAPCO)၊ Myanmar Agriculture and General Development Public Ltd ၊ Myanmar Edible Oil Industrial Public Corporation ၊ Myanmar ICT Development Corporation Ltd ၊ Myanmar Industries Alliance Public Ltd ၊ Myanmar Technologies and Investment Corporation Ltd ၊ Royal Yadanarpon Telecom Public Company Ltd နှင့် Shwe Pyi Tagon တို့ဖြစ်သည်။

Myanmar Technologies and Investment Corporation Ltd ၏ ဒါရိုက်တာတစ်ဦးဖြစ်သည့် ဦးအောင်စိုးသာသည် စစ်အစိုးရလက်ထက် စီမံကိန်းဝန်ကြီးဟောင်းနှင့် ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးစိုးသာ၏သားဖြစ်ကာ ၎င်းတို့နှစ်ဦးကို ဥရောပနိုင်ငံများနှင့် ဩစတြေးလျတို့က ဒဏ်ခတ်ပိတ်ဆိုဖူးကြောင်း Justice For Myanmar က ဆိုသည်။

International Power Generation Public Company Ltd သည် တပ်မတော်အစိုးရလက်ထက်က စက်မှုဝန်ကြီးဟောင်းလည်းဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးအောင်သောင်း၏သား ဦးနေအောင်က ပိုင်ဆိုင်ကြောင်း Justice For Myanmar က ဆိုသည်။ DICA ၏ ဒါရိုက်တာအဖွဲ့စာရင်းတွင် ဦးနေအောင်၏ အမည်ကိုမူ  Myanmar Now က မတွေ့ရှိရပေ။

ဦးအောင်သောင်းသည် ဒီပဲယင်းအရေးအခင်းတွင် အဓိကကြိုးကိုင်သူတစ်ဦးဖြစ်သည်ဟူသော စွပ်စွဲမှုများရှိပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို နှောင်းနှေးရန်ပြုလုပ်သည်ဟုဆိုကာ အမေရိကန်အစိုးရက ၂၀၁၄ တွင် ပိတ်ဆို့အရေးယူခဲ့သည်။

MNTH တွင် ရှယ်ယာ ၃ ရာခိုင်နှုန်းကျော်ပိုင်ဆိုင်သည့် MAPCO အများပိုင်ကုမ္ပဏီမှာလည်း စိုက်ပျိုးရေး၊ စွမ်းအင်၊ ဘဏ်လုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းများလုပ်ကိုင်သည့် နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဧဒင်အုပ်စု၏ ဥက္ကဌ ဦးချစ်ခိုင်က ဦးဆောင်သည်။ ၎င်းသည်လည်း အမေရိကန်၏ အရေးယူပိတ်ဆို့မှု ခံခဲ့ရဖူးသူဖြစ်သည်။ 

MNTH တွင် နောက်ထပ် ရှယ်ယာဝင်ကုမ္ပဏီဖြစ်သည့် Golden Land East Asia Development မှာ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးဝင်းအောင်က ပိုင်ဆိုင်ထားသည်။

MNTH တွင် ရှယ်ယာဝင်ကုမ္ပဏီတစ်ခုဖြစ်သည့် ရွှေပြည်တံခွန်ကုမ္ပဏီသည် မြန်မာ့ဆက်သွယ်ရေးဈေးကွက်မဖွင့်မီ ဆင်းကတ်တစ်ခုလျှင် ကျပ်သိန်းချီ ဈေးပေါက်ခဲ့ချိန်တွင် ဆင်းကတ်တစ်ခုလျှင် ၅,၀၀၀ ကျပ်ဖြင့် ရောင်းချရန် ကြွေးကြော်ခဲ့သည့်ကုမ္ပဏီ ဖြစ်သည်။

Mytel တွင် အစုရှယ်ယာပါဝင်သည့် ကုမ္ပဏီများနှင့်ပတ်သက်၍ ရွှေပြည်တံခွန်ကုမွဏီ၏ ဒါရိုက်တာ ဦးလွင်နိုင်ဦးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယင်းအကြောင်းအရာများကို မဖြေဆိုလိုကြောင်း ပြောသည်။

Mytel ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုလုံးကို သုံးပွင့်ဆိုင် အစုရှယ်ယာရှင်အုပ်စုများ ဖက်စပ်စုပေါင်းထားသည့် Telecom International Myanmar ကုမ္ပဏီက စီမံခန့်ခွဲနေခြင်းဖြစ်ပြီး ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့တွင် မြန်မာနိုင်ငံဘက်မှ ၆ ဦး၊ Viettel ဘက်မှ ၄ ဦးနေရာယူထားကြောင်း DICA ၏ မှတ်တမ်းများတွင် တွေ့ရသည်။

Star High သည် Mytel တွင် အစိုးရနှင့်ဆိုင်သော ရှယ်ယာရှင်ဖြစ်သောကြောင့် အရပ်သားအစိုးရ၏ စီမံခန့်ခွဲမှုအောက်ပြောင်းရွှေ့ရန်၊ အမြတ်အစွန်းခွဲတမ်းများကို ပြည်ထောင်စု၏ ဘက်ဂျက်သို့ စီးဆင်းရမည်ဖြစ်ကြောင်း Justice For Myanmar ကဆိုသည်။

မြန်မာ့ဆက်သွယ်ရေးဈေးကွက်တွင် နိုင်ငံတော်ပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)၊ နော်ဝေနိုင်ငံအခြေစိုက် တယ်လီနော်၊ ကာတာနိုင်ငံအခြေစိုက် အူရီဒူးနှင့် Mytel တို့က ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading