ရွေးကောက်ခံ NLD အမတ် မြေကွက်လိမ်လည်ရောင်းချရာတွင် ပါဝင်မှုဖြင့် တရားရင်ဆိုင်နေရ

မှော်ဘီမြို့နယ်၊ ရွှေမြယာရှိ မြေကွက်ကို လိမ်လည်ရောင်းချသူမှာ မြေပိုင်ရှင်အစစ်အမှန်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ်မှ ရွေးကောက်ခံ NLD အမတ် မိချိုသဲနှင့် ခင်ပွန်းဖြစ်သူတို့က တိုက်တွန်းမှုကြောင့် မြေကွယ်ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်တိုင်တန်းခဲ့သူက ဆိုသည်။ မိချိုသဲ၏ ခင်ပွန်းဖြစ်သူမှာလည်း ရာအိမ်မှူးတာဝန်ယူစဉ်က ရွာပိုင်မြေကို ပိတ်ဆို့ရောင်းချမှုဖြင့် တိုင်ကြားခံခဲ့ရသည် 

Published on Dec 18, 2020
ရွေးကောက်ပွဲမတိုင်မီ အောက်တိုဘာလကုန်ပိုင်းက ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထောက်ခံသူများ အင်အားပြလှည့်လည်နေစဉ်။ (ဓာတ်ပုံ - စိုင်းဇော်/ Myanmar Now) 
ရွေးကောက်ပွဲမတိုင်မီ အောက်တိုဘာလကုန်ပိုင်းက ရန်ကုန်တိုင်း လှည်းကူးမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထောက်ခံသူများ အင်အားပြလှည့်လည်နေစဉ်။ (ဓာတ်ပုံ - စိုင်းဇော်/ Myanmar Now) 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာမဲဆန္ဒနယ်တွင် အနိုင်ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ် မိချိုသဲသည် မြေကွက်လိမ်လည်ရောင်းချမှုတွင် အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးခဲ့သောကြောင့် ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် တရားရင်ဆိုင်နေရသည်။ 

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ရွှေမြယာကျေးရွာရှိ မြေကွက်ကို စာချုပ်တံဆိပ်ခေါင်းအတု၊ ပိုင်ဆိုင်မှုအတုပြုလုပ်ကာ လိမ်လည်ရောင်းချခဲ့သည့်အမှုအတွက် ရွေးကောက်ခံ NLD အမတ် မိချိုသဲနှင့် ၎င်း၏ အမျိုးသားဖြစ်သူတို့နှစ်ဦးလုံး အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။ 

ရွှေမြယာကျေးရွာ၊ ဖူးကြီးလမ်းရှိ အကျယ်ပေ ၈၀/၅၈၀ ရှိမြေကွက်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၃ တွင် ကျပ်သိန်း ၂၅၀ ဖြင့် မိချိုသဲဇနီးမောင်နှံနှင့်အတူ ခေါ်ခင်မာဝင်းဆိုသူက ရောင်းချခဲ့သည်ဟု ဆိုသည်။ 

မိချိုသဲဇနီးမောင်နှံနှင့် ရင်းနှီးမှုကြောင့် ထိုမြေကွက်ကို ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဝယ်ယူပြီး ငါးလအကြာတွင် မူလမြေကွက်ပိုင်ရှင်ရှိကြောင်း သိရှိခဲ့ရာ ပိုင်ရှင်အဖြစ် လိမ်လည်ရောင်းချသူ ဒေါ်ခင်မာဝင်း၊ သက်သေအဖြစ် လက်မှတ်ထိုးခဲ့သူ ဒေါ်ချိုသဲ (ခ) မိချိုသဲနှင့် ၎င်း၏ခင်ပွန်း ဦးမြတ်မင်းတို့ကို ၂၀၁၅ ဩဂုတ် ၁၃ တွင် မှော်ဘီမြို့နယ်ရဲစခန်း၌ အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။ 

“သူများခြံကို စာချုပ်အတုလုပ်ပြီးတော့ လိမ်ရောင်းတာ။ အဓိကတရားခံကတော့ ဒေါ်ခင်မာဝင်း။ သူနဲ့ မိချိုသဲတို့ (မိချိုသဲဇနီးမောင်နှံ) ပေါင်းလုပ်တာ။ ဒေါ်ခင်မာဝင်းကတော့ အခု အင်းစိန်ထောင်ထဲမှာပါ။ ချိုသဲနဲ့ မြတ်မင်းကတော့ ကြံရာပါ။ မြေစာရင်းရောဘာရော၊ အခြားတစ်ယောက် (ခြံပိုင်ရှင်) ရော (တရားရုံး) ထွက်ဆိုသွားပြီ” မြေကွက်လိမ်လည်ရောင်းချခံခဲ့ရသဖြင့် အမှုဖွင့်တိုင်တန်းသူ ဦးကျော်မျိုးနိုင်၏ညီ ဦးနေမျိုးဇော်က Myanmar Now ကို ပြောသည်။

လိမ်လည်ရောင်းချသူ ဒေါ်ခင်မာဝင်းသည် မြေပိုင်ရှင်အစစ်အမှန်ဖြစ်ကြောင်း ထောက်ခံခဲ့သောကြောင့် မိချိုသဲ၏ ခင်ပွန်းဦးမြတ်မင်းကိုပါ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ 

မြေကွက်ရောင်းချရာတွင် မိချိုသဲဇနီးမောင်နှံပါဝင်မှုအကြောင်း နှုတ်သက်သေသာရှိသည့်အတွက် လိမ်လည်မှုမဖြစ်နိုင်ကြောင်း သုံးသပ်ပြီး မှော်ဘီမြို့နယ်တရားရုံးက စွဲချက်မတင်မီ အမှုလွတ်အမိန့်ချခဲ့ရာ တရားလို ဦးကျော်မျိုးနိုင်က မကျေနပ်သဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးသို့ ပြင်ဆင်ချက်တက်ခဲ့သည်ဟု ဦးနေမျိုးဇော်က ဆိုသည်။ 

မြောက်ပိုင်းခရိုင်တရားရုံးမှတစ်ဆင့် ရန်ကုန်တိုင်းတရားလွှတ်တော်ထံ ဆက်တက်ရာတွင် အမှုကို ပြန်လည်စစ်ဆေးရန် ၂၀၁၉ စက်တင်ဘာ ၂၇ တွင် အမိန့်ချခဲ့သည်ဟု သိရသည်။ ရန်ကုန်တိုင်းတရားလွှတ်တော်အမိန့်ကို ကျေနပ်ခြင်းမရှိသဖြင့် မိချိုသဲနှင့် ခင်ပွန်းဖြစ်သူက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အယူခံတက်ရာတွင် ရှုံးနိမ့်သဖြင့် မှော်ဘီမြို့နယ်တရားရုံးက ယခုနှစ် ဖေဖော် ဝါရီ ၁၃ မှစတင်ကာ ယနေ့အချိန်ထိ ပြန်လည်စစ်ဆေးနေသည်ဟု Myanmar Now က ရရှိထားသည့် တရားရုံးအမိန့်အရ သိရသည်။ 

ရန်ကုန်တိုင်းတရားလွှတ်တော်၏ စစ်ဆေးတွေ့ရှိချက်များအရ မြေကွက်ရောင်းချရာတွင် အသုံးပြုထားသော တံဆိပ်ခေါင်းမှာ အတုဖြစ်နေခြင်း၊ အရောင်းအဝယ်စာချုပ်တွင် မိချိုသဲ၏ သက်သေခံလက်မှတ်ပါရှိနေခြင်းများကြောင့် ဖြေရှင်းရန် တာဝန်ရှိသည်ဆိုကာ စွဲချက်တင်စစ်ဆေးစေခဲ့သည်။ 

“တရားခံ သုံးယောက်ရှိတာ၊ ဒေါ်ခင်မာဝင်းနဲ့ ကိုမြတ်မင်းတော့ စစ်ပြီးပြီ။ သူ့ (မိချိုသဲ)ကို စစ်ဖို့ ကိုဗစ် (Covid-19) ဖြစ်တော့ တရားရုံးက ခဏ နားထားရတာ။ သူ့ကို စစ်မဲ့ဆဲဆဲ” ဟု တရားလို ဦးကျော်မျိုးနိုင်၏ အကျိုးဆောင်ရှေ့နေ ဦးဇေယျာမင်းက ပြောသည်။

အမှုရင်ဆိုင်နေရခြင်းနှင့် ပတ်သက်၍ ရွေးကောက်ခံ NLD အမတ် မိချိုသဲကို ဆက်သွယ်မေးမြန်းရာတွင် မီဒီယာကို ဖြေကြားရန် အဆင်သင့်မဖြစ်သေးကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းကျိန်ပြီးမှသာ ထိုမြေအငြင်းပွားမှုနှင့် ပတ်သက်၍ တရားဝင်ပြောကြားမည်ဟု ဆိုသည်။ 

ရွာပိုင်လမ်းကိုပိတ်ကာ ရောင်းချမှုဖြင့် တိုင်ကြားခံရသူ ခင်ပွန်း 

ရွေးကောက်ခံအမတ် မိချိုသဲသည် မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ လေးထောင့်ကန်ရပ်ကွက်တွင် ၂၀၁၈ ခုနှစ်အထိ နေထိုင်ခဲ့သူဖြစ်ပြီး၊ ၎င်း၏ခင်ပွန်းဖြစ်သူ ဦးမြတ်မင်းသည် လေးထောင့်ကန်ရပ်ကွက်တွင် ရာအိမ်မှူးအဖြစ် တာဝန်ယူခဲ့စဉ် ရွာချင်းဆက်လမ်းအချို့ကို ပိတ်ဆို့ရောင်းချမှုဖြင့် တိုင်ကြားခံခဲ့ရသည်။ 

မင်္ဂလာဒုံမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်တွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ အထိ ရာအိမ်မှူးအဖြစ် တာဝန်ယူခဲ့စဉ် မိချိုသဲ၏ခင်ပွန်း ဦးမြတ်မင်းက ရွာပိုင်လမ်းကိုပိတ်ကာ ရောင်းချမှုကြောင့် ဒေသခံ ၇ ဦးက နီးစပ်ရာရဲစခန်းနှင့် နိုင်ငံတော်သမ္မတရုံးကို တိုင်ကြားခဲ့သည်ဟု ဆိုသည်။

ထိုသို့တိုင်ကြားရာတွင် တရားစွဲဆိုရန် ဥပဒေအကြံတောင်းသည့်အဆင့်ထိ အမှုဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ရဲအရာရှိအပြောင်းအလဲဖြစ်ပြီး ပစ်မှုမမြောက်ဟုဆိုကာ တရားစွဲဆိုနိုင်ခဲ့ခြင်းမရှိကြောင်း ဦးဆောင်တိုင်ကြားခဲ့သူ ဦးခင်စိုးငြိမ်းက Myanmar Now ကို ပြောသည်။ 

“လမ်းပိတ်တဲ့ကိစ္စလုပ်တုန်းကတော့ ဒေါ်ချိုသဲ မပါဘူး။ သူ့အမျိုးသားပဲ ပါတာ။ ရပ်ကွက်ထိပ်ကနေ (လမ်းကို) ပိတ်ပစ်လိုက်တာ။ နောက်ဆုံး သူဌေးလက်ထဲ အပ်လိုက်တဲ့ သဘောပဲ” ဟု လေးထောင့်ကန်ရပ်ကွက်တွင် နေထိုင်သူ ဦးခင်စိုးငြိမ်းက ပြောသည်။ 

ထိုသို့တိုင်ကြားခံရသည်ဆိုသော်လည်း အုပ်ချုပ်ရေးတာဝန်ခံ (ရာအိမ်မှူး) အဖြစ် တာဝန်ယူချိန် မည်သည့်မြေကိုမျှ ရောင်းချခဲ့ခြင်းမရှိကြောင်း ဦးမြတ်မင်းက Myanmar Now ကို ပြောသည်။ 

ဦးမြတ်မင်း ပိတ်ဆို့ရောင်းချခဲ့သည်ဆိုသော လေးထောင့်ကန်ရပ်ကွက် အ.မ.က(၁၆) ကျောင်းဘေးရှိ မြေနေရာတွင် ‘ကျောင်းမြေမကျူးကျော်ရ’ ဟု သွပ်ပြားဆိုင်းဘုတ်ဖြင့် စာရေးထားသည်ကို ၂၀၂၀ ဒီဇင်ဘာ ၁၅ ရက်တွင် Myanmar Now က တွေ့ရှိခဲ့သည်။ အဆိုပါဆိုင်းဘုတ်နှင့်ပတ်သက်၍ ကျောင်းက လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ကျောင်းအုပ်ဒေါ်ရီရီမြင့်၏ ထွက်ဆိုချက်အရ သိရသည်။ 

ထိုသို့ဖြစ်ပွားအပြီး ၂၀၁၈ ခုနှစ်အတွင်း မိချိုသဲသည် လေးထောင့်ကန်ရပ်ကွက်မှ မိသားစုလိုက် ပြောင်းရွှေ့သွားသည်ဟု ရပ်ကွက်နေထိုင်သူများက ဆိုသော်လည်း လေးထောင့်ကန်ရပ်ကွက်မှ ပြောင်းရွှေ့ခဲ့ခြင်းမှာ ဇာတိဖြစ်သော မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် နိုင်ငံရေးလုပ်လိုသောကြောင့်ဖြစ်ကြောင်း မိချိုသဲနှင့် ၎င်း၏ခင်ပွန်းက ပြောသည်။

ချောင်းဆုံမြို့နယ်မှ ရွေးကောက်ခံအမတ် မိချိုသဲမှာ ၂၀၁၂ တွင် NLD ပါတီဝင်ရောက်ခဲ့ပြီး ပါတီ၏ ရန်ကုန်မြောက်ပိုင်းခရိုင် အလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်လည်းဖြစ်သည်။ 

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ချောင်းဆုံမဲဆန္ဒနယ် ကိုယ်စားလှယ်လောင်းအဖြစ် မိချိုသဲလျှောက်ထားစဉ်က တိုင်ကြားမှုများလည်းရှိခဲ့သဖြင့် ပါတီဗဟိုက ကိုယ်စားလှယ်လောင်းထောက်ခံစာ ထုတ်မပေးဘဲ ရပ်ဆိုင်းခဲ့သည်။ 

သို့သော် ရွေးကောက်ပွဲဝင်ပြိုင်မည့် NLD ပါတီကိုယ်စားလှယ်လောင်းများစာရင်း ကြေညာရာတွင် မိချိုသဲ ပါဝင်လာခဲ့သည်။ တည်ဆဲဥပဒေအရ အရေးယူခံရခြင်းမရှိနိုင်ကြောင်း သုံးသပ်၍ ပြန်လည်လက်ခံခဲ့ကြောင်း NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဆိုသည်။ 

“သူတို့ (မိချိုသဲနှင့် ၎င်း၏အမျိုးသား)က ငြိစွန်းနိုင်မှု မရှိဘူးလို့ ကျွန်တော်တို့ သုံးသပ်ထားပါတယ်။ ဥပဒေအရ ပုံမှန်ဆောင်ရွက်သွားရင် သူတို့က ဒီလိုဥပဒေအရ အပြစ်ပေးခံရမယ့် အခွင့်အလမ်းနည်းတယ်လို့ ကျွန်တော်တို့ သုံးသပ်လိုက်ပါတယ်။ ဒါကြောင့် သူ့ကို ပြန်လည်ရွေးချယ်လိုက်တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၁ (ဃ) အရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် ထောင်ဒဏ်ကျခံရပါက ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားသည်။ 

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီက ရှုံးနိမ်ခဲ့သော်လည်း ၂၀၂၀ တွင် ပြန်လည်အနိုင်ရရှိခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အထူးလုပ်ဆောင်နိုင်ခဲ့သောကြောင့် အနိုင်ရခြင်းဖြစ်ကြောင်း အနိုင်ရကိုယ်စားလှယ် မိချိုသဲက ပြောသည်။ 

လာမည့် ပြည်သူ့လွှတ်တော်သက်တမ်းတွင် ချောင်းဆုံမဲဆန္ဒနယ်အတွက် ပထဆုံးတင်သွင်းမည့် အဆိုမှာ တောင်သူလယ်သမားအရေးနှင့် ဒေသဖွံ့ဖြိုးရေးဖြစ်သည်ဟုလည်း မြေကွက်လိမ်လည်ရောင်းချရာတွင် ပါဝင်မှုဖြင့် တရားရင်ဆိုင်နေရသူ ရွေးကောက်ခံအမတ် မိချိုသဲက ဆိုသည်။ 

(မှတ်ချက် - မူလသတင်းခေါင်းစဉ်တွင် "ရွေးကောက်ခံ NLD အမတ် မြေကွက်လိမ်လည်ရောင်းချမှုဖြင့် တရားရင်ဆိုင်နေရ" ဟု အဓိပ္ပါယ်လွဲမှားဖော်ပြခဲ့ပါသဖြင့် "ရွေးကောက်ခံ NLD အမတ် မြေကွက်လိမ်လည်ရောင်းချရာတွင် ပါဝင်မှုဖြင့် တရားရင်ဆိုင်နေရ" ဟု ပြန်လည်ပြင်ဆင်ထားပါသည်။ ရည်ရွယ်ချက်ဖြင့် ရေးသားခဲ့ခြင်း မဟုတ်သော်လည်း ထိခိုက်နစ်နာမှုတစ်စုံတစ်ရာ ရှိခဲ့ပါက တောင်းပန်အပ်ပါသည်)

 

 

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading