တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အစပ် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းမှ နေရပ်စွန့်ခွာထွက်ပြေးလာသော ချင်းတိုင်းရင်းသား စစ်ဘေးဒုက္ခသည်များမှာ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်အတွင်း၌ပင် အခြေချနေထိုင်တော့မည်ဖြစ်သည်။
ပလက်ဝမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာပြီး မှော်ဘီမြို့နယ် စာဖြူစုကျေးရွာတွင် ၁၀ လကျော်ခန့် နေထိုင်ပြီးဖြစ်သော အဆိုပါစစ်ဘေးဒုက္ခသည်များကို မိုးမကုန်မီ နေရပ်ပြန်ရန် မှော်ဘီမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က အကြောင်းကြားလာဖြင့် အခြားနေရာသို့ ကိုယ့်အစီအစဉ်ဖြင့်ကိုယ် ပြောင်းရွှေ့အခြေချရန် ကြိုးပမ်းလျက်ရှိကြောင်း အဆိုပါနေရာသို့ ဒီဇင်ဘာ ၁၆ ရက်တွင် Myanmar Now ကရောက်ရှိခဲ့စဉ် သိရှိခဲ့ရသည်။
ချင်းတိုင်းရင်းသား စစ်ဘေးဒုက္ခသည်များ အခြေချနေထိုင်နိုင်ရန် မှော်ဘီမြို့နယ် မြောင်းတကာကျေးရွာအနီးတွင် နှစ်ဧကခန့်ရှိ မြေကွက်ကို ကျပ်သိန်း ၂၅၀ ဖြင့် မြန်မာပြည်ချစ်ခြင်းမေတ္တာလူမှုကူညီရေးအသင်းက တာဝန်ခံကာ ဝယ်ယူပေးခဲ့သည်ဟု သိရသည်။
‘ဗေတလရွာ’ ဟု အမည်ပေးထားသော နေရာသစ်တွင် ပလက်ဝမြို့နယ်အတွင်းရှိ မီးလက်ဝ၊ စိမ့်စင်း၊ ကျီးလေ၊ တွင်စီးဝ၊ ကူတန်ဝ၊ လေလ စသည့်ရွာများနှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရဲအောင်ရွာမှ နေရပ်စွန့်ခွာလာသူ ချင်းတိုင်းရင်းသား ၉၀ ခန့် အခြေချနေထိုင်မည်ဖြစ်သည်။
နေရာသစ်တွင် အခြေချမည့် စစ်ဘေးဒုက္ခသည်များအနေဖြင့် ပေ ၄၀/၆၀ အကျယ် မြေကွက်အတွက် ကျပ် ၁၀ သိန်းပေးသွင်းရမည်ဖြစ်သော်လည်း ပေးစရာ ပိုက်ဆံမရှိသေးသဖြင့် လူမှုကူညီရေးအသင်းက စိုက်ထုတ်ပေးထားခြင်းဖြစ်ပြီး တဖြည်းဖြည်းချင်း နိုင်သလောက် ပေးချေရန် ခွင့်ပြုထားသည်ဟု မြန်မာပြည်ချစ်ခြင်းမေတ္တာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးဂျေပီဘီာခ်တင်ဆန်းက ပြောသည်။
ဒုက္ခသည်များအတွက် နေအိမ်ဆောက်လုပ်ရန် ငွေကြေးလိုအပ်နေဆဲဖြစ်ပြီး ၁၆ ပေ ပတ်လည်နေအိမ် ၂ လုံး၊ ရေတွင်းနှင့် တစ်လစာ ဆန်ရိက္ခာသာ ရရှိထားသည်ဟုလည်း ၎င်းက ပြောသည်။
ချင်းတိုင်းရင်းသား စစ်ဘေးဒုက္ခသည်များ အခြေချနေထိုင်မည့် နေရာကို ခရစ်ယာန်သမ္မာကျမ်းစာအရ “ဗေတလ” ဟု အမည်ပေးခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာသစ်ကို ဦးဆောင်တည်ထောင်နေသူတစ်ဦးဖြစ်သော ဦးကံလွတ်က ပြောသည်။
“ကောင်းချီးတွေရပြီး ဘေးဒုက္ခကနေလွတ်မြောက်ပြီးတော့ ဒီနေရာကတော့ စိတ်ပျော်ရွှင်ကြည်နူးမယ့်နေရာ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်လေးကို ယူပြီးတော့ ကျွန်တော်တို့က မှည့်ထားတာဖြစ်တယ်” ဟု ရွာအမည်နှင့် ပတ်သက်၍ ဦးကံလွတ်က ရှင်းပြသည်။
ခူးမီးမျိုးနွယ်စု ချင်းတိုင်းရင်းသားတစ်ဦးဖြစ်သူ ဦးကံလွတ်သည် ဇနီး၊ သားသမီးသုံးဦးနှင့်အတူ ဗေတလရွာသစ်တွင် အခြေချနေထိုင်မည်ဖြစ်သည်။
စစ်ပွဲများကြောင့် နေရပ်စွန့်ခွာလာသူ ပလက်ဝမြို့နယ် ကျီးလေရွာမှ အသက် ၃၀ အရွယ် မနန်းယှိက်သည်လည်း တစ်နှစ်ခွဲအရွယ် သားငယ်၏ ပညာရေးအတွက် ဗေတလရွာသစ်၌ပင် အခြေချမည်ဟု ဆိုသည်။
“ဒီမှာနေလို့ရရင် ဒီမှာပဲနေချင်တယ်။ ရွာမှာက ပြန်လို့ရတယ်ဆိုပေမယ့် တည်ငြိမ်မယ်ဆိုတာက သေချာမှ မသိတာ။ အခုတည်ငြိမ်ပြီဆိုပေမယ့် ကျွန်မတို့ပြန်တော့ အခက်အခဲပြန်ရှိမှာစိုးလို့” ဟု မနန်းယှိက်က ပြောသည်။
မနန်းယှိက်နည်းတူ ဗေတလရွာသစ်တွင် တစ်သက်လုံးအခြေချရန် ဆုံးဖြတ်ထားသူတစ်ဦးမှာ ကျောက်တော်မြို့နယ် တင်းမကျေးရွာအုပ်စု ရဲအောင်ရွာမှ အသက် ၂၈ အရွယ် မဟွေ့ဝင်းဖြစ်သည်။ နှစ်နှစ်ခွဲအရွယ် သားငယ်တစ်ဦးအပြင် လက်ရှိ ကိုယ်ဝန်ဆောင်ထားရသူ မဟွေ့ဝင်းက တပ်မတော်စစ်ကြောင်းများက ရှောင်ရှားခိုင်းသည့်အတွက် နေရပ်စွန့်ခွာခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
“ရန်ကုန်မှာဆိုရင်တော့ ရခိုင်ပြည်နယ်ထက် ကောင်းတယ်။ ကိုယ့်အတွက်လည်း ကောင်းတယ်။ ကိုယ့်မိသားစုအတွက်လည်း ကောင်းတယ်။ ပြီးတော့ ကိုယ့်သားသမီးအတွက်လည်း ကောင်းတာပေါ့နော် ပညာရေးမှာလည်း” ဟု မဟွေ့ဝင်းက ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင် ပြီးခဲ့သည့်တစ်လခန့်အထိ တပ်မတော်နှင့် AA အကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။ ၂၀၁၈ ခုနှစ်အကုန်ပိုင်းမှစ၍ တပ်မတော်က ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များ၊ မောင်းသူမဲ့လေယာဉ်ငယ်များ အသုံးပြုခဲ့သည်အထိ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှ စစ်ဘေးဒုက္ခသည် ၁၀၀၀ ကျော် ရန်ကုန်တိုင်းအတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး မှော်ဘီ၊ လှည်းကူးနှင့် ပဲခူးတိုင်း အင်းတကော်မြို့နယ်များတွင် ခိုလှုံခဲ့ရသည်။
ပလက်ဝမြို့နှင့် ကုလားတန်မြစ်တစ်ခုသာခြားသည့် မီးလက်ဝရွာတွင် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ ရွာသားအချို့လည်း ဒဏ်ရာရခဲ့သည်ဟု မီးလက်ဝရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ ဦးကံလွတ်က ပြောသည်။
“တအားကြောက်တယ်။ ကျွန်တော်တို့ အိမ်မှာတောင် မနေရဲဘူး။ မအိပ်ရဲဘူး။ ပလက်ဝကိုပြောင်းရင်လည်း စစ်ဘေးရှောင်စခန်းမှာပဲ နေရမယ်၊ အဲဒါကြောင့် ရန်ကုန်မြို့ကိုပဲ ပြောင်းကြမယ်ဆိုပြီးတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြေးလာကြတာ” ဟု ရန်ကုန်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပုံကို ဦးကံလွတ်က ရှင်းပြသည်။
မှော်ဘီမြို့နယ်တွင် အခြေချနေထိုင်ရန် ဗေတလရွာသစ်ကို ထူထောင်လိုက်ကြပြီးနောက် ရေရှည်ရပ်တည်ရန် အလုပ်လုပ်ချင်သော်လည်း ကိုဗစ်နိုင်တင်း(Covid-19) ကပ်ရောဂါကြောင့် ယနေ့အချိန်အထိ ကူညီလှူဒါန်းမှုများကိုသာ မျှော်လင့်နေရသည်ဟုလည်း ဦးကံလွတ်က ဆိုသည်။
စစ်၏ အနိဋ္ဌာရုံကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခံစားရပြီးနောက် ဘေးအန္တရာယ်မျိုးစုံကို ဖြတ်ကျော်ရင်း နေရပ်ဇာတိကို စွန့်ခွာခဲ့သူ ချင်းတိုင်းသားများမှာ ခရစ်ယာန်သမ္မာကျမ်းစာလာ ‘ဗေတလ’ တွင် အေးချမ်းမှုရလိမ့်မည်ဟု မျှော်လင့်နေကြသည်။
“ကျွန်တော်တို့ ဒီနေရာမှာနေရင်တော့ တကယ့်ကို ဘုရားက ကောင်းချီးပေးမယ်လို့ ယုံကြည်တယ်” ဟု ဦးကံလွတ်က ဆိုသည်။