စစ်ကိုင်းဝန်ကြီးချုပ်၏ဇနီးကို ဝေဖန်သူအား ၆၆ (ဃ) ဖြင့် အမှုဖွင့်ပြီး စုံစမ်းနေ  

လူမှုကွန်ရက်တွင် ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၏ ဇနီးဖြစ်သူ ဒေါ်တင့်တင့် (ခ) ဒေါ်ချူးချူးနှင့် ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိတို့ကို ဝေဖန်ရေးသားခဲ့သော Facebook အကောင့်ပိုင်ရှင်မှာ အစိုးရအဖွဲ့ ဆုံးဖြတ်ချက်များ၊ တင်ဒါကိစ္စများကို ရေးတင်လေ့ရှိသူဖြစ်သဖြင့် အစိုးရအဖွဲ့ထဲမှ ဖြစ်နိုင်သည်ဟုလည်း မြို့ခံတစ်ဦးက ထင်မြင်ချက်ပေးသည် 

တင်ဒါကိစ္စနှင့်ပတ်သက်၍ Facebook တွင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၏ဇနီး ဒေါ်တင့်တင့် (ခ) ဒေါ်ချူးချူးကို ဝေဖန်ရေးသားခဲ့သူကို စုံစမ်းစစ်ဆေးလျက်ရှိသည်။ (ဓာတ်ပုံ - ဒေါ်ချူးချူး Facebook)  

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၏ဇနီးဖြစ်သူ ဒေါ်တင့်တင့် (ခ) ဒေါ်ချူးချူးနှင့် ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိတို့ကို လူမှုကွန်ရက် Facebook တွင် ဝေဖန်ရေးသားခဲ့သူကို ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားသော်လည်း မည်သူမည်ဝါ သိရှိနိုင်ရန် စုံစမ်းနေဆဲသာ ဖြစ်သည်ဟု သိရသည်။ 

“မမိသေးဘူး။ အခု ရှာနေတုန်းရှိသေးတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ရေးလဲ မသိဘူး။ ပေါက်ကရ လျှောက်လုပ်နေကြတာပါ။ စုံစမ်းခိုင်းထားတယ် ”ဟု စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ဒီဇင်ဘာ ၁၆ တွင် Myanmar Now ကို ပြောသည်။

လူမှုကွန်ရက် Facebook တွင် Ko Zaw Gyi ဆိုသော အကောင့်ပိုင်ရှင်က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ တင်ဒါကိစ္စနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ်၏ဇနီးဖြစ်သူ ဒေါ်တင့်တင့် (ခ) ဒေါ်ချူးချူးနှင့် ဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိတို့ကို ဝေဖန်ရေးသားခဲ့ခြင်းဖြစ်သည်။ 

"အန်တီချူးကို ထိန်းပေးပါ အမေစု၊ အဘတို့အကွက်တွေ NLD အစိုးရမှာလည်း တွေ့နေရတာ ရင်နာတယ်။ Covid ကာလမှာ အသက်စွန့်မဲပေးရတာ မတန်ဘူး။ ကျေးလက်တင်ဒါမှာ အန်တီချူးကိုယ်တိုင် ကစားပြီး PSO နှစ်ယောက်ကို ထိုးကျွေးတာ" ဟု Ko Zaw Gyi ဆိုသော Facebook အကောင့်က ဒီဇင်ဘာ ၃ ရက်တွင် ရေးတင်ခဲ့သည်။ 

ထိုသို့ဝေဖန်ရေးသားခဲ့သောကြောင့် ဂုဏ်သိက္ခာကျဆင်းသည်ဆိုကာ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၏ ကိုယ်ရေးအရာရှိဖြစ်သူ ဦးမျိုးကိုကိုက မုံရွာမြို့မရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) ဖြင့် အမှုဖွင့် တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

"ဦးမြင့်နိုင်ကြီး ဝကခ (ဝန်ကြီးချုပ်) ပေမယ့် တင်ဒါကို အန်တီကိုင်တွယ်နိုင်တာ သားတို့သိတယ်လေ။ သားတို့ဆန္ဒမပြခင် တင်ဒါလောကကနေ လစ်လိုက်ပါ" ဟုလည်းကောင်း "မရသောကုမ္ပဏီများမှာ တိုင်ပတ်လျက်ရှိသော်လည်း PSO နှင့် အပေါင်းအပါ သူခိုးကုမ္ပဏီများမှာ ရေလျှံနေကြတယ်" ဟုလည်းကောင်း Ko Zaw Gyi ဆိုသော Facebook အကောင့်က ရေးသားခဲ့သည်။ 

အဆိုပါ ရေးသားချက်များနှင့်ပတ်သက်ပြီး ဟုတ်မှန်မှု ရှိမရှိ Myanmar Now က စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကို မေးမြန်းရာတွင် “အဲဒါတွေက မှားတယ်၊ မှားတယ်။ မှားလို့ တရားစွဲတာပေါ့။ မမှားရင် စွဲမလား” ဟု တုံ့ပြန်သည်။ 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လမ်း/တံတား တည်ဆောက်ရေးစီမံကိန်းအတွက် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း တင်ဒါ ၃ ခု ခေါ်ယူခဲ့ပြီး Ko Zaw Gyi Facebook အကောင့်၏ ရေးသားချက်သည် မည်သည့်တင်ဒါကို ရည်ညွှန်းကြောင်း မသိရပေ။ 

အဆိုပါ Ko Zaw Gyi အကောင့်မှာ ဒီဇင်ဘာ ၉ ရက်မှ ယနေ့အထိ Facebook ၌ ရှာဖွေမတွေ့ရှိရတော့ပေ။ 

"တင်ဒါလုပ်ငန်းကို (တင်ဒါ) ၉၀ ကျော်လောက် ခေါ်တယ်။ ၆၀ ကျော်လောက်က သတ်မှတ်တဲ့ Lots ပေါ့ဗျာ။ လျှို့ဝှက်ဈေးနှုန်းက အောင်တဲ့သူတွေမှာ ကိန်းဂဏန်း ၆ လုံးဆို ၆လုံးလုံး တူတာပေါ့ဗျာ။ ဒဿမနောက်က ဂဏန်းတွေပါလိုက်တူတာ။ အဲဒီတော့ (စစ်ကိုင်းတိုင်း) အစိုးရအပေါ်မှာ မကျေလည်လို့ တိုင်ကြတယ်။ Facebook ပေါ်မှာ တင်ကြတာတွေ တွေ့ရတယ်" ဟု ပုလဲမြို့နယ်၊ တိုင်းဒေသကြီး အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က ပြောသည်။ 

သို့သော် Facebook ပေါ် ဝေဖန်ရေးသားချက်များနှင့် ပတ်သက်၍ တင်ဒါမရသူများက တင်ခြင်းလား၊ တင်ဒါကိစ္စ အသေးစိတ်သိရှိ၍ တင်ခြင်းလား မသိရှိသည့်အတွက် သုံးသပ်ပြောဆိုရန် ခက်ခဲသည်ဟုလည်း ၎င်းက ပြောသည်။ 

"သတင်းတွေကတော့ ကြားနေတာပေါ့။ တချို့ကလည်း အွန်လိုင်းမီဒီယာတွေကနေ ရေးသားတာတွေလည်း ကျွန်မတွေ့တယ်ပေါ့နော်။ ဒါပေမယ့် ဝန်ကြီးချုပ်ရဲ့အနေအထားကို ကျွန်မ မထင်ဘူး၊ မထင်ရဘူး။ ဒါပေမဲ့ အန်တီချူးအနေနဲ့ ဒီကိစ္စမှာ ဝင်ပါ၊ မပါ ကျွန်မ မပြောနိုင်ဘူး။ ကျွန်မ မှတ်ချက်ပေးလို့မရဘူး" ဟု ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ရှားမီးက ပြောသည်။ 

ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့် မိသားစုသဖွယ်ရင်းနှီးသော်လည်း ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ချူးချူးနှင့် ပတ်သက်၍မူ နှိုက်နှိုက်ချွတ်ချွတ် မသိကြောင်းလည်း ၎င်းက ပြောသည်။ 

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသည့် Ko Zaw Gyi  အကောင့်ပိုင်ရှင်ကို ရဲက အပူတပြင်းရှာဖွေလျက်ရှိပြီး လာရောက်မေးမြန်းမှုများလည်းရှိကြောင်း မုံရွာမြို့ခံတစ်ဦးဖြစ်သူ ဦးသောင်းက ပြောသည်။ 

“သူ ( Ko Zaw Gyi) တင်တာတွေ ခါတိုင်းစောင့်ကြည့်တာတော့ သူက အစိုးရ Cabinet (အစိုးရအဖွဲ့) ဆုံးဖြတ်ချက်တွေတို့၊ ခုလိုတင်ဒါကိစ္စတွေ သူ့ဆီက အရင်ဆုံးတက်လာတာဆိုတော့ ကျွန်တော်တို့အထင် ဒီအစိုးရအဖွဲ့ဝင်ထဲက ဖြစ်မယ်။ ဖမ်းချင်ရင်မိမှာပါ။ မဖမ်းချင်လို့ ခြောက်လှန့်ရုံလောက် အမှုဖွင့်တယ် ထင်ပါတယ်" ဟုလည်း ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading