သတင်း

ရွေးကောက်ပွဲအနိုင်ရရေး တင်ဒါထောက်ခံချက်ရေးပေးသူ ထန်တလန် NLD ဥက္ကဋ္ဌကို စိစစ်နေဆဲ 

ရွေးကောက်ပွဲအောင်နိုင်ရေး အလှူငွေပေးအပ်ခဲ့သည့် ကုမ္ပဏီ ၆ ခုအတွက် အခြေခံပညာဦးစီးဌာနတင်ဒါယှဉ်ပြိုင်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်ပြီး စာထုတ်ပေးခဲ့သူ ထန်တလန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဦးစီဇာကျုံးနှင့် ပတ်သက်၍ စိစစ်နေဆဲသာဖြစ်သည်ဟု ပါတီဗဟိုပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 

ထန်တလန်မြို့နယ် NLD ပါတီဥက္ကဋ္ဌ ဦးစီဇာကျုံးက ပါတီဗဟိုထံ ဒီဇင်ဘာလဆန်းပိုင်းတွင် နုတ်ထွက်လွှာတင်ခဲ့ပြီး နုတ်ထွက်စာအတည်ပြုရေး၊ မပြုရေးအပေါ် စိစစ်နေဆဲသာရှိပြီး ဆုံးဖြတ်ချက်ချထားခြင်း မရှိကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။ 

“နိုင်ငံရေးအခြေအနေရော၊ တိုင်းရင်းသားဒေသဖြစ်တာရော အကုန်လုံး ကျွန်တော်တို့ ထည့်သွင်းစဉ်းစားပါတယ်” ဟု ထန်တလန်မြို့နယ် NLD ပါတီဥက္ကဋ္ဌကိစ္စနှင့် ပတ်သက်၍ ၎င်းက ပြောသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သူ ဦးစီဇာကျုံးက “နုတ်ထွက်တာကတော့ ပါတီအင်အားတောင့်တင်းရေးနဲ့ ခိုင်မာရေးလုပ်နိုင်ဖို့ဆိုပြီး ကျွန်တော့်ဆီကို တာဝန်အပ်ခဲ့ကြတာလေ။ အခုဟာက ဒီကိစ္စကြောင့်။ ကျန်တဲ့ဟာတွေ နောက်မှ။ အချိန်တန်ရင်တော့ သိလာမှာပါ” ဟု Myanmar Now ကို ပြောသည်။ 

အာဏာရ NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး အလှူငွေထည့်သွင်းခဲ့ကြသော ကုမ္ပဏီ ၆ ခု၏ အမည်နှင့် ပိုင်ရှင်အမည်များ၊ အခြေခံပညာဦးစီးဌာန၏ တင်ဒါအမှတ်စဉ်များ ဖော်ပြပါရှိပြီး ဦးစီဇာကျုံးလက်မှတ်ရေးထိုးထားသည့် စာမှာ နိုဝင်ဘာ ၂၇ တွင် လူမှုကွန်ရက်စာမျက်နှာပေါ် ရောက်ရှိခဲ့သည်။ 

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် NLD ပါတီကို အလှူငွေဖြင့် ကူညီခဲ့သော ကုမ္ပဏီများမှာ ထန်တလန်မြို့နယ် NLD ပါတီ အတွင်းရေးမှူး ဦးဖွန်လျန်ဟရဲပိုင် Nu Nu ကုမ္ပဏီအပါအဝင် Holy Par ကုမ္ပဏီ၊ Kyi Raing ကုမ္ပဏီ၊ Victoria Desy Chan ကုမ္ပဏီ၊ Sizo Brothers ကုမ္ပဏီနှင့် Mercy Par ကုမ္ပဏီများ ဖြစ်သည်။ 

လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သော ရန်ပုံငွေအလှူရှင်စာရင်းအရ Holy Par ကုမ္ပဏီပိုင်ရှင် ဦးဗန်ထောင်ဇမှုန်းက အလှူငွေကျပ် ၁၀ သိန်း၊ Kyi Raing ကုမ္ပဏီပိုင်ရှင် ဦးထလာထောင်က ၇၅၀,၀၀၀၊ Victoria Daisy Chan ကုမ္ပဏီပိုင်ရှင် ဦးချန်နှီယန်က ကျပ် ၅ သိန်းနှင့် Mercy Par ကုမ္ပဏီပိုင်ရှင် ဦးထောင်ကီယန်က ကျပ် ၅ သိန်း NLD အောင်နိုင်ရေးအတွက် လှူဒါန်းခဲ့ကြသည်ကို တွေ့ရှိရသည်။ 

အထက်ပါကုမ္ပဏီများ လျှောက်ထားခဲ့သော တင်ဒါအတွဲများသည်  ၂၀၂၀-၂၁ ဘတ်ဂျက်အတွက် ချင်းပြည်နယ်ပညာရေးဦးစီးဌာနက တင်ဒါခေါ်ယူထားသည့် ဟားခါးနှင့် ထန်တလန်တွင် ကျောင်းဆောင်ဆောက်လုပ်ရေးလုပ်ငန်းများဖြစ်ပြီး ကျပ်သန်း ၁၀၀အထက်ရှိ စီမံကိန်းများဖြစ်သည်။

လက်ရှိတွင် အဆိုပါကျောင်းဆောင်တည်ဆောက်ရေး တင်ဒါများကို အစိုးရအဖွဲ့မှ စိစစ်နေဆဲဖြစ်သည်ဟု ချင်းပြည်နယ်အခြေခံပညာရေးဦးစီးဌာနမှ သိရသည်။ 

တင်ဒါယှဉ်ပြိုင်ရာတွင် အထောက်အကူပြုရန် ရည်ရွယ်ပြီး စာထုတ်ပေးခဲ့သည့် ကိစ္စနှင့် ပတ်သက်၍  ထန်တလန်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးစီဇာကျုံးနှင့် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်အချို့ကို ချင်းပြည်နယ် ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က နိုဝင်ဘာလကုန်ပိုင်းတွင် စုံစမ်းစစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၁ ရက်တွင် ဦးစီဇာကျုံးက နုတ်ထွက်ရန် စာတင်ခဲ့ခြင်းဖြစ်သည်။ 

“စည်းကမ်းထိန်းသိမ်းရေးရဲ့ စစ်ဆေးချက်တွေအပေါ် မူတည်ပြီးတော့ သူ့ဟာသူ နုတ်ထွက်စာတင်တာပါ” ဟု ချင်းပြည်နယ် NLD ပါတီဥက္ကဋ္ဌ ဦးဇိုဘွဲက Myanmar Now ကို ပြောသည်။ 

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် အနှောင်အဖွဲ့ပါနိုင်သည့် မည်သည့်ရန်ပုံငွေမျိုးကိုမဆို လက်ခံခြင်းမပြုရန် မြို့နယ်အောင်နိုင်ရေးအဖွဲ့များ၊ အဖွဲ့ခေါင်းဆောင်များထံ အောက်တိုဘာလကတည်းက ညွှန်ကြားထားပြီးဖြစ်သည်ဟု ချင်းပြည်နယ်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က နိုဝင်ဘာ ၂၇ တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

“ပါတီအနေနဲ့ ဒါကို လုံးဝမလက်ခံနိုင်ဘူး။ ပေးပါဆိုတဲ့ တောင်းဆိုတဲ့ဟာမျိုး မဟုတ်ဘူး။ ဒါပေမယ့် သူတို့ ဒီဟာတွေ ပေးတယ်ဆိုတာမျိုး။ Motive က ရှိတာပေါ့။ သူတို့ ဘယ်လောက်အတိုင်းအတာအထိ ဖြစ်သလဲဆိုတာကတော့ ပြောလို့မရဘူး။ ပြည်နယ်ပါတီစည်းကမ်းထိန်းသိမ်းရေးက စစ်ဆေးပြီးမှ ဘယ်လောက်ထိ နက်ရှိုင်းလဲဆိုတာကို သိရမယ်” ဟု ချင်းပြည်နယ် NLD အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဦးဆလိုင်းအိုက်ဇက်ခင်က နိုဝင်ဘာလကုန်ပိုင်းတွင် Myanmar Now ကို ပြောကြားထားသည်။  

ချင်းပြည်နယ်တွင် မဲဆန္ဒနယ် ၃၉ ခုရှိသည့်အနက် NLD ပါတီက ၂၀၁၅ ရွေးကောက်ပွဲတွင် ၂၈ နေရာနှင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ၃၆ နေရာအထိ အနိုင်ရရှိခဲ့သည်။ 

Show More

Related Articles

Back to top button