ဟိုတယ်ဇုန်လုပ်ရန် ဦးရဲမင်းဦးနှင့် အာဏာရပါတီအပေါင်းအပါများ ကုမ္ပဏီထူ‌ထောင်ထား 

၂၀၁၈ ခုနှစ်အတွင်းက တည်ထောင်ခဲ့သည့် ရခိုင်ကမ်းရိုးတန်းဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီတွင် အာဏာရ NLD အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူးသုံးခုအထိ ရရှိထားသူ ဦးရဲမင်းဦးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ဒါရိုက်တာအဖွဲ့ဝင်များတွင် စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦး၏ဇနီး ဒေါ်ခင်မိုးအေး၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၏ ဇနီးဟောင်း ဒေါ်သင်းဂျူလိုင်ကျော်နှင့် NLD ပါတီ၏ ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်တို့ ပါဝင်လျက်ရှိသည် 

သရုပ်ဖော်ပုံ - မိုးထက်လျှမ်း/ Myanmar Now

ရခိုင်ပြည်နယ်တောင်ပိုင်းတွင် ဟိုတယ်ဇုန်စီမံကိန်းအကောင်အထည်ဖော်ရန် ဦးရဲမင်းဦးနှင့်အတူ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ၎င်းတို့၏ ဇနီးများနှင့် စီးပွားရေးလုပ်ငန်းရှင်များပူးပေါင်းကာ အများပိုင်ကုမ္ပဏီတစ်ခုကို တည်ထောင်ထားသည်။ 

ဦးရဲမင်းဦး ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ရခိုင်ကမ်းရိုးတန်းဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီကို ၂၀၁၈ ဧပြီလအတွင်း တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကုမ္ပဏီဒါရိုက်တာများတွင် NLD ပါတီ၏ ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်၊ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦး၏ဇနီး ဒေါ်ခင်မိုးအေးနှင့် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၏ ဇနီးဟောင်း ဒေါ်သင်းဂျူလိုင်ကျော်တို့  ပါဝင်နေသည်ကို တွေ့ရှိရသည်။ 

လက်ရှိ ရန်ကုန်တိုင်းစီမံဘဏ္ဍာဝန်ကြီးဖြစ်သူ ဦးရဲမင်းဦးသည် နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌနှင့် နေပြည်တော် ဒုတိယမြို့တော်ဝန် တာဝန်များရရှိပြီးနောက် ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ရခိုင်ကမ်းရိုးတန်းဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌရာထူးကို ၎င်း၏ဇနီးဖြစ်သူ ဒေါ်အေးနန္ဒာစိမ်းက ရယူထားသည်။ 

ဦးရဲမင်းဦးနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသူ Innovative Systems ကုမ္ပဏီပိုင်ရှင် ဦးနီလင်းသည်လည်း ရခိုင်ကမ်းရိုးတန်းဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီတွင် အုပ်ချုပ်မှုဒါရိုက်တာအဖြစ် တာဝန်ယူထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှတ်တမ်းများအရ သိရသည်။ 

ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင်များအနက် ရန်ကုန်တိုင်းဒေသကြီး NLD သဘာပတိအဖွဲ့ဝင် ဦးလှကြိုင်၏ သမီးဖြစ်သူ ဒေါ်အမရာအောင်၊ Democratic Voice of Burma (DVB) လက်ထောက်အယ်ဒီတာဟောင်းဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်သူ ဦးမြတ်ထွန်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ပြီး Jasmine Palace ဆောက်လုပ်ရေးလုပ်ငန်းစုကို လုပ်ကိုင်လျက်ရှိသည့် ဦးညီနိုင်အောင်တို့ပါဝင်သည်။ 

ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့ဝင် အခြားသူတစ်ဦးမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်မဲဆန္ဒနယ်၌ ရွေးကောက်တင်မြှောက်ခံထားရသူ ဦးရဲခေါင်ညွန့်ဖြစ်ပြီး ၎င်းသည် ဂွမြို့နယ် NLD ပါတီ အလုပ်အမှုဆောင်တစ်ဦးလည်း ဖြစ်သည်။ 

ဂွမြို့နယ် ကမ်းသာယာကမ်းခြေအနီးရှိ ၃၆ ဧက ကျယ်ဝန်းသည့် ဇီးကုန်းကွင်းတွင် ဟိုတယ်ဇုန်စီမံကိန်းဖော်ဆောင်ရန် ရခိုင်ကမ်းရိုးတန်းဖွံ့ဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီကို ၂၀၁၈ ခုနှစ် ဧပြီလအတွင်း ဦးရဲမင်းဦး ဦးဆောင်ကာ တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်က Myanmar Now ကို ပြောသည်။ 

“ကိုရဲမင်းဦးကနေပြီးတော့ ဒီဟာကို စိတ်ဝင်စားတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ လုပ်ချင်တယ်ဆိုပြီးတော့ အစိုးရကို သွားပြီးတင်ပြတဲ့အခါမှာ အစိုးရက ကိုယ့်ဟာနဲ့ကိုယ် ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ အများပိုင်ကုမ္ပဏီတစ်ခု တည်ထောင်ပြီးတော့ လုပ်ရင်တော့ ရနိုင်လောက်တယ်ဆိုပြီးတော့ အစိုးရကလဲ သူ့ကို ပြန်ပြောတယ်ပေါ့” ဟု ကုမ္ပဏီ စတင်တည်ထောင်ဖြစ်ခဲ့ပုံကို ၎င်းက ရှင်းပြသည်။

သို့သော်  ဦးရဲမင်းဦး နေပြည်တော် စည်ပင်ဘဏ်ဥက္ကဋ္ဌတာဝန်နှင့် နေပြည်တော် ဒုတိယမြို့တော်ဝန် တာဝန်များရယူခဲ့ပြီးနောက် စီမံကိန်းဆက်လက်အကောင်အထည်ဖော်ရန် ရခိုင်ပြည်နယ်အစိုးရထံ ထပ်မံလျှောက်ထားခြင်းမရှိတော့ကြောင်း ဦးရဲခေါင်ညွန့်က ပြောသည်။ 

အာဏာရပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ၎င်းတို့၏ ဇနီးများကိုယ်တိုင် စီးပွားရေးစီမံကိန်းများတွင် ပါဝင်လာမှုကြောင့် လွှတ်တော်က ဒေသတွင်းစီးပွားရေးလုပ်ငန်းများကို စည်းမျဉ်းစည်းကမ်း ဥပဒေကျင့်ထုံးများနှင့် ညီမညီ စောင့်ကြည့်ထိန်းကျောင်းသည့် အခြေအနေနှင့် ကိုယ်ကျိုးစီးပွားပဋိပက္ခများ ဖြစ်ပေါ်လာနိုင်မှုကို စိုးရိမ်မကင်းမှုများ ရှိနေသည်။ 

လူကြားလို့တောင်မကောင်းဘူး 

အထက်ပါ ရခိုင်ကမ်းရိုးတန်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီကို ဂွမြို့နယ်မှ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြသော ဦးဝင်းကို၊ ဦးပြည့်ဖြိုးပိုင်၊ ဦးလင်းထိုက်တို့သည်လည်း ဦးရဲမင်းဦးတည်ထောင်ခဲ့သော ထိုကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့တွင် ပါဝင်နေသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်တွင် စီမံကိန်းတစ်ခုခုဖော်ဆောင်နိုင်ရေး စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ၎င်း၏ခင်ပွန်းကို အကူအညီတောင်းခံခဲ့ရာမှ ထိုအများပိုင်ကုမ္ပဏီကို တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း ကုမ္ပဏီဒါရိုက်တာတစ်ဦးဖြစ်သူ စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦး၏ဇနီး ဒေါ်ခင်မိုးအေးက ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မက ဦးညီကို ကူညီချင်တာလေ။ အဲဒီမှာ Development က ဘာမှ မပြနိုင်သေးဘူးလေ။ ဒါလေးတစ်ခုပြနိုင်ရင်လည်း သူတို့မှာ ဖွံ့ဖြိုးမှုလေး ရှိလာနိုင်တယ်ပေါ့။ ဒီငါးနှစ်မှာ အကောင်အထည်ပေါ်လာရင် နောက်ငါးနှစ် ကိုယ့်ပါတီလည်း မဲရနိုင်တယ်ပေါ့ ဆိုပြီးတော့ ဝိုင်းလုပ်ပေးလိုက်ကြတာပါ” ဟု NLD ပါတီ၏ ရန်ကုန်တိုင်း အမျိုးသမီးလုပ်ငန်းကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်ခင်မိုးအေးက ပြောသည်။ 

ဦးရဲမင်းဦး ဦးစီးတည်ထောင်ထားသော ရခိုင်ကမ်းရိုးတန်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ သဘောထားဖြင့် တည်ထောင်ထားခြင်း ဟုတ်မဟုတ်သိရှိနိုင်ရန် ပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်အေးသိန်းတို့ကို ဆက်သွယ်မေးမြန်းရာတွင် ထိုကုမ္ပဏီကို မသိရှိကြောင်း ၎င်းတို့က ဖြေကြားသည်။ 

ရခိုင်ပြည်နယ်သို့ လာရောက်ရင်းနှီးမြုပ်နှံလိုသည့် လုပ်ငန်းရှင်နည်းပါးသည့်အတွက်ကြောင့် ကမ်းသာယာကမ်းခြေရှိ ဇီးကုန်းကွင်းတွင် ဟော်တယ်ဇုန်တည်ထောင်ရန်နှင့် ငပလီစျေး ပြုပြင်ဆောက်လုပ်ရန် ဦးရဲမင်းဦးကို ကမ်းလှမ်းခဲ့ဖူးသော်လည်း အကောင်အထည်မဖော်နိုင်ခဲ့သည့်အတွက် ပြည်နယ်အစိုးရအနေဖြင့် အခက်တွေ့ခဲ့ရသည်ဟု ဝန်ကြီးချုပ်ဦးညီပုနှင့် ရင်းနှီးသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။ 

စီးပွားရေးနောက်ခံရှိသည့်အတွက်ကြောင့် ဦးရဲမင်းဦးကိုသာ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ပါတီနှင့် ပတ်သက်ဆက်စပ်နေသူများ အစုလိုက်ပါဝင်နေခြင်းအပေါ် ပါတီကို တင်ပြသွားမည်ဟုလည်း  ၎င်းက ပြောသည်။

“NLD အင်အားစုတွေလို ဖြစ်နေတော့ အဲဒါကြီးကတော့ မကောင်းဘူး။ သူတို့လုပ်တဲ့အခါမှာ ရိုးရိုးသားသား လုပ်တယ်ဆိုပြီးတော့ ဟုတ်မလား။ လူကြားလို့တောင် မကောင်းဘူး” ဟု အမည်မဖော်လိုသူ ၎င်းက ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၏ ဇနီးဟောင်း ဒေါ်သင်းဂျူလိုင်ကျော်ကလည်း ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများရရှိလာရန်နှင့် ဒေသခံများ အနည်းဆုံးဈေးနှုန်းဖြင့် အစုရှယ်ယာများဝယ်ယူရရှိနိုင်ရန် ရည်ရွယ်ပြီး အများပိုင်ကုမ္ပဏီတစ်ခု တည်ထောင်ရန် ဦးရဲမင်းဦးက အကူအညီတောင်းခံလာ၍ ကုမ္ပဏီတည်ထောင်ရာတွင် ပါဝင်ခဲ့သည်ဟု ဆိုသည်။ 

“အလုပ်ဖြစ်ဖို့အတွက် စပြီး ထူထောင်ဖို့ လူလိုတယ်ဆိုတဲ့အနေအထားမှာ နီးစပ်ရာ ပတ်ဝန်းကျင်က ဝိုင်းပြီးတော့ ပါပေးလိုက်တယ်ဆိုတဲ့ သဘောပေါ့” ဟု ၎င်းက ပြောသည်။

အစုရှယ်ယာ တစ်စုလျှင် ကျပ် ၁၀ သိန်း သတ်မှတ်ထားပြီး ယနေ့အချိန်ထိ ဦးရဲမင်းဦးက ငွေကြေးတောင်းခံခြင်းမရှိခဲ့ကြောင်း၊ ကုမ္ပဏီတည်ထောင်ပြီး လုပ်ငန်းများလည်ပတ်သွားပါက ဒေသခံပြည်သူများကို အစုရှယ်ယာတစ်စုလျှင် သောင်းဂဏန်းပမာဏဖြင့် ရောင်းချသွားရန် စီစဉ်ထားသည်ဟု ဒေါ်သင်းဂျူလိုင်ကျော်က ပြောသည်။

ဒါရိုက်တာအဖွဲ့ဝင်အချို့၏ အဆိုအရ ကုမ္ပဏီဖျက်သိမ်းရန်အတွက် ၂၀၁၉ ခုနှစ်အတွင်း လက်မှတ်ထိုးခဲ့ရသည်ဆိုသော်လည်း ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ကုမ္ပဏီသက်တမ်းတိုးထားသည်ကို DICA မှတ်တမ်းများတွင် တွေ့ရသည်။

အာဏာရပါတီမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်အများစုပါဝင်ပြီး ထိုသို့ ကုမ္ပဏီတစ်ခုတည်ထောင်ထားခြင်းမှာ အကျိုးစီးပွားပဋိပက္ခဖြစ်နိုင်ခြေသို့ ဦးတည်သွားနိုင်ပြီး နိုင်ငံတကာမှ လာရောက်ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီများကလည်း ထိုအချက်အပေါ်တွင်ထောက်ပြလာနိုင်သည်ဟု ကုမ္ပဏီများ၊ အစိုးရအဖွဲ့အစည်းများ၊ ကျင့်ဝတ်နှင့်ညီညွှတ်ရန် စောင့်ကြည့်လေ့လာနေ​သော အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Myanmar Alliance for Transparency and Accountability အဖွဲ့ တာဝန်ခံ ဦးရဲလင်းမြင့်က ပြောသည်။

“အဓိကပြောချင်တာကတော့ အာဏာရပါတီအစိုးရအနေနဲ့ Conflict of Interest ပေါ့။ အကျိုးစီးပွားပဋိပက္ခမဖြစ်အောင် ဘယ်လိုတွေ လုပ်ထားတယ်၊ မူတွေဘယ်လိုရှိတယ်၊ လုပ်ထုံးလုပ်နည်းတွေ ဘယ်လိုရှိတာကို ပွင့်ပွင့်လင်းလင်းရှိဖို့ လိုပါတယ်” ဟု ၎င်းကပြောသည်။

ပါတီဝင်ဖြစ်လာပြီး တစ်နှစ်ကျော်အတွင်း ဦးရဲမင်းဦးသည် NLD အစိုးရအဖွဲ့တွင် ထိပ်တန်းရာထူး သုံးခုအထိ ရရှိထားပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဦးရဲမင်းဦးသည် NLD ပါတီကိုယ်စားပြုကာ ဒဂုံမြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၁) မှ အနိုင်ရရှိခဲ့သည်။

အချိန်တိုအတွင်း အာဏာရ NLD ပါတီအတွင်း နေရာရလာသူ ဦးရဲမင်းဦးသည် Grand National Capital ကုမ္ပဏီအားထူထောင်ကာ ဒီမိုကရေစီစံနှုန်းများအရ အငြင်းပွားဖွယ်ရှိသော စီမံကိန်းလုပ်ငန်းတစ်ခုတွင်လည်း ပါဝင်ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအစိုးရလက်ထက်က ပြည်ခိုင်ဖြိုးခေါင်းဆောင်တစ်ဦးဖြစ်သူ ဦနန္ဒာလှမြင့်အား ၂၀၁၄ ခုနှစ်တွင် ချထားပေးခဲ့သော တောင်ကြီးမြို့ရှိ အေးယာယာအိမ်ရာစီမံကိန်းတွင် ဦးရဲမင်းဦးပိုင်ကုမ္ပဏီက ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

လက်ရှိတွင် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်အေးနန္ဒာစိမ်း ဥက္ကဌလုပ်နေသာ ထို Grand National Capital ကုမ္ပဏီသည် အိမ်ရာစီမံကိန်းအတွက် ရှမ်းပြည်နယ်အစိုးရထံ ပေးသွင်းရန် အကြွေးကျပ်သန်း ၂၄၀၀ တင်ရှိနေသည်။

Grand National Capital ကုမ္ပဏီတွင် ဦးရဲမင်းဦးအနေဖြင့် တရားဝင်မပါရှိတော့သော်လည်း ကုမ္ပဏီကြွေးကျန်ကိစ္စဖြေရှင်းရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဥပဒေချုပ်၊ ဦးနန္ဒာလှမြင့်၏ မင်းကျန်စစ်ကုမ္ပဏီတို့ ယခုနှစ်ဆန်းပိုင်းက တွေ့ဆုံဆွေးနွေးရာတွင် ဦးရဲမင်းဦးကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးနေလင်းက Myanmar Now ကို ပြောကြားထားသည်။ 

NLD ပါတီဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များမှာ နိုင်ငံသားများသာဖြစ်ပြီး ကုမ္ပဏီတည်ထောင်ကာ စီးပွားရေးလုပ်ကိုင်ခွင့်ရှိသော်လည်း စီမံကိန်းများကို လျှောက်ထားရာတွင် အထူးအခွင့်အရေးများရယူခဲ့ပါက တည်ဆဲဥပဒေများနှင့် ငြိစွန်းမည်ဖြစ်ပြီး ပါတီ၏ စည်းမျဉ်းစည်းကမ်းများနှင့်လည်း မညီညွတ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

“အထူးအခွင့်အရေးများ ရနေမလားလို့ တွေးရင်တော့ Conflict of Interest ပေါ့။ အကျိုးစီးပွားအရ ဆန့်ကျင်နေမယ်လို့ သံသယရှိစရာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

သို့သော် NLD ပါတီ၏ ထိပ်သီးလွှတ်တော်ကိုယ်စားလှယ်များပါဝင်နေသည့် ရခိုင်ကမ်းရိုးတန်းဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီအနေဖြင့် ကမ်းသာယာ ကမ်းခြေဟိုတယ်ဇုန်စီမံကိန်း လုပ်ပိုင်ခွင့်ရရှိရန် ရခိုင်ပြည်နယ်အစိုးရထံတွင် ဆက်လက်လျှောက်ထားခဲ့ခြင်းမရှိသည့်အတွက် မှတ်ချက်ပေးရန် မလိုအပ်ဟု ဒေါက်တာမျိုးညွန့်က ယူဆသည်။ 

ပုဂ္ဂလိကကုမ္ပဏီများတွင် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အကျိုးစီးပွားပါဝင်နေခြင်းသည် နိုင်ငံရေးအဂတိလိုက်စားမှုဖြစ်ပြီး အာဏာရပါတီအနေဖြင့် စုံစမ်းဖော်ထုတ်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ဆိုသည်။ 

"ဒီလိုဖြစ်စဉ်မျိုးကို အစိုးရအနေနဲ့ရော အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေနဲ့ရော စောင့်ကြည့်ပြီး စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ လိုအပ်တယ်။ အာဏာပိုင်တွေနဲ့ နီးစပ်တဲ့ အာဏာရပါတီနဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တွေက ဦးဆောင်ပြီး ကုမ္ပဏီတွေထောင်မယ်၊ လုပ်ငန်းတွေ လုပ်မယ်ဆိုရင် မလျော်ကန်တဲ့ နည်းလမ်းနဲ့ အသာစီးယူတဲ့ သဘောမျိုးဖြစ်နေတယ်" ဟု ၎င်းက ပြောသည်။

အကျိုးစီးပွားပဋိပက္ခဆိုသည်မှာ အဂတိလိုက်စားမှုကျူးလွန်သည့် အဆင့်မဟုတ်သေးသော်လည်း အဂတိလိုက်စားမှုဖြစ်နိုင်ခြေရှိသည့်အတွက် အန္တရာယ်ကြီးမားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌဖြစ်သူ ဦးအောင်ကြည်က ယခုနှစ် ဇွန်လတွင် Myanmar Now ကို ပြောကြားထားသည်။ 

လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ဖွဲ့၊ လူ့အသိုက်အဝန်းတစ်ခု၏ အကျိုးစီးပွားကို အများပြည်သူအကျိုးစီးပွားထက် ဦးစားပေးဆုံးဖြတ်၊ဆောင်ရွက်ခြင်းဆိုသည့် အဂတိတရားများဖြစ်ပေါ်လာနိုင်သည့်အတွက် ဌာနဆိုင်ရာများအနေဖြင့် ပြစ်မှုကျူးလွန်ချိန်ထိ မစောင့်ဆိုင်းပဲ ကြိုတင်ကာကွယ်သင့်ကြောင်းလည်း ကော်မရှင်ဥက္ကဋ္ဌရာထူးမှ မကြာသေးမီက အနားယူခဲ့သူ ဦးအောင်ကြည်က ဆိုသည်။ 

အာဏာရပါတီအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များနှင့်အတူ ရခိုင်ကမ်းရိုးတန်းဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီတည်ထောင်ခဲ့ခြင်းနှင့် ပတ်သက်၍ ဦးရဲမင်းဦးကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading