အင်းစိန်ထောင်ရောက် နှင်းဆီပါတီဥက္ကဋ္ဌဟောင်းကို အမှုနှစ်ခုဖြင့် ထပ်မံအရေးယူထား 

နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံခဲ့ရသည့် နှင်းဆီပါတီဥက္ကဋ္ဌဟောင်း ဦးကျော်မြင့်ကို မန္တလေး ချမ်းအေးသာစံမြို့နယ်တရားရုံးက ထောင်ပြေးမှုဖြင့် ပြစ်ဒဏ်ချမှတ်ပြီးနောက် ငွေရေးကြေးရေးဆိုင်ရာဥပဒေအပါအဝင် လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့်ပါ ထပ်မံအမှုဖွင့်အရေးယူထားသော်လည်း စုံစမ်းစစ်ဆေးနေဆဲဖြစ်သောကြောင့် အဆိုပါ ဥပဒေများဖြင့် တရားစွဲဆိုနိုင်မည့် အချိန်ကိုမူ မသိရှိရသေးပေ 

သရုပ်ဖော်ပုံ - မိုးထက်လှမ်း/ Myanmar Now 

နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံခဲ့ရသည့် နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌဟောင်း ဦးကျော်မြင့်ကို ငွေရေးကြေးရေးအဖွဲ့အစည်းဥပဒေအပါအဝင် လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့်ပါ ထပ်မံအမှုဖွင့်အရေးယူထားသည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောသည်။ 

ဦးကျော်မြင့်ကို ၂၀၁၆ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ်မ ၁၇၁ တို့ဖြင့် အမှုဖွင့် စစ်ဆေးနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟက ပြောသည်။

နှင်းဆီပါဥက္ကဋ္ဌဟောင်းကို ထောင်ပြေးမှုအတွက် မန္တလေး ချမ်းအေးသာစံမြို့နယ်တရားရုံးက နိုဝင်ဘာ ၁၂ ရက်တွင် အမိန့်ချခဲ့ပြီးနောက် လဝကဥပဒေဖြင့် ဆက်လက်အရေးယူ ဒီဇင်ဘာလဆန်းပိုင်းတွင် ရန်ကုန် အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ 

ထို့နောက် ငွေရေးကြေးရေးဆိုင်ရာဥပဒေများဖြင့် အရေးယူနိုင်ရန် အထူးစုံစမ်းစစ်ရေးဦးစီးဌာနက တရားလိုပြုလုပ်ပြီး လှိုင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။ 

"စသုံးလုံးက စစ်တာ။ အကုန်လုံး စသုံးလုံးကပဲ။ တရားလိုလုပ်တော့လည်း သူတို့ပဲ။ အမှုစစ်တော့လည်း သူတို့ပဲ။ ကျွန်တော်တို့က အမှုဖွင့်ပေးလိုက်ရတာပဲရှိတာ။ နိုဝင်ဘာလကုန်ပိုင်းက အမှုဖွင့်သွားတာ" ဟု လှိုင်မြို့နယ်စခန်းမှူး ဦးဉာဏ်ထွန်းက Myanmar Now ကို ပြောသည်။ 

ငွေရေးကြေးရေးအဖွဲ့အစည်းဥပဒေအရ ဗဟိုဘဏ်မှထုတ်ပေးထားသော ခွင့်ပြုချက်လက်မှတ်မရှိဘဲ ငွေရေးကြေးရေးအဖွဲ့အစည်းအဖြစ် ထူထောင်လုပ်ကိုင်ခြင်း၊ အပ်နှံငွေလက်ခံခြင်းပြုလုပ်ပါက ငါးနှစ်ထက် မပိုသည့် ထောင်ဒဏ်နှင့် ဒဏ်ငွေ ကျပ်သန်း ၅၀၀ ချမှတ်နိုင်သည်။ 

ဦးကျော်မြင့်၏ နောက်ကြောင်းရာဇဝင်ကို နိုင်ငံတော်အဆင့် သီးသန့်အဖွဲ့ဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာတွင် ပထမအသုတ်စစ်ဆေးမှုတွင် ပြည်တွင်းပိုင်ဆိုင်မှု ကျပ် ၂၃ ဘီလျံ၊ တရုတ်နိုင်ငံမှ လွှဲငွေ ၁၆ ဘီလျံ တွေ့ရှိခဲ့ပြီး၊ ဒုတိယအသုတ်တွင် ငွေကျပ် ၁၈ ဘီလျံနှင့် တရုတ်နိုင်ငံမှလွှဲငွေ ၁၁ ဘီလျံ ထပ်မံထုတ်ဖော်နိုင်ခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးက အေက်တိုဘာလအတွင်း သတင်းထုတ်ပြန်ခဲ့သည်။ 

သိမ်းဆည်းရမိသည့် ငွေကြေးများတွင် ဝင်ငွေရလမ်းမဖော်ပြနိုင်သည့် ငွေကြေးများပါဝင်သည့်အတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေများဖြင့်ပါ ထပ်မံအရေးယူရန်ရှိကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားခဲ့သည်။ 

ရန်ကုန် အင်းစိန်ထောင်ရောက် ဦးကျော်မြင့်ကို ၎င်းနေထိုင်ခဲ့ရာ လှိုင်သာယာမြို့နယ်တွင်လည်း လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အမှုဖွင့်ထားပြီး လှိုင်သာယာမြို့နယ် (အရှေ့ပိုင်း) ရဲတပ်ဖွဲ့မှူး၊ ရဲမှူးဝင်းဘိုဦးက “ဥပဒေအကြံတောင်း တင်ထားတယ်။ ပြန်ကျလာရင် တရားစွဲမယ်” ဟု ပြောသည်။ 

ဦးကျော်မြင့်ကို အောက်တိုဘာလတွင် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်တရားရုံး၌ လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် တရားစွဲဆိုခဲ့သော်လည်း ၎င်းနေထိုင်ရာမြို့နယ် (သို့မဟုတ်) ပြန်လည်ဝင်ရောက်လာသည့်မြို့နယ်တွင်သာ စွဲဆိုနိုင်မည်ဖြစ်ကြောင်း မြို့နယ်တရားသူကြီးက ဆုံးဖြတ်ခဲ့သည်။ 

ထောင်ပြေးမှုဖြင့် ဖမ်းဆီးအရေးယူခံခဲ့ရသည့် နှင်းဆီပါတီဥက္ကဋ္ဌဟောင်းကို လှိုင်သာယာမြို့နယ်နှင့် လှိုင်မြို့နယ်တွင် လဝကဥပ‌ဒေ၊ ငွေရေးကြေးရေးဥပဒေများဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး တရားစွဲဆိုတင်ပို့မည့်အချိန်ကိုမူ မသိရှိရသေးပေ။ 

ဦးကျော်မြင့်ကို လှိုင်သာယာမြို့နယ် ပန်းလှိုင်အိမ်ရာရှိ နေအိမ်တွင် စက်တင်ဘာ ၂၉ ရက် ညပိုင်းက ဖမ်းဆီးခဲ့ပြီး ၎င်းထွက်ပြေးခဲ့ရာ မန္တလေးအိုးဘိုထောင်သို့ ညတွင်းချင်းပို့ဆောင်ခဲ့သည်။ ချမ်းအေးသာစံမြို့နယ်တရားရုံးတွင် ထောင်ပြေးမှု ရာဇသတ်ကြီးပုဒ်မ ၂၂၄ ဖြင့် တရားစွဲဆိုပြီး ၄၁ ရက်အကြာ နိုဝင်ဘာ ၁၂ တွင် ထောင်ဒဏ် ၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ဦးကျော်မြင့်အနေဖြင့် ထောင်ကြွေးကျန်နှစ်များပါ တစ်‌ပေါင်းတစ်စည်းတည်း ကျခံရမည်ဖြစ်သည်။ 

'ဝ' တပ်ဖွဲ့နှင့် ဆက်စပ်သည်ဆိုသော မြန်မာကျုံယွမ်ကုမ္ပဏီကို တည်ထောင်လုပ်ကိုင်ခဲ့သူ ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်ဟွာဟူသည် ၁၉၉၈ ခုနှစ်တွင် မြန်မာကုမ္ပဏီများအက်ဥပဒေချိုးဖောက်မှု၊ ငွေကြေးမသမာမှုဖြင့် ဖမ်းဆီးထိန်းသိမ်းပြီး ထောင်ဒဏ် ၉ နှစ် ချမှတ်ခံခဲ့ရသည်။ 

မန္တလေး အိုးဘိုထောင်၌ ထောင်ဒဏ်ကျခံနေစဉ် ၁၉၉၉ ခုနှစ်တွင် ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ထို့နောက် အမေရိကန်နှင့် ကနေဒါနိုင်ငံတို့တွင် ခိုလှုံခဲ့ပြီး ၂၀၀၇ ခုနှစ် နှင်းဆီပါတီခေါ် ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို တည်ထောင်ခဲ့သည်။ 

၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်ဝင်ရောက်လာပြီးနောက် ပါတီဥက္ကဋ္ဌအဖြစ် ရပ်တည်ခဲ့ပြီး မြန်မာကျော်အမည်ရ ကုမ္ပဏီများတည်ထောင်ကာ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ဦးကျော်မြင့်၏ ပါတီသည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်မရှိခဲ့ပေ။

၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း တစ်ထောင်ကျော်ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်အဖမ်းခံရပြီးနောက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် ငြိစွန်းသည့် နှင်းဆီပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းခဲ့ရာ ပါတီကိုယ်စားလှယ်လောင်းများလည်း ရွေးကောက်ခံပိုင်ခွင့်ဆုံးရှုံးခဲ့သည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading