အကျဉ်းထောင်မှ အောက်ခြေဝန်ထမ်းများ၏ လွတ်ရက် တွက်ချက်မှုမှားယွင်းခြင်းကြောင့် ယနေ့မလွတ်မြောက်နိုင်သေးဘဲ ဆက်လက်ထိန်းသိမ်းထားမည်ဟု အင်းစိန်ထောင်မှူးကဆိုသည်။
ရန်ကုန် - ထောင်ဝန်ထမ်းများ၏ လျှော့ရက်တွက်ချက်မှု မှားယွင်းခဲ့ခြင်းကြောင့် ဒုရဲမှူးဟောင်းမိုးရန်နိုင် ယနေ့လွတ်မြောက်မည်ဟု ပြောကြားခဲ့မိခြင်းဖြစ်ကြောင်း ရန်ကုန် အင်းစိန်အကျဉ်းထောင်မှူးကပြောသည်။
“ကျွန်တော်တို့ အောက်ခြေဝန်ထမ်းတွေ တွက်တာမှားသွားလို့ ၂ လပိုင်းမှလွတ်မှာကို ၁ လပိုင်းလွတ်မယ်လို့ ပြောလိုက်မိတာပါ။ သေချာတာကတော့ ကျွန်တော်တို့က သူ့ကို ဥပဒေပါ ခံစားခွင့်တွေ မနစ်နာအောင် လုပ်ဆောင်ပေးထားပါတယ်။ လျှော့ရက်တွက်တာမှာလည်း ၃ လတကြိမ်လျှော့ရက်နဲ့ အထူးလျှော့ရက်တွေဆိုတာ ရှိပါတယ်။ အကျဉ်းထောင်ထဲကို ဝင်တဲ့ရက်ကတည်းက စတွက်တာပါ။ ဒါပေမဲ့ အကျဉ်းသားတစ်ဦးနဲ့တစ်ဦးကတော့ လျှော့ရက်မတူကြပါဘူး။ တစ်ယောက်ကို ဘယ်လောက်ဆိုတာ ပုံသေတော့မရှိပါဘူး။ သူ့စတင်အကျဉ်းကျတဲ့လပေါ်မူတည်ပြီး တွက်ရတာပါ”ဟု အင်းစိန်ထောင်မှူး ဦးဇော်ဇော်က ပြောသည်။

၂၀၁၈ ဧပြီလအတွင်းက ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် ထောင် ၁ နှစ် ချခံခဲ့ရသည့် ရဲအရာရှိဟောင်းသည် ၂၀၁၉ ဇန်နဝါရီ ၂ တွင် ပြန်လွတ်မည်ဟု ထောင်အရာရှိများက ပြောကြားခဲ့ပြီးနောက် လာရောက်ကြိုဆိုရန် သူ၏မိသားစုများအား အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ဦးမိုးရန်နိုင် ထိန်းသိမ်းခံခဲ့ရပြီးနောက် နေပြည်တော်ရှိ ရဲလိုင်းခန်းမှ ဖယ်ရှားပေးခဲ့ရပြီး လက်ရှိတွင် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် နေထိုင်နေရသည့် ၎င်း၏မိသားစုဝင်များသည် နေအိမ်မှ မိုင် ၄၅၀ ကျော်ဝေးသည့် ရန်ကုန်သို့ လာရောက်စောင့်ဆိုင်းခဲ့ကြသည်။


စည်းကမ်းကြီးလှသည့် အင်းစိန်ထောင်လိုမျိုးက ရက်တွက်မှားယွင်းခဲ့သည်ဟု ပြောဆိုခဲ့သည်ကို ဘဝင်မကျကြောင်း ကိုမိုးရန်နိုင်၏ ညီ ကိုရဲဝင့်နိုင်က ပြောသည်။
“ကျွန်တော်ပြောလိုတာက ဒီလိုမျိုးထောင်ကြီးက ရက်အတွက်အချက် မှားတယ်ဆိုတာ မဖြစ်သင့်တဲ့အရာပဲ။ ကျွန်တော်တို့ မိသားစုတွေက လွတ်မယ့်ရက်ကို စောင့်မျှော်နေကြရတာ” ဟု သူကဆိုသည်။


ဒုရဲမှူးဟောင်းမိုးရန်နိုင်သည် ရိုက်တာ (Reuters) သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို လုံခြုံရေးတပ်ဖွဲ့များက ထောင်ဖမ်းခဲ့သည့်အကြောင်း အသေးစိတ်ကို တရားရုံးတွင် ဖွင့်ချခဲ့သူဖြစ်သည်။ ဦးမိုးရန်နိုင်၏ထွက်ချက်ရှိသည့်ကြားမှ သတင်းထောက်နှစ်ယောက်သည် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေအရ ထောင်ဒဏ် ခုနစ်နှစ်စီ အပြစ်ပေးခံ ခဲ့ရသည်။
ဦးမိုးရန်နိုင်ကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ပေးသည့် ဦးဝင်းတင်ဖောင်ဒေးရှင်းမှ ဂုဏ်ပြုခဲ့သလို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဂုဏ်ပြုဆုကို PEN Myanmar ကလည်း ပေးအပ်ခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












