ရင်နင့်ဖွယ် ကိုဗစ်ဇာတ်လမ်းတစ်ပုဒ်ရဲ့ ပျော်ရွှင်ဖွယ် အဆုံးသတ်

ကျွန်တော်သည် ကိုဗစ်ကပ်ဘေးကြီးထဲ အဖိုးအိုတစ်ယောက် ပြတင်းပေါက်တွင်ထိုင်၍ လမ်းမကို ငေးနေသည့် အကြောင်းကို ကဗျာစီးရီးများ ရေးသားခဲ့ရာ ပြတင်းပေါက်က အဖိုးအိုကို လူနာတင်ကားဖြင့် လာခေါ်သွားတော့ ထိုကဗျာများကို နိမိတ်ဟု မယူဆခဲ့ပေ။ စားပွဲပေါ်က တစ်လုံးတည်းသော ကြွေပန်းကန်လုံးကို ကျွန်တော်၏ အစ်ကိုက ရေနွေးအိုးဖြင့် တိုက်ချ၍ ကျကွဲသွားသော်မှ ကျနော်သည် နိမိတ်ဟု မယူဆသေးပေ။ ပီပီအီးဝတ်စုံဖြူဝတ်များက အဖေ့ကို အဖျားတိုင်း၊ အောက်ဆီဂျင်တိုင်းပြီး ကားပေါ်တင်ခေါ်သွားသည်။ အဖေနှင့်အတူ အစ်မငယ်လည်း ပါသွားသည်။ အဖိုးအို ဖျားနေခဲ့သည်မှာ တစ်ပတ်နီးပါးရှိပြီ။ သူကတော့ သူ့ကိုယ်သူ ကိုဗစ်မဟုတ်ပါဘူးဟု ခိုင်မာနေသည်။ အဖျား နှစ်ရက် သုံးရက်ကြာတော့ အဖိုးအိုခမြာ ငါးပိထောင်းဘူးကို နမ်းကြည့်သော်လည်း အနံ့မရတော့။ အဖိုးအိုသည် မိုးဖွဲဖွဲတွင် အပြင်သို့ လှစ်ခနဲ ထွက်ထွက်သွားတတ်သည်။ အနေအထိုင် မဆင်ခြင်သောကြောင့် အရင်ကလည်း ခဏခဏ ဖျားတတ်သည်။ သို့သော် ဆေးသောက်လျှင် ပျောက်သွားတတ်သည်သာ။

ယခုအဖျားက ကျလိုက် တက်လိုက်ဖြင့် တာရှည်နေသည်။ အနံ့ပြင်းသည့် ငါးပိထောင်းကိုပင် အနံ့မရဟုဆိုတော့ အစ်မငယ်က သံသယဝင်လာသည်။ ထိုတစ်ည၏ ဖုန်းသံများမှာ သွေးပျက်ခြောက်ချားစရာ ကောင်းသည်။ ည ၉နာရီလောက်ကျ ဆေးရုံက အစ်မငယ်၏ ဖုန်းဝင်လာလေသည်။ ပြတင်းပေါက်က အဖိုးအို ကိုဗစ်ရှိကြောင်းအဖြေထွက်သတဲ့။  အဖေက ပေါ့စတစ်တဲ့။ ထိုစကားလုံးသည် ပတ်ဝန်းကျင်နှင့် ကျနော်တို့ မိသားစုကလေးကို စည်းသားခြားနားလိုက်သည်။ ပိုးသည် မည်သူနှင့် ကပ်ညှိလိုက်ပါလာသည်မသိ။ အင်အားအနည်းဆုံးလူတွင် စပေါ်လာလေပြီ။ ဘာတွေ ဆက်ဖြစ်ဦးမလဲဟူသော အတွေးဖြင့် ကျနော် တစ်ညလုံး အိပ်မပျော်။ စိတ်အစိုင်အခဲသည် ပြိုကွဲပြီးရင်း ပြိုကွဲနေလေသည်။ ကျနော်တို့ တစ်မိသားစုလုံး ရောဂါခြေချုပ်စခန်း ဝင်ရမည်။

ထိုမတိုင်မီတွင် အိမ်ကို လော့ဒေါင်းလာချမည်။ ရဲစည်း မဖြတ်ကျော်ရဟူသော တိပ်ကြိုးဝါကြီး လာချည်လိမ့်မည်။ ကျနော်တို့ လူးလွန့်နိုင်သမျှမှာ ပေအစိတ် ပေလေးဆယ် မြေကွက် အကျယ်ကလေးက ခွင့်ပြုသလောက်သာ ဖြစ်သည်။ အဖေကရော ပြန်လာနိုင်ဦးပါ့မလား။ မိသားစု တကွဲတပြားနှင့် မပွန်းမပဲ့ စုံစုံညီညီမှ ပြန်ဆုံနိုင်ပါဦးမလား။ အဖေက ပန်းနာရင်ကျပ် အဆုပ်ရောဂါအခံရှိသည်။ အသက်လည်း ကြီးလှပြီ။ ကိုဗစ်ကို တွန်းလှန်နိုင်ပါ့မလား။ ကျနော်တို့ညီအစ်ကိုနှင့် အစ်မကြီးကလည်း ဆီးချို၊ သွေးတိုး ရောဂါအခံများ ရှိကြသည်။ ကျနော်တို့ ပေါ့စတစ်ဖြစ်လာခဲ့ရင်ကော ခံနိုင်ရည်ရှိကြပါ့မလား။ ကျနော်တို့ မိသားစုလေး မပွန်းမပဲ့ ပြန်ဆုံကြမှာပါနောလို့ အစ်မကြီးကို အားကိုးတကြီးမေးတော့ ဆုံရမှာပေါ့ ဘာမှမဖြစ်ဘူးဟု အားပေးသည်။ သို့နှင့်တိုင် ကျနော်သည် ဘာကိုမှ ယုံကြည်လို့ မရနိုင်ပဲ ဖြစ်နေသည်။ ကျနော်တို့ ဘယ်လို မကောင်းမှုတွေများ ကျူးလွန်ခဲ့လို့လဲဟု ကံကြမ္မာကို ထပ်ဖန်တလဲလဲ မေးခွန်းထုတ်နေမိသည်။

သူစိမ်းသူကျက်၊ လူဆိုးလူကောင်းမရွေး ထိတွေ့မိသူမှန်သမျှကို ကူးစက်တတတ်သည့် ဗိုင်းရပ်စ်၏ သဘာဝကို ကျွန်တော် မေ့နေသည်။ ကျွန်တော်က စာရေးသည် ဘာသာပြန်သည်၊ အရင်က အယ်ဒီတာလုပ်ခဲ့သည်။ ထိုက်တန်သည့် စာမူခ၊ လစာကိုသာ စားရသည်။ ကျနော့်အစ်ကိုက မုန့်လုပ်သည် တန်ရာတန်ကြေး ရောင်းချသည့် အမြတ်ကိုသာရသည်။ အစ်မကြီးက ဆေးဆိုင်ဖွင့်သည် သူလိုငါလို တန်ရာတန်ကြေး အမြတ်ကိုသာ တင်ရောင်းခဲ့သည်။ အစ်မငယ်က ဆေးဝါးစက်ရုံတွင်လုပ်သည်။ အစိုးရကပေးသည့် လစာမှအပ တခြား လာဘ်လာဘကို မရ မယူခဲ့။ ကျွန်တော်သည် ထီမထိုး ကံကြမ္မာကို မယုံမပုံခဲ့လင့်ကစား၊ မှန်ကန်သော အသက်မွေးမှု သမ္မာအာဇီဝကြောင့် အတုန့်အလှည့် မျက်နှာသာပေးမှု အထူးအခွင့်အရေးကို မျှော်လင့်နေခဲ့ပုံရပါသည်။ ကျနော်တို့၏ လုပ်ရပ်များတွင် တစ်စုံတစ်ရာ အာမခံချက်ရှိလိမ့်မည်ဟု ထင်မြင်မျှော်လင့်နေခဲ့သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ယုတ်ညံ့သည်ဖြစ်စေ၊ မွန်မြတ်သည်ဖြစ်စေ ကျွန်တော်တို့၏ လုပ်ရပ်များတွင် လတ်တလော အကျိုးရလဒ်များသာ ရှိပြီး ပလပ်ချမ်းသာခွင့်ဟူသော အာမခံချက်တော့ ရှိမနေပါပေ။ နင့်တစ်ခါလွှတ်၊ ငါ့ ဆယ်ခါလွှတ်သည် မဖြစ်နိုင်ပေ။ သူတောင်းစားတစ်ယောက်၏ ခွက်ထဲသို့ ၂၀၀ တန်တစ်ရွက် ထည့်ပေးလိုက်လျှင် သူတောင်းစားသည် ၂၀၀တန် တစ်ခုခုကို ဝယ်ယူနိုင်ခြင်းတည်းဟူသော လတ်တလော ရလဒ်က လွဲ၍ အခြားတစ်ပါးသော မျက်နှာသာပေးခံရမှုသည် မရှိနိုင်ပေ။

မနက်ရောက်တော့ ပြတင်းပေါက်က အဖိုးအိုကို ရန်ကုန် လှည်းကူးမြို.ရှိဖောင်ကြီး ကုသရေးစင်တာသို့ ခေါ်ဆောင်သွားကြသည်။ ပြုစုဖို့လိုက်သွားသော အစ်မငယ်သည် ဆေးရုံကြီးမှ သံသယလူနာများ ထားသည့်အခန်းထဲတွင် တဝဲလည်လည်ဖြစ် ကျန်နေရစ်ခဲ့သည်။ ကျနော်တို့က အိမ်ထဲတွင် ပိတ်မိနေသည်။ ခြံအပြင်မျှ ထွက်ခွင့်မရတော့။ အဖိုးအိုနှင့် အဆက်သွယ်မရ၊ အစ်မငယ်က လူနာဆောင်ထဲတွင် ပိတ်မိနေသည်။ အဖိုးအိုက အဖေတော့ ပြန်လာနိုင်တော့မယ်မထင်ဘူးဟု ပြောသွားသည်ဟု ဆိုပါသည်။ အဖေ့ဆီ လိုက်မသွားနိုင်တော့ လူနာဆောင်ထဲ ပိတ်မိနေသည့် အစ်မငယ်ကို ပြန်ထုတ်ဖို့ အရင် ကြိုးစားကြရ၏။ အိမ်ရှေ့ခြံတံခါးမှာ တဒုံးဒုံးတဒိုင်းဒိုင်း အသံများကို ကြားရသည်။

ရဲစည်း မဖြတ်ကျော်ရဟူသော ကြိုးဝါကြီး လာတားနေကြခြင်းပင်ဖြစ်သည်။ ဖုန်းထဲမှာ မောဟိုက်နေသည့် အဖေ့အသံကို ကြားရသည်။ ငါ အိတ်တွေ မသယ်နိုင်ဘူးဟတဲ့။ အဖေသည် ကျနော်တို့ကို ပြောနေခြင်းမဟုတ်။ ဖုန်းဖွင့်လျှက်သားနှင့် လူနာတင်ကားပေါ်က ဆင်းနေခြင်းဖြစ်နိုင်ပါသည်။ တလျှောက်လုံး သားသမီးများ၏ အပြုစုဖြင့် နေထိုင်လာခဲ့သော ပြတင်းပေါက်က အဖိုးအိုသည် ယခု အရာရာကို တစ်ယောက်တည်း မိမိဖာသာ လုပ်ဆောင်ရတော့မည်။ ခြေတုန် လက်တုန်ဖြင့် မောလည်းမောတတ်သော အဖိုးအိုအဖို့ ရင်ဆိုင်ရမည့် လောကဓံတရားသည် ဝန်နှင့်အား မမျှအောင် ကြီးလွန်းနေသည်။ အဖေ ပြန်လာနိုင်မယ် မထင်တော့ဘူးတဲ့။ ကျနော်တို့ ကိုယ်စီ မျက်ရည်များ စို့လျှက်ကပင် တစ်ယောက်ကို တစ်ယောက် အားပေးနေကြသည်။ ဒီရောဂါဖြစ်ရင် ဒီလမ်းကို သွားကြရမှာ ကျနော်တို့ အဖေ့ကို စွန့်ပစ်တာမဟုတ်ဘူးဟု လိပ်ပြာမသန့်စိတ်ကို ငြင်းဆန်ခုခံနေကြသည်။

ဘေးအိမ်က ရပ်ကွက်လူကြီး၏ အကူအညီ၊ လွှတ်တော်အမတ်၏ ဖေးမမှုဖြင့် အစ်မငယ်ကို သံသယလူနာဆောင်ထဲမှ လူနာတင်ကားဖြင့် ပြန်ထုတ်လာနိုင်တော့ အမေမှလွဲ၍ မိသားစုလေး လူစုံတက်စုံ ပြန်လည်ပေါင်းစည်းနိုင်သည်ကိုပင် အဆိုးထဲမှ အကောင်းအဖြစ် ဝမ်းသာနေကြရသေးသည်။ ကျနော်တို့ တစုတစည်းတည်း ရင်ဆိုင်လိုသည်။ ကွေကွင်းဖို့ အကြောင်းဖန်လာတော့မှ ကျနော်တို့သည် တစ်ယောက်နှင့် တစ်ယောက် နီးနိုင်သမျှ နီးကပ်လိုနေကြသည်။ ကျနော်တို့သည် ပေါ့စတစ်လား၊ နက်ဂတစ်လားမသိ၊ ရောဂါလက္ခဏာလည်း ပြမလာသေးသောကြောင့် ကိုဗစ်၏ ကာယိက ဝေဒနာကို မခံစားရသေးသော်လည်း ကွေကွင်းခြင်း၊ ဖယ်ကြဉ်ခြင်းတည်းဟူသော စေတသိကဝေဒနာများကိုကား စူးစူးနစ်နစ် ခံစားနေကြရပြီဖြစ်သည်။ တချို့လူတွေ ကိုဗစ်ရောဂါလက္ခဏာများကို ခံစားနေကြရသော်လည်း ဘာ့ကြောင့် ဖုံးကွယ်ထားသည်၊ ကြိတ်၍ ကုစားနေရသည်ကို နားလည် စာနာနိုင်သလို ရှိလာသည်။ အထီးကျန်မှုဒဏ်၊ လူ့အဖွဲ့အစည်း လူ့အသိုင်းအဝိုင်းမှ ကြဉ်ပသည့်ဒဏ်ကို မခံနိုင်သောကြောင့် ဖြစ်တန်ရာပါသည်။

ပထမ မိသားစုထဲတွင် ခွဲခြားကြဉ်ဖယ်ခံရသည်။ နောက်တော့ ပတ်ဝန်းကျင်တွင် ဖယ်ကြဉ်ခံရသည်။ သာမန်အချိန်တွင် ပုဂ္ဂလဝိသေသဂုဏ်ရည်ကို ထူထောင်ခြားနားလိုခဲ့သော လူသည် ကူးစက်ရောဂါဖြစ်ပွားနေပြီး ခွာကြဉ်မှုများ မင်းမူနေချိန်တွင်မူ အဖွဲ့အစည်းအသိုက်အဝန်းနှင့် စည်းနှောင်ထားသော သူလိုကိုယ်လိုလူတစ်ယောက်အဖြစ်ကို တောင့်တလာသည်။ သူတော်စင် မာသာထရီဇာကတော့ အထီးကျန်မှုဟာ အဆိုးတကာ့အဆိုးဆုံး ဆင်းရဲမွဲတေမှုဟု ပြောခဲ့သည်။ မိမိ၏ ခန္ဒာကိုယ်ကို မထိရဲမကိုင်ရဲ သေလျှင်ပင် အထီးကျန်ရသော အဖြစ်ဆိုးကို မည်သူသည် ရင်ဆိုင်ချင်ပါအံ့နည်း။ သို့ရာတွင် ကမ္ဘာပျက်နေ ဆူပွက်နေမှ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုသော လူစားမျိုးလည်း အမှန်တကယ် ရှိနေပါသည်။

ထိုလူစားမျိုးသည် လိပ်ပြာမသန့်စရာ ဖောက်ပြန်မှုတစ်ခုခုကို ကျူးလွန်ထားပြီး သာမန်အချိန်တွင် လူထဲသူထဲတွင် မျက်နှာမပြဝံ့သည့် လူစားမျိုးပင်ဖြစ်သည်။ ကပ်ဘေးလို အန္တရာယ်ခြိမ်းခြောက်မှုတစ်ခုခုအောက်တွင်တော့ လူတွေက သူ့အကြောင်းကို မေ့ထားကြ၍ သူသည်လည်း သာမန်လူတစ်ယောက်လို နေထိုင်ခွင့်ကိုရသည်။ ပြင်သစ်စာရေးဆရာကြီး အဲလ်ဘတ် ကမူး (Albert Camus) ၏ ပလိပ် (The Plague) ဝတ္ထုထဲက (Cottard) ကော့တက်စ်လို စိတ်ထားမျိုးဖြစ်သည်။ ကော့တက်စ်သည် သာမန်အချိန်တွင် အခန်းအောင်းနေ၍ အပြင်ထွက်လျှင်လည်း ကျီးလန့်စာစားဖြစ်နေတတ်သော်လည်း အိုးရန်မြို့ပေါ် ပလိပ်ကပ်ဘေးကြီး ကျရောက်နေချိန်တွင်မူ ဥပဒေ၏ အာဏာစက်လည်း လျော့ရဲသွားသည်က တစ်ကြောင်း၊ လူတို့၏ တစ်ဦးကို တစ်ဦးစပ်စုမှုသည်လည်း မှိန်ဖျော့သွားသည်လည်းတစ်ကြောင်းကြောင့် ကော့တက်စ်သည် သူသည် ကပ်ဘေးကြီးကို မပြီးစေချင်။

ဖေ့စ်ဘုတ်ပေါ်တွင်မူ အိုမင်းမစွမ်းသည့် ဖခင်ကြီး ကိုဗစ်ကူးစက်ခံလိုက်ရတော့ ဖခင်ကြီးကို တစ်ယောက်တည်းမလွှတ်လိုသည့် သားက ကိုယ်တိုင် ကူးစက်မခံရသော်လည်း လက်မှတ်ထိုးပြီး ဖခင်ကြီးနှင့် လိုက်သွားသည့်အကြောင်းကို ဖတ်ရသည်။ ပြတင်းပေါက်က အဖိုးအိုကို စောင့်ကြည့်ကုသပေးနေသည့် ဆရာဝန်က ဖုန်းဆက်လာသည်။ အဖိုးအိုက အရမ်းအားငယ်နေတယ်၊ အိမ်သားထဲက တစ်ယောက်ယောက် ပေါ့စတစ်ပေါ်တာနဲ့ သူ့ကို ဆက်သွယ်ပြီး အမြန်ဆုံး လိုက်လာခဲ့ပါတဲ့။ ထိုစကားသည် ပိတ်လှောင်အကျဉ်းကျနေသည့် အိမ်ထဲမှ ထွက်သွားသည့်အခါ ကြားခံအကျိုးဆောင်ပေးသူများမှတစ်ဆင့် ဖောင်ကြီးဆရာဝန်က လိုက်လာဖို့ ခေါ်သည်ဟု ဖြစ်သွားသည်။ အဖေ့ကိုပြုစုနေသည့် အစ်မငယ်က သူကိုယ်တိုင် ပေါ့စတစ်လား နက်ဂတစ်လား မသေချာသေးသော်လည်း အကူးခံကာ အဖေ့ကို လိုက်ပြုစုဖို့ ပြင်သည်။ မိသားစု၏ ဆန္ဒမှာ ပြတင်းပေါက်က အဖိုးအို တိမ်းပါးသွားခဲ့ဦးတော့ သားသမီးတစ်ယောက်ယောက်၏ လက်ထဲတွင် နွေးထွေးနှစ်သိမ့်မှုကို ရသွားစေချင်သည်။ အထီးမကျန်စေလို။ ကျနော်တို့သည် ကိုဗစ်ကာကွယ်ရေး ဥပဒေကို မစဉ်းစားမိကြ။

တစ်ယောက်တည်း အားငယ်နေမည့် အဖေ့မျက်နှာကိုသာ မြင်နေကြသည်။ လော့ဒေါင်းချထားသည့် အိမ်ထဲမှ လူတစ်ယောက် အပြင်ထွက်ခြင်းမှာ ကိုဗစ်ကာကွယ်ရေး ဥပဒေနှင့် ငြိစွန်းနေပါသည်။ သို့နှင့်တိုင် အစ်မငယ်သည် လူနာတင်ကားနှင့် လိုက်သွားသည်။ ကျနော်တို့သည် အနည်းဆုံးတော့ ပြတင်းပေါက်က အဖိုးအိုသည် သားသမီးတစ်ယောက်နှင့် ပေါင်းစည်းနိုင်ပြီဟု စိတ်အေးနေကြသည်။ သို့ရာတွင် အစ်မငယ်သည် အဆောင်ဝမှသာ လှည့်ပြန်လာခဲ့ရပါသည်။ ပေါ့စတစ်မဟုတ်လျှင် လက်မှတ်ထိုး၍လည်း လိုက်လာခွင့်မရှိ၊ ဘယ်သူက လွှတ်လိုက်တာလဲ တရားစွဲမည်ဟုပင် ဆရာဝန်က ဒေါသတကြီး အော်ဟစ်သည်ဟု ဆိုပါသည်။ ဤနေရာတွင် ကူးစက်ရောဂါ၏ သဘာဝအရ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မပျံ့ပွားရေးဟူသော လက်တွေ့ကျသောမူအပေါ်တွင်သာ အခြေစိုက်ထားရသောကြောင့် တစ်ဦးချင်း တစ်မိသားစုချင်း၏ ခံစားချက်များကို ထည့်သွင်း စဉ်းစားနိုင်ခြင်းမရှိပါ။ သူတို့အနေဖြင့် လူတစ်ယောက်အကူးခံရလျှင် ထိုတစ်ယောက်တည်းကိုသာ ရင်း၍ နောက်တစ်ယောက်ကို မကူးစက်ရေးက အဓိကဖြစ်ပါသည်။ ထိုခံစားချက်ကြောင့်ပင်လျှင် ပြတင်းပေါက်က အဖိုးအို ကိုဗစ် ကူးစက်ခံနေရကြောင်း သံသယဝင်စရာ အကြောင်းများ ရှိလာသော်မှ ကျနော်တို့သည် သူ့ကို ကင်းကင်းကွာကွာ မနေနိုင်ကြ။ ကူးလိုက ကူးစေတော့ဟူသော သဘောထားဖြင့် ပြုစုကြသည်။

ကူးစက်ရောဂါသည် မိသားစုထဲတွင်ပင်လျှင် အသေးဆုံးယူနစ် တစ်သီးပုဂ္ဂလတစ်ဦးချင်းအထိ လိုက်လံ ခြားနားစည်းသားနေသော်လည်း စိမ်းကားကင်းကွာရန် လိုအပ်ချက်သည် ခံစားချက်ကို မလွှမ်းမိုးနိုင်သေးပေ။ ကျနော်တို့သည် ကိုဗစ်တည်းဟူသော ကာယိကဝေဒနာကို မခံစားရသေးသော်လည်း ကွေကွင်းခြင်း၊ ကြဉ်ပခံရခြင်း၊ မတတ်သာ၍ ပေလျာရကံသဘောထားရခြင်းတည်းဟူသော စေတသိဝေဒနာများကိုကား တနင့်တပိုးကြီး ခံစားခဲ့ကြရပြီဖြစ်သည်။ ရင်နင့်စရာ ဇာတ်လမ်း tragedy တစ်ပုဒ်တွင် ပျော်ရွှင်ဖွယ် ဇာတ်သိမ်းရှိနိုင်ပါ့မလား။ အံ့သြစရာတော့ ကောင်းပါသည်။ မျက်ရည်နှင့် ငိုကြွေးသံများကြားထဲတွင် ပျော်ရွှင်မှုသည် ပုံစံတစ်မျိုးဖြင့် ဒွေးရောယှက်တင်ရှိနေခဲ့သည်။ ပြတင်းပေါက်က အဖိုးအိုကို ဖောင်ကြီး ခေါ်သွားကြတော့ ဆေးရုံကြီး သံသယလူနာဆောင်ထဲ ပိတ်မိနေသည့် အစ်မငယ် လော့ဒေါင်းပိတ်မိနေသည့် အိမ်ထဲမှ ကျနော်တို့က အဆက်အသွယ်အသိုင်းအဝိုင်းများဖြင့် အပြင်ထုတ်ဖို့ ကြိုးစားခဲ့ရာ သူမထွက်လာနိုင်ပြီး မိသားစုနှင့် ပေါင်းစည်းလာနိုင်တော့ ကျနော်တို့ ပျော်ခဲ့ရသည်။ အဖိုးအိုကို တာဝန်ယူကုသနေသည့် ဆရာဝန်က ဖုန်းဆက်လာတော့ အနည်းဆုံးတော့ အဖေသည် စောင့်ရှောက်မှုကို ရနေပြီဟု ကျနော်တို့ ပျော်ခဲ့ရသည်။ ကျနော်တို့ ပေါ့စတစ်ဖြစ်လျှင် ပြတင်းပေါက်က အဖိုးအိုနှင့် သွားရောက်ပေါင်းစည်း၍ သူ့ကို ပြုစုနိုင်မည်။ ပေါ့စတစ်ဖြစ်ခြင်းတွင် မျှော်လင့်ချက်ရှိနေသည်။ ရင်နင့်စရာဇာတ်လမ်းတစ်ပုဒ်ထဲတွင်ပင် မျက်ရည်စများနှင့် ငိုသံများကြား မျှော်လင့်ချက်သည် သူ့နည်းသူဟန်ဖြင့် လင်းလက်နေခဲ့ပါသည်။

အစ်မငယ်သည် ပေါ့စတစ်မဟုတ်ပါဘဲ ဖောင်ကြီး လူနာဆောင်အဝအထိ ရောက်သွားသောကြောင့် ကျန်းမာရေးအာဏာပိုင်များနှင့် မြို့နယ်အုပ်ချုပ်ရေးအာဏာပိုင်များကြား အငြင်းပွားကုန်ကြသည်။ အကျိုးဆက်မှာ အစ်မငယ်ပြန်ရောက်လာပြီးပြီးချင်းပင် အိမ်ကို ရဲစည်းကြိုးဝါကြီးအပြင် အပြင်မှ သော့ခတ်လိုက်ကြခြင်းပင်ဖြစ်သည်။ သို့နှင့်တိုင် ပတ်ဝန်းကျင်သည် ကျနော်တို့ မိသားစုအပေါ် တတ်နိုင်သမျှ ကောင်းကြရှာပါသည်။ လိုအပ်သမျှကို သူတို့ အိတ်စိုက်၍ ဝယ်ပေးကြသည်။ ကျနော်သည် နံနက်အိပ်ယာက နိုးလာတော့ လှောင်ပိတ်ထားသည့် အိမ်ထဲမှာပါလား၊ ကပ်ဘေးသင့်နေတဲ့ မိသားစုပါလားဟူသော အသိဖြင့် ကြေကွဲ ဆို့နစ်သွားသည်။ ရောဂါခြေချုပ်စခန်းသည် မည်သို့ ရှိမည်နည်း။ ကျနော်တို့ မိသားစုကလေး တစ်ယောက်နဲ့ တစ်ယောက် မမြင်နိုင်လောက်အောင် ကွဲကွာသွားကြမှာလား။ အစ်မငယ်ကတော့ လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့၊ အဆုံးထိ တွေးထား၊ အသက်တစ်ချောင်းအဖို့ သေတာအပြင် ဘာမှ မဖြစ်နိုင်ဟု အားပေးပါသည်။ ကျနော့တွင် သွေးတိုးရှိနေပြီဟု ဆရာဝန်က ပြောတုန်းက တစ်ကြိမ်၊ ဆီးချိုနေပြီဟု သတိပေးတုန်းက တစ်ကြိမ်၊ သေခြင်းတရား၏ အသံကို ကျယ်ကျယ်လောင်လောင် ကြားလာမိသည်။ တကယ်တော့လည်း ကျနော်သည် သေခြင်းတရားကို မေ့ထားရလောက်အောင် ကျန်းမာရေး ဒေါင်ဒေါင်မြည်သူတစ်ယောက်တော့ မဟုတ်ပါ။

အမြဲတမ်း သတိဆွဲပြီး တောင့်တောင့်ကြီး နားစွင့်နေသည်မဟုတ်လျှင်သော်မှ ကျနော့်အသက်အရွယ်သည် သေခြင်းတရားကို ကိုယ်နှင့်မဆိုင်သလို သဘောထားရလောက်အောင် အလှမ်းဝေးလှသည်တော့ မဟုတ်ပါ။ အထူးသဖြင့် ယခုလို ကူးစက်လွယ်သည့် ကပ်ရောဂါဘေးကြီးထဲတွင် သေခြင်းတရားကိုလည်း ရာခိုင်နှုန်းအတန်အသင့်ရှိသော ဖြစ်နိုင်ခြေတစ်ခုအနေနှင့် မဖြစ်မနေ ထည့်သွင်းစဉ်းစားရတော့မည်ဖြစ်ပါသည်။ သေခြင်းတရားက အထည်ကိုယ်ဒြပ် အထင်အရှားပြနေသော ကာလပင်ဖြစ်ပါသည်။ ကျနော်၏ အစ်ကိုကမူ ကြောက်ကြောက် မကြောက်မကြောက် အချိန်တန်ရင် သေရမယ့်အတူတူ ဘာလို့ ကြောက်နေဦးမှာလဲ။ လူပီပီ အသက်ရှင်ခဲ့တယ်။ အာရုံပြုစရာ ကောင်းမှုကလေးတွေ အထိုက်အလျောက်ရှိခဲ့တယ်ဆိုရင်ပဲ တော်ပြီပေါ့တဲ့။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ အတွင်းအင်အားဟု ခေါ်ဝေါ် သုံးနှုန်းပါသည်။ စိတ်ဓာတ်ရေးရာ ပိုင်းဖြတ်ထားမှုကို ဆိုလိုဟန်တူပါသည်။ နှစ်ရက်သုံးရက်ကြာတော့ ပြတင်းပေါက်က အဖိုးအိုသည် ဆေးရုံက သူလိုကိုယ်လို အထီးကျန်သူများနှင့် ရောနှောသွား၍ သူ့ကို စောင့်ရှောက်ပေးမည့် လူငယ်ပေါ့စတစ်များ၏ ကူညီဖေးမမှုလည်း ရသွားသောကြောင့် အရှိတရားကို မျက်မှောက်ပြု လာနိုင်ပုံရပါသည်။ သူ့အာရုံကို ပြန်လည် စုစည်းလာနိုင်သည်။ သူသည် အတွင်းအင်အားကို ညှစ်ထုတ်၍ ခုခံဖြတ်ကျော်နေလေပြီ။

ဖိုက်တင်း….

ပျော်ပွဲစား ထွက်သလို သဘောထား၊ အနားယူပြီး ပြန်လာခဲ့……….

အားလုံး ကျန်းကျန်းမာမာနဲ့ ပြန်လာနိုင်ပါစေ…………

ဖြောင်း…..ဖြောင်း………ဖြောင်း……….ဖြောင်း

ကျနော်တို့ လူနာတင်ကားသို့ သွားရာ လမ်းကလေး တစ်ဖက်တစ်ချက်မှ အိမ်နီးချင်းများက လက်ခုပ် လက်ဝါးတီး၍ အားပေးနေကြသည်။ ကျနော်တို့ ရောဂါခြေချုပ်စခန်းသို့ သွားတော့မည်။ လှိုင်တက္ကသိုလ်ထဲက မေခဆောင်တွင် ကျူဝင်ရမည်ဟု ဆိုပါသည်။ ကျနော် ရင်ခုန်ခဲ့ဖူးသည့် တောအုပ်စိမ်းစိမ်းကလေး။ ဆယ်တန်းအောင်ပြီးစ လသာညများတွင် ခုန်နေသာ ရင်ဖြင့် တေးသီရန် အဆောင်ရှေ့သို့ အပြေးတစ်ပိုင်း လှမ်းခဲ့သော လူငယ်လေးသည် ယခု သံသယလူနာတစ်ယောက်အနေနှင့် ရောဂါခြေချုပ်စောင့်ကြည့်ကာလကို ဖြတ်သန်းရန် မေခဆောင်သို့ လူနာတင်ကားဖြင့် လာနေပြီ။ သူ့တွင် နှုတ်ခမ်းမွေး မုတ်ဆိတ်မွေးများ ပါလာသည်။ သွေးတိုးနှင့် ဆီးချိုရောဂါများလည်း ပါလာသည်။ ပေါ့စတစ်ဖြစ်တော့ရော အဖေ့ကို ပြုစုခွင့်ရတာပေါ့ဟူသော အာခံဖီဆန်မှုလည်း ပါလာသည်။

ဘယ်အချိန်က နောက်ဆုံးလူနေခဲ့သလဲဆိုသည်ကို မှန်းဆရန် ခက်ခဲပါသည်။ မသုံးတော့သည့် သံချေးအထပ်ထပ် သံဘာဂျာတံးခါးသည် မသုံးတော့သည့် ဂိုဒေါင်လိုလို အဆောက်အဦးတစ်ခုကို စင်္ကြန်လမ်းတစ်ခုနှင့် ဆက်သွယ်ထားသည်။ စင်္ကြန်လမ်းကို နောက်ဆုံး ဘယ်အချိန်က ဘယ်သူလျှောက်ခဲ့သလဲ မသိနိုင်တော့။ စင်္ကြန်လမ်းပေါ်တွင် နောက်မှီကျိုးပြတ်နေသည့် ပလပ်စတစ်ကုလားထိုင်တစ်လုံးကို တွေ့ရသည်။ အိုမင်းခြင်း၊ ဆွေးမြေ့ခြင်း၊ အသုံးမဝင်တော့ခြင်း၊ စွန့်ပစ်ခြင်းဟူသော နိမိတ်ပုံများဖြင့် အတိပြီးနေသည်။ သံဘာဂျာတံခါးကို အသေပိတ်လိုက်သည့်နေ့က စင်္ကြန်လမ်းပေါ်တွင် လူတချို့ နောက်ဆုံးအကြိမ် ကူးလူးနေခဲ့ကြလိမ့်မည်။ တစ်ယောက်ယောက်သည် ပလပ်စတစ်ခုံပေါ်တွင် ထိုင်မည်။ ဖြောင်းခနဲ့ နောက်မှီ ကျိုးသွားတော့ ထိုတစ်ယောက် ခြေကားယား လက်ကားယားနှင့် ရယ်သံများလည်း သောသောညံသွားမည်။ မသုံးတော့တာတွေရဲ့ ရှုမျှော်ခင်း အခင်းအကျင်းကို မသုံးတော့သည့် သံတံခါးနောက်က ငေးကြည့်နေသည့် ခြေချုပ်မိကဗျာဆရာ၊ တခါက စာအုပ်ဆိုင်က အရောင်းစာရေးမလေးက ကဗျာကို ဘယ်သူမှ မဖတ်ကြတော့ဘူး၊ ကဗျာရေးတယ်ဆိုတာလည်း ခေတ်မရှိတော့ဘူးဟု ပြောဖူးသလို၊ ငါဟာလည်း မသုံးတော့တဲ့ စွန့်ပစ်ခံ လူတစ်ယောက်ပဲလား။

ရေအိမ်၊ ရေချိန်းခန်းများကို လေးယောက်တစ်လုံး ငါးယောက်တစ်လုံး မျှသုံးရသောကြောင့် ပေါ့စတစ် နက်ဂတစ် ရောထွေးနေသည့် အခြေအနေတွင် ကူးနိုင်ခြေရှိသော်လည်း လူအယောက် တစ်ရာကျော်ခန့်ကို နေ့စဉ် ထမင်းသုံးနပ်ကျွေးရုံမက လက်ဖက်ရည်ပင် တိုက်သောကြောင့် ဆင်းရဲသော နိုင်ငံတစ်ခုအနေနှင့် အစိုးရသည် တတ်နိုင်သမျှတော့ ဖြည့်ဆည်းပေးနေသည်ဖြစ်ရာ ကျနော်သည် နိုင်ငံသားအခွင့်အရေးကို ပထမဆုံးအကြိမ် ကိုယ်တိုင်ကိုယ်ကျ ခံစားနေရသည်ဟုတော့ ပြောလိုပါသည်။ စားလိုက် အိပ်လိုက် အလယ်လျှောက်လမ်းတွင် ခေါက်တုန့်ခေါက်ပြန် စင်္ကြန်လျှောက်လိုက်ဖြင့် သုံးရက်မြောက်နေ့ကျတော့ ကျနော်တို့ကို နှာခေါင်းတို့ပတ်စစ်ပါသည်။ ကိုရီးယားမှ test kit များဖြင့် စစ်သောကြောင့် မိနစ်ပိုင်းအတွင် အဖြေထွက်ပါသည်။ အစ်ကို့အလှည့်အပြီး ၁၅မိနစ်လောက်ကြာတော့ သူနာပြုဆရာမလေးက ပျာယိပျာယာဖြင့် ထွက်လာပြီး ဦးသန်းမြင့်လွင်ကို ခွဲထားပါဟု စေတနာ့ဝန်ထမ်း အမျိုးသမီးကို လှမ်းပြောလိုက်တော့ ကျနော် တုန်လှုပ်သွားသည်။ ဂရုစိုက်လွန်းသော အစ်ကိုတွင် ပေါ့စတစ်ပေါ်နေပြီလား။ ထိုနေ့က အစ်ကိုသည် နည်းနည်းဖျားနေသောကြောင့် သူ့ကိုယ်သူလည်း စိတ်မချဖြစ်နေခဲ့သည်။ ဖျားလျှင် နာလျှင် ပေါ့စတစ်ပေါ်လိမ့်မည်ဟု သူက ယုံကြည်နေသည်။ သူ့တွင် ပြင်းထန်သည့် လက္ခဏာများတော့ မပေါ်၊ အနံ့မပျောက်၊ အသက်ရှူမကြပ်။ ညနေပိုင်းတွင် ရလဒ်ထွက်လာတော့ စေတနာ့ဝန်ထမ်းဆရာမကလာပြောသည်။ ဦးသန်းမြင့်လွင် အပေါ်ဆုံးထပ်ကို ပြောင်းပါတဲ့။ အစ်ကိုသည် ခြေလှမ်းမမှန်၊ ယိမ်းယိုင်နေသည်။ ဖြူဖျော့နေသည်။ “ဘာမှမဖြစ်ဘူး ကိုလေး။ ၁၁ရက်ပဲ တောင့်ခံလိုက်။ ပြီးရင် မိသားစုနဲ့ ပြန်ဆုံရမှာပါ”။

ကျနော်၏ ဘေးခုတင် အစ်ကို၏ နေရာသည် လှစ်လပ်သွားသည်။ ကျနော်သည် လန့်လန့်နိုးနေသည်။ နောက်မှီကျိုးပြတ်နေသော ကုလားထိုင်ကိုလည်းကောင်း၊ ဘေးက ကျနော့်အစ်ကို အိပ်ခဲ့သည့် ခုတင်အလွတ်ကိုလည်းကောင်း ထင်ယောင် မြင်ယောင်ဖြစ်နေသည်။ အပေါ်ထပ်က ကျနော်အပါအဝင် မိသားစုအားလုံး နက်ဂတစ်အဖြေထွက်သည်။ အစ်ကိုတစ်ယောက်သာ ပေါ့စတစ်ဖြစ်သည်။ ပြတင်းပေါက်က အဖိုးအိုသည်လည်း ၁၁ရက်ကာလကို ကြံ့ကြံ့ခံ လွန်မြောက်၍ အိမ်သို့ ပြန်လာတော့မည်။ မျှော်လင့်ချက်သည် တစ်ဖက်က အပေါင်းပြ၍ တစ်ဖက်က အနုတ်ပြနေသည်။ အစ်ကိုအတွက် စိတ်မအေးရသည့်ကြားမှပင် ပြတင်းပေါက်က အဖိုးအို အိမ်ပြန်လာနိုင်ပြီဆိုတော့ ကျနော်တို့ ပျော်ကြရသည်။ အပျော်သည် လွတ်လွတ်ကျွတ်ကျွတ် clean sheet တော့ မဟုတ်သေး။ သို့ရာတွင် ကံကြမ္မာတစ်ခုတည်းအောက်တွင် ကျရောက်နေသူများကို ဆိုက်ကားဆရာ၊ ကုန်ထမ်းသမား၊ ကဗျာဆရာ အတန်းအစားမရွေး တစ်သားတည်းစည်းနှောင်ပေးမည့် အကြောင်းသည် ပေါ်ပေါက်လာပါသည်။ စေတနာ့ဝန်ထမ်း ဘော်ဒါကြီးက အစ်ကိုတို့ သီချင်းတစ်ပုဒ်လောက် ဆိုပေးပါတဲ့။ ကျူဝင်နေတဲ့လူတွေ စိတ်ခွန်အားတက်အောင် ဝိုင်ဝိုင်းရဲ့ ဖြေသိမ့်လိုက်ကို အသံကျယ်နိုင်သမျှ ကျယ်ကျယ် ဝိုင်းအော်ပေးကြပါတဲ့။ ကျနော်တို့အားလုံး အဆောင်ရှေ့ လောဘီဧရိယာတွင် တန်းစီ ရပ်လိုက်ကြသည်။

“ အားလုံး ပြီးဆုံးသွားတော့ ရင်တစ်ခုလုံး ကြေသွားလား….

ကိုယ်ချင်းစာပါတယ်………အိုသူငယ်ချင်း သိပ်မဆန်းဘူး

ရှေ့ဆက်ပြီးတော့ တွေ့ကြရမှာပဲ ဆုံးရှုံးခြင်းက တို့တွေ ပြေးမလွတ်နိုင်”

တခါက ဆယ်တန်းအောင်ပြီးစ လတ်ဆတ်သစ်လွင်သော အသံဖြင့် အဆောင်ရှေ့ သီချင်းအော်ဆိုခဲ့သော လူငယ်လေးသည် ယခု အဖေက ကိုဗစ်ရောဂါကို ခုခံဖြတ်ကျော်၍ အိမ်သို့ ပြန်လာနေပြီး အစ်ကိုက ကုသရေးစင်တာသို့ သွားနေသည့် ခြေချုပ်စောင့်ကြည့်ခံ သံသယလူနာတစ်ယောက်အနေနှင့် စိတ်ခွန်အားဖြည့်သီချင်းကို အကျယ်ဆုံး သီဆိုရင်း လောကဓံကို ထီမထင်သည်မဟုတ်ရင်သော်မှ အတွင်းအင်အားဖြင့် ညှစ်ထုတ်ရင်ဆိုင်နေလေပြီ။ သူသည် ဆိုက်ကားသမား၊ ကုန်ထမ်းသမားများလို သူလိုကိုယ်လို ခြေချုပ်စောင့်ကြည့်ခံ ကဗျာဆရာတစ်ယောက်။ သူတို့အားလုံး နှာခေါင်းစည်းများကို မေးစေ့ ချိတ်ထားလိုက်ကြသည်။ သူတို့က သူ့လက်ထဲကို ဂစ်တာ ထည့်ပေးလိုက်သည်။ တကယ်တော့ သူသည် ဂစ်တာကို ကျွမ်းကျွမ်းကျင်ကျင် တီးတတ်သည်မဟုတ်ပါ။ ယခုအချိန်အထိ ကော့များကို အလွတ်ရနေသေးသည့် သီချင်းတစ်ပုဒ်တော့ သူ့မှာ ရှိနေပါသည်။ ဖြစ်ပွားနေဆဲ အကျပ်အတည်းထဲတွင် လောကဓံတရားကို တစ်ဆစ်တစ်ပိုင်း ဖြတ်သန်းလာခဲ့သူတစ်ယောက်၊ အားလုံးပြီးဆုံးသွားပြီလား သူ မသိ၊ အဖေက အိမ်သို့ ပြန်လာနေပြီ၊ အစ်ကိုက ပေါ့စတစ်ပေါ်၍ ကုသရေးစင်တာသို့ သွားနေပြီ၊ သူတို့ မိသားစု မနက်ဖြန်မနက်ဆိုလျှင် အိမ်သို့ ပြန်ရမည်။ ရဲစည်း ကြိုးဝါကြီး ပိတ်တားထားသော အိမ်သည် သူတို့ကို စောင့်မျှော်နေပြီ၊ အိမ်နီးနားချင်းများသည် အိမ်အဝင် လမ်းဘေးတစ်ဖက်တစ်ချက်မှ လက်ခုပ်လက်ဝါးတီး၍ ကြိုဆိုကြဦးမည်။ ပြတင်းပေါက်က အဖိုးအိုသည်လည်း ပြတင်းပေါက်ကို မျက်နှာမူ၍ သူတို့ ပြန်အလာကို လမ်းမဆီ မျှော်ငေးနေလိမ့်မည်။ မည်သို့ဆိုစေ ကွေကွင်းခြင်းများ၊ ဖယ်ကြဉ်ခံရမှုများ၊ အထီးကျန်မှုများနှင့် ရင်နင့်ဖွယ်ဇာတ်လမ်းတစ်ပုဒ်သည် ပျော်ရွှင်ဖွယ်အဆုံးသတ်ရှိနိုင်သေးသည်ဟု သူ ယုံကြည်နိုင်လာသည်။ အဲဒီတော့လည်း တခါက အဆောင်ညများတွင် အဆောင်သူလေးများက နှစ်ခြိုက်အားပေးခဲ့ကြသည့် သီချင်းကိုပင် ပျော်လည်း ပျော်ရွှင် နာလည်းနာကျင်ခဲ့ဖူးပြီဖြစ်သော်လည်း ခံစားချက်ကို မစွန့်လွှတ်နိုင်သေးသော နှလုံးသားဖြင့် ပြန်လည် သီဆိုမိလေသည်။

“ ဆည်းလည်းလေးများ ပြတဲ့ တရားသံကို

စမ်းချောင်းကလေးတို့ ဇွဲနဲ့ အားမာန်နဲ့

ပေါင်းစပ်ပြီး ကျင့်ခဲ့ရင်

အေးငြိမ်းတဲ့ သစ်ရိပ်မှာ

စွန့်လွှတ်မှုနဲ့ ခွင့်လွှတ်စဉ်……ငြိမ်းသွားလိမ့်မယ်တဲ့” ။

***

အောက်တိုဘာ ၃၀၊ ၂၀၂၀။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading