သမိုင်းအရိုင်းတောထဲ မြင်းစီးထွက်ခြင်း

(မြန်မာ့သမိုင်း ဖတ်စာအုပ်များအား ပြန်လည်ဆန်းစစ်ချက်)

Published on Dec 16, 2020
သရုပ်ဖော် - Moe Z Dzai
သရုပ်ဖော် - Moe Z Dzai

ယနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ (ဝါ) ကျွန်တော်တို့ဟာ သမိုင်းပျောက်နေတဲ့ နိုင်ငံသားတွေပဲ။ မြန်မာနိုင်ငံအတွင်း ပညာသင်ကြားနေတဲ့ ကျောင်းသားလေးတွေရဲ့ သမိုင်းစာအုပ် ကိုယ့်သမိုင်း၊ ကမ္ဘာလောကကြီးရဲ့ သမိုင်းကို နားလည်လာအောင် သင်ကြားမခံရရုံမက တချို့ကိစ္စတွေမှာ လိမ်လည်ထားတဲ့စာတွေကိုသာ သင်ယူနေရတာ၊ အဲဒီလို သင်နေရတဲ့ သဘာဝကို ယေဘုယျပြုပြီး ပြောရရင်တော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲက နိုင်ငံသားတွေဟာ သမိုင်းပျောက်နေတယ်။ အလိမ်ခံထားရတဲ့ သမိုင်းတွေကိုသာလျှင် ကျောင်းသားလေးတွေ သင်ကြားခံနေရတော့ကာ သမိုင်းပျောက်နေတဲ့ လူတွေလို့ အလင်္ကာဆန်ဆန် သုံးနှုန်းပြောဆိုရတာ လွန်လိမ့်မယ် မထင်ဘူး။

အခြေခံပညာ သင်ရိုးဖတ်စာအုပ်တွေကို ဖတ်ရတာ အလွန်တရာစိတ်ပျက်ဖို့ ကောင်းတယ်ဆိုတဲ့ အချက်ကလည်း ကျွန်တော်တို့ဟာ ဖတ်စာအုပ်ထဲမှာပင်လျှင် သမိုင်းပျောက်နေပါတယ်လို့ ဆိုရမယ့်အချက်ပဲ။ ဖတ်စာအုပ်တွေရဲ့ စာသားနဲ့ အပြင်အဆင်ဟာ အလွန်တရာ အောက်တန်းနောက်တန်းကျနေပြီး မွဲတေနေတဲ့ နိုင်ငံတစ်နိုင်ငံဆိုတာကို သက်သေပြနေတယ်။ စာရွက်အကြမ်းအစုတ်အပေါ် စာအုပ်ဆိုက်ဒ်သေးသေးလေးနဲ့ မဖြစ်ညစ်ကျယ် သမိုင်းဖတ်စာအုပ်တွေက ကျွန်တော်တို့သမိုင်းဟာ လေးစားစရာကင်းမဲ့နေပါတယ်ဆိုတာကို သင်္ကေတဆိုင်ရာ ရည်ညွှန်းမှုတွေလုပ်နေတယ်။ အခြေခံပညာ သမိုင်းဖတ်စာအုပ်တွေက ဂရိတ်ကိုး၊ ယခင်အခေါ် ရှစ်တန်းမှာ တွန့်လိမ်တွန့်လိမ်နဲ့ ဆန့်တငင်ငင် အဆုံးသတ်သွားတယ်။ ဆန့်တငင်ငင်လို့ဆိုရတာကလည်း အခြားမဟုတ်ဘူး။ ကျွန်တော်တို့ ပညာရေးစနစ်နဲ့ ပညာရေးဌာနတွေမှာ ကိန်းအောင်းနေတဲ့ လျစ်လျူရှုစိတ်၊ အထက်လူကြီးကြောက်စိတ်နဲ့ အထက်လူကြီးတွေနဲ့ ဘုရင်ဆန်ဆန် စိတ်ထင်တိုင်းလုပ်နေတဲ့ အပြုအမူ တွေကြောင့်ပဲ။ အခြေခံပညာအထက်တန်းအဆင့် ကိုးတန်းနဲ့ ဆယ်တန်း (ယခုအခေါ် တက္ကသိုလ်ဝင်တန်း)မှာ သမိုင်းပထဝီအတွဲတွေကို ပြဋ္ဌာန်းထားပါလျက် နိုင်ငံတော်သတင်းစာထဲမှာ စာမေးပွဲအချိန်ဇယားကိုပြတဲ့အခါ သမိုင်း၊ ပထဝီဘာသာရပ်ကို ဖြေဆိုကြရပါလျက် ယနေ့မှာ အဲဒီဘာသာတွဲကို ကျောင်းတွေမှာ ဖြေဆိုသူတွေ ဘာသာတွဲယူသူတွေ ရှားပါးနေတယ်။ တကယ်လို့ အဲဒီအတွဲတွေကို ဝါသနာပါတဲ့အတွက် သမိုင်းစာအုပ်ကို အလွယ်တကူရှာဖွေဖို့ရာ ပန်းဆိုးတန်း ဖတ်စာအုပ်သီးသန့် အရောင်းဆိုင်တွေကိုပင် မေးရင်တောင်မှ စာအုပ်ဆိုင်က ရှစ်တန်းအထိသာ သမိုင်းစာအုပ်ရှိပြီး ကိုးတန်းသမိုင်းစာအုပ်ဆိုတာ မရှိကြောင်း ဖြေဆိုတာကြုံရမှာဖြစ်တယ်။ ကျွန်တော်တို့ သမိုင်းဟာ ရှစ်တန်းမှာ ဆန့်တငင်ငင်နဲ့ နိဂုံးချုပ်နေတာတော့ အမှန်ပဲ။

ရှစ်တန်းစာအုပ်ဟာ ၂၀ ရာစု နှောင်းပိုင်း ကိုလိုနီခေတ် လွတ်လပ်ရေးအကြောင်းကို အတိုချုံး ရေးထားတာ၊ သမိုင်းစာအုပ်ဟာ သမိုင်းစာအုပ်လို ရှစ်တန်းနဲ့လိုက်အောင် အတိုင်းအတာတစ်ခုအထိ ထူထူထဲထဲ၊ ထဲထဲဝင်ဝင်မရှိလှဘဲ အပျော်ဖတ်ခပ်ညံ့ညံ့စာအုပ်လို ခပ်ပါးပါးလွှလွှသာရှိနေတာ၊ ဒီလိုပြောတဲ့အတွက် သမိုင်းစာအုပ်ကို ထူထူထဲထဲနဲ့ ပြဋ္ဌာန်းလိုက်ရင်လည်း ကျောင်းသားတွေသာ ဒုက္ခရောက်ဖို့ရှိမယ်။ အကြောင်းက ဒီလို သမိုင်းစာအုပ်တွေကို အလွတ်ကျက်မှတ်ခိုင်းနေတော့ကာ အဲဒီအလွတ်ကျက်မှတ်ခြင်းနဲ့ လျော်ညီဖို့ရာ ခပ်ပါးပါး သမိုင်းစာအုပ်ကို ပြဋ္ဌာန်းပေးတာပဲ ကျေးဇူးတင်ရမှာဖြစ်တယ်။ နောက်တစ်နည်းပြန်တွေးရရင် အလွတ်ကျက်မှတ်ခြင်းအတွက်သာလျှင် ခပ်ပါးပါး သမိုင်းစာအုပ်ကို အတိုချုပ်ထုတ်ပြန်ထားသလားတောင်မှ အောက်မေ့ရတယ်။

နောက်ပိုင်းဆိုးတာက ရှစ်တန်းရဲ့ မြန်မာ့သမိုင်း အခြမ်းမှာ မြန်မာ့သမိုင်းကို ၁၉၇၀ နဲ့ နိဂုံးချုပ် ထားခဲ့တယ်။ သူ့ထဲမှာက ပြီးဆုံးသွားတဲ့ တက္ကသိုလ်မှာ သမိုင်းနဲ့ဆိုင်ရာ ဘာသာရပ်ကိုမှ မယူရင် မြန်မာနိုင်ငံသားတစ်ဦးနဲ့ ကျောင်းပညာရေးထဲကနေ ဘယ်တော့မှ ထပ်မသိနိုင်တော့တဲ့ မြန်မာ့သမိုင်း နိဂုံးဟာ ၁၉၇၄ မှာ ချုပ်သွားခဲ့တယ်။ ဖူးကူးယားမားက သမိုင်းနိဂုံးချုပ်ပြီလို့ မပြောခင်မှာ ကျွန်တော်တို့ ကျောင်းဖက်စာအုပ်တွေထဲက မြန်မာ့သမိုင်းကိုတော့ ၁၉၇၁ မှာ ချုပ်လိုက်ကြတယ်။ ရှစ်တန်း ဖတ်စာအုပ်မှာ တွေ့ရမယ့် မြန်မာ့သမိုင်းအတွက် နောက်ဆုံးစာပိုဒ်လေးကို အမြည်းအစမ်းအနေနဲ့ ပေးရရင်တော့ …

အလံနီကွန်မြူနစ်ပါတီကလည်း အမျိုးသားညီလာခံကြီးတစ်ရပ် ကျင်းပပေးရန်နှင့် ပါလီမန် ရွေးကောက်ပွဲများ ကျင်းပပေးရန်တောင်းဆိုသည်။ ဗကပ အစရှိသော လက်ဝဲစွန်း အဖျက်သမားများက အရင်းရှင်များ၊ ပဒေသရာဇ်များနှင့် ပူးပေါင်းí အဖျက်လုပ်ငန်းပေါင်းစုံကို ကျူးလွန်ကြသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှာ ပြည်သူတို့၏ ထောက်ခံအားပေးမှုကြောင့် တစ်နေ့တစ်ခြား အင်အားကြီးမားလာသည်။ ပါတီရေးရာ သတင်းစဉ်နှင့် နိုင်ငံတကာရေးရာ သတင်းစဉ်တို့ကိုလည်း လစဉ်ထုတ်ဝေသည်။ လစဉ်သတင်းဂျာနယ်ကို ၁၅ ရက်တစ်ကြိမ် ရိုက်နှိပ်ထုတ်ဝေသည်။ ပါတီကေဒါများအား သဘောတရားရေး၊ နိုင်ငံရေး၊ စီးပွားရေးနှင့် စည်းရုံးရေးပညာပေးနိုင်ရန် ၁၉၆၃၊ ဇူလိုင် ၁ ရက်တွင် ဗဟိုနိုင်ငံရေးသိပ္ပံကျောင်းကို ဖွင့်လှစ်သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို တပ်မတော်သားများအတွက် တပ်မတော်တပ်တွင်းပညာပေးသင်တန်းများ ဖွင့်လှစ်ပို့ချသည်။

အဆင့်ဆင့်သော ပါတီအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးများကို ကျင်းပကာ ခေါင်းဆောင်များ၊ ဦးဆောင်ကော်မတီများနှင့် ပါတီညီလာခံကိုယ်စားလှယ်များကို ရွေးချယ်တင်မြှောက်သည်။ ၁၉၇၁ ဇွန်တွင် ပထမအကြိမ် ပါတီညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပေသည် လို့ တွေ့ရမယ်။

အခြေခံပညာအထက်တန်းကျောင်းမှာဖြင့် သမိုင်းဟာ ၁၉၇၁ မှာ နိဂုံးချုပ်ခဲ့လေပြီလို့ ဆိုရမယ်။ သမိုင်းကလည်း ဆိုရှယ်လစ်အနံ့အသက်တွေ ထူမွန်နေတာကို ဒီနှစ်ပိုဒ်လောက် ဖတ်မိနေရုံနဲ့ ကျွန်တော်တို့ သတိထားမိကြမှာပါ။ တကယ်တော့ ဒါတွေက ဆိုရှယ်လစ်ယောင်ယောင် အာဏာရှင် မဆလအစိုးရရဲ့ အရိပ်တွေပဲ။ နောက်ပိုင်း နအဖလက်ထက် ဦးနေဝင်းရဲ့ အရိပ်အာဝါသအောက်က ရုန်းထွက်ခဲ့ပြီလို့ ထင်ရတဲ့ ဆယ်စုနှစ်တစ်စု အကြာအထိတောင် မပြင်နိုင်ခဲ့ဘူး။ အနည်းဆုံးအနေနဲ့ ကလေးတွေသင်ရတဲ့သမိုင်းကို ဆက်ပြီး ဖုံးကွယ်ထားခဲ့တယ်။ မသိချင်ယောင်ဆောင် လျစ်လျူရှုထား ခဲ့ကြတယ်။ ကျွန်တော်တို့တွေကလည်း ယနေ့ထိ ကျွန်တော်တို့ဘေးနားမှာ ကလေးတွေ သမိုင်းလာကျက်မှတ်တဲ့အခါ အတော်ကလေး စိတ်မသက်သာဖြစ်ရတယ်။ ဒီသမိုင်းတွေက ထိမ်ချန်ထားခဲ့တာ၊ ဘယ်သူတွေအတွက် ဇောင်းပေးရေးထားတာ ဆိုတာကို ဝင်ရောက်ပြောဆို ရှင်းပြတဲ့ လူကြီးတွေ အမြောက်အမြားရှိမှာ မနည်းဘူး။ ကျွန်တော့်အဖေကလည်း ကျွန်တော် မြန်မာ့သမိုင်းစာအုပ်ကျက်နေစဉ် ငယ်စဉ်က ငါ့သား ဒါ သမိုင်းလိမ်တွေလို့ ရှင်းပြခဲ့သလို ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော့် ညီတွေ၊ တူတွေနဲ့ သမီးကို တတ်နိုင်သမျှကြုံရင် ကြုံသလိုရှင်းပြခဲ့ဖူးတဲ့ အတွက်ပါပဲ။

ဒီအခါမှာ အဲဒီလို ရှင်းပြခဲ့တဲ့ သူတိုင်း ကြုံတွေ့ရမှာက မျက်လုံးကလေး ပေကလပ်ပေကလပ်နဲ့ ကြည့်နေတဲ့ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်ကလေးငယ်တွေပဲ။ သူတို့အတွက်က စာသင်ခန်းထဲမှာ သြဇာအကြီးမားဆုံးဖြစ်တဲ့ ဆရာ/ဆရာမနဲ့ ဖတ်စာအုပ်တွေလောက် ကျန်တာသိပ် အရေးမကြီးလှဘူး။ သိပ်မကြောက်လှဘူး။ သူတို့အနေနဲ့ သမိုင်းကို ဘာကြောင့် သင်ယူသင့်သလဲ ဆိုတာကိုလည်း နားမလည်နိုင်ဘူး။ သမိုင်းနဲ့ ဝါဒဖြန့်ချိရေး နှစ်မျိုးကြားထဲက ကွဲပြားခြားနားချက်ကိုလည်း နားမလည်တော့ဘူး။ သမိုင်းကိုဖုံးကွယ်ဖို့ ကြိုးစားသူတွေကလည်း သင်ရိုးညွှန်းတမ်းနဲ့ ဖတ်စာအုပ်များမှာသာမကဘူး။ သင်ကြားပုံမှာပါ ကလေးတွေ သုတေသနငယ်တွေ၊ စာတမ်းငယ်တွေရေးခြင်းအားဖြင့် တကယ့်သမိုင်းကို မစူးစမ်းမိအောင် အလွတ်ကျက်မှတ်ခြင်းပုံစံနဲ့ ထိန်းချုပ်ထားတယ်။ အမှတ် ၁၀၀ ဖိုးဖြေ၊ မဖြေနိုင်ကျဆိုတဲ့ စာမေးပွဲစနစ်နဲ့လည်း အလွတ်ကျက်မှတ်ခြင်း ပုံစံကို သူကောင်းပြုထားခဲ့ကြတယ်။

အကျိုးဆက်ကတော့ စာလေးတွေဟာ သမိုင်းကို စိတ်ဝင်စားစရာဆိုတာကို နားလည်မပေးနိုင် တော့ဘူး။ နှစ်ပေါင်း ခုနှစ်ဆယ်ကျော်လောက်ရှိတဲ့ သမိုင်းဖြစ်ရပ်တွေကို ပုံပြင်စာအုပ်သာသာ စကားလုံးရေ အရေအတွက်နဲ့ အကျဉ်းချုံးဖော်ပြထားတဲ့ သမိုင်းစာအုပ်ကို ဘယ်ကလေးတွေများ စိတ်ဝင်တစားရှိပါ့မလဲ၊ သမိုင်းဖြစ်ရပ်တွေမှာ စိတ်လှုပ်ရှားစရာ၊ သံဝေဂရစရာ၊ အားတတ်ဖွယ်ရာ၊ အတုယူဖွယ်ရာပေါင်း မြောက်မြားစွာရှိရဲ့သားနဲ့ ကလေးတွေ စိတ်ဝင်စားအောင် ဖတ်စာအုပ်တွေက မလုပ်ပြနိုင်ဘူး။ ဆရာတွေက မသင်ကြားရဲကြဘူး။

တစ်ခေတ်တစ်ခါက သူ့ခေတ်မှာ နိုင်ငံရေးဥသျှောင်တစ်ဦးဖြစ်နေခဲ့တဲ့ ဒေါက်တာဘမော်ကို အားကျပြီး အင်္ဂလိပ်လေယူလေသိမ်းကအစ ဒေါက်တာဘမော်လို လိုက်ပါလေ့ကျင့်ယူခဲ့တဲ့ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းဟာ နောင်မှာ တစ်နိုင်ငံလုံးလေးစားအားကျတဲ့ ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာတာ၊ သူအားကျခဲ့တဲ့ ဒေါက်တာဘမော်နဲ့အတူတူ လက်တွဲလုပ်လာခဲ့တာ၊ တစ်ခါက တစ်နိုင်ငံလုံးရဲ့ နိုင်ငံရေးမျက်စိကို ဖွင့်ပေးခဲ့တဲ့ ဆရာတော်ဦးဥတ္တမဟာ သမိုင်းကြောင်းအရ ချုံကြည့်ရင် မဖြစ်စလောက် နိုင်ငံရေးထောက်ခံမှု မှားယွင်းသွားတာနဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်က ဆင်းလိုက်ရတာ၊ အင်မတန်အိန္ဒြေကြီးပါတယ်ဆိုတဲ့ မြန်မာအမျိုးသမီးတွေဟာ ယောက်ျားတွေနဲ့ မြန်မာအမျိုးသမီးတွေဟာ ယောက်ျားတွေနဲ့ တန်းတူရင်ဘောင်တန်းပြီး နိုင်ငံရေးလုပ်ခဲ့ကြတာ၊ စစ်ပုလိပ်ရဲ့ နံပါတ်တုတ်အောက် ခေါင်းထိုးပေးခဲ့ကြတာ စသဖြင့် စိတ်လှုပ်ရှားဖွယ် အတုယူဖွယ် ဆင်ခြင်သုံးသပ်ဖွယ်ရာ အရေးကြီးတဲ့ဖြစ်ရပ်ပေါင်းများစွာ ရှိပေမယ့် မဖော်ပြခံရဘူး။

ကျောင်းသားတွေက ကျောင်းသုံးသမိုင်းစာအုပ်ဆိုတာ ပျင်းရိငြီးငွေ့ဖွယ်ရာထက်ပိုတဲ့ သိမ်မွေ့နက်ရှိုင်းတဲ့ အိုင်ဒီယိုလိုဂျီနဲ့ အလုပ်လုပ်နေတဲ့ အရာဆိုတာကို သဘောပေါက်ကြဖို့လိုတယ်။ နောက် သမိုင်းစာအုပ်ကနေပြောတဲ့ အမြင်တွေဟာ တစ်ဖတ်သတ် အမြင်တွေချည်းပဲ။ ဥပမာအနေနဲ့ အထက်မှာဖော်ပြထားတဲ့ စာသားမှာကိုက တခြားသော ဒီမိုကရေစီအုပ်စုတွေရဲ့ နိုင်ငံရေးမျှော်မှန်း ချက်တွေကို ဘေးဖယ်ထုတ်လိုက်တယ်။ ကွန်မြူနစ်တွေ အဖျက်လုပ်ငန်းလုပ်တဲ့နေရာမှာလည်း ဘာကြောင့်လုပ်ရတယ် ဆိုတာမျိုး မပါဘူး။ အဖျက်လုပ်ငန်းသက်သက်လို့ သုံးထားတယ်။ တကယ်တော့ ဒါဟာ နိုင်ငံရေးတွေပဲ။ နိုင်ငံရေးဆိုတာမှာ ပြဿနာတွေဆိုတာ သူ့ဘက်ကိုယ့်ဘက် အမြဲရှိနေတာ။ ဒီမိုကရက်တစ်အင်အားစုအကြောင်းတွေကို ရေးသားရာမှာလည်း ဒီအတိုင်းပဲ။ တစ်နည်းအားဖြင့် သမိုင်းနဲ့ နိုင်ငံရေးကို ဖော်ပြရာမှာ ဖတ်စာအုပ်ဟာ ကျောင်းသားတွေ ဆင်ခြင်သုံးသပ်နိုင်အောင် ဖြစ်နေတဲ့ အငြင်းပွားဖွယ်ရာ ပြဿနာရပ်တွေကို ဖော်မပြတော့ဘဲ ဘာမှ အငြင်းပွားဖွယ်ရာမရှိ သူတို့ဖော်ပြချင်တဲ့ ဘက်တစ်ဖက်တည်းသာလျှင် မှန်တယ်ဆိုတဲ့ အမြင်မျိုးနဲ့ ရေးထားတာကိုတွေ့ရတယ်။ ရှစ်တန်းဖတ်စာအုပ်ရဲ့ စာမျက်နှာ(၃၃)မှာဆို သမိုင်းတစ်လျောက် ရှုပ်ထွေးနေတဲ့ ကိစ္စတွေကို ကိုင်တွယ်ရှင်းလင်းနေရတဲ့ပုံမပေါက်ဘဲ ဘက်တစ်ဖက်ရဲ့ အမြင်တည်းနဲ့ ဖော်ပြသွားတာပဲ။

ပထစအစိုးရသည် နိုင်ငံရေးလမ်းစဉ်သစ်ကို ချမှတ်ခဲ့သော်လည်း ပါတီတွင်း၌ အုပ်စုကွဲမှုပေါ် လာပြန်သည်။ ပထစပေါ်ပေါက်လာချိန်မှာ သခင်တို့က သီးခြားနေကြ၏။ တော်လှန်ရေးတွင် ပါဝင်ခဲ့သော စစ်ဗိုလ်များက “ဗိုလ်” အုပ်စု၊ အစိုးရအရာရှိဟောင်းများနှင့် ရှေ့နေ စသည်တို့က “ဦး” အုပ်စုဟူ၍ ရှိရာ “သခင်”တို့က အုပ်စုတစ်စု၊ “ဦးဗိုလ်”တို့က အုပ်စုတစ်စု ကွဲပြားလာသည်။ ပါတီတွင်း အာဏာရရှိရေးအတွက် အုပ်စုနှစ်စု အပြိုင်ဆိုင် ပဋိပက္ခဖြစ်လာသောကြောင့် နိုင်ငံအရေး တည်ငြိမ်မှု မရှိပေ။ ….. ၁၉၆၁ မတ် ၁ တွင် ဖယ်ဒရယ်မူကို စဉ်းစားသည့် အစည်းအဝေးတစ်ခု ရန်ကုန်မြို့တွင် ကျင်းပသည်။ ဖယ်ဒရယ်မူကို လက်မခံလျှင် ပြည်ထောင်စုမှ ခွဲထွက်မည်ဟု ရှမ်းစော်ဘွားဟောင်းများက အတိအလင်းကြေညာသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ၏ အထူးယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်းစိမ့်သောငှာ ဗမာ့တပ်မတော်မှ တာဝန်ယူစောင့်ရှောက်လိုက်ရသည်။

ဒီအကြောင်းအရာတွေဟာ အဲဒီလောက်တော့ဖြင့် မလွယ်ကူလှဘူး။ အဲဒီလို ရည်ရွယ် ချက်မျိုးနဲ့ မဟုတ်ဘူးဆိုတာကလည်း မဆလအစိုးရ အုပ်ချုပ်ခဲ့တဲ့ နှစ်ဆယ့်ခြောက်နှစ်တာ ကာလက သက်သေပြခဲ့ပြီးပါပြီ။ ထပ်ပြီးပြောရရင် သမိုင်းသင်ကြားရခြင်း အကြောင်းတရားများစွာထဲက တစ်ခုမှာ တခြားသော သင်္ချာ၊ ရူပဗေဒပညာရပ်တွေလိုပဲ၊ ကျောင်းသားရဲ့ဆင်ခြင်သုံးသပ်နိုင်စွမ်း၊ ခွဲခြမ်းစိတ်ဖြာ နိုင်စွမ်းတွေ မြင့်မားလာဖို့ ပါဝင်တာအမှန်ပဲ။ ယခုဖတ်စာအုပ်မှာ ဖြစ်နေတာက အဲဒီအရာတွေရဲ့ အတားအဆီးဖြစ်တဲ့ သမိုင်းဖြစ်ရပ်အတွင်းက အငြင်းပွားဖွယ်ရာ အခြေအနေတွေကို ဖယ်ထုတ်ပစ်ပြီး တစ်ဖက်ကသာလျှင် ယတိပြတ်မှန်ကန်နေပုံ၊ သမိုင်းဖြစ်ရပ်အတွင်းဖြစ်နေတဲ့ ပဋိပက္ခတွေရဲ့ အကြောင်းတရားနဲ့ ရှုထောင့်တွေကို မဖော်ပြတော့တာပဲဖြစ်တယ်။ ဒီလိုသမိုင်းဖတ်စာအုပ်မျိုးဟာ ကျောင်းသားတွေကို ဆင်ခြင်မှု မတိုးပွားလာရုံမက ပိုပြီးမိုက်မဲတဲ့သူတွေဖြစ်နေစေမှာ အမှန်ပဲ။

အခြေခံပညာမှာ ဘာကြောင့် သမိုင်းကိုလေ့လာသင်ယူရသလဲ

ကျွန်တော်တို့ အခြေခံပညာ အဆင့်အတန်းတွေမှာ ဘာသာငါးဘာသာ၊ ခြောက်ဘာသာ လောက်ရှိတဲ့ အထဲမှာမှ ဘာကြောင့် သမိုင်းဘာသာရပ်ကိုထည့်ပြီး သင်နေရသလဲဆိုတာ လေးလေးနက်နက်ထားပြီး မေးသင့်တဲ့မေးခွန်းပဲ။ ဒီမေးခွန်းကို ဖြေဆိုလေ ကျွန်တော်တို့ရဲ့ သမိုင်းဖတ်စာအုပ်တွေရဲ့ အဓိပ္ပာယ်ကင်းမဲ့မှုကို တွေ့လာရလေပဲ။ ပြီးတော့ ဒီမေးခွန်းဟာ သမိုင်းပညာရဲ့ အရေးပါပုံသာ မကဘူး။ ပညာရေးနဲ့ပါ ချိတ်ဆက်နေတဲ့ မေးခွန်းပဲ။ တစ်နည်းအားဖြင့် နက်နက်ရှိုင်းရှိုင်းဖွင့်ဆိုလေ့လာရင် ကျောင်းသုံးစာအုပ်တွေမှာ ပြုပြင်ပြောင်းလဲရမယ့် အယူအဆအချက်ပဲ။ ဒီမေးခွန်းရဲ့ အဖြေပေါင်းများစွာထဲက တစ်ခုကိုပြောရရင် ကျောင်းသားတွေအတွက် သမိုင်းဖတ်စာအုပ်ဆိုတာ စာရေးဆရာတွေ၊ ပညာရှင်တွေရေးတဲ့ သမိုင်းစာအုပ်လို အကြောင်းအရာမရွေး စိတ်ဝင်စားရာ ရေးလို့ မရဘူး။ ဖတ်စာအုပ်ထဲက သမိုင်းဆိုတာ ပစ္စုပ္ပန်နဲ့ ကင်းလွတ်ပြီးဖြစ်နေလို့ မရဘူးဆိုတဲ့ အချက်ဟာ အရေးကြီးတယ်။ အဲဒီလို မကင်းလွတ်တဲ့ နေရာမှာလည်း ဗိုလ်နေဝင်းအာဏာသိမ်းတာကို အကြောင်းပြချက်ပေးတာလောက်ကို မကင်းလွတ်ဘူးလို့ မသတ်မှတ်နိုင်ဘူး။ အတိတ်ကာလအတွင်း ဖြစ်နေတဲ့ ပြဿနာရပ်တွေရဲ့ ဒိုင်းနမစ်သဘောကို မြင်လာအောင်ရေးသားပြီး ပစ္စုပ္ပန်မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို ဖော်ညွှန်းပြနိုင်အောင် ရေးရမှာ။ ပစ္စုပ္ပန်မှာ ဖြစ်ပျက်နေတာတွေကို ဖုံးကွယ်ချင်တဲ့အတွက် အတိတ်ကာလကိုရော လက်ရှိကာလကို ဖုံးကွယ်ရင်း ချိတ်ဆက်ပြနေသလို မဖြစ်ဖို့တော့ အရေးကြီးတယ်။ တစ်နည်းအားဖြင့် ယနေ့ ရှစ်တန်းဖတ်စာအုပ်လို အရာမျိုးမှာ အထက်ပါ ကောက်နုတ်ပြတဲ့ စာသားမျိုးတွေကို ပြောင်းလဲရုံတင်မက ယနေ့ဖြစ်နေတဲ့ ပစ္စုပ္ပန်အခြေအနေကို ပေါ်လွင်နိုင်မယ့် တိုင်းရင်းသားအရေး၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်ပွားလာခဲ့ရာ အာဏာရှင်တို့လုပ်ကိုင်ခဲ့တဲ့ လမ်းကြောင်းတွေ၊ ၆၂ နောက်ပိုင်းဖုံးကွယ်ခံခဲ့ရတဲ့ ကျောင်းသားနဲ့ ပြည်သူတွေရဲ့ လှုပ်ရှားမှုတွေကို အတိုင်းအတာတစ်ခုအထိ ဖော်ပြနိုင်မှ သမိုင်းဆိုတာဖြစ်မှာ။ တစ်နည်းအားဖြင့် အမျိုးသားပညာရေးမှာ ဖော်ပြထားတဲ့ သမိုင်းဖတ်စာအုပ်မှာ ဖော်ပြရမယ့် ပစ္စုပ္ပန်ကို ရည်ညွှန်းဖော်ပြနေတဲ့ အတိတ်သမိုင်းဆို တာမျိုးကို လုပ်နိုင်မှာဖြစ်တယ်။

သမိုင်းဖတ်စာအုပ်အတွက် ပစ္စုပ္ပန်ကို ရည်ညွှန်းနေတဲ့ သမိုင်းမျိုးသာလျှင် ဖော်ပြပေးတတ်ကြတဲ့ အဓိကအချက်ကတော့ ကျောင်းသားတွေကို သမိုင်းဆိုင်ရာ နားလည်မှု (historical understanding) ကို နားလည်စေဖို့သာလျှင် ဖြစ်တယ်။ သမိုင်းဆိုင်ရာ နားလည်မှုဆိုကတည်းက သမိုင်းအပေါ် မှတ်ချက်ချဖို့ သမိုင်းအဖြစ်အပျက်ရဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေကို သုံးသပ်ဖို့ဟာ ဆရာနဲ့ ကျောင်းသားတွေ လက်ထဲမှာသာလျှင် ရှိရမယ်။ ဒီအတွက် သမိုင်းဖတ်စာအုပ်ကနေ လုပ်ပေးထားရမှာက လုံလောက်တဲ့ အဘက်ဘက်က ပြဿနာရပ်တွေကို ပေးထားရမှာ။ ဆရာကလည်း စာသင်တဲ့အခါ အဲဒီဖတ်စာအုပ်ကနေ ဖော်ပြထားတဲ့ ပြဿနာရပ်တွေထက် ပိုပြီး တွေးနေတဲ့ အငြင်းပွားဖွယ်ရာ အခြေအနေအဖြစ်အပျက်တွေကို ကျောင်းသားတွေကို ဖတ်ပြနေရမှာ ဖြစ်တယ်။

ကျွန်တော်တို့ရဲ့ ရှစ်တန်း မြန်မာ့သမိုင်းဖတ်စာအုပ်မှာပါသလို ပြည်ထောင်စုမြန်မာနိုင်ငံ၏ အထူးယိုယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်းစိမ့်သောငှာ ဗမာ့တပ်မတော်မှ တာဝန်ယူစောင့် ရှောက်လိုက်ရသည် ဆိုတဲ့ ဆင်ခြေမျိုး ထည့်ပေးနေဖို့မလိုဘူး။ အဲဒီလိုဆင်ခြေမျိုး ထည့်ပေးလိုက်ပြီး အလွတ်ကျက်မှတ်နေရတဲ့ ကျောင်းသားအဖို့ ပိုပြီးမိုက်မဲလာရုံသာဖြစ်လာမှာဖြစ်ပြီး သမိုင်းဆိုင်ရာ နားလည်မှုဆိုတာမျိုး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒီထက်ပိုအဆင့်မြင့်တဲ့ သမိုင်းဆိုင်ရာ အနက်ပြန်ခြင်းမျိုး (Historieal Interpretation) ဆိုတာမျိုးကိုလည်း နားလည်လာနိုင်မှာ မဟုတ်တာတော့ သေချာတယ်။

အခြေခံပညာသမိုင်းဖတ်စာအုပ်တွေ

အနောက်နိုင်ငံတွေ အထူးသဖြင့် အမေရိကန်လို နိုင်ငံမှာတောင် သမိုင်းဖတ်စာအုပ်ဟာ သမိုင်းအပေါ် တတ်သိနားလည်လာမှုထက် နိုင်ငံသားကောင်းဖြစ်ရေး ကိုယ်ကျင့်တရားကိုသာ ပြုစုပျိုးထောင်နေတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ဖတ်စာအုပ်မှာတော့ အဲဒီလို အဆင့်အတန်းမျိုးတောင်မရှိဘူး။ နိုင်ငံသားကောင်းဖြစ်ဖို့ နေနေသာသာ မှားယွင်းတဲ့ တစ်ဖက်သတ်တင်ပြပုံ သမိုင်းလိမ်တွေကြောင့် ပိုပြီးမိုက်မဲတွေဝေတတ်လာအောင် တွန်းပို့နေသလိုဖြစ်နေတယ်။ ပြီးရင် နိုင်ငံရေးအကြောင်း အသားပေးဖော်ပြချက်တွေမှာ ပဋိပက္ခတွေကို နားလည်လာအောင်ထက် ပဋိပက္ခဖြစ်နေခြင်းကို အပြစ်မြင်ထားတဲ့ အမြင်အပေါ် အခြေခံတယ်။ ဒီအတွက် အုပ်ချုပ်ရေးအာဏာကိုမရတဲ့ အခြားသောအုပ်စုတွေကို လူဆိုးအဖြစ် တစ်ဖတ်သတ်ဖော်ပြတယ်။ ဒီလိုဖော်ပြမှုကြောင့် ပြင်ပမှာ နိုင်ငံရေးပြေလည်မှုရဖို့ရာ ပိုခက်ခဲသွားမယ့် သဘောရှိတယ်။

သမိုင်းဖတ်စာအုပ်ဟာ သမိုင်းကြောင်းနဲ့ သမိုင်းရဲ့ နိယာမသဘောတရားတွေကို တတ်သိနားလည်ရမယ့် အစား ဆိုခဲ့သလိုပဲ ဝါဒဖြန့်ချိရေးလက်နက်ဖြစ်နေခဲ့တာ။ ဒါကို တခြားသော ဘာသာရပ်က ဖတ်စာအုပ်တွေနဲ့ ယှဉ်ကြည့်နိုင်တယ်။ ဓာတုဗေဒဖတ်စာအုပ်ဆိုရင် ဓာတုဗေဒနိယာမ တွေပဲပါတယ်။ မော်လီကျူးတွေအကြောင်းပြောရင်း မဆလဝါဒဖြန့်ချိရေးဆိုတာမျိုးမရှိဘူး။ လုပ်လည်း လုပ်လို့မရဘူး။ သမိုင်းကလုပ်လို့ရတော့ကာ အဲဒီလို လုပ်လို့ရတယ်ဆိုတဲ့အသိနဲ့ သတိထားကိုင်တွယ် နိုင်ဖို့ အရေးကြီးတယ်။ ဒီလိုမျိုးတစ်ဖက်သတ် ကပေါက်တိကပေါက်ချာ မဖြစ်အောင် ထိန်းရမယ့် အချက်တွေမှာ ကျောင်းသား ဖတ်စာအုပ်ဟာ အနောက်မှာ ကျမ်းကိုးစာရင်း၊ ဆက်လက်ဖတ်ရှုရန်ကျမ်းနဲ့ သက်ဆိုင်ရာ သမိုင်းအခန်းကဏ္ဍတွေအတွက် စာစုစာရင်းတချို့လိုအပ်တယ်။ ကျမ်းကိုးစာရင်းပါနေခြင်းက သမိုင်းကို အရမ်းကာရော လိမ်ချင်တိုင်း လိမ်လို့မရနိုင်အောင်၊ အငြင်းပွားဖွယ်ရာ ရှုထောင့်အမျိုးမျိုးကို ဖယ်ချန်ခဲ့တာမျိုးကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ပေးနိုင်တယ်။ နောက်ကျမ်းကိုးကို ကြည့်ခြင်းအားဖြင့် ကိုးကားထိုက်ပြီး သမာသမတ်ကျတဲ့ သမိုင်းပညာရှင်တွေရဲ့ စာကို ကိုးကားထားတာ မထားတာကိုလည်း လေ့လာကြည့်နိုင်တယ်။

ထပ်ပြီးဆိုရရင်တော့ နောက်ထပ်တစ်ချက်က ကျွန်တော်တို့ရဲ့ ကျောင်းသုံးသမိုင်းဖတ်စာအုပ် တွေဟာ ပစ္စုပ္ပန်ကို ဖော်ညွှန်းပြနေတဲ့ အတိတ်ကာလမျိုးမပါဘူး။ အဲဒီလိုပါဖို့ဆိုရင် အနည်းဆုံး ကျွန်တော်တို့ဟာ ဦးနေဝင်းအာဏာသိမ်းခဲ့တဲ့ အဖြစ်အပျက်ကို ပွင့်ပွင့်လင်းလင်း ရေးရမယ်။ နောက် ၂၀၀၇ ထိ မဟုတ်ရင်တောင်မှ ၈၈ အရေးအခင်းအကြောင်းကို ဖော်ပြနိုင်ရမယ်။ ယနေ့ လူမျိုးရေးပဋိပက္ခတွေဖြစ်နေရတဲ့အကြောင်းအတွက် တိုင်းရင်းသားနဲ့ ဗမာတွေကြားထဲ ပဋိပက္ခပေါ် ပေါက်လာပုံကို မျှတဲ့အမြင်နဲ့ ရေးရမယ်။ ချင်းတောင်မှာ ကြွမ်ဘိက ကိုလိုနီနယ်ချဲ့ကို တော်လှန်တယ်။ စောလုံမြို့မှာ ကယားအမျိုးသားစောလဖော်၊ ကချင်မှာ ဗိုလ်ဖိုးစောဆိုတာလောက်နဲ့ ချွေးသိပ်နေလို့ မဖြစ်ဘူး။

ပစ္စုပ္ပန်နဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေအပေါ်ကို ပုံဖော်ပြနိုင်မယ့် အဖြစ်အပျက်တွေဟာ ကျောင်းသုံးသမိုင်းဖတ်စာအုပ်မှာ အဓိကထားရမယ့် အချက်ပဲ။ ကျောင်းသားတွေ အတိတ်ကာလအပေါ် ပစ္စုပ္ပန်နဲ့ယှဉ်ပြီး စိတ်ဝင်စားလာအောင်၊ ယဉ်ကျေးမှုဆိုင်ရာ အရင်းအမြစ်နဲ့ အုပ်စုတစ်ခုနဲ့တစ်ခု မျှဝေလက်ခံကျင့်သုံးပုံတွေကို နားလည်လာအောင်၊ ခေတ်သစ်ကမ္ဘာထဲက တခြားနိုင်ငံတွေ တခြားယဉ်ကျေးမှုတွေကို နားလည်လာအောင်၊ သမိုင်းပညာရပ်ဆိုင်ရာ လေ့လာမှုပုံစံတွေနဲ့ သမိုင်းပညာရှင်တွေရဲ့ ထင်ရှားတဲ့ လေ့လာမှုပုံစံတွေကို နားလည်လာဖို့ လုပ်ပေးရမယ်ဆိုတဲ့သဘောတွေပါ သက်ဝင်လာအောင် ဖေါ်ဆောင်ပေးရမှာပါ။ ဒါဟာြဖင့် ကျောင်းသုံးသမိုင်းသင်ကြားရခြင်းရဲ့ ရည်ရွယ်ချက်တွေလို့ သင်ကြားရေးပညာရှင်တွေ လက်ခံထားတာတွေပါ။ ဒီလိုအဖြစ်မျိုးက ဖတ်စာအုပ် သင်ရိုးတစ်ခုတည်းနဲ့ မလုံလောက်တော့ပဲ၊ သမိုင်းဘာသာရပ်နဲ့ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ဒါမှမဟုတ် ကျောင်းပြုပြင်ပြောင်းလဲမှု (School reform) တွေနဲ့ ချိတ်ဆက်အလုပ်လုပ်ရမှာ ဖြစ်တယ်။

ယနေ့တွေ့နေရတဲ့ သမိုင်းဖတ်စာအုပ်တွေမှာ မြန်မာစာဘာသာရပ်ထက်တောင်မှ ပိုပြီး ဆိုးရွားနေသေးတဲ့ ကိစ္စကတော့ လူမှုလိင်အခန်းကဏ္ဍ (gender role) မှာ မမျှမတဖြစ်နေတာပဲ။ တစ်နည်းအားဖြင့် သုံးတန်းကနေစတင်တဲ့ သမိုင်းစာအုပ်တွေမှာ မိန်းမတွေရဲ့ အခန်းကဏ္ဍတွေ ပျောက်နေတာပဲ။ ဒါကို ယောက်ျားကြီးစိုးတဲ့ သမိုင်းအမြင်အတွင်းကနေ ရေးထားတဲ့ ဖတ်စာအုပ်မျိုးလို့ ဆိုရမယ်။ ယနေ့ခေတ်မှာ ဒီလိုအမြင်မျိုးနဲ့ ရေးထားတဲ့ သမိုင်းမျိုးကို လက်မခံကြတော့ဘူး။ နောင် ဒီမိုကရေစီခေတ်အတွင်း ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့အခါမှာ သမိုင်းအချက် အလက်မှန်ရုံတင်မကဘူး၊ ယောက်ျားအဓိကသမိုင်း ဖြစ်မနေဖို့ လိုအပ်တယ်။

ရှစ်တန်းမြန်မာသမိုင်းဖတ်စာအုပ်မှာဆိုရင် အခန်း (၁) ကိုလိုနီခေတ် လက်နက်စွဲကိုင်တော် လှန်ခြင်းကနေ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးအထိ ဖော်ပြထားတဲ့နေရာမှာ အမျိုးသမီး နိုင်ငံရေးလှုပ်ရှားမှုအကြောင်းကို စာတစ်ကြောင်းတစ်လေမှ မပါဘူး။ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုမှာ အမျိုးသမီးအသင်းအဖွဲ့နဲ့ အမျိုးသမီးခေါင်းဆောင်တွေ လုံးဝမရှိတဲ့ အလား၊ လားလားမျှအရေးမပါတဲ့ အလား ရေးဖွဲ့ထားတယ်။ တကယ့်ကို ယောက်ျားလွှမ်းမိုးကြီးစိုးတဲ့ သမိုင်းအမြင်အတွင်းကနေ ရေးဖွဲ့ ထားတာကို တွေ့ရမယ်။ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အတော်ကလေး လျစ်လျူရှုထား၊ ခွဲခြား ဆက်ဆံထားခဲ့တယ်လို့ ဆိုချင်တယ်။ နောင်ရေးမယ့် သမိုင်းစာအုပ်တွေ၊ သင်ရိုးတွေမှာ လိင်အရ လူမျိုးအရ၊ ဘာသာရေးအရ ခွဲခြားဆက်ဆံမှု၊ ဘေးဖယ်ထုတ်မှုတွေမပါအောင် သတိထားလုပ်ဖို့ လိုပါကြောင်း ဖတ်စာအုပ်ထဲက မြန်မာ့သမိုင်းကို ယေဘုယျဆန်းစစ်မိသည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading