သတင်း

NLD နှင့် တွေ့ဆုံဆွေးနွေးရန် တိုင်းရင်းသားပါတီ ၁၂ ခု အကြောင်းပြန်ထား  

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် တွေ့ဆုံဆွေးနွေးရန် အကြောင်းပြန်ထားသည့် တိုင်းရင်းသားပါတီ ၁၂ ခုရှိပြီး ဇန်နဝါရီလအတွင်း ထိုတိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးတော့မည်ဖြစ်သည်ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်မိုးညိုက ပြောသည်။ 

“ဇန်နဝါရီလထဲမှာ အကောင်အထည်ဖော်မလို့ တိုင်းရင်းသားပါတီတွေနဲ့ သွားတွေ့ကြမလို့လေ။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒုဥက္ကဋ္ဌ- ၂ ဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဆီ ဒီနေ့ စာတင်မှာပါ။ စာပို့ပြီးတော့ သူ့ညွှန်ကြားချက်အတိုင်း ကျွန်တော်တို့က ဆောင်ရွက်သွားမှာပါ” ဟု ဒေါက်တာအောင်မိုးညိုက Myanmar Now ကို ပြောသည်။ 

ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ်ကျင်းပခဲ့သည့် ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် အစိုးရသစ်မဖွဲ့စည်းမီ တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရေးရန် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအင်ထုံးခါးနော်ဆမ်တို့ ဦးဆောင်သော အလုပ်အဖွဲ့ကို NLD က ဖွဲ့စည်းခဲ့သည်။ 

အာဏာရပါတီက ရွေးကောက်ပွဲရလဒ်များထွက်ပေါ်လာပြီး ရက်ပိုင်း၌ပင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး အတူတကွ ကြိုးပမ်းဆောင်ရွက်ရန် တိုင်းရင်းသားပါတီ ၄၈ ခုကို အိတ်ဖွင့်ပေးစာဖြင့် ဖိတ်ခေါ်ခဲ့သည်။ 

လက်ရှိတွင် NLD နှင့် တွေ့ဆုံဆွေးနွေးရန် အကြောင်းပြန်ထားသည့် နိုင်ငံရေးနှင့်ပါတီအဖွဲ့အစည်း ၁၂ ခုရှိပြီး ယင်းတို့အထဲတွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)၊ လီဆူအမျိုးသားဖွံ့ဖြိုးရေးပါတီ၊ ကယန်းပြည်သစ်ပါတီ ငြိမ်းချမ်းရေးအဖွဲ့၊ ဝအဖွဲ့ (UWSA)နှင့် မိုင်းလားအဖွဲ့များ ပါဝင်သည်ဟု သိရသည်။ 

တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရာတွင် တစ်ခါတည်း ဆုံးဖြတ်ချက်ပေးသွားမည် မဟုတ်ဘဲ တိုင်းရင်းသားပါတီများ၏ လိုလားချက်ကို နားထောင်ကာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြန်လည်တင်ပြသွားမည်ဟု ဒေါက်တာအောင်မိုးညိုက ဆိုသည်။

“ပြည်နယ်အဆင့် အနိုင်ရတဲ့ ပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ သူတို့သဘောထားက ဘယ်လိုရှိတာတုန်း၊ ပြည်နယ်လွှတ်တော်မှာ ဥက္ကဋ္ဌလိုချင်တာလား၊ ဒုဥက္ကဋ္ဌလိုချင်တာလား၊ ဝန်ကြီးလိုချင်တာလား ဘာလိုချင်တာတုန်း ပြည်နယ်အစိုးရမှာရော ဘယ်လိုနေရာမျိုး လိုချင်တာတုန်း အဲ့ဒါတွေကို မေးမယ်” ဟု ၎င်းက ပြောသည်။ 

တိုင်းရင်းသားပါတီများ၏ သဘောထားအပေါ် သဘောတူမတူကိုမူ အဆိုပါတွေ့ဆုံဆွေးနွေးရေး ခရီးစဉ်များတွင် အဖြေပေးရန် မရှိဘဲ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီထံ ပြန်လည်တင်ပြမည်သာ ဖြစ်သည်ဟုလည်း ဒေါက်တာအောင်မိုးညိုက ဆက်လက်ပြောကြားသည်။ 

အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် အမျိုးသားညီညွတ်ရေးအစိုးရပုံစံမျိုး ဖွဲ့စည်းသွားမည်ဟု NLD ဘက်က ပြောဆိုထားခြင်းကြောင့် ပါတီချင်းတွေ့ဆုံရာတွင် ယင်းကိစ္စကို ထည့်သွင်းဆွေးနွေးသွားမည်ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာက ဆိုသည်။

“ဘယ်လိုပုံစံမျိုးနဲ့ တွေ့မလဲဆိုတာ မူတည်ပါတယ်။ တွေ့ဆုံဆွေးနွေးတဲ့အခါမှသာ ခေါင်းစဉ်အပေါ် မူတည်ပြီး ဆွေးနွေးသွားမှာပါ။ အမျိုးသားညီညွတ်‌ရေးအစိုးရအဖွဲ့ ဖွဲ့စည်းသွားမယ်။ ဗဟိုမှာရော ပြည်နယ်မှာရောဆိုတဲ့ အခါကျတော့ ဒီကိစ္စကို ဆွေးနွေးရမယ်။ ဘယ်လိုပုံစံဖွဲ့စည်းသွားမလဲဆိုတာ သူတို့သဘောထား အရင်သိဖို့ လိုတယ်” ဟု ဒေါက်တာမနမ်တူးဂျာက ဆိုသည်။

NLD ပါတီ၏ ဖိတ်ခေါ်စာနှင့် ပတ်သက်ပြီး လက်ခံကြိုဆိုသော်လည်း ဖိတ်ခေါ်စာသည် ယေဘုယျသဘော ရှင်းရှင်းလင်းလင်းရေးသားပြီး ဖိတ်ခေါ်သင့်ကြောင်း ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးအောင်သန်းလှက ပြောသည်။ 

“ကျွန်တော်တို့ဆီ စာပို့လာတုန်းက အလုပ်လုပ်မယ့် လုပ်ငန်းစဉ်လည်း ပါမလာဘူး။ ကျွန်တော်တို့ကို အသိပေးတဲ့ သဘောလောက်ပဲဖြစ်နေတယ်။ အခု အလုပ်အဖွဲ့ ဖွဲ့လိုက်တယ်ဆိုတော့ ဆွေးနွေးမှုက သူတို့ဘက်က လုပ်ငန်းစဉ်တွေအပေါ်မှာပဲ မူတည်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။ 

အာဏရပါတီက ဖိတ်ခေါ်ထားသော်လည်း အင်အားကြီးတိုင်းရင်းသားပါတီများဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) နှင့် မွန်ညီညွတ်ရေးပါတီ (MUP) တို့ကမူ အကြောင်းပြန်ခြင်း မရှိသေးကြောင်း သိရသည်။ 

Show More

Related Articles

Back to top button