နေပြည်တော်တွင် ကျပ် ၄ ဘီလျံအကုန်အကျခံကာ စောင့်ကြည့်ကင်မရာများ တပ်ဆင်ထား 

ပြည်တွင်းကုမ္ပဏီနှစ်ခုက လုပ်ကိုင်ခွင့်ရရှိခဲ့သော အဆိုပါစီမံကိန်းတွင် အသုံးပြုထားသော ပစ္စည်းအများစုမှာ တရုတ်နိုင်ငံမှ Huawei ကုမ္ပဏီထုတ် ပစ္စည်းများဖြစ်သည်ဟု နေပြည်တော် Safe City စီမံကိန်း၏ အကြံပေးကော်မတီဥက္ကဋ္ဌက ဆိုသည် 

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ရှိ အထင်ကရလမ်းမကြီးတစ်ခုဖြစ်သည့် ရာဇဌာနီလမ်းမကြီးကို တွေ့ရစဉ်။ (ဓာတ်ပုံ - မင်းမင်း/Myanmar Now) 

နေပြည်တော်လုံခြုံရေးအတွက် ငွေကျပ် ၄ ဘီလျံကျော် အကုန်အကျခံကာ ဉာဏ်ရည်တုနည်းပညာ (AI) သုံး စောင့်ကြည့်ကင်မရာများ (CCTV) တပ်ဆင်ထားသည်ဟု နေပြည်တော် Safe City စီမံကိန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ 

နေပြည်တော်ရှိ မြို့နယ် ၈ ခုတွင် ဉာဏ်ရည်တုနည်းပညာဖြင့် လူမျက်နှာနှင့် ယာဉ်နံပါတ်များကို မှတ်သားထားနိုင်သော (Face Recognition) စောင့်ကြည့်ကင်မရာ ၃၃၅ လုံးတပ်ဆင်ထားပြီး ထိန်းချုပ်စင်တာကို ယနေ့ (ဒီဇင်ဘာ ၁၄) တွင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း နေပြည်တော် Safe City စီမံကိန်း၏ အကြံပေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆွေက Myanmar Now ကို ပြောသည်။ 

“ရာဇဝင်ရှိတဲ့ပုဂ္ဂိုလ်တွေ သူ့ပုံကို တင်လိုက်တာနဲ့ နေပြည်တော်ထဲကိုဝင်ရင် မြင်ပြီ၊ တွေ့ပြီ။ သူက Detect (သတိထား) လုပ်ပေးနိုင်တယ်။ ဒီလူကို ရှာချင်တယ်ဆိုရင် သူက ရှာပေးနိုင်တယ်။ နောက်တစ်ခုက မော်တော်ကားတွေမှာ တပ်ထားတဲ့နံပါတ်ကို ကြည့်ပြီးတော့ ဒီကားက ဘယ်သွားခဲ့တယ်။ ဒါတွေ အကုန်လုံးကို လိုက်လို့ရတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါစီမံကိန်းအတွက် ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ခွဲဝေရရှိသည့် ကျပ် ၄ ဘီလျံကျော် သုံးစွဲခဲ့ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကာ စောင့်ကြည့်ကင်မရာများနှင့် ကင်းလွတ်နေရာများအတွက် ရွေ့လျားစနစ်ဖြင့် ချိတ်ဆက်နိုင်မည့် ကွန်ရက်စနစ်ကိုပါ ထည့်သွင်းတည်ဆောက်ထားသည်ဟု ဦးမြင့်ဆွေက ဆိုသည်။ 

နေပြည်တော်တွင် စောင့်ကြည့်ကင်မရာများ တပ်ဆင်ရေးအတွက် နေပြည်တော်ကောင်စီက ပြီးခဲ့သည့်နှစ်အတွင်း ကန့်သတ်တင်ဒါခေါ်ယူခဲ့ရာတွင် ကုမ္ပဏီ ၁၂ ခုဝင်ပြိုင်ပြီးနောက် နေပြည်တော်အခြေစိုက် Linn IT Solution ကုမ္ပဏီက ထိန်းချုပ်စင်တာနှင့် ကွန်ရက်စနစ်တည်ဆောက်ခွင့်၊ နောင်ရိုးနည်းပညာကုမ္ပဏီက ကင်မရာတပ်ဆင်ခြင်းနှင့် ဆက်သွယ်ရေးကြိုး သွယ်တန်းခြင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိခဲ့သည်ဟု ဆိုသည်။ 

Linn IT Solution ကုမ္ပဏီပိုင်ရှင် ဦးနေလင်းထိုက်သည် ပြီးခဲ့သည့်နှစ်အတွင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီကို အထင်ကရ နာရီစင်တစ်ခု ဆောက်လုပ်လှူဒါန်းခဲ့သည်။ အဆိုပါနာရီစင်အဆောက်အအုံမှာ နေပြည်တော်၏ အချက်အခြာနေရာတစ်ခုဖြစ်သည့် နေပြည်တော် သပြေကုန်းအဝိုင်းနှင့် မြို့မဈေးအကြား ပျဉ်းမနား - တောင်ညိုလမ်းမဘေးတွင် တည်ရှိသည်။ 

စီမံကိန်းလုပ်ကိုင်ခွင့်ရကုမ္ပဏီများကို Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ပြီး  စီမံကိန်းတွင် အသုံးပြုထားသည့် နည်းပညာပစ္စည်းအများစုမှာ တရုတ်နိုင်ငံမှ Huawei ကုမ္ပဏီထုတ် ပစ္စည်းများဖြစ်သည်ဟု ဦးမြင့်ဆွေက ပြောသည်။ 

အချက်အလက်များ ခိုးယူခံရခြင်း၊ လုံခြုံရေးစနစ်အတွင်း ဝင်ရောက်နိုင်ခြင်းမရှိစေရန် အထူးကွန်ရက်စနစ်များ အသုံးပြုထားသည်ဟုလည်း ၎င်းက ပြောသည်၊ 

“အိတ်ပေါက်နဲ့ဖားကောက်သလို မဖြစ်ဖို့ ကျွန်တော်တို့ သတိထားပါတယ်။ Firewall(နည်းပညာ ကာကွယ်ရေးစနစ်)ကို ကိုယ့်ဖာသာဝယ်သုံးပါတယ်။ တန်ရာတန်ကြေးလည်းပေးရတယ်။ တစ်ခုခုပေါက်ကြားရင် သူတို့တာဝန်ယူရတယ်။ ဒါကြောင့်စိုးရိမ်စရာ မရှိပါ”ဟု ဦးမြင့်ဆွေက ဆိုသည်။

ယင်းနှင့်စပ်လျဉ်း၍ Huawei ကုမ္ပဏီကို Myanmar Now က ဆက်သွယ်မေးမြန်းရာ ၎င်းတို့တိုက်ရိုက် တင်ဒါအောင်မြင်သည့် စီမံကိန်းမဟုတ်သဖြင့် မှတ်ချက်ပြုရန်မရှိဟု အကြောင်းပြန်သည်။

မန္တလေးမြို့တွင် ဉာဏ်ရည်တုနည်းပညာ စောင့်ကြည့်ကင်မရာများ တပ်ဆင်ရေး ‘Mandalay Safe City’ စီမံကိန်းအတွက် တရုတ်နည်းပညာကုမ္ပဏီ Huawei နှင့် စာချုပ်ချုပ်ဆိုပြီးဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း Myanmar Now ကို ပြောကြားထားသည်။ 

ငွေကျပ် ၁ ဒသမ ၉ ဘီလျံကုန်ကျမည့် အဆိုပါ  ‘Mandalay Safe City’ စီမံကိန်းအရ မန္တလေးခရိုင်ရှိ မြို့နယ် ၇ ခုအနက် မြို့နယ် ၃ ခုတွင် ခြောက်လအတွင်း စတင်အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ 

နေပြည်တော်ရှိ စောင့်ကြည့်ကင်မရာများ ထိန်းချုပ်စင်တာကို လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်များဖြင့် လည်ပတ်နေပြီး အနာဂတ်တွင် ရဲတပ်ဖွဲ့အပါအဝင် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး၊ စည်ပင်သာယာရေး၊ ဆက်သွယ်ရေးဝန်ထမ်းများပါဝင်လျှက် နေပြည်တော်ကောင်စီဥက္ကဌ ဦးဆောင်ကာ စုဖွဲ့မှုပုံသဏ္ဏန်ဖြင့် စီမံသွားမည်ဟု ဦးမြင့်ဆွေက ပြောသည်။ 

အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ နေပြည်တော်ကောင်စီ၏ Facebook စာမျက်နှာတွင် စောင့်ကြည့်ကင်မရာများတပ်ဆင်ခြင်းနှင့် ထိန်းချုပ်စင်တာကို ယနေ့ဖွင့်လှစ်ခဲ့ပြီး တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ဒုစရိုက်မှုပပျောက်ရေး ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်ထားသည်။

၂၀၁၇ ခုနှစ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥပဒေအကြံပေး ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုတွင် အဓိကတရားခံတစ်ဦးအဖြစ် ရဲတပ်ဖွဲ့က အလိုရှိနေသော အောင်ဝင်းခိုင် နေပြည်တော်မှတဆင့် ထွက်ပြေးလွတ်မြောက်ရာတွင် CCTV မှတ်တမ်းချို့ယွင်းချက်ကြောင့်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ဖူးသည်။ 

အောင်ဝင်းခိုင်၏ ပုံရိပ်များပါဝင်နိုင်ဖွယ်ရှိသည်ဆိုသော ပရဆေးဥယျာဉ်ရှေ့ရှိ CCTV ဗီဒီယိုဖိုင်သည် နည်းပညာအရ ခြောက်ရက်သာ မှတ်တမ်းတင်နိုင်သဖြင့် ဖော်ထုတ်ရန် ခက်ခဲသွားသည်ဟု ရဲတပ်ဖွဲ့က အကြောင်းပြခဲ့ကြောင်း ဦးကိုနီမိသားစုဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောကြားခဲ့ဖူးသည်။ 

နေပြည်တော်တွင် ယခုတပ်ဆင်ထားသည့် စောင့်ကြည့်ကင်မရာများသည် ဗီဒီယိုမှတ်တမ်းများကို ရက်ပေါင်း ၆၀ အထိ ထိန်းသိမ်းပေးထားနိုင်ကြောင်း နေပြည်တော် Safe City စီမံကိန်း၏ အကြံပေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading