သတင်း

နေပြည်တော်တွင် ကျပ် ၄ ဘီလျံအကုန်အကျခံကာ စောင့်ကြည့်ကင်မရာများ တပ်ဆင်ထား 

နေပြည်တော်လုံခြုံရေးအတွက် ငွေကျပ် ၄ ဘီလျံကျော် အကုန်အကျခံကာ ဉာဏ်ရည်တုနည်းပညာ (AI) သုံး စောင့်ကြည့်ကင်မရာများ (CCTV) တပ်ဆင်ထားသည်ဟု နေပြည်တော် Safe City စီမံကိန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။ 

နေပြည်တော်ရှိ မြို့နယ် ၈ ခုတွင် ဉာဏ်ရည်တုနည်းပညာဖြင့် လူမျက်နှာနှင့် ယာဉ်နံပါတ်များကို မှတ်သားထားနိုင်သော (Face Recognition) စောင့်ကြည့်ကင်မရာ ၃၃၅ လုံးတပ်ဆင်ထားပြီး ထိန်းချုပ်စင်တာကို ယနေ့ (ဒီဇင်ဘာ ၁၄) တွင် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း နေပြည်တော် Safe City စီမံကိန်း၏ အကြံပေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆွေက Myanmar Now ကို ပြောသည်။ 

“ရာဇဝင်ရှိတဲ့ပုဂ္ဂိုလ်တွေ သူ့ပုံကို တင်လိုက်တာနဲ့ နေပြည်တော်ထဲကိုဝင်ရင် မြင်ပြီ၊ တွေ့ပြီ။ သူက Detect (သတိထား) လုပ်ပေးနိုင်တယ်။ ဒီလူကို ရှာချင်တယ်ဆိုရင် သူက ရှာပေးနိုင်တယ်။ နောက်တစ်ခုက မော်တော်ကားတွေမှာ တပ်ထားတဲ့နံပါတ်ကို ကြည့်ပြီးတော့ ဒီကားက ဘယ်သွားခဲ့တယ်။ ဒါတွေ အကုန်လုံးကို လိုက်လို့ရတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါစီမံကိန်းအတွက် ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ခွဲဝေရရှိသည့် ကျပ် ၄ ဘီလျံကျော် သုံးစွဲခဲ့ပြီး သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကာ စောင့်ကြည့်ကင်မရာများနှင့် ကင်းလွတ်နေရာများအတွက် ရွေ့လျားစနစ်ဖြင့် ချိတ်ဆက်နိုင်မည့် ကွန်ရက်စနစ်ကိုပါ ထည့်သွင်းတည်ဆောက်ထားသည်ဟု ဦးမြင့်ဆွေက ဆိုသည်။ 

နေပြည်တော်တွင် စောင့်ကြည့်ကင်မရာများ တပ်ဆင်ရေးအတွက် နေပြည်တော်ကောင်စီက ပြီးခဲ့သည့်နှစ်အတွင်း ကန့်သတ်တင်ဒါခေါ်ယူခဲ့ရာတွင် ကုမ္ပဏီ ၁၂ ခုဝင်ပြိုင်ပြီးနောက် နေပြည်တော်အခြေစိုက် Linn IT Solution ကုမ္ပဏီက ထိန်းချုပ်စင်တာနှင့် ကွန်ရက်စနစ်တည်ဆောက်ခွင့်၊ နောင်ရိုးနည်းပညာကုမ္ပဏီက ကင်မရာတပ်ဆင်ခြင်းနှင့် ဆက်သွယ်ရေးကြိုး သွယ်တန်းခြင်းလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိခဲ့သည်ဟု ဆိုသည်။ 

Linn IT Solution ကုမ္ပဏီပိုင်ရှင် ဦးနေလင်းထိုက်သည် ပြီးခဲ့သည့်နှစ်အတွင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီကို အထင်ကရ နာရီစင်တစ်ခု ဆောက်လုပ်လှူဒါန်းခဲ့သည်။ အဆိုပါနာရီစင်အဆောက်အအုံမှာ နေပြည်တော်၏ အချက်အချာနေရာတစ်ခုဖြစ်သည့် နေပြည်တော် သပြေကုန်းအဝိုင်းနှင့် မြို့မဈေးအကြား ပျဉ်းမနား – တောင်ညိုလမ်းမဘေးတွင် တည်ရှိသည်။ 

စီမံကိန်းလုပ်ကိုင်ခွင့်ရကုမ္ပဏီများကို Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်ပြီး  စီမံကိန်းတွင် အသုံးပြုထားသည့် နည်းပညာပစ္စည်းအများစုမှာ တရုတ်နိုင်ငံမှ Huawei ကုမ္ပဏီထုတ် ပစ္စည်းများဖြစ်သည်ဟု ဦးမြင့်ဆွေက ပြောသည်။ 

နေပြည်တော်ရှိ CCTV ထိန်းချုပ်စင်တာသို့ ဒီဇင်ဘာ ၁၃ ရက်၌ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုလာရောက်လေ့လာခဲ့စဉ်။ (ဓာတ်ပုံ – ဦးမြင့်ဆွေ Facebook) 

အချက်အလက်များ ခိုးယူခံရခြင်း၊ လုံခြုံရေးစနစ်အတွင်း ဝင်ရောက်နိုင်ခြင်းမရှိစေရန် အထူးကွန်ရက်စနစ်များ အသုံးပြုထားသည်ဟုလည်း ၎င်းက ပြောသည်၊ 

“အိတ်ပေါက်နဲ့ဖားကောက်သလို မဖြစ်ဖို့ ကျွန်တော်တို့ သတိထားပါတယ်။ Firewall(နည်းပညာ ကာကွယ်ရေးစနစ်)ကို ကိုယ့်ဘာသာဝယ်သုံးပါတယ်။ တန်ရာတန်ကြေးလည်းပေးရတယ်။ တစ်ခုခုပေါက်ကြားရင် သူတို့တာဝန်ယူရတယ်။ ဒါကြောင့်စိုးရိမ်စရာ မရှိပါ”ဟု ဦးမြင့်ဆွေက ဆိုသည်။

ယင်းနှင့်စပ်လျဉ်း၍ Huawei ကုမ္ပဏီကို Myanmar Now က ဆက်သွယ်မေးမြန်းရာ ၎င်းတို့တိုက်ရိုက် တင်ဒါအောင်မြင်သည့် စီမံကိန်းမဟုတ်သဖြင့် မှတ်ချက်ပြုရန်မရှိဟု အကြောင်းပြန်သည်။

မန္တလေးမြို့တွင် ဉာဏ်ရည်တုနည်းပညာ စောင့်ကြည့်ကင်မရာများ တပ်ဆင်ရေး ‘Mandalay Safe City’ စီမံကိန်းအတွက် တရုတ်နည်းပညာကုမ္ပဏီ Huawei နှင့် စာချုပ်ချုပ်ဆိုပြီးဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း Myanmar Now ကို ပြောကြားထားသည်။ 

ငွေကျပ် ၁ ဒသမ ၉ ဘီလျံကုန်ကျမည့် အဆိုပါ ‘Mandalay Safe City’ စီမံကိန်းအရ မန္တလေးခရိုင်ရှိ မြို့နယ် ၇ ခုအနက် မြို့နယ် ၃ ခုတွင် ခြောက်လအတွင်း စတင်အကောင်အထည်ဖော်သွားမည်ဖြစ်သည်။ 

နေပြည်တော်ရှိ စောင့်ကြည့်ကင်မရာများ ထိန်းချုပ်စင်တာကို လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်များဖြင့် လည်ပတ်နေပြီး အနာဂတ်တွင် ရဲတပ်ဖွဲ့အပါအဝင် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး၊ စည်ပင်သာယာရေး၊ ဆက်သွယ်ရေးဝန်ထမ်းများပါဝင်လျက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးဆောင်ကာ စုဖွဲ့မှုပုံသဏ္ဌာန်ဖြင့် စီမံသွားမည်ဟု ဦးမြင့်ဆွေက ပြောသည်။ 

အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ နေပြည်တော်ကောင်စီ၏ Facebook စာမျက်နှာတွင် စောင့်ကြည့်ကင်မရာများတပ်ဆင်ခြင်းနှင့် ထိန်းချုပ်စင်တာကို ယနေ့ဖွင့်လှစ်ခဲ့ပြီး တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ဒုစရိုက်မှုပပျောက်ရေး ဆောင်ရွက်မည်ဟု သတင်းထုတ်ပြန်ထားသည်။

၂၀၁၇ ခုနှစ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥပဒေအကြံပေး ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုတွင် အဓိကတရားခံတစ်ဦးအဖြစ် ရဲတပ်ဖွဲ့က အလိုရှိနေသော အောင်ဝင်းခိုင် နေပြည်တော်မှတဆင့် ထွက်ပြေးလွတ်မြောက်ရာတွင် CCTV မှတ်တမ်းချို့ယွင်းချက်ကြောင့်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ဖူးသည်။ 

အောင်ဝင်းခိုင်၏ ပုံရိပ်များပါဝင်နိုင်ဖွယ်ရှိသည်ဆိုသော ပရဆေးဥယျာဉ်ရှေ့ရှိ CCTV ဗီဒီယိုဖိုင်သည် နည်းပညာအရ ခြောက်ရက်သာ မှတ်တမ်းတင်နိုင်သဖြင့် ဖော်ထုတ်ရန် ခက်ခဲသွားသည်ဟု ရဲတပ်ဖွဲ့က အကြောင်းပြခဲ့ကြောင်း ဦးကိုနီမိသားစုဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောကြားခဲ့ဖူးသည်။ 

နေပြည်တော်တွင် ယခုတပ်ဆင်ထားသည့် စောင့်ကြည့်ကင်မရာများသည် ဗီဒီယိုမှတ်တမ်းများကို ရက်ပေါင်း ၆၀ အထိ ထိန်းသိမ်းပေးထားနိုင်ကြောင်း နေပြည်တော် Safe City စီမံကိန်း၏ အကြံပေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဆွေက ပြောသည်။

Show More

Related Articles

Back to top button