ကလေး ၄ ယောက်မိခင် အမျိုးသမီး မုဒိမ်းပြုကျင့်ခံရခြင်းမှာ လုပ်ကြံဖန်တီးသတင်းသာဖြစ်ကြောင်း တပ်မတော်က မူလတွင် သတင်းထုတ်ပြန်ခဲ့သော်လည်း အမှုဖြစ်ပွားပြီး ၂ လ ကျော်အကြာတွင် တပ်မတော်သားများ ပြစ်မှုကျူးလွန်ကြောင်းနှင့် ထိရောက်ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာနေ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် တပ်မတော်သားသုံးဦးကို ယနေ့ (ဒီဇင်ဘာ ၁၁) တွင် စစ်တွေမြို့တပ်မတော်စစ်ခုံရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်အနှစ်၂၀ စီ ချမှတ်လိုက်သည်။
ရသေ့တောင်မြို့နယ် ဦးဂါရွာ၌ ဖြစ်ပွားခဲ့သည့် ဇွန်လ ၂၉ ရက် ဖြစ်စဉ်တွင် တပ်မတော်သားများအနေဖြင့် မုဒိမ်းမှု ကျူးလွန်ခဲ့ခြင်းမရှိကြောင်းနှင့် မီဒီယာတချို့၏ ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် လုပ်ကြံဖန်တီးသည့် သတင်းဖြစ်ကြောင်း တပ်မတော်က ဇူလိုင် ၂ တွင် သတင်းထုတ်ပြန် ငြင်းဆိုခဲ့သည်။

အဓမ္မပြုကျင့်ခံရသူ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးက အဆိုပါတပ်မတော်သားသုံးဦးကို စစ်တွေမြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ ၃၇၆၊ ပုဒ်မ ၃၆၆၊ ပုဒ်မ ၁၁၄ တို့ဖြင့် ဇူလိုင် ၁၀ ရက်တွင် အမှုဖွင့်တိုင်တန်းခဲ့သည်။
ထို့နောက် တပ်မတော်ဘက်ကလည်း အဆိုပါအမှုကို ဝန်ခံခဲ့ပြီး ယင်းအမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့သူ တပ်မတော်သားသုံးဦးကို ပွင့်လင်းမြင်သာစွာစစ်ဆေးပြီး ထိရောက်ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း တပ်မတော်က စက်တင်ဘာ ၁၆ တွင် သတင်းထုတ်ပြန်ခဲ့သည်။


ကျူးလွန်သူ တပ်မတော်သားများကို ခုံရုံးတင်စစ်ဆေးပြီးနောက် ဒုတိယအကြိမ်ရုံးချိန်းတွင် ထောင်ဒဏ် အနှစ် ၂၀ စီ အပြီးသတ်အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာတွင် ဇွန်လ ၂၉ ရက်က တပ်မတော်စစ်ကြောင်း ဝင်ရောက်လာချိန်၌ ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း မီးဖွားပြီးစ သမီးဖြစ်သူကြောင့် ရွာထဲတွင် ပုန်းအောင်းနေသူ အမျိုးသမီးကို တပ်မတော်သားများက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။
“ထွက်ပြေးရင် သူပုန်လို့ သတ်မှတ်ပြီးသတ်မယ်။ မပြေးရင် ကျနော်တို့ လိုလားချက်ကို ပေးရမယ်လို့ ပြောတယ်။ မောင်လေးတို့ လိုချင်တဲ့ လိုအပ်ချက်က ဘာလဲဆိုတော့ အစ်မရဲ့ ခန္ဓာကိုယ်လို့ ပြောတယ်။ အစ်မ ထွက်ပြေးဖို့ ကြံစည်နေတဲ့အချိန်မှာ အတင်းအဓမ္မလှဲပြီး သေနတ်နဲ့ ခြိမ်းခြောက်တယ်။ ဓားတွေနဲ့ ထိုးမယ်ခြိမ်းခြောက်ပြီး အတင်းအဓမ္မပြုကျင့်တယ်" ဟု အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးက ပြောသည်။
အဓမ္မပြုကျင့်ပြီးနောက် တပ်မတော်သားလေးဦးအနက် ရာထူးအကြီးဆုံးဟု ယူဆရသူက ငွေကျပ်နှစ်သောင်းပေးခဲ့ရာ ငြင်းဆန်ခဲ့သော်လည်း အတင်းအဓမ္မပေးခဲ့သည်ဟု အဆိုပါအမျိုးသမီးက စက်တင်ဘာလအတွင်း Myanmar Now ကို ပြောကြားထားသည်။
“ဒီသတင်းမပေါက်ကြားစေနဲ့၊ ပေါက်ကြားရင် အစ်မတို့ တစ်ဆွေလုံးတစ်မျိုးလုံးကို မီးရှို့မယ် ပစ်သတ်မယ်" ဟု ရာထူးအကြီးဆုံးယူဆရသူ တပ်မတော်အရာရှိက ခြိမ်းခြောက်ခဲ့ပြီး ၎င်းမှာ အဓမ္မပြုကျင့်ရာတွင် မပါဝင်ခဲ့ဟု အမျိုးသမီးက ပြောသည်။
ထိုနေရာမှ လွတ်မြောက်လာပြီး ၁၅ မိနစ်ခန့်အကြာတွင် အဓမ္မပြုကျင့်သူသုံးဦးအနက် တစ်ဦးရောက်ရှိလာပြီး သူ (အဓမ္မပြုကျင့်ခံခဲ့ရသူအမျိုးသမီး) ၏ သမီးကိုလည်း စစ်ဆေးစရာရှိသည်ဟု ခေါ်ယူသွားခဲ့သည်။ ၁၉ နှစ်အရွယ် သူ့သမီးမှာ ကလေးမွေးဖွားပြီး ၆ ရက်ခန့်သာ ရှိသေးသည့် အချိန်ဖြစ်သည်ဟု ဆိုသည်။
ယောက္ခမဖြစ်သူ၏ အကူအညီဖြင့် သမီးဖြစ်သူ ပြန်လည်လွတ်မြောက်လာပြီးနောက် နောက်တစ်ရက်တွင် အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးနှင့် ၎င်း၏ သမီးဖြစ်သူတို့ စစ်တွေမြို့သို့ ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့သည်။
(ဂုဏ်သိက္ခာနှင့် ကျင့်ဝတ်ပိုင်းအရ အဆိုပါအမျိုးသမီး၏ အမည်ကိုမူ ဤနေရာတွင် ဖော်ပြနိုင်ခြင်းမရှိပါ။)
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။













