ပါဂျောင်အရိုးတွန်သံ ပြန်လာပြီ

(အလင်း အမှောင် အရောင်ပုံရိပ်တို့ဖြင့် အရိုးတွန်သံ ဖွဲ့ဆိုခြင်း)

“ကျွန်တော်သန်းကြွယ်သူဋ္ဌေးဖြစ်ခဲ့စဉ်က”၊ “လူကက်ဆက်” အမည်တို့ဖြင့်  ABSDF မြောက်ပိုင်း မှ ကိုယ်တွေ့ ငရဲခန်းများအကြောင်းကို ၂၀၁၁ ခုနှစ်က ကျွန်တော်ကိုယ်တိုင် အယ်ဒီတာလုပ်ခဲ့သော “ကောင်းကင်” အွန်လိုင်း စာပေနှင့် အနုပညာမဂ္ဂဇင်းတွင် စတင်ရေးသားခဲ့ရာမှ နှစ်ပေါင်းများစွာ မတို့မထိဘဲ ထားခဲ့သော  မြန်မာ ဒီမိုကရေစီ ခရီးကြမ်းမှ လူမဆန်သော ငရဲခန်းများအကြောင်း စာဖတ်သူများ အထိတ်တလန့်သိခဲ့ကြသည်။ ထိုမှစ၍ ကိုယ်တိုင်ခံစားခဲ့သူများရဲ့ အသံတွေ တစတစဆူညံလာခဲ့ကာ ဂဃနဏသိသူတွေကိုယ်တိုင် အကွက်ချ ဖုံးဖိထားခဲ့တဲ့ သမိုင်းအမည်းကွက်ဟာ ပြန်လည်နိုးထလာခဲ့ပါတော့တယ်။

အမှန်တော့ ကိုထွန်းအောင်ကျော် အပါအဝင် ပါဂျောင်ငရဲခန်း ဖြတ်သန်းရင်း ကျဆုံးသွားခဲ့တဲ့ ဒီမိုကရေစီ ကျောင်းသားရဲဘော်တို့ရဲ့ ဝိညာဉ်တွေကိုယ်တိုင် အရိုးတွန်လာခြင်း ဖြစ်ပါတယ်။ တနေ့ကျရင် သမိုင်းအမှန်ကို အားလုံးသိရှိအောင် ဖော်ထုတ်ပေးပါ့မယ်လို့ ကျွန်တော်တို့ ကတိပြုခဲ့ကြဖူးတယ်။ အဲဒီ ကတိကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့အတွက်လည်း အတိုင်းအတာတခုထိ မိမိကိုယ်ကို ဖြေသိမ့်နိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို ပြန်လည်ပြီး ပြောပြနိုင်အောင် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရပါတယ်။

၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးကို စက်တင်ဘာ ၁၈ရက် စစ်အာဏာသိမ်းအပြီးမှာ သောင်းနဲ့ချီတဲ့ လူငယ်တွေဟာ နယ်စပ်သူပုန်စခန်းတွေဆီ လက်လက်နက်ကိုင်တော်လှန်ရေးတစ်ခု ဆင်နွဲဖို့ ရည်ရွယ်ချက်တွေနဲ့ စွန့်စားရောက်ရှိခဲ့ကြတယ်။ ကျွန်တော်လည်း ကချင်ပြည်နယ် မြောက်ပိုင်း “ပါဂျောင်”ဒေသ က ABSDF တော်လှန်ရေးတပ်ဖွဲ့ မှာ တော်လှန်ရေး တပ်သားတစ်ယောက်အနေနဲ့ ရောက်ခဲ့ပါတယ်။ တက္ကသိုလ်စာသင်ခန်းက အရေးပေါ် စစ်ပညာ စာပေလေးတွေဖတ်ပြီး တောထဲဝင်လာတဲ့ ကျွန်တော်တို့အတွက် တော်လှန်ရေးဆိုတာ ဟောလီးဝုဒ် ရမ်ဘို စီးရီးထဲကလိုမဟုတ်ဘူးဆိုတာ ခါးသီးစွာ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒီကြမ်းတမ်းမှုတွေကို ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ်ဆိုးအောက်က လွန်မြောက်ချင်စိတ်တွေနဲ့ ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ကြပါတယ်။

ဒါပေမယ့် လက်နက်နဲ့ အာဏာကြောင့် ခေါင်းဆောင်နေရာလုပွဲကြီးမှာ တကယ်အရည်ချင်းရှိတဲ့ ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော်နဲ့ ကျွန်တော်အပါအဝင် တော်လှန်ရေးရဲဘော်တွေဟာ ABSDF အလံတစ်ခုတည်းအောက်က ရော်နယ်အောင်နိုင်၊ မျိုးဝင်း ၊ သံချောင်း၊ လဆိုင်း၊ အောင်ဆွေဦး သန်းဇော်တို့ရဲ့ အညှိုးအတေးကြီးစွာနဲ့ အမှုဆင်ပြီး စစ်အစိုးရထောက်လှန်းရေး စပိုင်တွေလို့စွပ်စွဲပြီး ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုကြီးနဲ့ ကြုံခဲ့ရပါတယ်။

ကျွန်တော်ကိုယ်တိုင် ပြင်းထန်တဲ့ ညှင်းဆဲနှိပ်စက်မှုတွေကို မခံနိုင်တဲ့အဆုံး စစ်ထောက်လှမ်းရေးပါလို့ ဟန်ဆောင်ထွက်ဆိုပေးခဲ့ရပါတယ်။ ငရဲတမျှရက်စက်တဲ့ အကျဉ်းထောင်မှာ ညပေါင်းများစွာ လပေါင်းများစွာ ခံစားခဲ့ရဖူးပါတယ်။ နောက်ဆုံး ၁၉၉၂ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကိုထွန်းအောင်ကျော် အပါအဝင် ၁၅ ယောက်ကို ခေါင်းဖြတ်သတ်ခဲ့ကြပါတယ်။ အဲဒီနောက်မှာ ကျွန်တော်တို့ဟာ ပါဂျောင်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

မြို့ပေါ်ရောက်ပြီး နှစ်ကာလများစွာကြာတဲ့အထိ ဒီအကြောင်းတွေကို ပြန်မစဉ်းစားချင်လောက်အောင် ခါးသီးနာကျည်းခဲ့ရပါတယ်။ ဒါကြောင့်လည်း ဒီဆိုးရွားလှတဲ့ပြစ်မှုကြီးကို ကျုးလွန်ထားသူတွေဟာ လွတ်မြောက်နယ်မြေထဲမှာ ကိုယ်ရောင်ဖျောက်ပြီး ဒီမိုကရေစီရေး အလေးပေးကြိုးပမ်းနေသူတွေအဖြစ် ဆက်ရှင်သန်နေကြပါတယ်။ ဒီလိုနဲ့ ၂၀၁၂ ခုနှစ်မှာ “ကျွန်တော် သန်းကြွယ်သူဋ္ဌေးဖြစ်ခဲ့စဉ်က”နဲ့ “လူကက်ဆက်” ဆောင်းပါးတွေကနေ ဒီတောထဲမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်မှန်ကို ရေးသားတင်ပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော့်လိုပဲ ခံခဲ့ရသူတွေက ရှုထောင့်မျိုးစုံကနေ ဝိုင်းဝန်းဖော်ထုတ်ရေးသားကြရင်းက ဒီ ထိတ်လန့်ဖွယ် ဖြစ်ရပ်ဆိုးကြီးကို စာဖတ်သူတွေ စတင်သိခဲ့ကြရပါတယ်။

ဒီလိုနဲ့ ဒီအဖြစ်အပျက်တစ်ခုလုံးကို အစအဆုံး ချရေးနိုင်ခဲ့ပြီး ၂၀၁၄ မှာ ကိုဇာဂနာ တည်ထောင်ထားတဲ့ HOME production ကနေ ပထမအကြိမ်ထုတ်ဝေခဲ့ပါတယ်။ နောက်တော့ ၂၀၁၉ ဇွန်လမှာ ငါတို့စာပေ ကနေ ပြန်လည်တည်းဖြတ် ထပ်မံထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ကို ရေးသားချိန်မှာ အဖြစ်အပျက်တို့ကို ပြည့်ပြည့်စုံစုံနားလည် သိရှိနိုင်ဖို့တင်မက ရသပါတဲ့ အနုပညာစာပေ လက်ရာတစ်ခုဖြစ်ဖို့ ကြိုးစားရေးခဲ့ပါတယ်။ ၂၀၂၀ နှစ်ဆန်းစမှာ ငါတို့စာပေက မြေမှုန်လွင်က ဖုန်းဆက်ပြီး ကျွန်တော့် စာအုပ်ကို ရုပ်ပြအနုပညာရှင် တစ်ယောက်က ရုပ်ပြဆွဲဖို့ စိတ်ဝင်စားနေတယ်၊ သူ့ရဲ့လက်ရာကို အစ်ကိုတွေ့ရအောင် နမူနာ ပို့ပေးလိုက်မယ်၊ ကြည့်ပြီး ဆွဲခွင့်ပြုဖို့ သဘောတူ မတူ အကြောင်းပြန်ပေးပါတဲ့။ သူနမူနာပေးလိုက်တဲ့ ဂရပ်ဖစ်သရုပ်ဖော်ပုံတွေ ကြည့်လိုက်ယုံနဲ့ ဒီလက်ရာရှင်ဟာ ခုမှ စိတ်ကူးပေါက်ပြီး ထလုပ်တာမျိုး မဟုတ်ဘဲ နှစ်ကာလများစွာ ဒီနယ်ပယ်ထဲမှာ မြှုပ်နှံထားတဲ့သူဆိုတာ အရမ်းသိသာလှတာမို့ ချက်ချင်းပဲ သဘောတူတဲ့အကြောင်း ပြန်ကြားခဲ့ပါတယ်။ အထူးသဖြင့် ညီငယ်တစ်ယောက်လို ခင်မင်ရင်းနှီးရတဲ့ မြေမှုန်လွင်ဟာ မြန်မာပြည် စာပေလောကမှာ ရုပ်ပြစာအုပ်တွေ တဖန်ရှင်သန်လာဖို့ ကြိုးစားနေတာကိုလည်း သိနေတာမို့ ဒီကိစ္စမှာ တစ်နည်းတစ်လမ်း ပါဝင်ခွင့်ရလို့ဝမ်းသာမိပါတယ်။

ကျွန်တော့် တသက်တာမှာ လူမှန်းသိတဲ့အချိန်ကစလို့ ကာတွန်းတွေ ရုပ်ပြတွေကို စွဲစွဲလန်းလန်း နဲ့ အသက်ကြီးတဲ့အထိ တိတိကျကျ ပြောရရင် ရုပ်ပြတွေ ပျောက်ကွယ်သွားချိန်ထိ ရုပ်ပြတွေကို ဖတ်ရှုအားပေးခဲ့တယ်။ ကျွန်တော့်ဘဝမှာ ရုပ်ပြနဲ့ပတ်သက်ပြီး မှတ်မှတ်ရရ ပြောစရာ ဖြစ်ရပ်တစ်ခုကတော့ ကျွန်တော် ၇တန်းကျောင်းသားဘဝကပါ။ ကျွန်တော်ကို ရွာကနေ အမျိုးတွေရှိတဲ့ ဟင်္သာတကို ကျောင်းပိတ်ရက်ရှည်မှာ အလည်ထည့်လိုက်ပါတယ်။ ဟိုမှာ သုံးစွဲဖို့ မုန့်ဖိုး ၁၈ ကျပ်ထည့်ပေးလိုက်ပါ တယ်။ မဲဇလီကုန်းဘူတာမှာ ရထားစောင့်ရင်း ဘူတာပလက်ဖောင်းပေါ်က ကိုလှယဉ် လူငယ်စာပေ ဆိုင်ရှေ့သွားတဲ့အခါ ပန်းချီမောင်ငြိမ်းချမ်းရဲ့ “ငှက်ဂဠုန် မြွေနဂါး” ဆိုတဲ့ စိုင်းဗေဒါ ရုပ်ပြတွေ့တော့ အရမ်းလိုချင်သွားပါတယ်။ ဈေးမေးကြည့်တော့ ၁၈ ကျပ်တဲ့။ လက်ဘက်ရည်တစ်ခွက် သုံးမတ်ပဲ ရှိတဲ့အချိန်မှာပါ။ ဝယ်လိုက်ရင် ပါတဲ့မုန့်ဖိုးအားလုံးကုန်ပြီး ဟင်္သာတမှာ တပြားမှ မသုံးရပဲ ကျောင်းပိတ်ရက်ကို ဖြတ်သန်းရမှာပါ။ နောက်ဆုံး ဖြစ်ချင်တာဖြစ်ဆိုပြီး ဇွတ်ဝယ်ကာ ရထားပေါ်မှာ ဖတ်သွားလိုက်ပါတယ်။ ရှိသမျှပိုက်ဆံကို ဘူတာမှာ စာအုပ်ဝယ်သွားတယ်ဆိုတဲ့သတင်းက နေ့တွင်းချင်း အိမ်ကိုရောက်သွားတော့တာပဲ။ နောက်ပိုင်း ကျွန်တော် တက္ကသိုလ်ရောက်တဲ့အထိ စံရိပ်ငြိမ်ထဲက အငှားဆိုင်တွေမှာ ထွက်သမျှရုပ်ပြ အားလုံးလိုလို မလွတ်တမ်း ငှားဖတ်ခဲ့ပါတယ်။

အခုကြုံတုန်း ငယ်စဉ်ကစပြီး ဖတ်ခဲ့တဲ့ ရုပ်ပြစာအုပ်တွေ စာရင်းချကြည့်တဲ့ အခါ ရွေသွေး၊ တေဇ တွေက ပန်းချီ ဦးဘကြည် ကာတွန်းဖေသိန်းတို့က စပြီး၊ ကာတွန်းမြင့်သိန်း ရဲ့ စံရွှေမြင့်၊ ကာတွန်းအောင်မြင့် ကြံ့ဗဟုံး၊ ကာတွန်းအောင်ရှိန် ဦးကပ်စီး ဦးရှံစား၊ ကာတွန်း သန်းကြွယ် ရဲ့ မောင်ကမ္ဘာ၊ ကာတွန်းသော်က အရိုင်း၊ မောင်ဝဏ္ဏ ရဲ့ သမိန်ပေါသွပ်၊ ကာတွန်းမောင်လွင် ငထက်ဖျား၊ တင်အောင်နီ ရဲ့ ကိုပြာလောင်၊ ပြာဂလောင်ပြာလချောင်၊ ကာတွန်းအောင်အောင်ရဲ့ ရွေဂေါင်းပြောင်၊ ကာတွန်းစိန်ကြီး မက္ခရာဓါး၊ ပိုးဇာရဲ့ လေးမွန် ထွေးမွန်၊ ရုပ်ပြကာတွန်း နန်းဦး၊ မင်းသိုက်၊ ရာမ၊ ကာတွန်းသစ်ထွန်း ရဲ့ မောင်တီထွင် ၊ ပန်းချီကိုကိုဝင်းရဲ့ နေကျောက်ခဲ၊ ပန်းချီ မောင်ငြိမ်းချမ်း ရဲ့ စိုင်းဗေဒါ၊ လုလင်ပန်းချီမောင်ငြိမ်းချမ်း၊ ပန်းချီကိုကိုမောင်၊ ပန်းချီမြိတ်ဝင်းထိန်၊ ရုပ်ပြဒီရဲဂျာ၊ ပန်းချီခိုင်တင်၊ ပန်းချီဝသုန် ရဲ့ လင်္ကာဒီပချစ်သူ၊ ကာတွန်းဆွေမင်း ရဲ့ မြိုင်ရာဇာတွတ်ပီ၊ ကာတွန်းဝိဇ္ဖာ ၊ကာတွန်း ကဆ ရဲ့ ရွှေကြာ ရုပ်စုံ၊ စံစံ(ဟင်္သာတ) ပန်းချီ ညိုဝင်းဖေ တို့ရဲ့ မင်းသားကျော်ဟိန်းစတိုင် ဇာတ်ကောင်များ၊ ကာတွန်းစိုးသော်တာ၊ ကာတွန်း ကိုရွှေထူး တို့ ကိုတင့်တို့စူပါရပ်ကွက်ထိ စွဲစွဲလန်းလန်း ဖတ်ခဲ့ရတာလွမ်းစရာပါ။

ကိုဗစ် ပထမလှိုင်းအပြီး ရန်ကုန်မှာရှိတုန်း ကိုမြေမှုန်လွင်က ဖုန်းဆက်လာတယ်။ အစ်ကို့ဝတ္ထုကို ရုပ်ပြရေးနေတဲ့ artist Wooh Hmo နဲ့ဆုံရအောင်လေ၊ သူဆွဲထားတာ ပြီးခါနီးနေပြီ၊ အစ်ကိုကြည့်ချင် ကြည့်ရအောင်တဲ့။ ဒီလိုနဲ့ လှည်းတန်းစင်တာမှာ ဆုံပြီး သူ့ပုံတွေကို တစ်ခုချင်းကြည့်ဖြစ်ခဲ့တယ်။ ရွေးချယ်ထားတဲ့အရောင်တွေ လိုင်းတွေ ကြည့်လိုက်တာနဲ့ သူ ဒီ “ပါဂျောင်” ရဲ့ ဖြစ်ရပ်ဆိုးကြီးထဲမှာ ကိုယ်ရောစိတ်ပါနှစ်ပြီး အလုပ်လုပ်ထားတယ်ဆိုတာ သိသာတယ်။ ဇာတ်ကောင်တစ်ကောင်ချင်းစီရဲ့ ကာရိုက်တာတွေကလည်း အင်မတန်အသက်ဝင်တယ်။ အားလုံးပြီးအောင် တဆက်တည်း မဖတ်နိုင်ဘဲ ခဏနားနားပြီးမှ ပြန်ကြည့်ရတယ်။ ကွယ်လွန်သွားတဲ့ ကိုထွန်းအောင်ကျော်တို့ ကိုချိုကြီးတို့ ပုံရိပ်တွေ မြင်ပြီး ဝမ်းနည်းကြေကွဲရသလို တဖက်မှာတော့ နောက်မျိုးဆက်တွေကို “ပါဂျောင်”ရဲ့ သမိုင်းဖြစ်ရပ်မှန် လက်ဆင့်ကမ်းလိုက်နိုင်တာအတွက်ရော၊ မြန်မာပြည်ရုပ်ပြသမိုင်းမှာ ထွက်ခဲ့သမျှတွေနဲ့မတူ တမူထူးခြားတဲ့ အနုပညာလက်ရာကောင်းတစ်ခု ပေါ်ထွန်းလာတဲ့အတွက် ညီငယ် ဟေမန်ဦး ကိုရော၊ ထုတ်ဝေသူ မြေမှုန်လွင်နဲ့ ငါတို့စာပေတိုက်ကိုရော၊ ABSDF မြောက်ပိုင်းက အသက်မသေဘဲ ပြန်လာနိုင်ခဲ့သူများကိုယ်စား အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

ဒီရုပ်ပြဖာတ်လမ်းရဲ့ ထူးခြားမှုကတော့ ဒီအဖြစ်အပျက်ထဲမှာ ကိုယ်တွေ့ခံစားသူတွေက ပြန်ပြောတာမျိုး မဟုတ်ဘဲ အမှန်တရားကို တန်ဖိုးထားတဲ့ ကျွန်တော်တို့နောက်က မျိုးဆက်ရဲ့ အနုပညာပုံစံနောက်တမျိုးနဲ့ ချပြထားတာဖြစ်ပါတယ်။ ရုပ်ပြလောကမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်လာတဲ့ ရုပ်ပြသမား Wooh Hmo ရဲ့ လက်ရာမှာ သူ့ရဲ့ ဖန်တီးမှုစကေး တင်မက သေသူတွေရဲ့ ဝိညာဉ်တွေ ပါဝင်နေတယ်လို့ခံစားရပါတယ်။ သူကိုယ်တိုင်လည်း ကျွန်တော်ရေးခဲ့တဲ့ စာအုပ်ကို အကြိမ်ကြိမ်ဖတ်ပြီး အိပ်မရတဲ့ ညပေါင်းများစွာဖြတ်သန်းပြီး ပုံရိပ်တွေကို အရင်ပုံဖော်အပြီးမှာ ရေးဆွဲခဲ့တယ်လို့ ကျွန်တော့်ကိုပြောပြခဲ့ပါတယ်။

အနုပညာရှင် ညီငယ် artist Wooh Hmo ဟေမာန်ဦး ရုပ်ပြလက်ရာကနေ တဆင့် မျိုးဆက်သစ် ဂီတအနုပညာသမားတွေကပါ ဒီ အဖြစ်ပျက်ကို ဂီတနဲ့ ပုံဖော်ဖို့ ကြိုးစားထားတာတွေပါ အပြင်၊ လူငယ် Animation သမားတွေကပါ လှုပ်ရှားနေတဲ့ ပုံရိပ်တွေနဲ့ ထပ်ပြီး ပုံဖော်လာကြာတာကို ကြည့်ပြီး တောထဲမှာ မတရားစွပ်စွဲ သတ်ဖြတ်ခံခဲ့ရတဲ့ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ မခင်ချိုဦးတို့ နဲ့ ကျဆုံးခဲ့သူတွေရဲ့ ဝိညာဉ်တွေ တကယ်ပဲ အရိုးတွန်လို့ သက်ဝင်လာခဲ့ပြီဆိုတာ ပြောချင်ပါတယ်။

မန္တလေး မီးရထားဝန်ထမ်းလိုင်းခန်းများတွင်နေထိုင်သူမိသားစုဝင်များအား အာဏာဖီဆန်မှု (CDM)ဆက်မလုပ်ရန်နှင့် ဆက်လုပ်ပါက ဝန်ထမ်းလိုင်းခန်းနေအိမ်များမှထွက်ခွါပေးရန်ဖိအားပေးထားသည့်စာသားများအား လိုင်းခန်းနေအိမ်များသို့ စစ်ကောင်စီက ယမန်နေ့ညနေပိုင်းတွင် လိုက...

Published on Mar 19, 2021

ယင်းသို့ CDMဆက်လုပ်ပါက နေအိမ်လိုင်းခန်းများကို အင်အားသုံးဖယ်ရှားမည်ဖြစ်ကြောင်း ဖိအားပေးရေးသားထားသော ထိုစာရွက်များကို ယမန်နေ့ညနေ ၃နာရီခန့်ကစတင်ကာ စစ်ကား(၈)စီးခန့်ဖြင့် မန္တလေးဘူတာကြီးအနီးလိုင်းခန်းများ၊သိုးခြံဘူတာအနီးလိုင်းခန်းများ၊မြို့ဟောင်းဘူတာလိုင်းခန်းများတွင်လိုက်လံသတိပေးကာ ကပ်ခဲ့ခြင်းဖြစ်သည်ဟု
မီးရထားစက်ခေါင်းမောင်း ကိုဝင်းကိုဦးကပြောသည်။

“သူတို့ဘယ်လိုဖိအားပေးခြိမ်းခြောက်ပါစေ၊အကိုတို့က CDMဆက်လုပ်သွားမယ်”ဟု ၄င်းကဆိုသည်။

သိုးခြံဘူတာလိုင်းခန်းတွင် အခန်းပေါင်း ၁၅၀ကျော် လူဦးရေ ၆၀၀ကျော် နေထိုင်ကြပြီး လိုင်းခန်းနေမိသားစုများ၏ လူဦးရေ၉၀ရာခိုင်းနှုန်းက စစ်ကောင်စီ၏ အမိန့်ကို ဖယ်ရှားပေးကာ အာဏာဖီဆန်မှု CDMဆက်လုပ်သွားမည်ဟု စက်ခေါင်းမောင်း ကိုဝင်းကိုဦးကဆက်ပြောသည်။

အလားတူ မန္တလေးဘူတာကြီးအနီး မန္တလေးပြည်သူ့ဆေးရုံကြီးအနောက်ဘက် မီးရထားလိုင်းခန်းအိမ်ရာတွင်လည်း အခန်းပေါင်း ၈၀၀ကျော်နှင့် လူဦးရေထောင်ချီနေထိုင်ကြသည်။

ထိုသူများက အာဏာဖီဆန်မှု(CDM)ကိုဆက်လုပ်သွားမည် ဟုတ် မဟုတ် ယခုလ (၂၂)ရက်တွင်သိရှိရမည်ဖြစ်ကြောင်း အဆိုပါလိုင်းခန်းနေ စက်ခေါင်းမောင်းကိုခန့်လူအောင်ကဆိုသည်။

“အဲဒီနေ့က ဖားနဲ့ငါးကွဲပြားမယ့်နေ့ပေါ့၊ဒါပေမယ့် တချို့ကျလည်း CDMပေမယ့် နေရေးထိုင်ရေးတွေကခုလိုဆိုတော့အခက်အခဲဖြစ်လာတယ်”ဟု ကိုခန့်လူအောင်ကဆိုသည်။

မန္တလေးမီးရထားဝန်ထမ်းများသည် စစ်ကောင်စီက အာဏာသိမ်းအပြီး ဖေဖော်ဝါရီ (၈)ရက်နေ့မှစတင်ကာ ပုံမှန်လည်ပတ်နေသည့် လုပ်ငန်းများအားရပ်ဆိုင်းပစ်ကာ အာဏာဖီဆန်ကာ ဆန္ဒပြလျှက်ရှိသည်။

၄င်းတို့အား မီးရထားပြန်လည်ထွက်ခွာရန် အကြိမ်ကြိမ်ဖိအားပေးခိုင်းစေမှုများ စစ်ကောင်စီက ပြုလုပ်လျှက်ရှိသော်လည်း ယနေ့အထိမအောင်မြင်သေးပေ။

“မီးရထားတွေ အရင်လိုပြန်ထွက်တာမမြင်ချင်ဘူးလား၊အလုပ်တွေပြန်အဆင်ပြေတာမလိုချင်ဘူးလို့ သူတို့(စစ်တပ်)က မနေ့က စာလာကပ်တော့ပြောတယ်၊ကျွန်မပြန်မပြောရဲဘူးလေ”ဟု သိုးခြံမီးရထား လိုင်းခန်းနေ ဝန်ထမ်းအမျိုးသမီးတစ်ဦးကဆိုသည်။

“သူတို့က ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်နော်၊ပြီးတော့မှ အဆိုးမဆိုနဲ့လိုပြောသွားတယ်”ဟု အဆိုပါအမျိုးသမီးကဆက်ပြောသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိခဲ့သော လှိုင်သာယာမြို့နယ်တွင် တိတ်ဆိတ်ခြောက်ကပ်နေပြီး နေ့စဉ်ရက်ဆက်ပစ်ခတ်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ လှိုင်သာယာကို စွန့်ခွာက နေရပ်ပြန်...

Published on Mar 19, 2021
လှိုင်သာယာအသွား တံတားပေါ်တွင် မီးလောင်ကျွမ်းထားသည့် ကားတစ်စီးကို မတ် ၁၆ ရက်က တွေ့မြင်ရစဉ်။ 

သပိတ်စစ်ကြောင်းများကို အာဏာရှင် စစ်ကောင်စီအဖွဲ့က နှစ်ရက်ဆက်တိုက် အကြမ်းဖက် ပစ်ခတ်ဖြို ခွင်းမှုကြောင့် ပြည်သူအမြောက်အများ သေဆုံးခဲ့ရသည့် လှိုင်သာယာမြို့နယ်တွင် မတ် ၁၆ ရက် မွန်းလွဲ ပိုင်းက ဆိုင်ကယ်တစ်စီးတလေသာ ဖြတ်သွားဖြတ်လာရှိပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ 

လှိုင်သာယာမရောက်မီ ဘုရင့်နောင်တံတားအောက် လမ်းဆုံမီးပွိုင့်တွင် တာယာအကြွင်းအကျန်များ မီးငွေ့ငွေလောင်နေဆဲဖြစ်သည်။ ရပ်ကွက်နေ လူငယ်တချို့ သမိုင်းဘက် လမ်းမခြမ်းကို သဲအိတ်တချို့ ဖြင့် ကြိုးစားပမ်းစား အကာအကွယ်ပြုလုပ်နေသည်ကို တွေ့ရသည်။ 

လှိုင်သာယာမြို့နယ်အဝင် တံတားပေါ်၌လည်း ကားတာယာ မီးလောင်ထားသည့် ပြာမှုန့်မဲမဲများ ဟိုတစ် ကွက် သည်တစ်ကွက် ပြန့်ကျဲနေဆဲ တွေ့ရသည်။ လှိုင်သာယာ ကျန်စစ်သားလမ်းမကြီးတလျှောက်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး လမ်းဆုံတိုင်းလိုလို လမ်းအရံအတားများဖြင့် ပိတ်ဆို့ ထားသည်ကို တွေ့ရ သည်။ 

လမ်းတလျှောက် လာသမျှလူစိမ်းတိုင်းကို သံသယမျက်လုံးများဖြင့် လိုက်ကြည့်နေသာ ရပ်ကွက်နေ ပြည်သူ့အချို့ကို မြင်ရခြင်းက ၎င်းတို့၏စိတ်မလုံခြုံမှုကို ကူးစက်ခံစားရစေသည်။ 

“ပြည်သူတွေက ဘယ်လို လုံခြုံတော့ မလဲဗျာ။ သူတို့က မဲမဲမြင်ရာ လိုက်ပစ်နေတာ။ နေ့လည်း ပစ် တယ်။ ညလဲပစ်တယ်။ မထင်ရင် မထင်သလို ဆိုင်ကယ်တွေကိုတားပြီး စစ်တာတွေ ပါသေးတယ်” လို့ ဆိုင်ကယ်ကယ်ရီမောင်းသူက ပြောပြသည်။ 

မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်များ ဆင်နွှဲနေသည့်နည်းတူ လှိုင်သာယာမြို့နယ်သည်လည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်များ ဆင်နွှဲခဲ့ကြသည်။ 

မြောက်ဥက္ကလာပ သပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွင်းခံရပြီး ကျည်အစစ်ဖြင့်ပစ်သဖြင့် လူများသေဆုံးခဲ့ခြင်း၊ မန္တလေးမြို့ စိန်ပန်းသပိတ် အကြမ်းဖမ်ဖြိုခွင်းခံရပြီး လူသေဆုံးခဲ့ခြင်းများကြောင့် အကြမ်းဖက်လက်နက်ကိုင်များကို တုံ့ပြန်ခုခံရန် မတ် ၁၃ ရက်က လှိုင်သာယာမြို့နယ်တွင် အလံနက် လွှင့်ထူခဲ့ကြသည်။ 

ထိုနေ့ကလည်း လှိုင်သာယာမြို့နယ်၌ ညနေပိုင်းတွင် ဆန္ဒပြသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွင်းခံ ခဲ့ရပြီး ညပိုင်းတွင် လှိုင်သာယာမြို့နယ်တွင်း ဦးတည်မောင်းနှင်လာသည့် စစ်ကားအချို့ကို သတိထားမိ သည်ဟု ဒေသခံအချို့က ပြောသည်။  

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသော ဓာတ်ပုံများ၊ ဗီဒီယိုများအရ အစီး ၅၀ ခန့်ရှိ စစ်ကားများ အောင်ဇေယျတံတားကိုဖြတ်ပြီး လှိုင်သာယာကို ဦးတည်မောင်းနှင်သွားသည်ကို တွေ့ခဲ့ရသည်။ 

“မတ်လ ၁၄ ရက် မတိုင်ခင်မှာလည်း သပိတ်တွေကို အကြမ်းဖက်ဖြိုခွင်းတာတွေတော့ ရှိတယ်။ ဒါပေမယ့် မတ်လ ၁၄ ရက်နေ့ကတော့ စစ်အင်အား အလုံးအရင်းနဲ့လာပြီး သပိတ်တွေကို နှစ်ဖက် ညှပ်ပိတ် ပစ်ခတ်ကြတာပဲ။ လူအသေအမြောက် အများဆုံး အကြမ်းဖက်ခံရတာပဲ” ဟု သပိတ် စခန်းဖြိုးခွင်းခံရမှုကို မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ 

မတ် ၁၄ ရက်တွင် အာဏာသိမ်းစစ်ကောင်၏ လက်နက်ကိုင်တပ်ဖွဲ့များက သပိတ်စခန်း အနီးအနား လာသမျှလူများကို ဆက်တိုက်ပစ်ခတ်ခဲ့ပြီး ၎င်းတို့တပ်စွဲထားရာ အထွေထွေအုပ်ချုပ်ရေးမှုးရုံးရှေ့ ဖြတ်သန်းသွားလာသူများကိုပင် လှမ်းပစ်ခဲ့ကြောင်း သိရသည်။ 

“ကျနော်ဆိုရင် စစ်သားတွေ တပ်စွဲထားတဲ့ ထွေအုပ်ချုပ်ရုံးကို ညနေ ၃ နာရီလောက်က ဆိုင်ကယ်နဲ့ ဖြတ်တာ အထဲကနေ သေနတ်နဲ့ လှမ်းပစ်တာဗျာ။ ကံကောင်းလို့ ခေါင်းနောက်ဘက်ကို ချော်သွားတာ။ စစ်ကားတွေ လမ်းမပေါ်မှာ သွားနေတာတွေ့တာနဲ့ ပြည်သူတွေက ရှောင်ကြရတဲ့အထိကို ဒီကောင်တွေ လုပ်ကြတာ” လို့ လှိုင်သာယာမြို့ခံနောက်တစ်ဦးက ပြောသည်။ 

လှိုင်သာယာရုံးရှေ့ ၁၀၃ ဂိတ် ကျန်စစ်သားလမ်းမကြီး မူးယစ်ဖမ်း ဆီးရေး ရဲကင်းရှေ့တွင်လည်း  ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မျက်မြင်ကြုံတွေ့ခဲ့သူ လူငယ်တစ်ဦးက ပြောသည်။ 

“၁၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်ကတည်းက ၁ ထိပ်ကနေ စပစ်တာ၊ လမ်းတလျှောက် ပစ်လာ တာ ၅ ထိပ်ဘက်ကနေ ပတ်တက်လာတယ်။ နောက်ပြီး ရုံးရှေ့ကနေလည်း တရပ်စက်ပစ်လာပြီး မြို့နယ်ခန်းမမှာ စစ်ကား ငါးစီးလောက် ဝင်နေကြတယ်။ ရုံးရှေ့ City Mark အရှေ့ကနေ စနိုက်ပါနဲ့ လှမ်းပစ်လိုက်တာ ပြည်သူတစ်ဦး ဗိုက်ထိပြီး နောက်တစ်ဦးက ခေါင်းထိသွားတယ်။ ကျွန်တော့် မျက်စိရှေ့မှာပဲ လဲကျသွားတယ်။ ချက်ချင်း အလောင်းကောက်လို့ မရဘူး။ သေနတ်တွေ ဆက်တိုက် ပစ်နေလို့။ နောက်မှ သူတို့ထွက်သွားမှ လဲနေသူတွေကို သွားဆွဲယူရတယ်။” ၁၉ ရပ်ကွက်နေ လူငယ် တစ်ဦးက ပြောပြသည်။ 

မတ်လ ၁၄ ရက် နေ့ခင်းဘက်တွင် အကြမ်းဖက်ပစ်ခတ်မှုများရှိခဲ့သည့်နည်းတူ ညပိုင်းတွင်လည်း လှိုင်သာယာမြို့နယ်ရှိ လမ်းမများပေါ်၌ စစ်ကားများဖြင့် လှည့်လည်ပြီး အသံပေးပစ်ခတ်ခြိမ်းခြောက်မှု များဆိုးဆိုးဝါးဝါး လုပ်ဆောင်ခဲ့သည်ဟု ရပ်ကွက်နေပြည်သူများက ဆိုသည်။ မတ်လ ၁၄ ရက်နေ့ တစ်ရက်တည်း၌ပင် သေဆုံးသူ ၄၀ ထက်မနည်း ရှိခဲ့သည်ဟု လူမှုကူညီကယ်ဆယ်ရေးလုပ်ဆောင် နေသူတစ်ဦးက ပြောသည်။။ 

(မတ် ၁၄ မှ ၁၈ ရက် ညနေပိုင်းအထိ လှိုင်သာယာမြို့နယ်တွင် သေဆုံးသူ ၅၈ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးရှိကြောင်း လှိုင်သာယာဆေးရုံတာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။) 

ညစဉ် ၁၀ နာရီဝန်းကျင်မှစတင်ကာ မကြာခဏကြားနေရသည့် အသံဗုံးဖောက်သံများသည် ည ၂ နာရီခန့်မှသာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ဟု အမျိးသမီးတစ်ဦးက ပြောသည်။ 

“ဒီအသံက အသံဗုံးဖောက်သံ။ သူတို့တွေ ညတိုင်း ပုံမှန်ပစ်နေကြပဲ။ ကျမတို့တောင် အသံဗုံးနဲ့ ကျည်အစစ်ပစ်သံကို ခွဲတက်နေပြီ။ တခါတလေ အသံဗုံးနဲ့ကျည်အစစ် ရောပစ်တတ်တယ်” ဟု လှိုင်သာယာတွင် နေထိုင်သူ အမျိုးသမီးက ပြောပြသည်။ 

လှိုင်သာယာရှိ ရပ်ကွက်နေ ပြည်သူများသည် ညစဉ်ညတိုင်း  ၂ နာရီခန့်အထိ မအိပ်မနေ နိုးနိုးကြားကြား စောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

ရပ်ကွက်ထိပ်တိုင်း လမ်းမထိပ်တိုင်းတွင် အရံအတားများလုပ်ထားသည့်နည်းတူ လမ်းတိုင်း၌လည်း လူကြီး၊လူငယ်များ ကင်းပုန်းစောင့်နေသည်ကို တွေ့ရသည်။ ကင်းစောင့်နေရင်း လမ်းမတလျှောက် စစ်ကားများ လာနေပါက ကင်းစောင့်အဖွဲ့က အသံပိတ်၊ မီးပိတ်ပြီး သတိအနေအထား စောင့်ကြည့်ကြ ရသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ထွက်ကြည့်သည်ကို စစ်သားများ သတိထားမိပါက ကျည် အစစ်ဖြင့် လှမ်းပစ်တတ်သည်ဟု ဆိုသည်။ 

လှိုင်သာယာကို စစ်အင်အားအလုံးအရင်းဖြင့် ဖိနှိပ်နေခြင်းမှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ် ကြောင်းများအပြင် တရုတ်ပိုင်စက်ရုံများ မီးလောင်မှုကြောင့်လည်း ဖြစ်သည်ဟု ပြည်သူတချို့က ဆိုကြသည်။ 

မတ်လ ၁၄ ရက်က အင်အားအလုံးအရင်းဖြင့် သပိတ်စစ်ကြောင်းဖြိုခွင်းခံရချိန်တွင် တရုတ်နိုင်ငံသား ပိုင် စက်ရုံများဖြစ်သည့် Global အထည်ချုပ်စက်ရုံ၊ ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံနှင့် ငွေကြယ်အ ထည်ချုပ်စက်ရုံများ မီးစွဲလောင်ခဲ့ခြင်းဖြစ်သည်။ 

“လှိုင်သာယာပြည်သူတွေ ရှို့နေတယ်ဆိုပြီး ကောလဟာလတွေ ထွက်တယ်။ အဲ့ဒီစက်ရုံနားမှာ သူတို့ အဖွဲ့တွေပဲ ရှိတာ။ ကျမတို့ ပြည်သူတွေကို သေနတ်တွေ မဲမဲမြင်ရာ ပစ်နေတာကို ဘယ်သူတွေက ထွက်ပြီး မီးသွားရှို့ရဲမှာလဲ။ စဉ်းစားကြည့်ရင် သိသားကြီးဟာကို” ဟု အမျိုးသမီးက မှတ်ချက်ပြုသည်။ 

ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရ လက်နက်ကိုင်စစ်သားများအပြင် ရပ်ကွက်ထဲရှိ ရဲသတင်းပေးဆိုသူများကိုလည်း သတိထားစောင့်ကြည့်နေရသည်ဟု ဆိုသည်။ 

“ကျနော်တို့ ပြည်သူတွေကို သတ်လို့ ကျနော်တို့က ခုခံကာကွယ်မယ်ဆိုပြီး ဓားတို့ဘာတို့ ဆောင်ထား ကြတယ်။ ဒါကို သတင်းပေးတွေက သတင်းပေးလိုက်လို့ ညဘက် အဲ့ဒီနေရာတွေ အဖိခံရတာမျိုးတွေ ရှိကြတော့ အခုဆို တရပ်ကွက်နဲ့တရပ်ကွက်က ၆ နာရီကျော်ရင် ဟိုဘက်ဒီဘက် မဖြတ်ခိုင်းဘူး။ စည်း ကျော်တာနဲ့ ခုတ်မယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ လှိုင်သာယာဆိုတာကလည်း လူပေါင်းစုံ အလုပ်လာ လုပ်နေတာဆိုတော့ ဘယ်သူ့မှ မယုံရဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ 

တဦးနှင့်တဦး သံသယကြီးထွားသည့် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဖြတ်သန်းသွားလာစဉ် ရပ်ကွက်ထိပ် ကင်းတာဝန်ယူထားသည့် ဓားရှည်များဖြင့် လူတအုပ်ထွက်လာကြပြီး “ဘာအတွက် သွား မှာလဲ၊ ဘာကြောင့်လဲ” ဆိုပြီး အသေးစိတ်မေးမြန်းခြင်း ခံခဲ့ရသည်။ အချိန်က ည ၄ နာရီကျော်ကျော် အချိန်ဖြစ်သည်။ 

အသံဗုံးသံ၊ သေနတ်ပစ်သံများဖြင့် နေ့စဉ်ရက်ဆက်ဖြတ်သန်းပြီးနောက် မတ် ၁၇ ရက်တွင် ရွှေ့ပြောင်း အလုပ်သမား မိသားစုအများစု လှိုင်သာယာကို စတင်စွန့်ခွာကြတော့သည်။ အိတ်ကြီး၊ အိတ်ငယ် အသွယ်သွယ်နှင့် ဟိုက်ဂျက်၊ လိုက်ထရက်၊ ဆိုင်ကယ် စသည့် ရရာမော်တော်ယာဉ်များဖြင့် နယ်ပြန် ရန်ထွက်လာသူ လမ်းမပေါ်တွင် ပြည့်လျှံလုနီးပါးဖြစ်ခဲ့သည်။ 

“လှိုင်သာယာက စစ်မြေပြင်ကြီးလို ဖြစ်သွားတော့ သူတို့တွေလဲ မနေရဲဘူးနေမှာပေါ့။ တချို့က အလုပ် မရှိတော့ စားဝတ်နေရေး ခက်ခဲလို့ ပြန်ကြတာလဲ ပါတယ်။ တချို့ကတော့ လုံခြုံမှုမရှိတော့လို့ကို ပြန်ကြတာ။ မတ်လ ၁၃ ရက်နေ့လောက်ကတည်းက စပြန်နေကြတာ။ အခု ပြန်တာ ဘယ်လောက်များ လဲဆိုရင် မြင်တဲအတိုင်း လမ်းပေါ်မှာ ပြည့်နေတာကိုပဲကြည့်တော့” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်အုပ်ချုပ်ရေးလက်အောက် ရောက်သွားသည့် လှိုင်သာယာမြို့နယ်နေ ပြည်သူများ၏ အလုပ်အကိုင် များ၊ မျှော်လင့်ချက်များ အမှန်တကယ် ရိုက်ချိုးခံလိုက်ရပြီဖြစ်သည်။ အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသည့်အတွက် အခြေခံသတင်းအချက်အလတ် သိပိုင်ခွင့်ပင် မရှိတော့ပေ။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် နံနက် ၉ နာရီအချိန်တွင် စတင်ပစ်ခတ်ဖြိုခွင်းခဲ့ရာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် ကွယ်လွန်ခဲ့ကြောင်း နာရေးကူညီမှုအသင်းထံမှ သိရသည်

Published on Mar 19, 2021
အောင်ပန်းမြို့တွင် ယနေ့ (မတ် ၁၉) နံနက်ပိုင်းက စစ်ကောင်စီလက်နက်ကိုင်များ ၏ ပစ်ခတ်ဖြိုခွင်းမှုအတွင်း ဒဏ်ရာရသူတစ်ဦးကို သယ်ဆောင်လာစဉ်။

ရှမ်ပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြရန် လူစုနေသော ပြည်သူများကို စစ်ကောင်စီလက်နက်ကိုင်များက ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ၈ ဦး ကျဆုံးသွားကြောင့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

အင်အား ၁၀၀ ကျော်ရှိ ရဲနှင့်စစ်သားများသည် ယနေ့ (မတ် ၁၉) နံနက်ကပိုင်း ၉ နာရီအချိန်ခန့်တွင် စစ်ကား ၁၆ စီးဖြင့် ရောက်ရှိလာပြီး ဆန္ဒပြသူများကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ အောင်ပန်းမြို့တွင် ၇ ဦးကျဆုံးပြီး ဒဏ်ရာဖြင့် ကလောဆေးရုံရောက်သွားသည့် လူနာသည်လည်း ၁၁ နာရီခန့်တွင် သေဆုံး သွားကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူများမှ အမျိုးသားများဖြစ်ကြပြီး ကလော ဆေးရုံးတွင် လည်ပင်းဒဏ်ရာဖြင့် သေဆုံးခဲ့သူ၏ ရုပ်အလောင်းကို သည်ဆောင်ရန်ပြင်ဆင်နေပြီး အောင်ပန်းမြို့တွင် သေဆုံးခဲ့သူများ၏ ရုပ်အလောင်းကိုမူ စစ်တပ်နှင့်ရဲများက ယူဆောင်သွားကြသဖြင့် အလောင်းပြန် မရသေးကြောင်း ၎င်းက ပြောသည်။

စစ်နှင့်ရဲများက ရပ်ကွက်အတွင်းရှိ လူနေအိမ်ဝင်းတံခါးများကို ရိုက်နှက်ဖျက်ဆီးကာ နေအိမ်အတွင်း ဝင်ရောက်၍လည်း ဖမ်းဆီးလျက်ရှိပြီး အရပ်သား ၁၀ ဦးထက်မနည်း အဖမ်းခံထားရကြောင်း အောင်ပန်းမြို့နေ ကိုနေလင်းထွန်းက Myanmar Now ကို ပြောသည်။

“ဒီနေ့က လူစု မလုပ်ရသေးဘူး။ စုရပ်မှာ လူစုဖို့ လုပ်နေတုန်းရှိသေးတယ်။ ရဲတွေအရင်ရောက်လာ တယ်။ ရဲတွေကို ပြည်သူကပြန်ဝိုင်းထားချိန် လက်နက်ကိုင် စစ်သားတွေက ထပ်ရောက်လာပြီး တရစပ် ပစ်တော့တာ။ နောက်ရက်တွေတော့ လူစုလို့မရရင် ကိုယ့်ရပ်ကွက်နဲ့ကိုယ်ပဲ ပြဖို့လုပ်မှာပဲ” ဟုလည်း ၎င်းက ပြောသည်။

အောင်ပန်းမြို့ရှိ ရပ်ကွက်နေပြည်သူများက စစ်ကောင်စီလက်နက်ကိုင်များ၏ အကြောင်းမဲ့ ဝင်ရောက် ဖမ်းခံရမည်ကို စိုးရိမ်သဖြင့် ယခုလ ၁၃ မှစတင်ကာ ညကင်းသမား ၃၀၀ ခန့်ဖြင့် ရပ်ကွက်တိုင်းတွင် စောင့်ကြပ်နေရကြောင်း သိရသည်။
ထိုသို့ ရပ်ကွက်နေပြည်သူများ၏ ညကင်းစောင့်မှုကို နံနက် ၃ နာရီနှင့် ၅ နာရီကြားတွင် ဒရုန်းကင်မရာ များဖြင့် စစ်ကောင်စီလက်နက်ကိုင်များက ပြန်လည်စောင့်ကြည့်လျက်ရှိကြောင်းလည်း ကိုနေလင်းထွန်းက ပြောသည်။

ယနေ့တွင်လည်း စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖြိုခွင်းခြင်းမပြုမီ နာရီပိုင်းအလိုတွင် ဒရုန်းကင်မရာများဖြင့် အောင်ပန်းမြို့တွင်း ဆန္ဒပြလူစုနေခြင်းများကို လိုက်လံကြည့်ရှုခဲ့ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း၌လည်း အောင်ပန်းမြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အသက်မပြည်သေးသူ သုံးဦးသာ ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading