‘မြန်မာပြည်ကို ကယ်တင်မည့်ပါတီ’ ဟု ကြွေးကြော်ထားသည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) ပါတီဥက္ကဋ္ဌ ဦးစိုးမောင်သည် ရွေးကောက်ပွဲမကျင်းပမီ ရက်ပိုင်းအလိုတွင် ပြင်းထန်သော ဘာသာရေးမှိုင်းတိုက် စကားလုံးများဖြင့် ဟောပြောစည်းရုံးခဲ့ပြီး ရွေးကောက်ပွဲကော်မရှင်ကို တရားစွဲဆိုရန် စိုင်းပြင်းနေသူ ၎င်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတို့ကို လေးစားလိုက်နာမှု မရှိကြောင်းလည်း ကော်မရှင်က သတိပေးထားသည် 

နိုဝင်ဘာ ၂၆ တွင် ရန်ကုန်၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) ပါတီဥက္ကဋ္ဌ ဦးစိုးမောင် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now) 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သည် မသမာမှု၊ မရိုးသားမှုများနှင့် တမင်လုပ်ကြံဖန်တီးမှုများ ရှိနေသည့်အပြင် ရာဇဝတ်မှုကျူးလွန်သည်ဟုပင် စွပ်စွဲကာ ကော်မရှင်တာဝန်ရှိသူများကို တရားစွဲဆိုရန် စိုင်းပြင်းနေသူ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) ပါတီဥက္ကဋ္ဌ ဦးစိုးမောင်သည် ရွေးကောက်ပွဲတွင် ဘာသာရေးမှိုင်းတိုက်သော ဟောပြောမှုဖြင့် မဲဆွယ်စည်းရုံးခဲ့သည်ကို တွေ့ရှိရသည်။ 

ရွေးကောက်ပွဲမကျင်းပမီ ရက်ပိုင်းအလိုတွင် ဦးစိုးမောင်က ၎င်း၏မဲဆန္ဒနယ်ဖြစ်သော မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေး ဟောပြောရာ၌ အစ္စလာမ်ဘာသာရေးပူးပေါင်းအဖွဲ့အစည်းဖြစ်သည့် OIC သည် မြန်မာနိုင်ငံရှိ အမျိုးသမီးများကို အစ္စလာမ်ဘာသာဝင်များက လက်ထပ်နိုင်ရန် ငွေကြေးထောက်ပံ့နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

“လုပ်ရင်း လုပ်ရင်းနဲ့ နှစ်ပေါင်းများလာတော့ ဘယ်လောက်အောင်မြင်လာလဲဆိုရင် သီချင်းဆိုတဲ့ ‘လွှမ်းမိုး’ ကြားဖူးလား။ လွှမ်းမိုးက ဝန်ကြီးချုပ်ရဲ့သမီးကို ရသွားတယ်” ဟု ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်ခ၏ သမီးဖြစ်သူနှင့် လက်ထပ်ခဲ့သူ ကွယ်လွန်သူ အဆိုတော်လွှမ်းမိုးကို ရည်ညွှန်းလျက် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်က ဘာသာရေးမှိုင်းတိုက်ကာ ဟောပြောစည်းရုံးခဲ့သည်။ 

ရေစကြိုမြို့နယ်၊ ကြူရွာအုပ်စု၊ ဆင်ကြို့ရွာရှိ လိုတရသာရက္ခန် ရွှေဂူမြတ်စွာဘုရား မုဒ်ဦးတွင် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်က ထိုသို့ ဟောပြောကာ မဲဆွယ်စည်းရုံးခဲ့ခြင်းဖြစ်ပြီး ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ထွန်းသည်လည်း ဦးစိုးမောင်အတွက် ဟောပြောစည်းရုံးပေးခဲ့သည်ကို Myanmar Now က ရရှိထားသည့် ရုပ်သံမှတ်တမ်းအရ သိရှိရသည်။ 

ဒေသခံအမျိုးသားအများစု တော်လှန်ပုန်ကန်နေသော ပြည်နယ်တစ်ခုတွင် လက်နက်ကိုင်ခေါင်းဆောင်များက ဒေသခံအမျိုးသမီးများကို ဗမာနှင့် မပေါင်းသင်းခိုင်းသဖြင့် ယင်းအမျိုးသမီးများသည် အစ္စလာမ်ဘာသာဝင်များနှင့် လက်ထပ်သွားကြရာ ပြည်နယ်အတွင်း မွတ်စလင်လူဦးရေ တိုးပွားလာကြောင်းလည်း ဦးစိုးမောင်က ဟောပြောထားသည်။

အဆိုပါမဲဆွယ်ဟောပြောမှုတွင် ဦးစိုးမောင်သည် ၎င်း၏ပါတီက လုပ်ပေးနိုင်သည့် ကိစ္စရပ်များကို ထည့်သွင်းပြောကြားခြင်း မရှိဘဲ အစ္စလာမ်ဘာသာဝင်များအကြောင်းကိုသာ ပုတ်ခတ်ပြောဆိုသွားကြောင်း၊ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်သည့် ၎င်း၏ပါတီကို မဲထည့်ရန် ပြောဆိုသွားကြောင်း ထိုဟောပြောပွဲ တက်ရောက်ခဲ့သူ ဆင်ကြို့ရွာမှ အမည်မဖော်လိုသူ လူငယ်တစ်ဦးက Myanmar Now ကို ပြောသည်။ 

တစ်နိုင်ငံလုံးကို ကယ်တင်ချင်၍ ပါတီထောင်သည်ဟု အစချီကာ ဦးစိုးမောင်က "ကျုပ်တို့ တိုင်းရင်းသားတွေကျတော့ (ကိုဗစ်ထောက်ပံ့ကြေး) ၂၀,၀၀၀ ပေးပြီး ကုလားမွတ်စလင်ကျ ၈၀၀,၀၀၀ (ကျပ် ၈ သိန်း) ပေးပါတယ်။ သိလား အဲဒါ။ မယုံရင် စုံစမ်းလိုက်ပါ” ဟုလည်း ထည့်သွင်းဟောပြောခဲ့သည်။ 

ပါတီအကြောင်းဟောပြောမည်ဆိုကာ ဟောပြောပွဲကို ဦးဆောင်စည်းရုံးခဲ့သူ ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ထွန်းကလည်း NLD ပါတီကြောင့် ၂၀၂၅ တွင် မြန်မာနိုင်ငံသည် မွတ်စလင်နိုင်ငံဖြစ်တော့မည်ဖြစ်ကြောင်း၊ အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်သည့် ဦးစိုးမောင်၏ပါတီကို မဲပေးရန်လိုကြောင်း ဟောပြောခဲ့သည်ကို တွေ့ရသည်။ 

“ဘင်္ဂလားဒေ့ရှ်က ထေရဝါဒ ဗုဒ္ဓမြန်မာတွေ တစ်ယောက်မှ မရှိတော့ဘူး။ ဘာလို့လဲ လည်ဖြတ်သတ်လိုက်လို့။ သူတို့ထဲ ဝင်ရင်ဝင်၊ မဝင်ရင် လည်ဖြတ်။ အဲဒီတော့ အိမ်နားနီးချင်းဖြစ်နေပြီ။ အဲဒီက လူတွေကလည်း ဒီ ဝင်နေပြီ။ အခု နယ်စည်းဥပဒေလည်း ဖွင့်ပေးလိုက်ပြီ။ မွေးစားဥပဒေလည်း ဖွင့်ပေးလိုက်ပြီ” ဟု ဦးအောင်ထွန်းက ဟောပြောခဲ့သည်။

ဦးစိုးမောင်သည် ရေစကြိုမြို့နယ်အတွင်း ဆင်ကြို့ရွာအပြင် နိပဆေးတောရွာ၌လည်း အောက်တိုဘာ ၂၁ ရက်က ဘာသာရေးအကြောင်းပြ မဲဆွယ်စည်းရုံးရေးဟော‌ပြောခဲ့သည်ကို အဆိုပါ ဟောပြောပွဲတက်ရောက်ခဲ့သူတစ်ဦးက Myanmar Now ကို ပေးပို့လာသည့် ရုပ်သံဖိုင်တစ်ခုအရ သိရသည်။ 

ဗုဒ္ဓဘာသာအမျိုးသမီးများကို လက်ထပ်လျှင် ထောက်ပံ့ကြေးငွေရရှိကြောင်း ဦးစိုးမောင်၏ ပြောကြားချက်နှင့် ပတ်သက်၍ အထောက်အထားပြရန် လိုအပ်ပြီး အချင်းချင်း ချစ်ကြိုက်၍ လက်ထပ်ယူကြသည့်အခါ ဗုဒ္ဓဘာသာသို့ ကူးပြောင်းသွားသော အစ္စလာမ်ဘာသာဝင်အမျိုးသားများ ရှိသကဲ့သို့ အခြားဘာသာမှ အစ္စလာမ်ဘာသာသို့ ကူးပြောင်းလာသူ အမျိုးသမီးများလည်းရှိကြောင်း အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတစ်ခု၏ ဥက္ကဋ္ဌဖြစ်သူက ဆိုသည်။ 

“မျိုးစောင့်ဥပဒေ၊ ဘာညာ အစိုးရက လုပ်ထားပြီးပြီပဲ။ ဒါလည်း မကျေနပ်ဘဲနဲ့ ထပ်ပြောနေမယ်ဆိုရင်တော့ ဒါ သူတို့ အာဏာရဖို့အတွက် ဘာသာတရားတစ်ခုကို ဖိနှိပ်စော်ကား စွပ်စွဲတယ်လို့ပဲ ပြောချင်တယ်” ဟု ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းအောင်က ပြောသည်။ 

ထိုသို့သော ဦးစိုးမောင်၏ မဲဆွယ်စည်းရုံးရေး ဟောပြောမှုများနှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က “ဒါ ဥပဒေနဲ့ မညီဘူး။ အမုန်းစကားတွေဖြစ်တယ်။ ရွေးကောက်ခံ NLD အမတ်ကဖြစ်စေ၊ တခြားအမတ်လောင်းတွေကဖြစ်စေ၊ ပြည်သူတွေကဖြစ်စေ အမှုဖွင့်မယ်ဆိုရင်တော့ ရဲအရေးပိုင်တဲ့အမှု ဖြစ်ပြီးတော့ ရဲက အမှုဖွင့်ပေးမှာပဲ” ဟု Myanmar  Now ကို ပြောသည်။ 

ဘာသာရေးကို အလွဲသုံးစားပြု၍ မဲဆွယ်စည်းရုံးခြင်း မပြုလုပ်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများတွင် တားမြစ်ထားပြီး ဖောက်ဖျက်ပါက ပါတီဖျက်သိမ်းနိုင်သည်အထိ အရေးယူနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။  

ရွေးကောက်ပွဲဥပဒေပုဒ်မ ၁၀ (ဈ)အရ  ဘာသာရေးကို အကြောင်းပြ၍ ဆန္ဒမဲပေးရန်ဖြစ်စေ၊ ဆန္ဒမဲမပေးရန်ဖြစ်စေ ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်းနှင့် ယင်းသို့ ပြုလုပ်ရန် အားပေးလှုံ့ဆော်သူ သို့မဟုတ် ပြုလုပ်သည့်အဖွဲ့အစည်းဝင်ဖြစ်သူသည် ရွေးကောက်ပွဲတွင် ‌ရွေးကောက်တင်မြှောက်ပိုင်ခွင့် မရှိစေရဟု ဖော်ပြထားသည်။ 

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈ (ဂ) တွင်လည်း လူမျိုးရေး၊ ဘာသာရေးကို အကြောင်းပြ မဲပေးရန် သို့မဟုတ် မပေးရန် ဟောပြောလှုံ့ဆော်ပါက ဥပဒေအရ ထောင်ဒဏ်တစ်နှစ် ကျခံရမည့်အပြင် တရားမဲ့ပြုကျင့်မှု မြောက်သဖြင့် ရွေးကောက်ပွဲအနိုင်ရပါကလည်း ကန့်ကွက်သူရှိပါက ရွေးကောက်ခံကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခံရနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။  

ဦးစိုးမောင်သည် အမျိုးသားရေးလှုပ်ရှားမှု ဦးတည်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ရဌပါလအသင်းဥက္ကဋ္ဌလည်း ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီတွင် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီကို တည်ထောင်ခဲ့ကာ ၎င်း၏ပါတီ၌ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရာထူးမှဖြုတ်ချခံခဲ့ရသူ စာရင်းစစ်ချုပ်ဟောင်း ဗိုလ်ချုပ် (အငြိမ်းစား) လွန်းမောင်က ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ 

“အမျိုးသားရေးနှင့် ပတ်သက်၍ သတ္တိနှင့် စွန့်လွှတ်စွန့်စားရန် ဆုံးဖြတ်ထားသူများ၏ပါတီ” ဟူသော ကြွေးကြော်သံဖြင့် ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သော ဦးစိုးမောင်၏ ပါတီသည် တစ်နိုင်ငံလုံးတွင် တစ်နေရာမျှ အနိုင်မရရှိဘဲ ပါတီဥက္ကဋ္ဌ ဦးစိုးမောင်သည်လည်း ၎င်း၏ဇာတိ ရေစကြိုမြို့နယ်၌ မဲကွာဟချက် ကြီးမားစွာဖြင့် မရှုမလှ ရှုံးနိမ့်ခဲ့သည်။ 

စစ်ဥပဒေချုပ်ဟောင်းနှင့် သမ္မတရုံးဝန်ကြီးဟောင်းလည်းဖြစ်သူ ဦးစိုးမောင်သည် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုကာ ရေစကြိုမြို့နယ်မှပင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့သူဖြစ်သည်။ 

ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၂၆ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ပြည်ခိုင်ဖြိုးပါတီ၏ သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီ၏ မိတ်ဖက်အဖြစ် တက်ရောက်ခဲ့သူ ဦးစိုးမောင်က ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုများအပေါ် ဥပဒေနှင့်အညီ မဆောင်ရွက်ပါက တန်ပြန်သက်ရောက်မှု ရှိလာမည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောကြားခဲ့သည်။ 

“ဥပဒေအတိုင်းပဲ တိတိကျကျဖြစ်အောင်၊ ထန်ကုန်အောင်၊ ထန်ကုန်အောင်ဆိုတာက အကုန်အစင် ဘက်စုံထောင့်စုံက ထောက်ပြပြီး လုပ်ပေးနေပါတယ်။ အဲဒီအပေါ်မှာ လေးစားမှုမရှိဘဲ ဆက်လက်ပြီး လစ်လျူရှုနေမယ်ဆိုရင်တော့ နယူတန်နိယာမ ရှိပါတယ်။ သက်ရောက်မှုတိုင်းက တန်ပြန်သက်ရောက်မှု ရှိမယ်ဆိုတာကို သတိပေးလိုက်ပါတယ်” ဟု ထိုသတင်းစာရှင်းလင်းပွဲတွင် ဦးစိုးမောင်က ပြောကြားခဲ့သည်။ 

ထို့ပြင် ရွေးကောက်ပွဲကော်မရှင်အသစ် ဖွဲ့စည်းပေးရန် အပါအဝင် ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ တရားမျှတမှုမရှိသဖြင့် ကော်မရှင်ကို တရားစွဲဆိုမည်ဖြစ်ကြောင်း နိုဝင်ဘာ ၆ နှင့် ၉ ရက်နေ့များတွင် ဦးစိုးမောင်က သဘောထားကြေညာချက်များ ထုတ်ပြန်ခဲ့သည်။ 

ကော်မရှင်သည် စာတမ်းအမှတ်အသားအတု အသုံးပြုမှု ရာဇသတ်ကြီးပုဒ်မ ၄၇၁၊ အခြေခံဥပဒေနှင့် ပါလီမန်အက်ဥပဒေ ပြဋ္ဌာန်းချက်များကို ချိုးဖောက်မှု ၁၃၀-က၊ ရာဇဝတ်မကင်းသော ပူးပေါင်းကြံစည်မှု ပုဒ်မ ၁၂၀-က တို့ကို ကျူးလွန်သည်ဟု ဦးစိုးမောင်က စွပ်စွဲထားပြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းအပါအဝင် ကော်မရှင်အဖွဲ့ဝင်များကို တရားစွဲဖြစ်ကြောင်း အထက်ပါကြေညာချက်များတွင် ဖော်ပြခဲ့သည်။ 

ဦးစိုးမောင်၏ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) ပါတီသည် ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ ၁၅ ဦး ကို တရားစွဲဆိုခဲ့ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမှုတွဲလက်ခံထားသည်ဟုလည်း Peope Media က ဒီဇင်ဘာ ၅ တွင် ရေးသားဖော်ပြခဲ့သည်။ 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၇ ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် ဦးစိုးမောင်၏ပါတီသည် ရွေးကောက်ပွဲတာဝန်ရှိသူများကို ခြိမ်းခြောက်ပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို နှောင့်ယှက်စော်ကားနေသည့်အပြင် အခြေခံဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတို့ကို လေးစားလိုက်နာမှု မရှိဟု ကော်မရှင်၏ကြေညာချက်တွင် ဖော်ပြထားသည်။ 

ထို့ပြင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့်ဆောင်ရွက်ချက်သည် အပြီးအပြတ် အတည်ဖြစ်စေရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီး ရွေးကောက်ပွဲဆိုင်ရာဥပဒေများအရလည်း ကော်မရှင်၏ ဆုံးဖြတ်ဆောင်ရွက်ချက်အပေါ် မည်သည့် တရားရုံးတွင်မှ စစ်ဆေးပိုင်ခွင့် မရှိစေရဟု ပြဋ္ဌာန်းထားကြောင်း ကော်မရှင်ဘက်က တုံ့ပြန်ထားသည်။ 

အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုးမောင်ကို Myanmar Now က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ လက်ခံဖြေကြားခဲ့ခြင်း မရှိပေ။ 

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading