“သွေးနှောခြင်း” ဆိုသည်မှာ အမျိုးနီးစပ်သူချင်း ပြန်ယူခြင်းဟုလည်း ယူဆနိုင်သည်ဟု တာဝန်ရှိသူ ပြော

မူလတန်းကလေးငယ်များအား သင်ကြားသည့် အငြင်းပွားဖွယ် ကဗျာတစ်ပုဒ်အပေါ် လူမှုကွန်ရက်တွင် ပြစ်တင် ဝေဖန်မှုများ ပေါ်ထွက်လာပြီးနောက် အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၀၀ ကျော်က ငြိမ်းချမ်းရေးကို ဦးတည်သည့် ကဗျာဖြစ်အောင် ကြပ်မတ်ပေးပါဟု သမ္မတထံ စာပေးပို့လိုက်ရာ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ထိုစာသားကို အနက်အမျိုးမျိုးယူနိုင်သည်ဟု တုံ့ပြန်လိုက်သည်။

Published on Dec 28, 2018
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကြိမ်ချောင်းကျေးရွာရှိ အထက်တန်းကျောင်းခွဲမှ ကျောင်းသူကျောင်းသားများ (ဓာတ်ပုံ၊ အောင်ငြိမ်းချမ်း/Myanmar Now)
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကြိမ်ချောင်းကျေးရွာရှိ အထက်တန်းကျောင်းခွဲမှ ကျောင်းသူကျောင်းသားများ (ဓာတ်ပုံ၊ အောင်ငြိမ်းချမ်း/Myanmar Now)

ရန်ကုန်  အခြေခံပညာ အစိုးရ သင်ရိုးညွှန်းတမ်းပါ “သွေးနှောခြင်းကိုငါတို့မုန်း လူမျိုးအညွန့်တုံး” အငြင်းပွားဖွယ် စာသားနှင့်ပတ်သက်ပြီး အဓိပ္ပာယ် ကောက်ယူမှု မလွဲမှားစေလိုကြောင်း နေပြည်တော်ရှိ အဆင့်မြင့်အရာရှိတစ်ဦးက Myanmar Now ကိုပြောသည်။

စတုတ္ထတန်း၏ စာရိတ္တနှင့်ပြည်သူ့နီတိ ဘာသာရပ်တွင်ထည့်သွင်းထားသည့် “ဝံသာနုစိတ်ဓာတ်”ဟု ခေါင်းစဉ်ပေးထားသည့် ထိုကဗျာတွင် “လူမျိုရင်သာ လူမျိုးပျောက် အားလုံး ဒုက္ခ ရောက်”၊ “အမျိုးပျောက်မှာ စိုးကြောက်ပါ ကျွန်ဖြစ်နွံနစ်မှာ”၊ “သွေးနှောတာ ငါတို့မုန်း လူမျိုး အညွန့်တုံး” စသည့် စာသားများပါဝင်သည်ကို တွေ့ရသည်။

ထိုကဗျာကို ကျောင်းသားမိဘတစ်ဦးက လူမှုကွန်ရက်ပေါ်တင်ထားသည့် ဓာတ်ပုံမှာ ပြီးခဲ့သည့်ရက်ပိုင်းက ပျံ့နှံ့လာခဲ့ပြီးနောက် ထိုကိစ္စအပေါ် စိုးရိမ်မကင်းဖြစ်ကြသည့် အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်နှင့် တစ်သီးပုဂ္ဂလများက ဒီဇင်ဘာလ ၂၆ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတထံ စာပေးပို့ခဲ့ခြင်းဖြစ်သည်။

“ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု ခွင့်ပြုထားသည့် အခြေခံပညာသင်ရိုးညွှန်းတမ်းများတွင် လူမျိုး၊ ကိုးကွယ်ရာ ဘာသာအပါအဝင် အကာအကွယ်ပေးရမည့် ဝိသေသလက္ခဏာများအပေါ် အခြေခံ၍ ခွဲခြား ဆက်ဆံခြင်းနှင့် ဖိနှိပ်ခြင်းကို အားပေးသည့် အယူအဆများ၊ အကြောင်းအရာများ ထည့်သွင်းသင်ကြား နေသည်ကို သိရှိပြီးနောက် အလွန်အမင်း စိတ်အနှောင့်အယှက်ဖြစ်”ရသည်ဟု ထိုစာတွင် ရေးသားထားသည်။

အဆိုပါ သင်ကြားမှုများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ လူမျိုး၊ ကိုးကွယ်ရာဘာသာ စသည်အပေါ် အခြေခံ ခွဲခြားခြင်းမပြုဆိုသည့် ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်နေကာ “အရွယ်မရောက်သေးသည့် ကလေးငယ်များအား လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှုများနှင့် ယဉ်ပါးစေရန်အတွက် ရည်ရွယ်ချက်ရှိရှိ သင်ကြား” နေသဖြင့် “တိုင်းပြည်၏ရေရှည်အနာဂတ်တွင်လည်း နိုင်ငံသူနိုင်ငံသား အချင်းချင်းကြား အထင်အမြင် လွဲမှားမှုနှင့် အမုန်းတရားအခြေခံသည့် ပဋိပက္ခများဖြစ်ပေါ်စေမည့် အမုန်းတရားသွတ်သွင်းမှုအဖြစ်” ရှုမြင်ကြောင်း ဆက်လက် ဆိုထားသည်။

သို့သော် အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကမူ ထို စကားရပ်သည် မြန်မာတိုင်းရင်းသားများအား အချင်းချင်း သွေးကွဲစေ လိုသော ရည်ရွယ်ချက်ဖြင့် သင်ကြားခြင်းမဟုတ်ဟု ပြောသည်။

အဓိကရည်ရွယ်ချက်ကတော့ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးကို ရည်ရွယ်ပြီး ဦးတည်သင်ကြားတာပေါ့ တိုင်းရင်းသား အချင်းချင်းတွေ သွေးခွဲတာတော့ မဟုတ်ပါဘူး။ ရည်ရွယ်ချက်က အဲ့ဒီ(တိုင်ကြားစာပါ) ရည်ရွယ်ချက် မဟုတ်ပါဘူး”ဟု ဦးကိုလေးဝင်းက ဒီဇင်ဘာလ၂၇ ရက်တွင် ပြောသည်။

“ရည်ရွယ်ချက်က သူတို့ပြောနေသလိုမဟုတ်ဘူး။ ကလေးတွေကို မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ဖို့၊ အမျိုးဂုဏ် ဇာတိဂုဏ်ကို စောင့်ထိန်းသိမ်းဖို့ ရည်ရွယ်တဲ့သင်ခန်းစာဖြစ်ပါတယ်။ (ဒီသင်ရိုးညွှန်းတမ်းကိုလည်း) စနစ်အခြေအနေနဲ့ မကိုက်ညီရင် လည်းဘဲ ပြုပြင်ပြောင်းလဲဖို့အစီအစဉ်ရှိတယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် ကျန်းမာရေးရှုထောင့်၊ မျိုးရိုးဗီဇသိပ္ပံရှုထောင့်ဘက်မှလည်း “သွေးနှောခြင်း”ကို ဖွင့်ဆို၍ရသည်ဟု ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆိုသည်။

“ကဗျာတစ်ပုဒ်ကို ခံစားတဲ့အခါမှာ မျိုးစုံခံစားလို့ရတယ်။ မျိုးဗီဇရှုထောင့်ကြည့်ရင်လည်း သွေးနှောတယ် ဆိုတာ နီးစပ်တဲ့မောင်နှမ အချင်း ချင်းတွေ ပြန်ယူ၊ ပြန်ယူ၊ ပြန်ယူဆိုရင် နောက်ပိုင်းကျ genetic point (မျိုးရိုးဗီဇ ရှုထောင့်) အရ မဟုတ်တဲ့ရောဂါတွေပေါ်လာတာပေါ့။ ချွန်ရင်လည်း အရမ်းကို ထူးချွန်၊ တုံးရင်လည်း အများကြီးတုံးသွားတယ်။ သုံးမရတဲ့ရောဂါတွေ ဖြစ်တတ်တယ်။ ဒါလည်း လူမျိုးအညွန့်တုံး တယ်လို့ တစ်ဖက်က စဉ်းစားလို့ရတယ် အဲဒီတစ်ပိုဒ်ကလေးကို”ဟု ၎င်းက ပြောသည်။

“မကောင်းတဲ့ ဗီဇတွေ အကုန်ပြန်ပေါ်တယ်။ ဗီဇတွေ အဆိုးဝါးဆုံး ဖောက်ပြန်တယ်။ နောက်ဆုံးမှာ ကလေးကို မမွေးတာရှိတယ်၊ အဖတ်မတင်ဘဲ အကုန်သေကုန်တာ၊ လူမျိုးအညွန့်တုံးတယ်ဆိုတာ အဲ့ဒါကိုပြောတာ”ဟု ၎င်းကပြောသည်။

သင်ရိုးညွှန်းတမ်းများရေးဆွဲရာတွင် ယခုကဲ့သို့ လူမျိုးရေး၊ ဘာသာရေး၊ ခွဲခြားသော အသုံးအနှုန်းများ ပယ်ဖျက်၍ ရေးဆွဲသင့်ကြောင်း စာပေးပို့ခဲ့သည့် အဖွဲ့များထဲတွင် ပါဝင်သည့် The Seagull (လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေး တက်ကြွလှုပ်ရှားသောအဖွဲ့) မှ ဆရာမ ဒေါ်စုချစ်ကပြောသည်။

ပယ်ဖျက်တာက ဒီတစ်ပုဒ်တည်း မကဘူး။ ရှိသမျှ သူငယ်တန်းကနေ အထက်တန်းအထိ လူတစ်ဦး တစ်ယောက်နဲ့တစ်ယောက် တိုင်းရင်းသားတစ်စုနဲ့ တစ်စု အမုန်းပွားစေတဲ့ ဟာမျိုး၊ အကြမ်းဖက်မှုကို တွန်းအားပေးနေတဲ့ သင်ကြားမှုမျိုး၊ လူ့အခွင့်အရေးနဲ့ မကိုက်ညီတဲ့ သင်ရိုးညွှန်းတန်းတွေကို ပယ်ဖျက်စေချင်တာပါ”ဟု ၎င်းကပြောသည်။

လက်ရှိသင်ကြားနေသော Grade-5 စတုတ္ထတန်း၏ သင်ရိုးညွန်းတန်းသည် မူလ စနစ်ဟောင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ပြောင်းလဲလိုက်သည့် စနစ်သစ်တွင် မပါဝင်သော်လည်း အချို့ကျောင်းများနှင့် ပုဂ္ဂလိက စာသင်ကျောင်း များတွင် စနစ်အဟောင်းအတိုင်း သင်နေကြဆဲဖြစ်ပြီး စတုတ္ထတန်း၏ သင်ရိုးညွှန်းတန်းများကို ၂၀၂၁ ပညာသင်နှစ်တွင် လူမျိုးရေးနှင့်ပတ်သက်၍ အချင်းချင်းသွေးကွဲစေသော အသုံးအနှုန်းများ မပါဝင်အောင် ဆောင်ရွက်သွားမည်ဟု ဦးကိုလေးဝင်းကပြောသည်။

(မှတ်ချက်။ ။ ဤသတင်းတွင် မူလက ဦးကိုလေးဝင်း၏ ရာထူးကို 'အဆင့်မြင့်ပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်'ဟု ဖော်ပြခဲ့ပါသည်။ အမှန်မှာ 'အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်' သာဖြစ်သဖြင့် ပြန်လည် ပြင်ဆင်ထားပါသည်။)

 

 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading