သူရဲကောင်းဖြစ်လာသည့် ဒုရဲမှူးမိုးရန်နိုင်၏ အနာဂတ်

ဒုရဲမှူးမိုးရန်နိုင် တရားခွင်တွင် ထွက်ဆိုပါက သူ့အား ဒုက္ခပင်လယ်ဝေစေခဲ့သော ကိုဝလုံးတို့ကို မုန်းတီးနေပြီး ကိုဝလုံးတို့ ပိုမို ဒုက္ခရောက်စေမည့် အချက်များ ထွက်ဆိုရန် တရားလိုဖက်က မျှော်လင့်ကောင်း မျှော်လင့်ခဲ့ပေလိမ့်မည်။ သို့သော် သူက ရဲတပ်ဖွဲ့ဝင်အဆင့်ဆင့်မှာလည်း သူ့ဂုဏ်သိက္ခာနှင့်သူ ရှိသည်ဟုဆိုကာ ထောင်ဖမ်းသည်ဆိုသော အခြေအနေကို အသေးစိတ် ဖွင့်ချခဲ့သည်။

Published on Apr 25, 2018
ဒုရဲမှူး မိုးရန်နိုင်ကို ပန်းချီဆရာက သရုပ်ဖော်ထားပုံ / တင်အောင်မြင့် / Myanmar Now
ဒုရဲမှူး မိုးရန်နိုင်ကို ပန်းချီဆရာက သရုပ်ဖော်ထားပုံ / တင်အောင်မြင့် / Myanmar Now

အချိန်အားဖြင့် ၂ဝ၁၇၊ နိုဝင်ဘာ ၂၂ ရက်နေ့ ဖြစ်သည်။ ထိုနေ့တွင် ရန်ကုန်မြို့၏ မြောက်ဖက်ယွန်းယွန်း မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာရှိ ရဲတပ်ရင်း (၈) တွင် အသက် ၄၈ နှစ်အရွယ်၊ အရပ်ခပ်ပုပု မျက်နှာထား တင်းမာသည့် အသွင်အပြင်ရှိ ဒုရဲမှူးမိုးရန်နိုင်က တာဝန်မှူးအဖြစ် တာဝန်ထမ်းဆောင်နေသည်။

ဤစခန်းတွင် သူသည် ၂ဝ၁၇ ဇွန်လမှစ၍ တပ်ခွဲမှူး တာဝန်ယူထားရသူဖြစ်သည်။ သို့သော် ထိုတာဝန်ကို ကြာကြာမထမ်းဆောင်လိုက်ရ။ နောက်တစ်လအကြာ ဇူလိုင်လတွင် ရဲဝန်ထမ်းများအပါအဝင် ဌာနဆိုင်ရာဝန်ထမ်း အများစု မသွားလိုသည့် ပဋိပက္ခဖြစ်ပွားနေသော ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသများတွင် တာဝန်ထမ်းဆောင်ရန် အမိန့်ကျရောက်လာသည်။

သူ တဦးတည်း မဟုတ်။ သူကဲ့သို့ ရန်ကုန်တိုင်းမှ အတွေ့အကြုံရှိ လုပ်သက်ရင့် ရဲအရာရှိနှင့် အခြားအဆင့်များထံသို့လည်း အလားတူ အမိန့်ကျလာခြင်းဖြစ်သည်။ အများစုမှာ မပြောင်းရွှေ့ချင်ကြ။ အသက်အန္တရာယ်အမျိုးမျိုး ရင်ဆိုင်ရနိုင်ရုံမက မိသားစုနှင့် တကွဲတပြား ဖြစ်သွားစဉ် နည်းပါးသော လစာငွေကို စားအိုးခွဲ သုံးစွဲရသောကြောင့် ငွေကြေးအခက်အခဲ ပိုမိုဖြစ်ပေါ်စေသည်။ ကျန်ရစ်ခဲ့ရသော မိသားစုများ ရဲတပ်ရင်း၊ ရဲစခန်းလိုင်းခန်းများတွင် ဆက်နေခွင့်ရမလား၊ ပြင်ပတွင်အိမ်ငှားရတော့မလား စသဖြင့် သောကရောက်ကြသည်။ ရဲဝန်ထမ်းတချို့က အလုပ်ထွက်ဖို့ပင် မိသားစုဝင်များနှင့် တိုင်ပင်ခဲ့ကြသည်။

ထိုအခြေအနေတွင် ဇနီးဖြစ်သူ မတူးတူး၊ ဆယ်ကျော်သက်အရွယ် သားတစ်ဦး၊ သမီးနှစ်ဦးတို့ကို နေပြည်တော်ရှိ ရဲတပ်ရင်းလိုင်းခန်းတွင် ထားရစ်ကာ ဒုရဲမှူးမိုးရန်နိုင် မောင်တောမြို့သို့ ၂ဝ၁၇ ဇူလိုင်လဆန်းတွင် သွားရောက်ခဲ့ရသည်။

သူ တာဝန်ကျသည့်နေရာမှာ စစ်တွေမြို့၏ မြောက်ဖက် မိုင် ၃ဝ ခန့်ရှိ မေယုတောင်တန်းနှင့် ဘင်္ဂလားပင်လယ်အော်ကြားရှိ မောင်တောမြို့ ရှေ့တန်း အင်းဒင်နယ်မြေ ကင်းစခန်းတွင် ဖြစ်ပြီး လှုပ်ရှားတပ်စု ခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ရသည်။

ထိုကဲ့သို့ တာဝန်ထမ်းဆောင်နေစဉ် ၎င်းတို့ကိုယ်၎င်းတို့ ရိုဟင်ဂျာဟုခေါ်ပြီး အာဏာပိုင်များက ဘင်္ဂါလီဟုခေါ်သည့် မွတ်စလင်လက်နက်ကိုင်များက မောင်တောရှိ အစိုးရကင်းစခန်းများကို ဒုတိယအကြိမ် စီးနင်းဝင်တိုက်ခဲ့သည်။ သြဂုတ် ၂၅ ရက်နေ့တွင် ဖြစ်သည်။

ထိုတိုက်ခိုက်မှုများဖြစ်ပွားပြီး လေးလအကြာ နိုဝင်ဘာလတွင် သူသည် ရန်ကုန်ရှိ မိခင်တပ်ရင်းဖြစ်သော ပျဉ်းမပင် ရဲတပ်ရင်း (၈) သို့ ပြန်လည်ရောက်ရှိလာသည်။ သူနှင့်အတူ မောင်တောသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရသူများလည်း မွမ်းမံသင်တန်းတခုတက်ရန် ရန်ကုန်သို့ ခေတ္တပြန်ခွင့် ရခဲ့ကြသည်။

အမှတ် (၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲသည် ရန်ကုန်မြို့တွင် လူစုလူဝေးများဖြစ်ပေါ်လာလျှင် အဓိကရုဏ်း နှိမ်နှင်းရေးတာဝန်၊ လူသူစည်ကားသော ပွဲများ အခမ်းအနားများတွင် လုံခြုံရေးတာဝန်ယူရသော တပ်ခွဲတခု ဖြစ်သည်။ ပုံမှန်အားဖြင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် လုံခြုံရေး၊ ရွှေတိဂုံဘုရား လုံခြုံရေး၊ ရန်ကုန်၏ အချက်အချာကျသော အခြားနေရာများတွင် လုံခြုံရေးတာဝန် ယူရသည်။

မောင်တောတွင် လေးလတိတိ တာဝန်ထမ်းဆောင်နေစဉ် သေကံမရောက် သက်မပျောက်ခဲ့သော်လည်း ဒုရဲမှူးမိုးရန်နိုင်၏ ဘဝတခုလုံးကို ပြောင်းလဲစေမည့် အဖြစ်အပျက်သည် သူ့မိခင်တပ်ရင်းထဲတွင် ဖြစ်ပေါ်ခဲ့လေသည်။ ထိုအဖြစ်အပျက်သည်လည်း မောင်တောတွင် တာဝန်ကျစဉ် ဖြစ်ခဲ့သောဖြစ်စဉ်တခုနှင့် ပတ်သက်နေသည်။

ထိုနေ့ နိုဝင်ဘာ ၂၂ ရက်နေ့လယ်ခင်းပိုင်း သူ တာဝန်ကျနေခိုက် သူကဲ့သို့ မောင်တော၊ အင်းဒင်နယ်မြေမှ မကြာသေးခင်က ပြန်လာသူတဦးက သူ့အား ဆက်သွယ်လာသည်။

ဆက်သွယ်လာသူမှာ အသက် ၃၁ နှစ်အရွယ်၊ မျက်နှာဖောင်းဖောင်း နှင့် ခင်မင်ဖွယ်ရာ မျက်နှာထားရှိသော ကိုသက်ဦးမောင် ခေါ် ဝလုံးဆိုသော အလွန် တက်ကြွထက်မြက်သည့် သတင်းထောက်တဦးဖြစ်သည်။ သူသည် ပြည်သူ့ခေတ် အပတ်စဉ်ထုတ်ဂျာနယ်တွင် ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် အယ်ဒီတာ လုပ်နေချိန်အတွင်း သတင်းထောက်အဖြစ် ၂ဝ၁၄ ခုနှစ်က စတင် လုပ်ကိုင်ပြီး သတင်းစာလောကသို့ ဝင်ရောက်လာသူဖြစ်သည်။ နောက်ပိုင်းတွင် မြန်မာတိုင်းမ် ဂျာနယ်သို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပြီး၊ ၂ဝ၁၆ နှစ်လယ်ပိုင်းတွင် ရိုက်တာသတင်းဌာနသို့ ဝင်ရောက်ခဲ့သူဖြစ်သည်။

ကိုဝလုံးက ၎င်းတာဝန်ထမ်းဆောင်သော ရန်ကုန်မြို့လယ်ခေါင် ဆူးလေဘုရားလမ်းမနှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့် နိုင်ငံခြားကုမ္ပဏီရုံးများ၊ အဆင့်မြင့်စားသောက်ဆိုင်များ ရှိသည့် ဆာကူရာအထပ်မြင့်အဆောက်အဦးရှိ ရိုက်တာသတင်းဌာန ရန်ကုန်ရုံးခွဲမှနေ၍ ရဲတပ်ရင်း (၈) ရှိ ဒုရဲမှူးမိုးရန်နိုင်ကို ဖုန်းဖြင့် ဆက်သွယ်သည်။

ကိုဝလုံးထံတွင် ၂ဝ၁၇ စက်တာဘာ ၂ ရက်နေ့က တပ်မတော်သားများနှင့် ဒေသခံရခိုင်လူမျိုး ပြည်သူ့စစ်များက မောင်တောခရိုင် အင်းဒင်ကျေးရွာတွင် မွတ်စလင် ၁ဝ ဦးကို လက်နောက်ပြန်ကြိုးတုပ်၍ ရက်ရက်စက်စက် ကွပ်မျက်သတ်ဖြတ်သည့် ဓာတ်ပုံများရှိနေသည်။

ထိုဓာတ်ပုံများအနက် တစ်ပုံတွင် လက်နောက်ပြန်ကြိုးတုပ်ပြီး ဒူးထောက်ထိုင်နေရသူတို့၏ ခပ်လှမ်းလှမ်းနောက်ကွယ်တွင် ဒုရဲမှူးမိုးရန်နိုင်ဟု ယူဆရသော အရာရှိတဦး၏ပုံလည်း ပါဝင်သည်။

ကိုဝလုံးတွင် မည်သူမျှငြင်းမရနိုင်သော ခိုင်မာသည့် ထိုဓာတ်ပုံများသာမက မွတ်စလင် ၁ဝ ဦးအား ကွပ်မျက်ချိန်တွင်ပါဝင်ခဲ့သည် သို့တည်းမဟုတ် မျက်မြင်သက်သေတွေ့ခဲ့သည် ဟုဆိုသော ရခိုင်လူမျိုးတချို့နှင့် မေးမြန်းထားသော အချက်အလက်များလည်း ရှိနေပြီဟု ယူဆ၍ရသည်။

သူဆန္ဒရှိပါက ထိုရရှိပြီးသား အချက်အလက်များနှင့် သတင်းဆောင်းပါးတပုဒ် ရေးသား ထုတ်ဝေလိုက်နိုင်သည်။ သို့သော် သူသည် ထိုအမှုအခင်းနှင့် ဆက်စပ်၍ သတင်းထောက်တို့ လုပ်ရသော အသေးစိတ်အချက်အလက်များ စုဆောင်းမှု၊ အင်္ဂလိပ်ဘာသာအားဖြင့် Verification ဟု ဆိုသော အချက်အလက်အတည်ပြုမှု လုပ်ငန်းစဉ်အား ထောင့်ပေါင်းစုံမှ ခိုင်မာသည်ထက်ခိုင်မာအောင် ကြိုးပမ်းအားထုတ်နေခြင်းဖြစ်သည်။

ပို၍အရေးကြီးသည်မှာ မိမိ၏သတင်းထဲတွင် တစုံတရာအားဖြင့် စွပ်စွဲခံထားရသူတဦးကို သတင်းမထုတ်ပြန်မီ ပြန်လည်ချေပခွင့်ပေးရခြင်း၊ ထိုသူ၏ချေပချက်ကို မိမိ၏သတင်းထဲတွင် တစ်ခါတည်းထည့်သွင်းပေးခြင်းမှာ သတင်းစာလောက၏ ကျင့်ထုံးတခုဖြစ်သည်။

ထို့ကြောင့် အခင်းဖြစ်ပွားသည့်နေရာကို ရိုက်ကူးထားသည့် ဓာတ်ပုံထဲတွင်ပါဝင်သူ အရာရှိတဦးဖြစ်သည့် ဒုရဲမှူးမိုးရန်နိုင်အား တွေ့ဆုံရန် အင်တာဗျူးတောင်းခံခြင်းဖြစ်သည်။

၎င်းမှာ ရိုက်တာ (Reuters) သတင်းဌာနမှ ဖြစ်ကြောင်း၊ ဒုရဲမှူးမိုးရန်နိုင် မကြာသေးခင်အချိန်အထိ တာဝန်ကျခဲ့သော မောင်တောမြောက်ပိုင်း အခြေအနေများကို သိလိုပါသဖြင့် လာရောက် မေးမြန်းခွင့်ပြုပါရန် ကိုဝလုံးက ဖုန်းဖြင့် မေတ္တာရပ်ခံသည်။ မြန်မာပြည် ဌာနဆိုင်ရာ အရာရှိများက သတင်းမီဒီယာသမားကို ဖြေလေ့ဖြေထရှိသည့်အတိုင်း မအားလပ်သဖြင့် မတွေ့ဆုံနိုင်ပါကြောင်းဟု ဒုရဲမှူးမိုးရန်နိုင်က ပြန်လည်ပြောဆိုသည်။

သို့သော် သတင်းထောက်ကောင်းပီပီ ကိုဝလုံးက လက်မလျှော့။ နောက်တရက် နိုဝင်ဘာ ၂၃ တွင် ရဲတပ်ရင်း (၈) သို့ သူကိုယ်တိုင် သွားရောက်ပြီး ဒုရဲမှူးကို သူသည် တပ်ရင်းရှိ တပ်ကြပ်ကြီးမောင်တူး ဖွင့်လှစ်ထားသော သက်သာဆိုင်တွင် ရောက်ရှိနေကြောင်း ထပ်မံ ဖုန်းဆက်လာသည်။

ဒုရဲမှူးမိုးရန်နိုင်က ကိုဝလုံးကို ထွက်တွေ့ခဲ့သည်။

ထိုနေ့က သက်သာဆိုင်တွင် တွေ့သည်မှာ သူတို့နှစ်ဦးသာဖြစ်သည်။ ယခုအချိန်တွင် ကိုဝလုံးနှင့်အတူ ဖမ်းဆီးခံရပြီး နိုင်ငံတော် လျှို့ဝှက်အက်ဥပဒေ ဖောက်ဖျက်သည်ဟု စွပ်စွဲခံရသော ရခိုင်ပြည်နယ် စစ်တွေဇာတိ ရခိုင်လူမျိုး ကိုကျော်စိုးဦး မပါဝင်ပေ။

လွန်ခဲ့သည့် ရက်သတ္တပတ် ဧပြီ ၂၀ ရက်နေ့ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား နိုင်ငံတော်လျှို့ဝှက်အက် ဥပဒေဖောက်ဖျက်မှု စွဲချက်ဖြင့် တရားရုံးကြားနာရာ တရားလိုပြသက်သေဖြစ်သူ ဒုရဲမှူးမိုးရန်နိုင် ထွက်ဆိုချက် တရားရုံးမှတ်တမ်းအရ သူနှင့်တွေ့ဆုံစဉ် ကိုဝလုံးက သူ့ထံမှ မည့်သည့်လျှို့ဝှက်စာတမ်းကိုမှ မတောင်းခံခဲ့သလို၊ သူကလည်း ကိုဝလုံးကို မည့်သည့်စာရွက်စာတမ်းမှ မပေးခဲ့။

ကိုဝလုံးက သူ့ကို ၂ဝ၁၇ သြဂုတ် ၂၅ ရက်နေ့က မည်သည့်နေရာတွင် တာဝန်ကျနေသလဲဟု မေးမြန်းခဲ့ပြီး အင်းဒင်ရွာသား ရခိုင်လူမျိုး ဦးမောင်နီကို အကြမ်းဖက်သမားများ ခေါ်ဆောင်သွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားတို့ အပြန်အလှန် တိုက်ခိုက်မှုများ မည်ကဲ့သို့ ဖြစ်ပွားခဲ့သလဲ၊ ဘင်္ဂါလီများက ကိုယ့်အိမ်ကိုယ် မီးရှို့သည်ဆိုတာမှာ ဟုတ်ပါသလား၊ တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က ဘင်္ဂါလီများကို သတ်ဖြတ်ခဲ့တာ ရှိပါသလားဟုလည်း မေးမြန်းခဲ့ကြောင်း ဒုရဲမှူးမိုးရန်နိုင်က ထွက်ဆိုသည်။

အကြမ်းဖက်သမားတို့ ဦးမောင်နီကို ဖမ်းဆီးခေါ်ဆောင်သွားသည့် သတင်းကြောင့် အခြားသော လုံခြုံရေးတပ်ဖွဲ့များနှင့် သူဦးစီးသော ရဲတပ်ဖွဲ့ဝင်များ ရွာတရွာသို့ ရောက်ရှိစဉ် ဘင်္ဂါလီရွာသား အယောက် ၂ဝဝ က ဝိုင်းဝန်းတိုက်ခိုက်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့များ၏ ပြန်လည် ပစ်ခတ်မှုကြောင့် ဘင်္ဂါလီရွာသား ၆ ဦး သေဆုံးခဲ့ကြောင်း၊ ဝိုင်းဝန်းတိုက်ခိုက်လာသူများကို အကြမ်းဖက်မှုဥပဒေဖြင့် အရေးယူရန် သူကိုယ်တိုင် တရားလိုပြု၍ အင်းဒင်နယ်မြေရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း ဆက်လက် ထွက်ဆိုသည်။

ကိုဝလုံးနှင့် တပ်ရင်းသက်သာဆိုင်တွင် တွေ့ဆုံခဲ့သည်မှာ မိနစ် ၂ဝ မှ ၃ဝ ခန့်သာ ကြာသည်။

တပ်မတော်သားများဦးဆောင်သော အင်းဒင် အစုလိုက်အပြုံလိုက် ဥပဒေမဲ့သတ်ဖြတ်မှုအတွက် ပိုမိုခိုင်မာသော အချက်အလက်များ ရရှိရန် အခြားသောရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၄ ဦးကိုလည်း ကိုဝလုံးက တွေ့ဆုံခဲ့ကြောင်း ဒုရဲမှူးမိုးရန်နိုင်၏ ထွက်ဆိုချက်တွင် ပါဝင်သည်။

ထိုသူတို့မှာ သြဂုတ် ၂၅ တိုက်ခိုက်မှု ဖြစ်ပွားပြီး ၃ လခန့်အကြာ ဒုရဲမှူးမိုးရန်နိုင်နှင့်အတူ ရန်ကုန်သို့ ခေတ္တပြန်ရောက်နေသူများဟု ယူဆရသည်။

ထိုကဲ့သို့ ကိုဝလုံး အသေးစိတ် အချက်အလက်များ ရယူရန် ကြိုးပမ်းနေစဉ် ရိုက်တာ၏ ရန်ကုန်ရုံးတွင် အဓိကကြီးကြပ်နေသူမှာ ပိုလန်နိုင်ငံသား လူငယ်သတင်းစာဆရာ အန်ထော်နီဆလော်ကော့စကီး ဖြစ်သည်။ သူသည် ၂ဝ၁၅ ခုနှစ်တွင်မှ မြန်မာပြည်တွင် လာရောက် လုပ်ကိုင်နေသူဖြစ်ပြီး အခြားသတင်းထောက်တဦးမှာ မြန်မာနိုင်ငံသား အမျိုးသမီး သတင်းထောက်ငယ်တဦးဖြစ်သည်။ သူတို့မှအပ အခြားမည့်သည့်လုပ်သက်ရင့် သတင်းထောက် တဦးမှ ရန်ကုန်၏ ရိုက်တာသတင်းခန်းထဲတွင် ရှိမနေခဲ့။

ဆိုရလျှင် တပ်မတော်သားများ ကျူးလွန်ထားသည့် ရာဇဝတ်မှုတခုကို အချက်အလက် အခိုင်အမာဖြင့် ဖော်ထုတ်ရန် ကြိုးပမ်းမှုသည် မည်မျှ အန္တရာယ်ရှိသည်ကို အတွေ့အကြုံ မများသေးသည့် လူငယ်သတင်းထောက်တို့အနေဖြင့် မည်မျှချိန်ဆနိုင်ခဲ့ပါသလဲ ဆိုသည်မှာ စဉ်းစားစရာဖြစ်သည်။

တဖက်တွင်လည်း တပ်မတော်ခေါင်းဆောင်များအနေဖြင့် စစ်မက်နယ်မြေများတွင် လိုက်နာရသော နိုင်ငံတကာ ဂျနီဗာ သဘောတူညီချက်များကို လိုက်နာလျက်ရှိကြောင်း ကြေညာထားရုံမက၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကလည်း အင်းဒင်လူသတ်မှု ဖြစ်ပွားပြီး ၁၅ ရက်အကြာ စက်တင်ဘာ ၁၇ ရက်နေ့တွင် နိုင်ငံတကာသံတမန်များကို နေပြည်တော်သို့ ဖိတ်ပြီး ရခိုင်ပြည်နယ်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်တို့ စည်းကမ်း ကျင့်ဝတ်များ တိတိကျကျလိုက်နာရန် သူ ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ မည်သည့်လူ့အခွင့်အရေးချိုးဖောက်မှုမဆို တရားဥပဒေနှင့်အပြည့်အဝ ဖြေရှင်းမည်ဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ ကြေညာခဲ့သည်။

ထို့ကြောင့် ကိုဝလုံးတို့၏ ကြိုးစားမှုမှာ နိုင်ငံခေါင်းဆောင်များက တိုင်းပြည်၏ အခြေအနေမှန်ကို သိ၍ မှန်ကန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် ပံ့ပိုးခြင်းဟု ဆိုနိုင်သကဲ့သို့၊ အစိုးရအာဏာပိုင်များက မည်မျှ သတင်းအမှောင်ချထားစေကာမူ အာဏာ၏မူလပိုင်ရှင်ဖြစ်သော ပြည်သူများ တိုင်းပြည်၏ ပကတိအခြေအနေမှန်ကို သိရှိစေရန် သတင်းသမားတို့ သတ္တိပြောင်မြောက်စွာ အားထုတ်ခြင်းဟုလည်း ဆိုနိုင်သည်။

ထိုကဲ့သို့ ပြည်သူ့အကျိုးပြုသတင်းလုပ်ငန်းများ လုပ်ကိုင်ရန် အားထုတ်နေသော ကိုဝလုံး၏ အင်းဒင်လူသတ်မှု ဖော်ထုတ်ရန် ကြိုးပမ်းနေပုံကို ၎င်းလိုက်လံမေးမြန်းခဲ့သော ရဲဝန်ထမ်းအချို့ထံမှ အာဏာပိုင်အဆင့်ဆင့်ထံ အချိန်တိုအတွင်း ပေါက်ကြားသွားခဲ့ဖွယ် ရှိသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ဒုရဲမှူးမိုးရန်နိုင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်းအတွင်း တာဝန်ကျနေစဉ် အမှတ် ၈ ရဲတပ်ရင်းသို့ ပြန်လာရန် ရန်ကုန်တိုင်းအမှတ် (၂) လုံခြုံရေးတပ်ဖွဲ့များ၏ ရဲမှူးချုပ်တင်ကိုကို၏ အမိန့် ရောက်လာသည်။

စခန်းရောက်သည်နှင့် ရဲမှူးကြီးမျိုးကြည်၊ ဒုရဲမှူးကြီးများနှင့် အရပ်ဝတ်တပ်ဖွဲ့များက သူ့အား အသင့်စောင့်နေသည်ကိုတွေ့ရပြီး၊ သူရောက်ရှိသည်နှင့် သူ့လက်ကိုင်ဖုန်း အသိမ်းခံလိုက်ရသည်။

သတင်းထောက်ဝလုံးကို တွေ့ဆုံသည့်ကိစ္စအား စစ်ဆေးခြင်းဖြစ်ကြောင်း သူသိလိုက်ရသည်။ သူ့နည်းတူ ကိုဝလုံးကို တွေ့ဆုံခဲ့ကြသူများမှာ ရဲအုပ် စိုးလှိုင်ဦး၊ တပ်ကြပ်ကြီး ခင်မောင်လင်း၊ တပ်ကြပ်ကြီး ကျော်လင်းအောင်၊ ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ်ရဲစခန်းမှ ရဲတပ်သားအောင်မင်းတို့ ဖြစ်သည်။

ထို့အပြင် ဒုတပ်ကြပ် နိုင်လင်းဆိုသူလည်း ရှိသည်။ သူ့အား ကိုဝလုံးက တွေ့ဆုံရန် ဖုန်းဆက်ခွင့် တောင်းထားသည်။

ထို့ကြောင့် ဒုတပ်ကြပ် နိုင်လင်းက ကိုဝလုံးကို စားသောက်ဆိုင်တဆိုင်တွင် တွေ့ဆုံရေး အချိန်းအချက် ပြုလုပ်ရန်၊ ကိုဝလုံးလက်ထဲသို့ အမှတ် ၈ လုံခြုံရေးတပ်ဖွဲ့ခွဲနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို ထည့်ပေးပြီး အခြားတပ်ဖွဲ့ဝင်တို့က ကိုဝလုံး စားသောက်ဆိုင်ပြင်ပသို့ ထွက်သည်နှင့် ဖမ်းဆီးရန် ရဲမှူးချုပ်တင်ကိုကိုက စီစဉ်ညွှန်ကြားကြောင်း ဒုရဲမှူးမိုးရန်နိုင်က တရားခွင်တွင် ထွက်ဆိုသည်။

ထိုအချိန်တွင် အင်တာဗျူးတောင်းခံထားသော ဒုတပ်ကြပ်နိုင်လင်းက ပြန်လည် ဆက်သွယ်လာမှုကြောင့် ကိုဝလုံးက ရိုက်တာရုံးမှသွားရန် ပြင်ဆင်သည်။ ရိုက်တာသတင်းဌာနသို့ အလုပ်ဝင်လာသော ရခိုင်လူမျိုး ကိုကျော်စိုးဦးလည်း စစ်တွေမှ ရန်ကုန်သို့ ရောက်နေသည့်အတွက် အဖော်ရရန် ကိုဝလုံးနှင့်အတူ ရုံးကားဖြင့် တပ်ရင်း ၈ သို့ ထွက်ခွာခဲ့သည်။ သူတို့ကို အမိအရ ဖမ်းဆီးရန် စောင့်ဆိုင်းနေသူများရှိမည်ကို သူတို့ မမျှော်လင့်ခဲ့။

ဒီဇင်ဘာ ၁၂ ရက်နေ့ ညတွင် သူတို့နှစ်ဦးကို အကွက်ချ ထောင်ချောက်ဆင်ဖမ်းရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိကြီးတဦးက ညွှန်ကြားခဲ့ကြောင်း ဒုရဲမှူးမိုးရန်နိုင်က တရားခွင်တွင် အသေးစိတ် ထွက်ဆိုသည်။

“ဒုတပ်ကြပ်နိုင်လင်းက ဝလုံးနှင့် မတွေ့ရသေးကြောင်း သိရသည့်အတွက် ရဲမှူးချုပ်တင်ကိုကိုက ဝလုံးကို မိမှဖြစ်မည်ဟု ပြောကြားခဲ့ပါသည်။ … ရဲမှူးချုပ်တင်ကိုကိုမှ အမှတ် ၈ လုံခြုံရေးတပ်ဖွဲ့ခွဲနှင့် သက်ဆိုင်သော စာရွက်များအား ဒုတပ်ကြပ်နိုင်လင်းလက်ထဲ ထည့်ပေးပြီး ဝလုံးကို ပေးခိုင်းခဲ့ပါသည်။ ဒုတပ်ကြပ် နိုင်လင်း ထွက်သွားရာတွင် ၎င်းနှင့်အတူ သတင်းတပ်ဖွဲ့မှ အရာရှိတစ်ဦးကိုလည်း ထည့်ပေးရန် ရဲမှူးချုပ်တင်ကိုကိုက ပြောခဲ့သည်။ ရဲမှူးချုပ်တင်ကိုကိုက ဝလုံးလက်ထဲသို့ စာရွက်များထည့်ပေးပြီးနောက် ဝလုံးတို့ ပြန်ထွက်သွားသည့်အချိန်တွင် ထောက်ကြန့် နယ်ထိန်းရဲတပ်ဖွဲ့များက စောင့်ဖမ်းရန် မှာကြားပါသည်။ ဝလုံးကို ဖမ်းမမိရင် မင်းတို့တပ်ဖွဲ့ဝင်တွေ အချုပ်ထဲထည့်မည်ဟုပြောပြီး မြောက်ပိုင်းခရိုင်မှ ဒုတိယရဲမှူးကြီးတဦးကို အနီးကပ် ညွှန်ကြားရန် ရဲမှူးချုပ်တင်ကိုကိုက မှာခဲ့ပါသည်” ဟု သူက ထွက်ဆိုခဲ့သည်။

ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ လက်ထဲ ထည့်ပေးခဲ့သည်မှာ “ လျှို့ဝှက်” ဟု အမှတ်သင်္ကေတပြုထားသော စာရွက်ငါးရွက်ခန့်ပါသော စာလိပ်နှစ်လိပ်ဖြစ်သည်။ ထိုစာရွက်များကို သူတို့ နှစ်ဦး ဖတ်ပင် မဖတ်လိုက်ရ၊ ည ၈ နာရီ ၅၅ မိနစ် အချိန်ခန့် သူတို့ စားသောက်ဆိုင်က ထသည်နှင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။

ထိုစာရွက်စာတမ်းမိတ္တူများသည် ယခုအချိန်တွင် တရားရုံး၏ တရားဝင်ခွင့်ပြုချက်ဖြင့် သူတို့ နှစ်ဦး၏ ရှေ့နေများလက်ထဲ ရောက်ရှိနေသည်။

ထိုစာရွက်စာတမ်းပါ အချက်အလက်များသည် နိုင်ငံပိုင်သတင်းစာများတွင် ပါပြီးဖြစ်သော မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအကြောင်းအရာများဖြစ်ပြီး ထူးခြားသည့် စစ်ရေးဆိုင်ရာလှုပ်ရှားမှု အစီအမံများ မပါရှိကြောင်း ရှေ့နေတဦးက ဆိုသည်။

“အကြမ်းဖျင်းပြောရရင်တော့ မောင်တောမှာ သြဂုတ်လ၂၅ ရက်တိုက်ပွဲဖြစ်တော့၊ လက်နက် ဘယ်လောက်ဆုံးရှုံးတယ်ဆိုတာမျိုး၊ ဘယ်သူဘယ်ဝါသေဆုံးတယ် ၊ ကျဆုံးတယ်ဆိုတာမျိုးပါ။ သေချာတာ တခုက နောင်အနာဂတ်မှာ ဘာလုပ်မယ်ဆိုတာမျိုးတွေ မဟုတ်ဘူး” ဟု ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ရှေ့နေတဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ကိုသန်းဇော်အောင်က ဆိုသည်။

မြန်မာနိုင်ငံ၏ အစိုးရဌာနများတွင် ရုံးစာရွက်စာတမ်း အများစုအား လျှို့ဝှက်၊ ကန့်သတ်၊ ဌာနတွင်းကန့်သတ်ဟူသော သင်္ကေတများ အလျှံအပယ် အသုံးပြုလေ့ရှိသည်။

သို့႔သော် တရားလိုဘက်ကမူ 'လျှို့ဝှက်' ဟု သင်္ကေတပြုထားသော ထိုစာရွက်စာတမ်းများသည် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်သော စာရွက်စာတမ်းများဖြစ်သည်ဆိုသော အချက်ကို ကိုင်စွဲထားသည်။

ထို့ကြောင့် ကိုဝလုံးတို့၏ ရှေ့နေများက တရားခွင်တွင် ဖြေရှင်းနေရသည်မှာ အင်းဒင်အရေး သတင်းရေးသားချက် မဟုတ်ဘဲ၊ လျှို့ဝှက် စာရွက်စာတမ်းကိစ္စ ဖြစ်သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုးသူစိုးကမူ ဒုရဲမှူးမိုးရန်နိုင်သည် စိတ်ခံစားချက်များအပေါ် အခြေခံပြီး ပြောကြားခဲ့ခြင်းသာဖြစ်ကြောင်း၊ ရဲမှူးချုပ်တဦးမှ ထိုကဲ့သို့ စီစဉ်ညွှန်ကြားခဲ့မည် မဟုတ်ကြောင်း သတင်းမီဒီယာများကို ထုတ်ဖော်ပြောဆိုထားသည်။

မည်သို့ပင်ဖြစ်စေ ကိုဝလုံးတို့ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဒုရဲမှူးမိုးရန်နိုင်၏ ထွက်ဆိုချက်များသည် အသေးစိတ် တိကျသလောက် ပြည်ထဲရေးဝန်ကြီးဌာနက ကိုဝလုံးနှင့် ကိုကျော်စိုးဦး ဖမ်းဆီးခံရမှုအကြောင်း မူလ သတင်းထုတ်ပြန်ချက်များမှာ ရှင်းလင်းမှု၊ ခိုင်မာမှု လုံးဝ မရှိသည်ကို တွေ့ရှိရသည်။

ဒီဇင်ဘာ ၁၃ ရက်စွဲတပ် ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် မောင်တော၊ ဘူးသီးတောင်ဒေသမှ လုံခြုံရေးတာဝန်များ ထမ်းဆောင်ခဲ့ပြီး ရန်ကုန်မြို့တွင် ပြန်လည် အနားပေး စုဖွဲ့လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များအားဆက်သွယ်ပြီး ရခိုင်ဒေသနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ရယူခြင်း၊ တပ်ဖွဲ့နှင့် သက်ဆိုင်သည့် အရေးကြီး လုံခြုံရေးဆိုင်ရာ အထောက်အထားများကို ပြည်ပသတင်းဌာနများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမဝင် သတင်းရယူဆောင်ရွက်ခဲ့သော သတင်းထောက်နှစ်ဦးကို ဖမ်းဆီးရမိပြီး ၁၉၂၃ မြန်မာနိုင်ငံတော် လျှို့ဝှက်အက်ဥပဒေဖြင့် အရေးယူရန် အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်ဟု ဖော်ပြထားသည်။

ထိုထုတ်ပြန်ချက်အရ ပြည်ထဲရေးအာဏာပိုင်များက ကိုဝလုံးတို့သည် ရဲတပ်ဖွဲ့ဝင်များအား စားသောက်ဆိုင်တွင် ချိန်းဆိုပြီး လုံခြုံရေး လျှို့ဝှက် စာရွက်စာတမ်းများရအောင် ယူခြင်းသာဖြစ်သည်ဟု ပြည်သူတို့ကို ယုံကြည်စေလိုဟန်ရှိသည်။

ကိုဝလုံးတို့ကလည်း သူတို့ဖမ်းခံရခြင်းသည် မည်သည့်လျှို့ဝှက်စာတမ်းကိုမျှ ရယူခဲ့ခြင်းမဟုတ်၊ တရားဥပဒေစိုးမိုးသည့် မည့်သည်နိုင်ငံတွင်မဆို လက်သင့်မခံသည့် ဥပဒေမဲ့ သတ်ဖြတ်ခြင်းကို တဆင့်ကြား မဟုတ်ဘဲ အချက်အလက် အခိုင်အမာဖြင့် သတင်းရေးသားရန် ကြိုးစားခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သက်သေထူလိုသည်။

ထို့ကြောင့် သူတို့ဖမ်းဆီးခံရပြီး သိပ်မကြာခင်တွင် ရိုက်တာသတင်းဌာနက ထိုအင်းဒင်သတင်းကို သူတို့၏ ခွင့်ပြုချက်ဖြင့်ပင် ထုတ်ပြန်ခဲ့သည်။ ထိုသတင်း၌ ဒုရဲမှူး မိုးရန်နိုင်သည် မွတ်စလင်တို့အား ကွပ်မျက်သည့်နေရာတွင် ရှိနေသည်ဟုသာဖော်ပြီး ကွပ်မျက်ရာတွင် ပါဝင်သည် မပါဝင်သည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

ဒုရဲမှူးမိုးရန်နိုင်၏ ထွက်ဆိုချက်တခုလုံးကို အသေးစိတ်လေ့လာပါက ကိုဝလုံးတို့ကို ဖမ်းခဲ့သည်မှာ အင်းဒင်လူသတ်မှုနှင့် ပတ်သက်၍ အထောက်အထားများ လိုက်လံ စုဆောင်းခြင်း ဟူသော အချက်တခုတည်းကြောင့်ဖြစ်ကြောင်း တွေ့ရသည်။

အဘယ့်ကြောင့်ဆိုသော် သူ၏ထွက်ဆိုချက်တွင် ပါရှိသည့် ကိုဝလုံးတို့ကို မရရအောင် ဖမ်းရမည်၊ လုံခြုံရေး စာရွက်စာတမ်းများကို တဖွဲ့က ကိုဝလုံးတို့ လက်ထဲထည့်၊ နောက်တဖွဲ့က စောင့်ဖမ်းဟူသော ရဲမှူးချုပ်တဦးက အမိန့်ပေးခဲ့သည်ဟူသော အချက် မှန်ကန်မည်ဆိုလျှင် ထိုနေ့က အဖမ်းမခံရခင်ထိ ကိုဝလုံးတို့သည် မည်သည့် စာရွက်စာတမ်းကိုမျှ လုံခြုံရေး တပ်ဖွဲ့ဝင်များထံမှ မရရှိသေးကြောင်း ပေါ်လွင်စေသည်။

ထို့ပြင် သူ၏ထွက်ဆိုချက်တွင် ထောင်ချောက်ဆင်ရန် တာဝန်ပေးခံရသည့် ဒုတပ်ကြပ်နိုင်လင်း အပါအဝင် ရဲတပ်ဖွဲ့ဝင်များမှာ ဖမ်းဆီးအရေးယူခြင်း မခံရဘဲ ကိုဝလုံးကို လက်ခံ တွေ့ဆုံ စကားပြောခဲ့သည့် သူနှင့် ရဲတပ်ကြပ်ကြီးခင်မောင်လင်းတို့သာ ချုပ်နှောင်ဖမ်းဆီးခံထားရသည် ဆိုသောအချက် ပါဝင်သည်။

အဖမ်းမခံရခင် ရက်ပိုင်းအတွင်း ကိုဝလုံး တွေ့ဆုံမေးမြန်းခွင့်ရခဲ့သော ကျန်ရဲဝန်ထမ်းများမှာ ရက်အနည်းငယ်သာ ရဲတပ်ရင်း ၈ တွင် ချုပ်နှောင်ခံခဲ့ရပြီး နောက်ပိုင်းတွင် ပြန်လည် လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

သဘောရိုးဖြင့်ဖြစ်စေ၊ ထောင်ချောင်ဆင်၍ ဖမ်းသည်ဖြစ်စေ လုံခြုံရေးစာရွက်စာတမ်းများ ကိုဝလုံးတို့၏လက်ထဲ အမှန်တကယ်ထည့်ပေးခဲ့သူများ အရေးယူခံရခြင်းမရှိဘဲ လက်ခံစကားပြောခဲ့သူများဖြစ်သည့် ဒုရဲမှူးမိုးရန်နိုင်နှင့် အခြားတဦးသာ ရဲစည်းကမ်းဖောက်ဖျက်မှု၊ ထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်ခံရနိုင်သော နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်မှုတို့ဖြင့် တရားစွဲဖမ်းချုပ်ခံထားရသည့် အချက်ကို သုံးသပ်ကြည့်ပါက အမှုတခုလုံး၏ အဖြေသည် ငြင်းမရအောင် ပေါ်လွင်နေသည်။

ဒုရဲမှူးမိုးရန်နိုင် တရားခွင်တွင် ထွက်ဆိုပါက ကိုဝလုံးနှင့် တပ်သက်သာဆိုင်တွင် တကြိမ် တွေ့ဆုံခဲ့ကြောင်း ထွက်ဆိုမည်ဟု တရားလိုဖက်က မျှော်လင့်ခဲ့ပုံရသည်။ သူ့အား ဒုက္ခပင်လယ်ဝေစေခဲ့သော ကိုဝလုံးတို့ကို မုန်းတီးနေပြီး ကိုဝလုံးတို့ ပိုမိုဒုက္ခရောက်စေမည့် အချက်များ ထွက်ဆိုရန်လည်း မျှော်လင့်ကောင်း မျှော်လင့်ခဲ့ပေလိမ့်မည်။

သို့သော် သူက ရဲတပ်ဖွဲ့ဝင်အဆင့်ဆင့်မှာလည်း သူ့ဂုဏ်သိက္ခာနှင့်သူ ရှိသည်ဟုဆိုကာ ထောင်ဖမ်းသည်ဆိုသော အခြေအနေကို အသေးစိတ် ဖွင့်ချရုံမက ထိုကဲ့သို့ ဖမ်းရန်စေခိုင်းသည့် ရဲမှူးချုပ်တင်ကိုကိုသည် ရဲတပ်ဖွဲ့ဝင်များ နေ့စဉ် သစ္စာဆိုနေရသည့် တရားဥပဒေနှင့်အညီ တိတိကျကျ မှန်မှန်ကန်ကန် ရပ်တည်ဆောင်ရွက်သွားပါမည် ဟူသော အချက်ကို ဖောက်ဖျက်သည့်အပြင် ပြည်ထောင်စုအစိုးရကိုသော်လည်းကောင်း၊ ရဲတပ်ဖွဲ့ကိုသော်လည်းကောင်း နိုင်ငံတကာ၏ အထင်မှားခြင်းကို ခံရအောင် ဆောင်ရွက်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

“ဒါတွေဟာ အမှန်တွေပဲ” ဟု တရားခွင်ပြင်ပတွင်လည်း သတင်းထောက်များအား သုံးကြိမ် ပြောသွားခဲ့သည်။ သူ ထိုကဲ့သို့ ႔ပြောနေချိန်တွင် အဝတ်အစား မသပ်မရပ်ဝတ်ထားသော အရပ်ဝတ် လုံခြုံရေးများက သူ့လက်ကို အတင်းချုပ်၍ ဆွဲခေါ်သွားကြသည်။

မျက်မှောက် မြန်မာပြည် နိုင်ငံရေးအခြေအနေအရပ်ရပ်အရ ဒုရဲမှူးမိုးရန်နိုင် ထွက်ဆိုချက်မှာ အင်မတန် ကြီးမားသော စွန့်စားမှုကြီးဖြစ်သည်။ သူ့ထွက်ဆိုချက် ထွက်ပေါ်လာပြီး ၂၄ နာရီအတွင်း အာဏာပိုင်တို့က သူ့မိသားစုကို ရဲတပ်ရင်းလိုင်းခန်းမှ ပြောင်းရွှေ့ခိုင်းခဲ့သည်။

ပြည်သူအများအပြားက သူ့ကို ယခုကဲ့သို့ မကြောက်မရွံ့ ထွက်ဆိုခြင်းအတွက် အင်တာနက် လူမှုကွန်ရက်များပေါ်တွင် ကောင်းချီးထောမနာ ပြုကြသည်။ မည်သို့ပင် ကောင်းချီးထောပနာများ ပေးကြစေကာမူ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုံခြုံရေးတပ်ဖွဲ့များသည် အရပ်သားအုပ်ချုပ်သူများထက် ပိုမိုအာဏာစောင်းထက်နိုင်သည့် မြန်မာပြည်တွင် အာဏာပိုင်တို့ကို အံတုပြီး သူရဲကောင်းဖြစ်လာသူ မည်သူမဆို မှောင်မိုက်သော အနာဂတ်ကို ပိုက်ထွေးကြရမည်ဖြစ်သည်။

ထိုအချက်ကို မလွတ်စေရန် တရားခွင်တွင် အစိုးရရှေ့နေက မေးမြန်းခဲ့သည်။ သူကလည်း အမှန်အတိုင်း ထွက်ဆိုကြောင်း ဖြေကြားခဲ့သည်။ ထိုအမေးအဖြေကို တရားရုံးမှတ်တမ်းတွင် အောက်ပါအတိုင်း တွေ့ရသည်။

“မေး။ ကျနော်မှာ ဒုရဲမှူးအဆင့်ရှိသူဖြစ်ပြီး ရဲတရားရုံး၌ ယခုအချိန် အမှုရင်ဆိုင်နေရသူဖြစ်ကာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်ချမှတ်ခံရကာ ရာထူးမှ ထုတ်ပယ်ခံရမည်ဖြစ်သည့်အတွက် ကွပ်ကဲရေးမှူးချုပ် ရဲမှူးချုပ်တင်ကိုကိုမှ မလျော်မကန် ဆောင်ရွက်မှုများဟု ကျနော် ရုံးရှေ့တွင် ပိုမိုထွက်ဆိုနေခြင်းဖြစ်သည်ဟုဆိုလျှင်

ဖြေ။ ရဲတရားရုံးမှ ပြစ်မှုထင်ရှားသည်ဆိုလျှင်တောင် အနိမ့်ဆုံး မှတ်တမ်းဝင် သတိပေးခြင်းပြစ်ဒဏ်မှ ထောင်ဒဏ်ကျသည့်ပြစ်ဒဏ်အထိ ပြစ်ဒဏ်အမျိုးမျိုး ရှိပါသည်။ သို့ဖြစ်၍ တရားရုံးရှေ့တွင် အမှန်အတိုင်း ထွက်ဆိုခြင်းဖြစ်ပါသည်။ ”

ထိုကဲ့သို့ဖြေကြားရန် သူ့အတွက် မှန်ရာကိုသာ ဆိုမည်ဟူသည့် သတ္တိများ သူ့အဇ္ဈတ္တတွင် ဖြစ်ပေါ်ခဲ့ရသကဲ့သို့ သူ့အတွေးထဲတွင် သူ့ဘဝ၏ အနာဂတ်သည် မှန်းဆ၍ မရအောင် မှောင်မိုက်နေလိမ့်မည်။

အမှန်တကယ်တော့ မပီပြင်သေးသည့် ဒီမိုကရေစီစနစ်ကို သူ့ဘဝဖြင့် လောင်းကြေးထပ် စမ်းသပ်ခြင်း ဖြစ်သည်။ အကျိုးရလဒ်အားဖြင့် သူ့အား အထက်ခွင့်ပြုချက်မရှိဘဲ သတင်းထောက်များနှင့် တွေ့ဆုံကာ ရဲတပ်ဖွဲ့နှင့်သက်ဆိုင်သောအကြောင်းအရာများ ပြောကြားခဲ့မှုအတွက်ဟုဆိုကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲတရားရုံးဖြင့် လွန်ခဲ့သည့်ရက်ပိုင်းက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ်ချလိုက်ပြီး၊ အင်းစိန်ထောင်သို့ ပို့လိုက်ပြီဖြစ်သည်။

လွန်ခဲ့သည့်အနှစ် ၂၀ ကျော်က စစ်ကိုင်းတိုင်း ခင်ဦးမြို့ရှိ ကျေးရွာတရွာတွင် အစိုးရ မူလတန်းကျောင်းအုပ်ဆရာဘဝကို စွန့်လွှတ်ပြီး ရဲဌာနသို့ ဒုရဲအုပ်အဖြစ် ဝင်ရောက်ခဲ့သော သူ၏ ရဲအရာရှိဘ၀ နိဌိတံသွားပြီ ဖြစ်သည်။

သူ ဖမ်းခံရသည့်အချိန်မှ ပြီးခဲ့သောရက်ပိုင်းအထိ သူနှင့်တွေ့ခွင့်မရသေးသော ဇနီးဖြစ်သူကတော့ နိုင်ငံတော်သမ္မတကြီးကယ်ပါ၊ အမေစုကယ်ပါဟူသော စကားများဖြင့် မျက်ရည် တဖြိုင်ဖြိုင်ကျလျက် ဝမ်းနည်းပူးဆွေးနေရသည်။

သူတို့၏ ဝမ်းနည်းကြေကွဲမှု၊ သူတို့အနာဂတ်၏ အမှောင်အမိုက် ကျရောက်နေမှုသည် မြန်မာနိုင်ငံသားတို့၏ စစ်မှန်သော ပုံရိပ်ကို ထင်ဟပ်စေခြင်းဖြစ်သည်။

ဧပြီ ၂၅ ရက် အမှု ရုံးချိန်းတွင်တော့ အစိုးရရှေ့နေက ဒုရဲမှူးမိုးရန်နိုင်သည် အချုပ်ကျနေ၍ စိတ်ညစ်ညူးသဖြင့်လည်းကောင်း၊ သူသည် ရဲမှူးချုပ်တင်ကိုကိုအပေါ် အာဃာတရှိခြင်းကြောင့်လည်းကောင်း သူ့အား ရန်လိုသောသက်သေအဖြစ် သတ်မှတ်ပြီး သူ၏ ထွက်ဆိုချက်များကို လက်မခံရန် ရန်ကုန်မြောက်ပိုင်းခရိုင် ဒုတိယတရားသူကြီး ဦးရဲလွင်ထံ လျှောက်ထားခဲ့သည်။ ထိုလျှောက်ထားချက်အား ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ ရှေ့နေများက ကန့်ကွက်ခဲ့သဖြင့် မေလ ၂ ရက်ရုံးချိန်းတွင် တရားသူကြီးက ထိုကိစ္စအပေါ် အမိန့်တခု ချမှတ်မည်ဖြစ်သည်။

ထိုအမိန့်ကြားနာမှုအတွက် ဒုရဲမှူးမိုးရန်နိုင် တရားခွင်သို့ ဒုတိယအကြိမ် လာရောက်ဦးမည်။ ယခုတခေါက်တွင်တော့ သူသည် ရဲအရာရှိအဖြစ်မဟုတ်ဘဲ အပြာရောင်အကျဉ်းသားဝတ်စုံ၊ ခြေကျင်းဝတ်တွင် သံခြေကျင်းခတ်ခံရလျက် အကျဉ်းသားတဦးအနေအထားဖြင့် တရားခွင်သို့ ရောက်ရှိလာမည်ဖြစ်သည်။

ဆွေဝင်းသည် Myanmar Now သတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သည်။

 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading