အစိုးရဆေးရုံများနှင့် ဈေးကွက်အတွင်း နှာခေါင်းစည်းအတုများ ပျံ့နှံ့နေ

ရန်ကုန်ဆေးရုံကြီး၊ ဝေဘာဂီကူးစက်ရောဂါအထူးကုဆေးရုံနှင့် ဖောင်ကြီး ကိုဗစ်နိုင်တင်းကုသရေးစင်တာ အပါအဝင် ဆေးရုံနှင့် ဖျားနာကုဆေးခန်း (Fever Clinic) စုစုပေါင်း ၁၀ ခုတွင် ဆရာဝန်များအသုံးပြုနေသည့် N95 1860 နှာခေါင်းစည်းများကို စစ်ဆေးခဲ့ရာတွင် အရည်အသွေးပြည့်မီခြင်းမရှိကြောင်း သိရှိခဲ့ရပြီး နှာခေါင်းစည်းအတုကြောင့် ဆရာဝန်နှင့် သူနာပြုများ တစ်ယောက်ပြီးတစ်ယောက် ထိနေသည်ဟု ဆရာဝန်တစ်ဦးက ဆိုသည် 

အရည်အသွေးပြည့်မီသည့် N95 နှာခေါင်းစည်း (အလယ်) ပေါ်ရှိ 3M အမှတ်တံဆိပ်သည် ပိုမိုမြင်သာကြောင်း ဆရာဝန်တစ်ဦးက နှိုင်းယှဉ်ပြနေပုံ (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now) 

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ ဖြစ်ပွားစေသည့် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူများကို ပြုစုကုသပေးနေသော အစိုးရဆေးရုံများတွင် အရည်အသွေးပြည့်မီခြင်း မရှိသော နှာခေါင်းစည်းအတုများ ပျံ့နှံ့လျက်ရှိသည်ဟု ကျန်းမာရေးဝန်ထမ်းများက ပြောသည်။ 

“အစိုးရက ချပေးတဲ့အထဲမှာလည်း အတုတွေပါတယ်။ အလှူရှင်တွေ လာလှူတဲ့အထဲမှာလည်း ပါတယ်။ အလှူရှင်တွေလှူတာက အတုတွေများတယ်။ ဘာလို့လည်းဆိုတော့ အတုတွေက ဈေးကွက်ထဲမှာ ရောက်နေတာကိုး” ဟု ရန်ကုန်ရှိ အစိုးရဆေးရုံကြီးတစ်ခု၏ အရေးပေါ်ဌာနမှ ဆရာဝန်တစ်ဦးက Myanmar Now ကို ပြောသည်။

အဆိုပါဆရာဝန်သည် အောက်တိုဘာလအတွင်းက ၎င်း၏ အရေးပေါ်ဌာန၌ လူနာတစ်ဦးကို ကုသမှုပေးရင်း ကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရသော ဆရာဝန်တစ်ဦးဖြစ်သည်။ ကာယကံရှင်၏ ဆန္ဒအရ ၎င်း၏အမည်ကိုမူ ဤနေရာတွင် ဖော်ပြနိုင်ခြင်း မရှိပါ။ 

“ကျွန်တော် Positive ဖြစ်တုန်းက အတုကြောင့်လို့ ထင်တာပဲ။ (မဖြစ်ခင်) နှစ်ရက်လောက်အလိုမှာ စက်နဲ့ ရှူရတဲ့ (လူနာ) တွေကို ဝင်လုပ်ရတယ်။ အတုမှန်း အစစ်မှန်းတော့ မသိဘူး။ တပ်တဲ့အချိန်မှာတော့ လုံနေတာပဲ။ လူနာကြည့်ပြီး ပြန်ကြည့်တော့မှ ဒါကြီးက အတုကြီးဆိုတာ သိသွားတာ” ဟု အမည်မဖော်လိုသူ အဆိုပါ ဆရာဝန်က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာမှ စတင်ကာ ဆေးရုံ၌ အသုံးပြုသည့် N95 1860 အမျိုးအစား နှာခေါင်းစည်းများအနက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်မပေးနိုင်သော အမျိုးအစားများ ရောနှောပါလာသည်ကို တွေ့ရကြောင်း Myanmar Now က မေးမြန်းခဲ့သည့် ကျန်းမာရေးဝန်ထမ်းများက ဆိုသည်။ 

ယင်း N95 နှာခေါင်းစည်းများကို ကိုဗစ်နိုင်တင်းရောဂါ ကုသပေးနေသည့် ဆေးရုံများ၊ ကုသရေးစင်တာများ၊ ဖျားနာဆေးခန်းများရှိ ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်းများ နေ့စဉ်အသုံးပြုရသည်။ N95 နှာခေါင်းစည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အစိုးရဆေးရုံများသို့ ခွဲတမ်းအလိုက် ချပေးသည်များရှိသလို ပုဂ္ဂလိကအလှူရှင်များက တိုက်ရိုက်လှူဒါန်းမှုများလည်း ရှိသည်။ 

N95 1860 အမျိုးအစား နှာခေါင်းစည်းသည် လေထဲရှိ ဇီဝဆိုင်ရာအမှုန်အမွှားနှင့် ပိုးမွှားများ အသက်ရှူလမ်းကြောင်းဆီ မရောက်အောင် ကာကွယ်ပေးသော တစ်ခါသုံး အကာအကွယ်ပစ္စည်းတစ်မျိုးဖြစ်ပြီး သွေးနှင့် အခြားကူးစက်တတ်သော အရည်များ စိမ့်ယိုမှုမရှိအောင် အကာအကွယ်ပေးနိုင်သည်။ 

နိုဝင်ဘာလအတွင်းက ရန်ကုန်တိုင်း အင်းစိန်ဆေးရုံကြီး၌ N95 1860 နှင့် 1860S အရေအတွက် ၂,၀၀၀ ဝယ်ယူရန် တင်ဒါခေါ်စဉ် အရည်အသွေးမမီသည့် N95 နှာခေါင်းစည်းများဖြင့် တင်ဒါလာပြိုင်သည့် ဖြစ်စဉ်များရှိခဲ့ကြောင်း၊ သို့သော် ဆေးရုံ၌ ရှိနေသည့် N95 နှာခေါင်းစည်းများဖြင့် ယှဉ်ကြည့်ရာ မတူညီသည့်အတွက် ယင်းတင်ဒါကို မဝယ်ယူဖြစ်ခဲ့ကြောင်း အင်းစိန်ဆေးရုံကြီး ဆေးပညာဌာနမှ‌ ပါမောက္ခ ဒေါက်တာမာမာကြည်က Myanmar Now ကို ပြောသည်။

အရည်အသွေးမပြည့်မီသော N95 နှာခေါင်းစည်းအတုများ အသုံးပြုမိသည့်အတွက် အခြားဆေးရုံများရှိ အရေးပေါ်ဌာန ဆရာဝန်အချို့ ရောဂါပိုးကူးစက်ခံရသည်ကိုလည်း ကြားသိရသည်ဟု ၎င်းက ဆိုသည်။ 

“ဒီရောဂါကို မကူးအောင် ကာကွယ်နေပါတယ်ဆို စနစ်တကျ မှန်မှန်ကန်ကန် ဝတ်မယ်၊ ချွတ်မယ်ဆိုရင် အန္တရာယ်ရှိတဲ့ လုပ်ငန်းတွေတောင် မကူးဘူးလို့ ကျွန်မတို့က ယုံကြည်ထားတာ။ အခုတော့ ဒီဟာဝတ်နေရင်းနဲ့ ကူးနေတာ သိပ်တော့မကောင်းဘူး” ဟု ပါမောက္ခ ဒေါက်တာမာမာကြည်က ပြောသည်။

ဆေးဂိုဒေါင်မှ 3M တံဆိပ် N95 နှာခေါင်းစည်းများ ထုတ်ယူချိန်တွင် အစစ်များပါသည့်အခါ ရှိသလို အရည်အသွေးမမီသည်များလည်း ရောနှောပါလာတတ်ကြောင်း ကိုဗစ်နိုင်တင်းလူနာများကို လက်ခံကုသပေးနေသည့် ဝေဘာဂီဆေးရုံ၌ တာဝန်ထမ်းဆောင်နေသော သူနာပြုတစ်ဦးက Myanmar Now ကို ပြောသည်။​

“ခေါင်းကို သိုင်းတဲ့ ကြိုးတွေကအစ ကွာတယ်။ အတုလို့တော့ မသုံးချင်ဘူး။ အရည်အသွေးမမီတာ။ ကျွန်မတို့ဆီမှာ ဒီလိုဖြစ်တာ တစ်လလောက် ရှိကြပြီ။ ဒါပေမဲ့လည်း မဖြစ်တဲ့အဆုံးတော့ ရှိတာတွေပဲ ဝတ်ရတာပဲ” ဟု အဆိုပါ သူနာပြုက ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

ကိုဗစ်နိုင်တင်းရောဂါပိုးတွေ့ရှိမှုနှုန်း မြင့်တက်လာသည့်နှင့်အမျှ ကုသမှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများပါ ပိုးကူးစက်ခံရမှု များလာသောကြောင့် ကျန်းမာရေးဝန်ထမ်းသုံး N95 1860 နှာခေါင်းစည်းများ၏ အရည်အသွေးကို လေ့လာကြည့်ရာ အရည်အသွေးမမီသည့် နှာခေါင်းစည်းများဖြစ်နေသည်ကို တွေ့ရှိရသည်ဟု နှာခေါင်းစည်းအတုဆန့်ကျင်ရေး လှုံ့ဆော်နေသူ ဆေးဝါးဗေဒဌာန ဆေးဝါးတက္ကသိုလ် (ရန်ကုန်) မှ လက်ထောက်ကထိက ဒေါက်တာထက်ဖြိုးအောင်က ပြောသည်။

ရန်ကုန်ဆေးရုံကြီး၊ ဝေဘာဂီကူးစက်ရောဂါအထူးကုဆေးရုံနှင့် ဖောင်ကြီး ကိုဗစ်နိုင်တင်းကုသရေးစင်တာ အပါအဝင် ဆေးရုံနှင့် ဖျားနာကုဆေးခန်း (Fever Clinic) စုစုပေါင်း ၁၀ ခုမှ ဆရာဝန်များအသုံးပြုနေသည့် N95 1860 နှာခေါင်းစည်းများကို တောင်းယူ၍ လေ့လာကြည့်ရာတွင် ထိုသို့တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

“Mask ကို အတု၊ အစစ်ခွဲနိုင်တဲ့သူရှိသလို မခွဲနိုင်တဲ့သူလည်း ရှိတယ်။ အရေးပေါ်အခြေအနေမှာ ဘာမှ မကြည့်နိုင်ဘူး။ ဝတ်ပြီး ဝင်ရတာပဲ။ ပိုးတွေ့နှုန်း များလာတဲ့အချိန်မှာ အတုတွေ၊ အစစ်တွေကိစ္စကို ပြန်ဆန်းစစ်သင့်တယ်။ တိုင်းကနေ မြို့နယ်တွေကို ချပေးတဲ့ ခွဲတမ်းတွေမှာ အတုတွေ တွေ့ရတယ်” ဟု ဒေါက်တာထက်ဖြိုးအောင်က ပြောသည်။

ပြင်ပလူနာများကိုသာ ကြည့်ရှုကုသပေးနေသည့် မိတ်ဆွေဆရာဝန်နှင့် သမားတော် ၄ ဦး အောက်တိုဘာလဆန်းပိုင်းတွင် ရောဂါပိုးကူးစက်ခံရပြီးနောက် ကျန်းမာရေးဋ္ဌာနအချို့၌ အသုံးပြုနေသည့် N95 နှာခေါင်းစည်းများကို ရှာဖွေလေ့လာဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

အရည်အသွေးပြည့်မီသည့် 3M အမှတ်တံဆိပ် N95 1860 နှာခေါင်းစည်းများပေါ်တွင် 3M တံဆိပ်ကို ရှင်းလင်းပြတ်သားစွာ ရေးသားထားသော်လည်း အရည်သွေးနိမ့် N95 1860 နှာခေါင်းစည်းများပေါ်တွင် ဆေးသားပုံနှိပ်၍ ရေးသားထားသည်။ 

N95 1860 အစစ်ဗူးခွံပေါ်ရှိ LOT နံပါတ်နှင့် ယင်းဗူးအတွင်းရှိ နှာခေါင်းစည်းမှ LOT နံပါတ်များ တူညီနေသော်လည်း အရည်အသွေးနိမ့်သည့် နှာခေါင်းစည်းများမှာမူ တစ်ဗူးထဲမှာပင် ကွဲပြားလျက်ရှိသည်။

ထိုကဲ့သို့သော အရည်အသွေးမမီသည့် N95 နှာခေါင်းစည်းများကို အသုံးပြုလျှင် အသုံးပြုသူသည် အကာအကွယ် ဝတ်ဆင်ထားပြီဖြစ်၍ လုံခြုံစိတ်ချရပြီဟု ယုံမှတ်ကာ ပိုးတွေ့လူနာများကို အနီးကပ် ကုသပေးမှုမှတစ်ဆင့် ရောဂါကူးစက်ခံရနိုင်ခြေ ပိုများသည်ဟု နှာခေါင်းစည်းများ လှူဒါန်းရောင်းချနေသူ ဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာကျော်ကိုသက်က ဆိုသည်။ 

သာမန်ကြည့်လျှင် 3M ကုမ္ပဏီ၏ မူရင်းနှာခေါင်းစည်းများကဲ့သို့ပင် ပစ္စည်း၊ ဗူးနှင့် အချိုးအစား တံဆိပ်များ ပါဝင်နေသော်လည်း နှာခေါင်းစည်းအတွင်းပိုင်းမှ ပိုးသတ်နိုင်သော အလွှာ (polypropylene layer) မှာ အရည်အသွေးနိမ့်သည့် နှာခေါင်းစည်းများတွင် ပါဝင်ခြင်း မရှိသောကြောင့် ရောဂါပိုးကူးစက်မှုကို ကာကွယ်မပေးနိုင်ဟု ဒေါက်တာကျော်ကိုသက်က ပြောသည်။

“1860 က ဖုတ်လိုက် ဖုတ်လိုက်ဖြစ်နေတဲ့ (ကိုဗစ်နိုင်တင်း) လူနာကို အသေအလဲ ကယ်နေရတဲ့အခါမှာ တပ်ရတဲ့ Mask။ အဲဒါကို အတုတပ်ပြီး လုပ်နေရတာက စစ်ပွဲထဲကို စစ်တိုက်ဖို့ဆိုပြီး ကော်ပတ်ရုပ်သေနတ်ထည့်ပေးပြီးတော့ လွှတ်လိုက်သလိုပဲ။ စစ်ပွဲထဲရောက်တော့ သေနတ်ထုတ်တော့မှ ကော်ပတ်ရုပ်သေနတ်ဖြစ်နေတာ။ ရန်သူပစ်သမျှ သေပေါ့။ ဒါပဲရှိတော့တာ” ဟု ဒေါက်တာကျော်ကိုသက်က‌ ပြောသည်။

၎င်းသည် ကျန်းမာရေးဝန်ထမ်းများအား လှူဒါန်းရန် ဆေးပစ္စည်းများဝယ်ယူရာတွင် အရည်အသွေးမမီသည့် နှာခေါင်းစည်းများကို တွေ့ရှိရသောကြောင့် ထပ်မံလေ့လာရင်း အဆိုပါ နှာခေါင်းစည်းများ ပျံ့နှံ့နေသည်ကို သိရှိရခြင်း ဖြစ်ကြောင်း ဆိုသည်။ 

“ဆရာဝန်တွေ၊ သူနာပြုတွေ တစ်ယောက်ပြီးတစ်ယောက် ထိကြတယ်ဆိုတာ Mask အတု ပြဿနာကနေ လာတာ။ စစ်မြေပြင်မှာ စစ်တိုက်နေရသူတွေကို ကျိုက်ထီးရိုးသေနတ်နဲ့ ရှေ့တန်းသွားဆိုပြီး လွှတ်လိုက်လို့ ခံလိုက်ရတာ။ အဲဒီမှာ အတုံးအရုံးတွေကျကုန်တာ” ဟု ဒေါက်တာကျော်ကိုသက်က ပြောသည်။ 

ယင်းကဲ့သို့ အရည်အသွေးမမီသည့် နှာခေါင်းစည်းများမှာ ရန်ကုန်တွင်သာမက ဧရာဝတီတိုင်းတွင်လည်း တွေ့ရှိရကြောင်း၊ ပုသိမ်မြို့ရှိ ဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းများ အသုံးများသည့် N95 နှာခေါင်းစည်းများကို စစ်ဆေးရာတွင် အရည်အသွေးမမီသည့် နှာခေါင်းစည်းများကို တွေ့ခဲ့ရကြောင်း ပုသိမ်မြို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဒုတိယညွှန်ကြားရေးမှူး ဦးပြည့်ဖြိုးက ပြောသည်။

“ကျွန်တော်တို့ကြည့်တော့ တံဆိပ်တွေဘာတွေ ကွဲထွက်တာတွေ အများကြီးရှိတယ်။ တစ်ခုနဲ့တစ်ခု စာလုံးတွေ မတူဘူး။ နံပါတ်မတူဘူး။ ဖောင့်မတူဘူး။ တချို့နေရာမှာ bold လုပ်ထားတာတွေ မတူဘူး။ ဗူးခွံတွေ မတူဘူး။ ဗူးခွံမှာ ရိုက်ထားတဲ့ အချက်အလက်တွေက မတူဘူး။ ကုမ္ပဏီတစ်ခုတည်းက ရိုက်ထားပြီးတော့ မတူတဲ့ အချက်အလက်တွေ တအားများနေတာ” ဟု ဦးပြည့်ဖြိုးက ပြောသည်။

အဆိုပါဖြစ်စဉ်ကို နေပြည်တော် FDA ရုံးချုပ်သို့ အောက်တိုဘာလကတည်းက Viber မှ တစ်ကြိမ်၊ စာပေးပို့၍ တစ်ကြိမ် တင်ပြထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်းလည်း ၎င်းက ပြောသည်။ 

3M အမှတ်တံဆိပ် N95 နှာခေါင်းစည်း အစစ်တစ်ခုလျှင် တန်ဖိုး ကျပ် ၁၅,၀၀၀ ခန့် ရှိသည့်အပြင် အလွယ်တကူဝယ်၍ မရဘဲ ဈေးကွက်အတွင်းရှိနေသည့် တရုတ်နိုင်ငံထုတ် ပစ္စည်းများသာ ဝယ်ယူရရှိသဖြင့် သတိထား၍ အသုံးပြုနေရသည်ဟု ပုသိမ်ဆေးရုံအုပ် ဒေါက်တာသန်းမင်းထွဋ်က ဆိုသည်။

“3M အစစ်မရလို့ လူနာခန်းထဲ မဝင်ဘူးဆိုရင် လူနာက သေသွားမှာလေ။ အဲဒီတော့ 3M အစစ်မရတာ၊ ရတာက တစ်ကဏ္ဍ။ လောလောဆယ်ရှိတဲ့ဟာပဲ သုံးနေရတာ။ ဒါပေမဲ့ ကျွန်တော်တို့ သတိထားတယ်။ ဒီဟာသည် 3M အစစ်မဟုတ်ဘူး။ အရည်အသွေးမမီဘူးဆိုတာ ကျွန်တော်တို့ သိတယ်။ နောက်ထပ် နှာခေါင်းစည်းတစ်ခု ထပ်ပြီးသုံးတယ်” ဟု ဒေါက်တာသန်းမင်းထွဋ်က ပြောသည်။

ထိုသို့အရည်အသွေးမမီသည့် နှာခေါင်းစည်းများကို ဈေးကွက်အတွင်း တစ်ခုလျှင် ၃,၀၀၀ ကျပ်ဖြင့် ရောင်းချနေသည်များရှိပြီး အစစ်နှင့် ဆင်တူသော်လည်း ကွဲလွဲချက်မှာ ပါကင်ဗူးချိပ်ပိတ် ဖြစ်သည်ဟု ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ‘မေ’ ဆေးဆိုင်ပိုင်ရှင် ကိုလင်းဘိုဘိုက ပြောသည်။ 

“အောက်တိုဘာလဆန်းကစပြီး အတုလို့ သံသယဖြစ်ဖွယ်ရှိတဲ့ ပါကင်ထုပ်ပိုးမှုတွေနဲ့ 3M တွေ စျေးကွက်ထဲကို အများကြီးဝင်လာတယ်။ ဝယ်နေကျ ဆေးကုမ္ပဏီက လာပို့တဲ့ ပစ္စည်းတွေထဲမှာ အဲ့ကောင်တွေပါလာလို့ ကိုယ်က ဒါအစစ်မဟုတ်နိုင်ဘူးဆိုပြီး ပြန်ခေါ်ရှင်းတော့ သူတို့ အပြင်က သယ်လာတဲ့ပစ္စည်း ရောပါသွားတာပါ တောင်းပန်ပါတယ်ဆိုပြီး ပြန်ယူသွားတယ်” ဟု ၎င်းက ပြောသည်။ 

“3M အစစ်က ဗူးကို အပေါ်က ဖောက်ရင် Seal (ချိပ်ပိတ်) ပျက်မယ်၊ အောက်က နှိုက်ဖောက်ရင်လည်း ဗူးခွံပျက်မယ့် ပါကင်ဒီဇိုင်းပါ” ဟု ၎င်းက ဖြည့်စွက်ပြောသည်။ 

ကိုဗစ်နိုင်တင်းကူးစက်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း N95 နှာခေါင်းစည်းများ အပါအဝင် ဆေးပစ္စည်းခြောက်မျိုးကို အလွယ်တကူ တင်သွင်းနိုင်ရန် တင်သွင်းခွင့်လျှောက်ထားရန် မလိုအပ်သော ဆေးပစ္စည်းအဖြစ် FDA က ဖြေလျှော့ပေးထားသည်။ 

နှာခေါင်းစည်းများနှင့်ပတ်သက်၍ တင်သွင်းခွင့်ထောက်ခံချက် မပေးထားသောကြောင့် ဝယ်ယူသူများအနေဖြင့် ခိုင်မာသည့် ဆေးကုမ္ပဏီများမှ ဝယ်ယူရန် အရေးကြီးသည်ဟု FDA မှ ညွှန်ကြားရေးမှူး (ဆေးပစ္စည်း/အလှကုန်) ဒေါက်တာတင်ဝါဝါဝင်းက ပြောသည်။

“ကျွန်မတို့ Control (ထိန်းချုပ်တာ) လုပ်မထားဘူး။ ကျွန်မတို့ဆီမှာလည်း ဥပဒေမရှိဘူး။ ဥပဒေရှိမှ အရေးယူလို့ရတာလေ” ဟု ဒေါက်တာတင်ဝါဝါဝင်းက ပြောသည်။ နှာခေါင်းစည်းများနှင့်ပတ်သက်၍ တိုင်ကြားမှုများမရှိသေးကြောင်း ၎င်းက ဆိုသည်။

ကိုဗစ်နိုင်တင်းလူနာပေါင်း ၉၅,၀၀၀ ကျော် ရှိနေပြီဖြစ်သော မြန်မာနိုင်ငံတွင် လူနာ ၇၀,၀၀၀ ကျော် ပြန်လည်သက်သာလာသော်လည်း ရောဂါဖြင့် သေဆုံးသူ ၂,၀၀၀ ကျော် ရှိသည်။ ဆေးရုံများ၌ ကုသမှုခံယူနေရဆဲ လူနာပေါင်း ၁၈,၀၀၀ ကျော် ရှိသည်။ 

အဆိုပါအတည်ပြုလူနာများအနက် ကိုဗစ်နိုင်တင်းရောဂါကို ကုသပေးနေသည့် ရခိုင်ပြည်နယ်ရှိ ကျန်းမာရေးဝန်ထမ်း ၁၅၀ နီးပါးနှင့် ရန်ကုန်မှ ဝန်ထမ်း ၅၀၀ ကျော်သည် ရောဂါကုသပေးရင်း ရောဂါပိုးကူးစက်ခံထားရသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။

ဝန်ကြီးဌာနအနေဖြင့် နှာခေါင်းစည်းနှင့် ဆေးပစ္စည်းများဝယ်ယူရာတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ကိုယ်တိုင်ဦးစီးကာ တင်ဒါစနစ်ဖြင့် ကျွမ်းကျင်သည့် ပညာရှင်များ၊ သမားတော်ကြီးများ ပါဝင်ဖွဲ့စည်းထားသော အရည်အသွေးစစ်ဆေးရေးအဖွဲ့က စိစစ်၍ နှာခေါင်းစည်းများကို ဝယ်ယူသည်ဟု ဒေါက်တာခင်ခင်ကြီးက ဆိုသည်။

“အခုနောက်ပိုင်းမှာတော့ အလှူရှင်တွေက အကာအကွယ်ပစ္စည်းတွေကို ဝယ်ယူပြီးတော့ ဆေးရုံတွေကို တိုက်ရိုက်လှူဒါန်းတာတွေရှိတယ်။ တိုက်ရိုက်လှူဒါန်းသည့် ပစ္စည်းများကို MoHS ၏ အရည်အသွေးစစ်ဆေးရေးအဖွဲ့ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားသည့် သဘောရှိပါတယ်။ အဲဒါတွေကိုတော့ ကျွန်မတို့ မသိနိုင်ပါဘူး” ဟု ၎င်းက ဆိုသည်။

“အလှူရှင်တွေကလည်း စေတနာသဒ္ဒါတရား အပြည့်အဝရှိလို့ လှူပေမယ့် ပစ္စည်းနဲ့ပတ်သက်လို့ နားလည်ချင်မှ နားလည်မယ်။ သိချင်မှသိမယ်။ ဒီလို အသက်နဲ့ဆိုင်တဲ့ ကိစ္စတွေမှာ ကိုယ့်ရဲအတ္တကို ရှေ့တန်းတင်တဲ့ စီးပွားရေးသမားတွေက (အရည်အသွေး) မပြည့်မီတဲ့ ပစ္စည်းတင်တယ်။ ကိုယ့်အတ္တအတွက် အသက်တွေကို ရင်းပြီး မလုပ်ကြပါနဲ့” ဟု ၎င်းက ပြောသည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading