သတင်း

ပြန်ပေးဆွဲပြီး ကျပ်သိန်းရာချီတောင်းသည့်အပြင် တုတ်အချောင်းချောင်းကျိုးသည်အထိ ရိုက်နှက်

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့တွင် ယနေ့ နံနက်ပိုင်းက စံပြမုန့်တိုက် (SP Bakery) ပိုင်ရှင် ဦးကျော်ဝင်းကို လက်နက်ကိုင်သုံးဦးက မြို့လယ်တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ကို ယခုအချိန်ထိ မသိရသေးပေ။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း မိုးကုတ်မြို့ခံ အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံခဲ့ရသည်။ 

မိုးကုတ်မြို့နေ အသက် ၅၃ နှစ်အရွယ် ဒေါ်ခင်မြင့်ဌေးကို အောက်တိုဘာ ၁၇ ရက်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မ‌တော် (TNLA) က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကျပ်သိန်း ၃၀၀ ပေးပြီးမှ ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု ကာယကံရှင်က Myanmar Now ကို ထုတ်ဖော်ပြောကြားသည်။ 

နေအိမ်၌ရှိနေစဉ် TNLA အဖွဲ့ဝင်လေးဦးက သေနတ်ပြကာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ၎င်းတို့တောင်းသော ပြန်ပေးငွေမရမချင်း တောထဲတွင် ကိုးရက်ကြာဖမ်းဆီးထားပြီး တုတ်အချောင်းချောင်းကျိုးသည်အထိ ရိုက်နှက်ခဲ့သည်ဟုလည်း ဒေါ်ခင်မြင့်ဌေးက ဆိုသည်။ 

“အန်တီကို လာခေါ်တော့ အန်တီက သားတို့ ရဲတွေလားဆိုတော့ စကားမများနဲ့တဲ့။ နောက်တစ်ယောက်က ခါးမှာပါတဲ့ သေနတ်ကိုပြတော့ အန်တီက အိမ်မှာ အမေအိုနဲ့ကလေးတွေရှိတော့ လန့်မှာစိုးလို့ လိုက်သွားခဲ့တာ” ဟု ထိုစဉ်က ဖမ်းဆီးခံရပုံနှင့်ပတ်သက်၍ ဒေါ်ခင်မြင့်ဌေးက ပြောသည်။

ထိုသို့ဖမ်းဆီးပြီးနောက် ပြန်ပေးငွေ ကျပ်သိန်း ၆၅၀ တောင်းဆိုခဲ့ရာ ကျပ်သိန်း ၅၀၀ အထိ လျှော့ပေးရန် တောင်းဆိုပြီးနောက် မိသားစုထံ တယ်လီဖုန်းဖြင့် ဆက်သွယ်တောင်းယူရာတွင် ထိုငွေပမာဏကို ရှာဖွေရန် မဖြစ်နိုင်ကြောင်း မိသားစုဝင်များက အကြောင်းပြန်ခဲ့သည်ဟု ဆိုသည်။  

ထိုသို့ ညှိနှိုင်းနေသောကြောင့် ငွေပေးရွေးယူရန် ရက်အတိအကျ မပြောနိုင်သည့်အတွက် သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်ပြီး ဝါးတုတ်နှင့် တစ်နာရီခန့်ကြာအောင် ရိုက်နှက်ကြသည်ဟု ဒေါ်ခင်မြင့်ဌေးက ပြောသည်။

“နှစ်ယောက်ညှပ်ပြီး ရိုက်တာပေါ့နော်။ အဲဒီမှာ တုတ်က သုံးချောင်းမှာ နှစ်ချောင်းကျိုးတယ်။ ကျိုးသွားလို့ နှစ်ချောင်းဖြစ်သွားရင် နှစ်ချောင်းပူးနဲ့ ရိုက်တယ်” ဟု ဒေါ်ခင်မြင့်ဌေးက ပြောသည်။

နောက်ဆုံးအကြိမ် ညှိနှိုင်းပြီးနောက် ကျပ်သိန်း ၃၀၀ ဖြင့် ရွေးရန် သားဖြစ်သူက မိသားစုနေအိမ်ကို ပေါင်နှံခဲ့ရပြီး ထိုမတိုင်မီတွင် ကျပ်သိန်း ၄၀ ပေးခဲ့ရသောကြောင့် အမှန်တကယ်မှာ စုစုပေါင်းကျပ်သိန်း ၃၄၀ ပေးခဲ့ရခြင်းဖြစ်ကြောင်း အောက်တိုဘာ ၂၇ တွင် TNLA အဖွဲ့ဝင်များလက်မှ လွတ်မြောက်လာခဲ့သူ ဒေါ်ခင်မြင့်ဌေးက ပြောသည်။ 

ထိုသို့ TNLA အဖွဲ့ဝင်များ၏ ပြန်ပေးဆွဲခံရမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့နှင့် တပ်မတော်ကို အကြောင်းကြားခဲ့သော်လည်း အမှုဖွင့်တိုင်ကြားခဲ့ခြင်းမရှိဟု ဆိုသည်။ 

ထိုသို့ ပြန်ပေးဆွဲမှုအပြင် မိုးကုတ်မြို့ရှိ ကျောက်လုပ်ကွက်၊ ရတနာအရောင်းဆိုင်၊ ဆိုင်ကယ်အရောင်းဆိုင်၊ ဆီဆိုင်များနှင့် နွားနို့ဆိုင်များကိုပါ TNLA အဖွဲ့ဝင်များက ဆက်ကြေးတောင်းခံခြင်းများရှိသည်ဟု မိုးကုတ်ဒေသခံများက ဆိုသည်။

TNLA အဖွဲ့၏ ဆက်ကြေးတောင်းခံရခဲ့သူ မြို့ခံတစ်ဦးက “ကျွန်တော်တို့ကို နှစ်ကြိမ်ရှိပြီ။ အခုနောက်တစ်ကြိမ်က ၁၈ သိန်းပေးရမယ်တဲ့။ TNLA အဖွဲ့က ပြောတယ်။ ကျွန်တော်တို့က ဆိုင်သေးသေးလေးပဲ ဖွင့်ထားတာ။ သူတို့တောင်းတဲ့ငွေ မပေးနိုင်တော့ ခြိမ်းခြောက်တယ်။ ပေးမှာလား၊ စျေးညှိမှာလားပေါ့။ မဟုတ်ရင် မိသားစုကို ထိခိုက်အောင်လုပ်မယ်နဲ့ ခြိမ်းခြောက်တယ်။ ကျွန်တော်တို့မှာ ညညဆို အိပ်မပျော်ဘူး။ ဝင်ငွေလည်း ဒီလောက်မရှိဘူး” ဟု ပြောသည်။

ဒေါ်ခင်မြင့်ဌေးအပါအဝင် မိုးကုတ်ဒေသခံအချို့ ဖမ်းဆီးရိုက်နှက်ခံရပြီး ခြိမ်း‌‌ခြောက်၍ ငွေကြေးတောင်းခံခဲ့ရသည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး TNLA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးတာအိုက်ကျော်ကို Myanmar Now က ဆက်သွယ်မေးမြန်းသည့်အခါ ထိုသို့ ငွေကြေးတောင်းခံသည့် မူဝါဒမရှိကြောင်း တုံ့ပြန်သည်။

“ကျွန်တော်တို့မှာ ဒီလို မူဝါဒမရှိပါဘူး။ ဒီလို မတရားခံရရင် ကျွန်တော်တို့ လူထုဆက်ဆံရေးစင်တာတွေ ရှိတယ်။ ဆက်သွယ်တိုင်ကြားနိုင်ပါတယ်။ ကျွန်တော်တို့တာဝန်ယူဖြေရှင်းပေးပါတယ်။ ဒီအထဲမှာ မတစ်ရာသားသမီးတွေဆိုတော့ အားလုံးမသိနိုင်လို့ တကယ်လို့ခံရရင် တိုင်ကြားနိုင်ပါတယ်” ဟု ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။ 

TNLA ၏ ငွေကြေးတောင်းခံမှုများကို ကြားသိရသော်လည်း တရားဝင်လာ‌ရောက်တိုင်ကြားခြင်းမရှိကြောင်း မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော်က ပြောသည်။   

“ကျွန်တော့်တို့တော့ ကြားပါတယ်၊ ဒီလိုဝင်ရောက်လာပြီး အခွန်အခတွေပေးရမယ်၊ ပြုရမယ်လို့ တောင်းဆိုတာတွေ ကျွန်တော်တို့လည်း ကြားပါတယ်။ သေသေချာချာတော့ လာပြောတာမရှိပါဘူး။ တစ်ဆင့်ပြောတာပဲ ရှိပါတယ်။ ဒါကလည်း တောင်းခံရသူတွေက သူတို့လုံခြုံရေးကြောင့် ဖြစ်မှာပါ” ဟု ဦးနိုင်ငံကျော်က ပြောသည်။ 

ယနေ့ (ဒီဇင်ဘာ ၄) နံနက်ပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည့် စံပြမုန့်တိုက် (SP Bakery) ပိုင်ရှင် ဦးကျော်ဝင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု မိုးကုတ်မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

နိုဝင်ဘာ ၇ ရက်နေ့မှစ၍ မိုးကုတ်မြို့၏ မြောက်ဘက်ရှိကျေးရွာများတွင် TNLA အဖွဲ့၏ လှုပ်ရှားမှုအချို့ ရှိခဲ့ပြီး နိုဝင်ဘာ ၂၄ ရက် ညပိုင်းတွင် မိုးကုတ်မြို့မြောက်ဘက် ၇ မိုင်ခန့်အကွာရှိ ‌ချောင်းကြီးအလယ်ရွာအနီးတွင် တပ်မတော်နှင့် TNLA နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိသည်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့ကြောင့် နိုဝင်ဘာလဆန်းမှစ၍ မိုးကုတ်မြို့မြောက်ဘက် ကျေးရွာငါးရွာမှ တိမ်းရှောင်လာသော လူတစ်ထောင်ကျော်ခန့်က မိုးကုတ်မြို့ပေါ်ရှိ နီးစပ်ရာနေရာများတွင် လာ‌ရောက်ခိုလှုံနေကြသည်။ 

TNLA သည် အပစ်ရပ်လက်မှတ် NCA ရေးထိုးမထားသည့် အဖွဲ့ဖြစ်ပြီး ရက္ခိုင့်တပ်တော် (AA) ၊ ကိုးကန့်တပ်ဖွဲ့ ( MNDAA ) တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ဖြစ်သည်။ 

Show More

Related Articles

Back to top button