ကယားပြည်နယ်တွင် ခွဲရေးတွဲရေးနှင့် အခြေအတင်နိုင်ငံရေးကစားပွဲများ ရှိလာနိုင်

အမတ်ဦးရေ ၂၀ သာရှိသည့် ပြည်နယ်လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် ၅ ဦး၊ NLD ပါတီက ၉ ဦး၊ KySDP ပါတီနှင့် ပြည်ခိုင်ဖြိုးက ၃ ဦးစီအနိုင်ရရှိထားရာ နိုင်ငံရေးအရ အားပြိုင်မှုအရိပ်အယောင်များ သန်းလျက်ရှိသော်လည်း မဖြစ်မနေ ပူးပေါင်းရမည်ဆိုပါက NLD နှင့်ပေါင်းမည်ဟု KySDP ပါတီအထွေထွေအတွင်းရေးမှူးက ဆိုသည် 

Published on Dec 4, 2020
ရွေးကောက်ပွဲမတိုင်မီ စက်တင်ဘာလအတွင်းက ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ၏ မဲဆွယ်စည်းရုံးရေး လှုပ်ရှားနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကေဇွန်နွေး/ Myanmar Now) 
ရွေးကောက်ပွဲမတိုင်မီ စက်တင်ဘာလအတွင်းက ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) ၏ မဲဆွယ်စည်းရုံးရေး လှုပ်ရှားနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ကေဇွန်နွေး/ Myanmar Now) 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သည် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့ပြီးနောက် အာဏာရပါတီအဖြစ် အစိုးရအဖွဲ့ကို ဆက်လက်ဦးဆောင်နိုင်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီသည် ပြည်နယ်လုံးကျွတ်တိုင်းလုံးကျွတ် အနိုင်ရလဒ်များဖြင့် အောင်ပွဲခံနိုင်ခဲ့သည်။ 

သို့သော် ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် အရွယ်အစားအသေးငယ်ဆုံးနှင့် လူဦးရေအနည်းဆုံးသော ကယားပြည်နယ်တွင်မူ ၂၀၁၅ က အနိုင်ရခဲ့သော နေရာအချို့ကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ရွေးကောက်ပွဲရလဒ်အရ ပြည်နယ်ဝန်ကြီးချုပ်ခန့်ထားရေးကို ချုပ်ကိုင်နိုင်မည်ဖြစ်သော်လည်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် အခြေအတင်ဆွေးနွေးညှိနှိုင်းရမည့် အနေအထားဖြစ်လာသည်။ 

ရွေးကောက်ခံကိုယ်စားလှယ် ၁၅ ဦးနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၅ ဦး၊ စုစုပေါင်း အမတ် ၂၀ ဦးရှိသော ကယားပြည်နယ်လွှတ်တော်တွင် NLD က ၉ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) တို့ ၃ ဦးစီ အနိုင်ရခဲ့သည်။

တိတိကျကျဆိုရလျှင် အမတ် ၂၀ ဦးရှိသော ပြည်နယ်လွှတ်တော်တွင် လွှတ်တော်အမတ်နေရာ ၁၁ နေရာ (၅၀ ရာခိုင်နှုန်း ကျော်) ရှိမှသာ လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများကို စိတ်ကြိုက်ခန့်ထားနိုင်မည်ဖြစ်သည်။ 

အာဏာရပါတီအနေဖြင့် ၉ နေရာသာ အနိုင်ရခဲ့သောကြောင့် ပြည်ခိုင်ဖြိုး သို့မဟုတ် KySDP ပါတီနှင့် ညှိနှိုင်းရမည့်အနေအထားဖြစ်လာသည်။ ပြည်ခိုင်ဖြိုးပါတီသည်လည်း တပ်မတော်သားကိုယ်စားလှယ်များ သို့မဟုတ် KySDP နှင့်ပူးပေါင်းကာ လွှတ်တော်ကို လွှမ်းမိုးနိုင်မည့် အခြေအနေရှိနေသည်။ 

ပါတီကြီးတစ်ခုတည်းက စိတ်ကြိုက် ကြီးစိုးခြယ်လှယ်ခြင်းနိုင်ခြင်းမျိုးထက် နိုင်ငံရေးအင်အားစုများအနေဖြင့် မဖြစ်မနေပူးပေါင်းဆောင်ရွက်ရန် အရိပ်အယောင်များသန်းလာသည်။ ကယားပြည်နယ်သည် ရွေးကောက်ပွဲမတိုင်မီကတည်းကပင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရန် ကြိုးပမ်းရေး နိုင်ငံရေးနိုးကြွားတက်ကြွသူများဖြင့် လှုပ်လှုပ်ရှားရှားရှိခဲ့သည်။ 

အာဏာရ NLD ပါတီနှင့် ကယားပြည်နယ်မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအကြား အကြိတ်အခဲများ ရှိခဲ့ပြီးဖြစ်သည်။ ပြည်နယ်မြို့တော် လွိုင်ကော်မြို့လယ်တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိခဲ့သည့် အာဏာရပါတီအစိုးရအဖွဲ့ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ဆန့်ကျင်ကန့်ကွက်သူများကို အင်အားသုံးဖြိုးခွင်းခဲ့သည့်အပြင် ဦးဆောင်သူများကို ထောင်ချအပြစ်ပေးခဲ့သဖြင့် အကြိတ်အခဲများ ပိုမိုကြီးထွားခဲ့သည်။ 

အရပ်ဖက်အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို တစ်နည်းမဟုတ်တစ်နည်း ကန့်သတ်ချုပ်ခြယ်မှုများကြောင့်လည်း အစိုးရအဖွဲ့အပေါ် မကျေလည်မှုများရှိခဲ့သည်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့အတွက် ရွေးကောက်ပွဲအနိုင်ရရှိရေးသည် ဒေသခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ ဦးစားပေးလုပ်ငန်းစဉ်ဖြစ်လာခဲ့သည်။ 

ရွေးကောက်ပွဲတွင် မဲမကွဲစေရန်၊ မဲဆန္ဒနယ်ခွဲပြိုင်ရန် ဒေသခံနိုင်ငံရေးပါတီနှစ်ခု မဟာမိတ်ဖွဲ့ခဲ့ကြသည့်အပြင် ပို၍အင်အားကောင်းစေရန် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများကိုလည်း အတူတကွဆောင်ရွက်ခဲ့ကြသည်။ ရွေးကောက်ပွဲတွင် အသစ်စက်စက် ကယားအခြေစိုက် KySDP ပါတီက ပြည်ထောင်စုအဆင့် ၅ နေရာနှင့် ပြည်နယ်လွှတ်တော် ၃ နေရာအထိ အနိုင်ရရှိခဲ့သည်။ 

ကယားနိုင်ငံရေးပါတီနှစ်ခုကို ပေါင်းစည်းထားသည့် ပြည်နယ်အခြေစိုက် KySDP ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ၇၀ ရာခိုင်နှုန်းအထိ အနိုင်ရရန် မျှော်မှန်းထားခဲ့ကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ခူးသဲရယ်က Myanmar Now ကို ပြောသည်။ 

ပြည်နယ်အခြေစိုက် KySDP ပါတီအနေဖြင့် မျှော်မှန်းသလောက် အနိုင်မရခဲ့ခြင်းမှာ ရွေးကောက်ပွဲမတိုင်မီကာလက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို နိုင်ငံရေးပါတီ ၃၄ ခု သွားရောက်တွေ့ဆုံခဲ့ရာတွင် ပါဝင်ခဲ့ခြင်းသည်လည်း အကြောင်းတစ်ခုဖြစ်နေပြီး ထိုအချက်က ပြိုင်ဘက်ပါတီများ၏ ထိုးနှက်စရာ အခွင့်ကောင်းတစ်ခုဖြစ်ခဲ့သည်ဟု ခူးသဲရယ်က ဆိုသည်။

“ဒီအတွက်လည်း ကျွန်တော်တို့ တော်တော်လိုက်ရှင်းရတာပေါ့နော်။ ကျွန်တော်တို့ အနိုင်ရလဒ် ကျဆင်းနေတဲ့ဟာတွေ ဒီကိစ္စကြောင့်လည်း ပါတယ်ပေါ့နော်” ဟု ၎င်းက ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို တွေ့ဆုံရာတွင် ပါဝင်ခဲ့ခြင်းမှာ ပါတီ၏သဘောထားဆုံးဖြတ်ချက် မပါဘဲ ပါတီဥက္ကဋ္ဌ တစ်ဦးတည်း၏သဘောထားသာဖြစ်ကြောင်းလည်း KySDP ပါတီ ထိုတွေ့ဆုံပွဲအပြီး နောက်တစ်ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရသည်။

KySDP ၏ မဟာမိတ်အဖြစ် ဝင်ပြိုင်ခဲ့သော ကယန်းအမျိုးသားပါတီ (KNP) မှာမူ ကယားပြည်နယ်တွင် တစ်နေရာမှ အနိုင်မရခဲ့ပေ။ မဟာမိတ်ပါတီနှစ်ခု အတူတကွအောင်ပွဲခံရန် စိုင်းပြင်းထားသည့် ဒီးမော့ဆိုမြို့နယ်တွင် NLD က အနိုင်ရရှိခဲ့သည်။ ၎င်းတို့နှစ်ပါတီသည် ရှုံးနိမ့်ခဲ့သော်လည်း NLD ပြီးလျှင် ဒုတိယမဲအများဆုံး ရခဲ့ကြသည်။ 

ဒီးမော့ဆိုတွင် ပြည်နယ်အခြေစိုက်ပါတီများ ရှုံးခဲ့ရသည့်အကြောင်းအရင်းတစ်ခုမှာ ဒေသခံလူထုက နိုင်ငံရေးအရ ပြည့်ပြည့်ဝဝနားလည်ခြင်း မရှိသေးဘဲ မဲဆွယ်စည်းရုံးရာ၌ ‘ဖက်ဒရယ်’ ဟူသော ဝေါဟာရကိုပင် ခက်ခက်ခဲခဲရှင်းပြခဲ့ရသည်ဟု KNP ပါတီဥက္ကဋ္ဌ ခွန်းဘီထူးက ပြောသည်။ 

“လူထုတွေရဲ့ နိုင်ငံရေးကို ရေချိန်နိမ့်တယ်လို့တော့ ကျွန်တော်တို့ ပြောလို့မရဘူးပေါ့။ သူတို့ကိုယ်တိုင်က သူတို့ဆုံးဖြတ်ပြီးသားအရာဖြစ်တဲ့အတွက် ရလဒ်ကိုလက်ခံတဲ့ အနေအထားမျိုးဖြစ်တယ်။ ၂၀၁၅ နဲ့ နှိုင်းယှဉ်ရင် ကျွန်တော်တို့ အများကြီး တိုးတက်လာတယ်ပေါ့နော်။ လူထုထောက်ခံမှု ပြတ်ပြတ်သားသားရှိတဲ့ နယ်မြေတွေက သိသာသွားတယ်” ဟု ၎င်းက ဆိုသည်။ 

ကယားပြည်နယ်သည် အရွယ်အစားသေးငယ်သော်လည်း နိုင်ငံရေးအရ အရောင်အသွေးစုံလင်သည်ဟု ဆိုနိုင်သည်။ အာဏာရ NLD ပါတီသည်ပင်လျှင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တောင်ပြိုကမ်းပြို အနိုင်ရခဲ့သော်လည်း မြို့နယ် ၇ ခုသာ ရှိသည့် ကယားပြည်နယ်တွင် ၃ မြို့နယ်၌ တစ်နေရာမျှ အနိုင်မရခဲ့ပေ။ 

NLD ရှုံးနိမ့်ခဲ့သော ဖရူဆိုမြို့နယ်တွင် ကရင်နီတပ်မတော် (KNPP) က မလျော်ဩဇာသုံးပြီး ဒေသခံ KySDP ပါတီကို မဖြစ်မနေ မဲထည့်ခိုင်းများရှိခဲ့သည်ဟု NLD ပါတီ ပြည်နယ်ဥက္ကဋ္ဌ စွပ်စွဲထားပြီး KNPP မြို့နယ်အဆင့်တာဝန်ရှိသူများက ကျေးရွာများတွင် လက်နက်အင်အားဖြင့် KySDP ကို မဲထည့်ရန်ပြောသဖြင့် ကျေးရွာတချို့တွင် NLD ကို မဲမပေးရဲတော့ဟု ဆိုသည်။ 

“အဲ့အပိုင်းမှာတော့ ရိုးသားစွာယှဉ်ပြိုင်တာ မဟုတ်တာကိုတော့ စိတ်ထဲမှာ သိပ်ဘဝင်မကျဘူးပေါ့” ဟု ကယားပြည်နယ် NLD ပါတီဥက္ကဋ္ဌ ဦးသောင်းဌေးက ဆိုသည်။ 

ဦးသောင်းဌေး၏ စွပ်စွဲချက်နှင့် ပတ်သက်၍ KySDP ပါတီ အထွေထွေအတွင်းရေးမှူး ခူးသဲရယ်က “ဒီပြည်နယ်မှာ တိုင်းရင်းသားတွေ အနိုင်ရရှိပြီးတော့မှ ကိုယ့်လူနဲ့ကိုယ် အုပ်ချုပ်တဲ့ပုံစံမျိုး ဖြစ်စေချင်တဲ့သဘောနဲ့ပဲ သူကတော့ ဝိုင်းကူညီတဲ့ သဘောပါပဲ။ ကျွန်တော်တို့ KySDP နဲ့ KNPP ကြားမှာ အပေးအယူ ဘာမှမရှိဘူးပေါ့နော်” ဟု ဆိုသည်။ KNPP သည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကို ဝန်းရံခဲ့သည်။  

ဖရူဆိုနှင့် ရှားတောတွင် KySDP အနိုင်ရခဲ့ခြင်းမှာ အဆိုပါ မြို့နယ်များသည် အခြားမြို့နယ်များကဲ့သို့ တိုင်းရင်းသားလူမျိုးမစုံလင်ဘဲ ဌာနေတိုင်းရင်းသားများသာ အဓိကနေထိုင်ကြသောကြောင့်ဟု ခူးသဲရယ်က ပြောသည်။

KNPP သည်  ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲထားသော်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ် သည်။  

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားပါတီများနှင့် နိုင်ငံရေးရည်မှန်းချက်ချင်းတူသည်ဖြစ်ရာ ပြည်နယ်အခြေစိုက်ပါတီကို အားပေးသွားမည်ဟု KNPP အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ရွေးကောက်ပွဲမကျင်းပမီ လပိုင်းအလို Myanmar Now နှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့ဖူးသည်။ 

“ပြည်မပါတီကြီးကို ကြိုက်နှစ်သက်တယ်ဆိုရင်တောင်မှ ပြည်မပါတီကို ပေးတဲ့နေရာတွေမှာ ပြည်ထောင်စုလွှတ်တော်ကို စဉ်းစားပြီးတော့၊ ပြည်နယ်ကို စဉ်းစားတဲ့နေရာမှာ ပြည်နယ်ဒေသခံပါတီကို စဉ်းစားပြီးတော့မှ မဲပေးကြဖို့၊ ပြည်နယ်အရေးသာမက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးပါ အထောက်အကူပြုမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ 

တပ်နောက်ခံ ပြည်ခိုင်ဖြိုးပါတီက ယခုရွေးကောက်ပွဲတွင် ကယားပြည်နယ်၌ ၃ နေရာအထိ အနိုင်ရရှိခဲ့သည်။ ပြည်ခိုင်ဖြိုးအနိုင်ရခဲ့သော နေရာများအနက် တပ်ရင်းတပ်ဖွဲ့များအခြေစိုက်ရာ ဘောလခဲမြို့နယ်ဖြစ်ပြီး ထိုမဲဆန္ဒနယ်တွင် သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းက ၂၀၁၅ နည်းတူ ဆက်လက်အောင်ပွဲခံခဲ့သည်။ 

ပြည်ခိုင်ဖြိုးအနိုင်ရခဲ့သော နေရာများတွင် တပ်မဲများနှင့် ဦးစိုးသိန်း၏ ငွေကြေးအမြောက်အများသုံးစွဲနိုင်မှုကြောင့် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။ “ဦးစိုးသိန်းရဲ့ ဩဇာလွှမ်းမိုးမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ပြည်ခိုင်ဖြိုးကိုပဲ ထည့်ကြတယ်လို့ပဲ ကျွန်တော်မြင်တယ်” ဟု ဘောလခဲတွင် ဝင်ပြိုင်ပြီး ရှုံးနိမ့်ခဲ့သူ NLD ကိုယ်စားလှယ်လောင်း စိုင်းလင်းလင်းဦးက ဆိုသည်။

ထိုသို့သော ထင်မြင်ချက်များနှင့်ပတ်သက်၍ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးမော်ရယ်က “တပ်မဲက သူပေးချင်ရာပေးမှာပဲ။ ပြည်ခိုင်ဖြိုးကို ပေးရမယ်လို့ စာချုပ်ချုပ်ထားတာလည်း မရှိပါဘူး” ဟု ဆိုပြီး ဆက်လက်၍ ဦးစိုးသိန်း၏ ပတ်သက်၍လည်း “ဦးစိုးသိန်းက သူရတဲ့လစာကို မယူဘဲနဲ့ ဘောလခဲမြို့နယ်အတွက် ပြန်လှူတယ်လို့ ကျွန်တော်တို့ကြားတယ်” ဟု ဆိုသည်။ 

တစ်ဖက်နှင့်တစ်ဖက် ထိုသို့စွပ်စွဲပြောဆိုမှုများရှိနေသော်လည်း ဖွံ့ဖြိုးတိုးတက်မှုနောက်ကျပြီး ကျေးလက်နေလူဦးရေများသည့် ဘောလခဲမြို့နယ်သည် ပြည်နယ်အတွင်း ဆန္ဒမဲပေးသူရာခိုင်နှုန်း အများဆုံးဖြစ်နေသည်။ ဘောလခဲမြို့နယ်တွင် လွှတ်တော်နေရာအလိုက် အနည်းဆုံး ၈၄ ရာခိုင်နှုန်းမှ ၉၁ ရာခိုင်နှုန်းအထိ လာရောက်မဲပေးခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ အချက်အလက်များအရ သိရသည်။ 

ရွေးကောက်ပွဲမတိုင်မီကပင် ရှိခဲ့သော ကယားပြည်နယ်မှ နိုင်ငံရေးအင်အားစုများ၏ အခြေအနေဖြစ်မှုသည် ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့ချိန်နှင့် လွှတ်တော်နိုင်ငံရေးအထိ အရှိန်ကောင်းမည့် အလားအလာရှိနေသည်။ 

ရွေးကောက်ပွဲကျင်းပပြီး လေးရက်အကြာတွင် NLD ပါတီက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး အတူတကွ ကြိုးပမ်းဆောင်ရွက်ရန် တိုင်းရင်းသားပါတီ ၄၈ ခုထံ စာဖြင့် ကမ်းလှမ်းခဲ့သည်။ ‘နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ’ ဟူသော ခေါင်းစဉ်ဖြင့် အာဏာရပါတီ၏ ထိုဖိတ်ခေါ်စာအပေါ် တိုင်းရင်းသားပါတီများက သတိဖြင့် တုံ့ပြန်ခဲ့ကြသည်။ 

“ကြေငြာချက်က ရုတ်တရက်ကြည့်လိုက်ရင် ကောင်းသယောင်ယောင်ရှိပေမယ့် အနှစ်သာရအားဖြင့် ဘာမှမပါဘူးလို့ပဲ မှတ်ယူတယ်” ကယန်းအမျိုးသားပါတီဥက္ကဋ္ဌ ခွန်းဘီထူးက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲအလွန် NLD နှင့် တိုင်းရင်းသားပါတီများ မဟာမိတ် ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသည်မှာ NLD ၏ လက်တွေ့လုပ်ဆောင်ချက်ပေါ်တွင်သာ မူတည်ကြောင်းလည်း ၎င်းက ဆိုသည်။ 

အမတ်ဦးရေ ၂၀ သာရှိသည့် ကယားပြည်နယ်လွှတ်တော်တွင် ၃ နေရာရရှိထားသည့် KySDP သည် ပထမဦးစားပေးအနေဖြင့် လွှတ်တော်ကိုသာ အဓိကအားပြုသွားရန် စဉ်းစားထားပြီး ဒုတိယအနေဖြင့် လိုအပ်ပါက အစိုးရအဖွဲ့တွင် ပါဝင်မည်ဟု ပါတီအထွေထွေအတွင်းရေးမှူး ခူးသဲရယ်က ဆိုသည်။

KySDP အနေဖြင့် ပြည်နယ်လွှတ်တော်တွင် ဥက္ကဋ္ဌ သို့မဟုတ် ဒုဥက္ကဋ္ဌနေရာများ ရရှိရန် NLD နှင့် ဆွေးနွေးညှိနှိုင်းလိုပြီး အစိုးရအဖွဲ့က ပါတီတစ်ခု၊ လွှတ်တော်ဘက်က အခြားပါတီတစ်ခုဖြစ်မှသာ အပြန်အလှန်ထိန်းကျောင်းရာတွင် ထိရောက်နိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။ 

“ကျွန်တော်တို့ရဲ့ ပေါ်လစီကတော့ ဒီမိုကရက်တစ်အင်အားစုနဲ့ ပေါင်းဖို့များပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာကတော့ ပြောဖို့ စောသေးတယ်ပေါ့နော်။ တကယ်လို့ မဖြစ်မနေ တစ်ဖွဲ့ဖွဲ့နဲ့ ပေါင်းမယ်ဆိုရင်တော့ NLD ပဲရှိပါတယ်” ဟု ခူးသဲရယ်က ဆိုသည်။ 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading