သတင်း

မိုးကုတ်မြို့ စံပြမုန့်တိုက်ပိုင်ရှင်အမျိုးသားကို လက်နက်ကိုင်လူသုံးဦးက ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ နာမည်ကြီး စံပြမုန့်တိုက် (SP Bakery) ပိုင်ရှင် ဦးကျော်ဝင်းကို ယနေ့ (ဒီဇင်ဘာ ၄) နံနက် အစောပိုင်းတွင် လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ 

မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို မိုးကုတ်မြို့ အောင်ချမ်းသာဈေးအနီးတွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့ဖြစ်သည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

“အခုက ဗျူဟာတွေရော၊ ရဲရော အကုန်လုံးက စုံစမ်းနေကြတုန်းပဲခင်ဗျ” ဟု မိုးကုတ်မြို့မရဲစခန်းမှူးက ပြောသည်။

ဈေးအနီး အသင့်ရပ်ထားသော အဖြူရောင်ကားတစ်စီးပေါ်မှ လူ ၃ ဦး ဆင်းလာကာ ဦးကျော်ဝင်းကို ပစ္စတိုသေနတ်ပြ၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဦးကျော်ဝင်းဖမ်းဆီးခံရစဉ် အနီးအနားတွင် ရှိနေသူ ဒေသခံတစ်ဦးက ဆိုသည်။  

“လူ ၃ ယောက်က ကားပေါ်ကနေ ဆင်းလာပြီးတော့ ဘိုးတော် (ဦးကျော်ဝင်း) ကို ဆွဲတယ်။ ဘိုးတော်က မဆင်းဘူး။ အဲဒီအခါကျမှ သူတို့က ‌ဗျောက်(သေနတ်)တွေ ထုတ်လိုက်တာပေါ့နော်” ဟု အဆိုပါ ဒေသခံက ပြောသည်။ 

ယနေ့နံနက် ၈ နာရီခွဲခန့်အချိန်တွင် အောင်ချမ်းသာစျေးအနီး ဦးကျော်ဝင်းနှင့် တွေ့ဆုံစကားပြောဆိုခဲ့ပြီး နောက် တစ်နာရီခန့်အကြာတွင် ယခုကဲ့သို့ ဖမ်းဆီးခံရသည့် သတင်းကို ကြားသိရသည်ဟု မိုးကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံကျော်က Myanmar Now ကို ပြောသည်။ 

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဦးကျော်ဝင်း၏ မိသားစုဝင်များကို Myanmar Now က ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ 

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက မိုးကုတ်မြို့ပေါ်ရှိ အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးကို TNLA တပ်ဖွဲ့က ဖမ်းဆီးသွားပြီး သိန်း ၃၀၀ ဖြင့် ပြန်လည်ရွေးယူခဲ့ရသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သည်။ 

ဦးကျော်ဝင်းဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ TNLA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်ကို ဆက်သွယ်မေးမြန်းနိုင်ရန် ကြိုးစားခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

နိုဝင်ဘာလဆန်းပိုင်းကတည်းက မိုးကုတ်မြို့အနီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အဖွဲ့၏ လှုပ်ရှားမှုအချို့ ရှိနေခဲ့ပြီး နိုဝင်ဘာ ၂၄ ရက် ညပိုင်းတွင် မိုးကုတ်မြို့မြောက်ဘက် ၇ မိုင်ခန့်အကွာရှိ ချောင်းကြီးအလယ်ရွာအနီးတွင် တပ်မတော်နှင့် TNLA တို့ နှစ်ဖက်ထိခိုက်ကျဆုံးမှု များရှိသည်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

Show More

Related Articles

Back to top button