ပျောက်ဆုံးနေဆဲမိသားစုဝင်များကြောင့် ပဋိဒေဝမီး တောက်လောင်ရသူ အမျိုးသမီးများ 

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲအဖြစ်များဆုံးနေရာ တစ်ခုဖြစ်သည့် ကျောက်တော်မြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်သည်ဟူသော သံသယဖြင့် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ ၂၂ ဦးရှိပြီး ယနေ့အချိန်ထိ ပျောက်ဆုံးနေဆဲ ဖြစ်ကာ ကျန်ရစ်သူ အမျိုးသမီးအချို့မှာ မိသားစုစားဝတ်နေရေးအတွက် ပင်ပန်းကြီးစွာ ရုန်းကန်နေကြရသည် 

Published on Dec 2, 2020
တင်းမကြီးကျေးရွာမှ ဖမ်းဆီးခေါ်ဆောင်သွားခံရသူများ၏ ဇနီးဖြစ်သူများက ဧပြီလအတွင်း စစ်တွေမြို့၌ လာရောက်သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ- ဦးမြတ်ထွန်း)
တင်းမကြီးကျေးရွာမှ ဖမ်းဆီးခေါ်ဆောင်သွားခံရသူများ၏ ဇနီးဖြစ်သူများက ဧပြီလအတွင်း စစ်တွေမြို့၌ လာရောက်သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ- ဦးမြတ်ထွန်း)

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲအဖြစ်များဆုံးနေရာတစ်ခုဖြစ်သည့် ကျောက်တော်မြို့နယ် မီးဝကျေးရွာတွင် အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်မူးဆန်းတစ်ယောက် စားဝတ်နေရေးအတွက် ပင်ပန်းကြီးစွာ ရုန်းကန်လှုပ်ရှားနေရသည်။ မီးဝကျေးရွာတောင်ဘက် ၈ မိုင်အကွာရှိ ပီးချောင်းရွာသို့ နေ့စဉ်ခြေလျင်သွားကာ ကုန်စည်ပို့ခြင်းအလုပ်ဖြင့် ကြုံရာကျပန်းလုပ်ကိုင်နေရသည်။ 

လွန်ခဲ့သော ၂ နှစ်အထိ ဒေါ်ခင်မူဆန်းတစ်ယောက် ထိုသို့ပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ရန် မလိုအပ်ခဲ့ပေ။ မိသားစုပိုင် လယ်သုံးဧကတွင် စပါးစိုက်ရင်း စားဝတ်နေရေး အဆင်ပြေခဲ့သည်။ တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား တိုက်ပွဲများစတင်ခဲ့သည် ၂၀၁၈ အကုန်ပိုင်းမှစကာ လုံခြုံအေးချမ်းစွာ ရှာဖွေစားသောက်နိုင်ခြင်း မရှိတော့ပေ။ 

လက်နက်ကိုင်ပဋိပက္ခများ အပြင်းအထန်ဖြစ်ပွားနေချိန် ၂၀၁၉ နိုဝင်ဘာ ၉ ရက်တွင် ဒေါ်ခင်မူဆန်း၏ ခင်ပွန်းဖြစ်သူ ဦးကျော်တင် ဖမ်းဆီးခံခဲ့ရကာ ယနေ့အချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်သည်။ 

“အိမ်က ယောက်ျားမရှိတာနဲ့ မတူဘူးလေ။ ကလေးတွေနဲ့ ကျွန်မ အခု ဒုက္ခခံနေရတယ်။ အခက်အခဲတော့ အများကြီး ကြုံနေရပါတယ်။ အခု တောင်တွေကျော်ပြီး အငှားလိုက်စားနေရပါတယ်။ သီးနှံခင်း၊ ဥယျာဉ်ခင်းတွေလည်း လုပ်စားလို့လည်းမရဘူး” ဟု ခင်ပွန်းဖြစ်သူ အဖမ်းခံရပြီးနောက် ရုန်းကန်နေရသည့်အခြေအနေနှင့် ပတ်သက်၍ ဒေါ်ခင်မူဆန်းက Myanmar Now ကို ပြောသည်။

ခင်ပွန်းဖြစ်သူ ၄၂ နှစ်အရွယ် ဦးကျော်တင်သည် မီးဝကျေးရွာအနီးရှိ ချောင်းတစ်ခုတွင် ပုဇွန်မျှားနေစဉ် တပ်မတော်စစ်ကြောင်းက AA နှင့် ပတ်သက်သည်ဟူသော သံသယဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

ဒေါ်ခင်မူးဆန်းတွင် သားသုံးဦးရှိသည့်အနက် အကြီးဆုံးသားက ၁၉ နှစ်နှင့် အငယ်ဆုံးသားမှာ ၃ နှစ်အရွယ်သာ ရှိသေးသည်။ မိသားစုပိုင် လယ်များအနီးတွင် တပ်များရှိသဖြင့် သေနတ်ပစ်ခတ်ခံရမည်ကို စိုးရိမ်စိတ်ဖြင့် မလုပ်ကိုင်ဖြစ်တော့ကြောင်း ဒေါ်ခင်မူဆန်းက ဆိုသည်။

မီးဝကျေးရွာသည် ကုလားတန်မြစ်အထက်ပိုင်း ကျောက်တော်မြို့၏ ‌မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ခြေ ၃၂၅ လုံးနှင့် လူဦးရေ ၁,၃၀၀ ကျော်ရှိသည်။ ကျေးရွာ၌နေထိုင်သူအများစုလုပ်ကိုင်ကြသည်မှာ လယ်ယာလုပ်ငန်းဖြစ်သည်။  

ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သားများထိခိုက်ဒဏ်ရာရှိမှု၊ သေဆုံးမှုများ ရှိနေသည့်အပြင် သိန်းနှင့်ချီသော ဒေသခံများလည်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ယနေ့အချိန်ထိ ပျောက်ဆုံးနေဆဲမိသားစုဝင်များကြောင့် ပဋိဒေဝမီးတောက်လောင်နေရသူများလည်း ရှိနေသည်။ 

၂၀၁၉ နိုဝင်ဘာမှ ၂၀၂၀ နိုဝင်ဘာအထိ တစ်နှစ်တာအတွင်း ကျောက်တော်မြို့နယ်တွင် AA နှင့် ပတ်သက်သည်ဟူသော သံသယဖြင့် ဖမ်းဆီးခံရပြီး ယနေ့အချိန်အထိ အဆက်အသွယ်ပြတ်တောက်နေသူ အမျိုးသား ၂၂ ဦးရှိကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

ဖမ်းဆီးခံရသူ အမျိုးသားများမှာ မီးဝကျေးရွာမှ ၁ ဦး၊ တင်းမသစ်ကျေးရွာမှ ၈ ဦး၊ တင်းမကြီးကျေးရွာမှ ၁၀ ဦး၊ တောင်ပေါက်ကျေးရွာမှ ၁ ဦး၊ ပိုက်သည်ရပ်ကွက်မှ ၁ ဦး၊ မာလာကျေးရွာမှ ၁ ဦး ဖြစ်ပြီး အငယ်ဆုံး အသက် ၁၆ နှစ်မှ အသက် ၇၀ နှစ်အထိ ပါဝင်ကြောင်း သိရသည်။

'ဒီဒဏ်ကို မခံစားနိုင်တော့ဘူး’

ခင်ပွန်းသည် ပျောက်ဆုံးနေပြီး ကျန်မိသားစု ဝမ်းရေးအတွက် ဦးဆောင်နေရသူ အမျိုးသမီးများအနက် တင်းမသစ်ကျေးရွာမှ ကလေးသုံးယောက်မိခင် ဒေါ်မအေးလှလည်း ပါဝင်သည်။

ကျောက်တော်မြို့နယ် တင်းမသစ်ကျေးရွာတွင်းသို့ ယခုနှစ် မတ် ၁၃ တွင် တပ်မတော်စစ်ကြောင်းတစ်ခု ဝင်ရောက်လာခဲ့ပြီး ရွာသား ၈ ဦးကို မျက်နှာဖုံးစွပ်ကြိုးတုပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့အချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်သည်။ 

ဖမ်းဆီးခေါ်ဆောင်သွားခံရသူ ရွာသား ၈ ဦးအနက် ဒေါ်မအေးလှ၏ ခင်ပွန်းဖြစ်သူ ၃၄ နှစ်အရွယ် ကိုမောင်သန်းစိုးအပြင် ယောက္ခထီးဖြစ်သူနှင့် မတ်တော်စပ်သူ (ခင်ပွန်းဖြစ်သူ၏ညီ) တို့လည်း ပါဝင်သည်။ ၎င်းတို့ကို မျက်နှာဖုံးစွပ်၍ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့ဖြစ်သည့် ဒေါ်မအေးလှက ပြောသည်။

“ဘာမှမစိုးရိမ်နဲ့။ အစ်မတို့ ရွာကလူတွေကို ပြန်လွှတ်ပေးမယ်လို့ ( တပ်မတော်က) ပြောခဲ့ပါတယ်။ သူတို့ ( ရွာသား ၈ ဦး) ကို ဘယ်ကိုခေါ်သွားမှန်းလည်း မသိဘူး။ သူတို့ကို ခေါ်သွားတဲ့အချိန် ကျွန်မတို့ကို မနေနဲ့တော့ဆိုပြီးတော့ မောင်းထုတ်တယ်။ ဘယ်ကိုခေါ်သွားတယ်ဆိုတာကိုလည်း မမြင်လိုက်ရဘူး” ဟု ဒေါ်မအေးလှက ပြောသည်။

ခင်ပွန်းဖြစ်သူ လွတ်မြောက်နိုင်ရေးအတွက် စစ်တွေမြို့သို့ နှစ်ကြိမ်သွားရောက်ကာ မီဒီယာများနှင့် တွေ့ဆုံ၍ ဖမ်းဆီးခံရသည့်ဖြစ်စဉ်ကို ပြောပြခဲ့သော်လည်း ယနေ့အထိ အခြေအနေထူးခြားမှု မရှိဟု ၎င်းက ဆိုသည်။

“သားသမီးတွေက အဖေကို မေးနေကြတယ်။ အဲဒီဒဏ်ကိုလည်း မခံစားနိုင်တော့ဘူး။ လက်ရှိအခြေအနေက ကျောက်တော်ကယ်ဆယ်ရေးစခန်းတစ်ခုကို ရောက်နေပါတယ်။ အဲဒီမှာ ပေးတာကို စားနေရတယ်။ အခုက ပေးဖို့လည်း မလာကြတော့ဘူး။ ပြေးလာတဲ့အချိန်မှာ ဘာမှပါမလာဘူး။ စောင်တွေလည်းမပါဘူး။ ကျွန်မအိမ်ရှင် (ခင်ပွန်း) ကလည်း မရှိ၊ တော်တော် ဒုက္ခရောက်နေရပါတယ်” ဟု ဒေါ်မအေးလှက ပြောသည်။

တင်းမသစ်ကျေးရွာနှင့် ကပ်လျက် ၅ ဖာလုံခန့်အကွာရှိ တင်းမကြီးကျေးရွာအတွင်း မတ်လ ၁၃ တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့သည်။ ထို့နောက် မတ် ၁၆ တွင် တင်းမကြီး ကျေးရွာမှ ရွာသား ၅၀ ခန့်ကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

၎င်းတို့ထဲမှ အများစုကို ပြန်လွှတ်ပေးခဲ့သော်လည်း  ၁၀ ဦးကို ယနေ့အထိ ပြန်မလွှတ်ပေးသေးကြောင်း မိသားစုဝင်များထံက သိရသည်။ ပြန်မလွတ်မြောက်သေးသည့် ရွာသား ၁၀ ဦးအနက် ဒေါ်ဝန်းမေဦး၏ ခင်ပွန်းဖြစ်သူ ၃၅ နှစ်အရွယ် ဦးမောင်ကြည်လင်းလည်း ပါဝင်သည်။

ဦးမောင်ကြည်လင်းသည် အုတ်ဖို၊ မီးသွေးဖိုများသို့ ကားဖြင့် ထင်းပို့သည့်အလုပ် လုပ်ကိုင်သူဖြစ်သည်။ ၎င်း၏ဇနီး ဒေါ်ဝန်းမေဦးမှာ ၉ တန်း ကျောင်းသူ သမီးနှင့် ၆ တန်းကျောင်းသား သားတစ်ဦးတို့နှင့်အတူ ကျောက်တော်မြို့ရှိ စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေကြရသည်။

"ဖမ်းသွားပြီးတော့ ပြန်လွတ်လာမလားဆိုပြီး ၂ ရက်၊ ၃ ရက် စောင့်နေခဲ့ပါသေးတယ်။ ပြန်လွတ်မလာဘူး။ အပြစ်မရှိတဲ့ ရွာသားတွေကို ဆင်းပြီးဖမ်းတယ်ဆိုတော့ ရွာကလူတွေလည်း ကြောက်လို့ ထွက်ပြေးကြတယ်။ ရွာမှာ ဘယ်သူမှမရှိတော့လို့ ကျွန်မတို့လည်း ကျောက်တော်ကို ပြေးလာကြတယ်။ ကျောက်တော်ကို ရောက်တာနဲ့ ရွာလည်း မီးလောင်တယ်လို့ ပြောသံကြားလိုက်ရတယ်” ဟု ဒေါ်ဝန်းမေဦးက ပြောသည်။

ခင်ပွန်းဖြစ်သူ အဖမ်းခံရသည်မှာ ၉ လ ခန့် ရှိပြီဖြစ်သော်လည်း အဆက်အသွယ်မရသည့်အပြင် မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကိုပင် မသိရကြောင်းလည်း ၎င်းက ဆိုသည်။

“အိမ်ရှင် (ခင်ပွန်း) ကို ဘယ်မှာထားတယ်ဆိုတာကိုလည်း သိချင်တယ်။ လွှတ်လည်း လွှတ်စေချင်ပါတယ်။ ကြာလည်း အရမ်းကြာသွားပြီ ” ဟု ဒေါ်ဝန်းမေဦးက တောင်းဆိုသည်။

ရဲစခန်းတွင် လူပျောက်တိုင်ကြားပါဟု တပ်မတော်တာဝန်ရှိသူပြော 

ဖမ်းဆီးခေါ်ဆောင်ခံရသူအချို့သည် လနှင့်ချီကြာမြင့်နေပြီး မိသားစုနှင့် အဆက်အသွယ်မရသောကြောင့် မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကို မသိရှိရကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက Myanmar Now ကို ပြောသည်။

အဆိုပါ ဒေသခံများ ဖမ်းဆီးခံထားရမှုနှင့်ပတ်သက်၍ ဦးဦးထွန်းဝင်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ ဧပြီလအတွင်းက စာပေးပို့ တိုင်ကြားခဲ့သော်လည်း ယနေ့အထိ တစ်စုံတရာအ‌ကြောင်းပြန်ကြားမှု မရှိဟု ဆိုသည်။ 

“လူ့အခွင့်အရေး မြတ်နိုးတဲ့လူတွေ၊ ဒီမိုကရေစီအရေးကို တန်ဖိုးထားတဲ့လူတွေ၊ နိုင်ငံသားအခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ အောက်ခြေက အခြေအနေတွေကိုလည်း ကျွန်တော်တို့ ပြောပြခဲ့တယ်။ မှတ်တမ်းမှတ်ရာတွေနဲ့ အချက်အလက်တစ်ချို့လည်း ကျွန်တော်တို့ ပေးပို့ပြီး ပြောပြခဲ့တာရှိတယ်။ အခုအချိန်ထိ အဲဒီလူတွေနဲ့ ပတ်သက်ပြီး ထူးထူးခြားခြားမကြားရ” ဟု ဦးဦးထွန်းဝင်းက ပြောသည်။

ကျောက်တော်မြို့နယ်အတွင်း ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသော ဒေသခံများနှင့် ပတ်သက်၍ တိုင်ကြားစာမရရှိဘဲ ယခုနှစ်အောက်တိုဘာလအတွင်း ကျောက်တော်မြို့နယ်မှ ဒဏ်ရာရသူ ၄ ဦး၊ သေဆုံးသူ ၂ ဦးနှင့် ပတ်သက်၍သာ တိုင်ကြားစာတစ်စောင် လက်ခံရရှိကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က Myanmar Now ကို နိုဝင်ဘာ ၂၆ တွင် ပြောသည်။

“ကျောက်တော်က တစ်ခုတော့ တွေ့တယ်။ ၂၂ ယောက်တော့ မဟုတ်ဘူး။ ၄ ယောက်က ဒဏ်ရာရပြီးတော့ ၂ ယောက်က သေသွားတယ်။ အန်ကယ်တို့က ကာကွယ်ရေးဦးစီးဌာနကိုတော့ တိုက်ပွဲတွေဖြစ်တာနဲ့ ဆက်စပ်ဖြစ်တယ်ဆိုပြီးတော့ ပို့ထားပေးတယ်” ဟု ဦးလှမြင့်က ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုကဲ့သို့ လူပျောက်ဆုံးမှုများ ရှိမရှိ နှင့် ပတ်သက်၍ အငြင်းမပွားလိုဘဲ ရှိကောင်းရှိနိုင်သည်ဟု နေပြည်တော်၌ နိုဝင်ဘာ ၂၇ က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

“ကျွန်တော်တို့ ဖမ်းဆီးထားတဲ့လူတွေနဲ့ ပတ်သက်ပြီးတော့ အများအားဖြင့် စစ်ဆေးတာ၊ မေးမြန်းတာတွေ ရှိတယ်။ ဖမ်းဆီးထိန်းသိမ်းတာတွေ ရှိကောင်းရှိလိမ့်မယ်။ သို့သော် တရားစီရင်ရေးအပိုင်းကို ကျွန်တော်တို့က တရားစီရင်ရေးကဏ္ဍအတိုင်း ဆောင်ရွက်လျှက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက Myanmar Now ကို ပြောသည်။

"ဒါတွေနဲ့ပတ်သက်ပြီး ခုလိုပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနေတဲ့အချိန်မှာ ဒါတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတွေကို အကြောင်းကြားတာတွေ၊ တရားဥပဒေနည်းလမ်းအတိုင်း သက်ဆိုင်ရာနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်နိုင်မယ်ဆိုရင် ပိုပြီး အဆင်ပြေပါလိမ့်မယ်" ဟု ၎င်းက ဆက်ပြောသည်။ 

ရွေးကောက်ပွဲကျင်းပခဲ့သည့် နိုဝင်ဘာ ၈ မှ စတင်ကာ လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA ကြား တိုက်ပွဲများရပ်တန့်နေသည်ကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။ လူပျောက်ဆုံးမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာရဲစခန်း၌ လူပျောက်တိုင် အမှုဖွင့်ရန် တိုက်တွန်းထားပြီး တပ်မတော်အနေဖြင့် ဥပဒေအထက် ကျော်လွန်လုပ်ဆောင်ရန် အကြောင်းမရှိကြောင်းလည်း ၎င်းက ပြောသည်။ 

"လူပျောက်တိုင်ချက်ဖွင့်ရင် ဘယ်သူ့ကို သံသယရှိတယ်ပေါ့။ ရဲစခန်းကလည်း တပ်ကို သံသယရှိရင် တပ်ကို အကြောင်းကြားမှာပဲ။ ဒါမှမဟုတ် ဘယ်အဖွဲ့၊ ဘယ်ပုဂ္ဂိုလ်ဆိုရင်လည်း အကြောင်းကြားမှာပဲ။ သူတို့လည်း စုံစမ်းစစ်ဆေးမှုလုပ်မှာပဲ၊ တရားဝင်ပို့မှာပဲ။ ဒါတွေနဲ့ပတ်သက်ပြီး တရားဥပဒေအထက် ကျော်လွန်လုပ်ဆောင်စရာအကြောင်း မရှိဘူးလို့ ပြောချင်ပါတယ်" ဟု ၎င်းက ပြောသည်။ 

ရခိုင်ပြည်နယ်တွင် တပ်မတော်က ဖမ်းဆီးစစ်ဆေးခံရသူများမှာ ကျောက်တော်မြို့နယ်တွင်သာမက တိုက်ပွဲဖြစ်ပွားသည့် အခြားမြို့နယ်အချို့တွင်လည်း ရှိနေသည်။ စစ်တွေအခြေစိုက် သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ နိုဝင်ဘာလစာရင်းများအရ AA နှင့် ပတ်သက်သည်ဟူသော စွပ်စွဲချက်ဖြင့် ရခိုင်ပြည်နယ်အတွင်း တပ်မတော်၏ ဖမ်းဆီးတရားစွဲခံထားရသူ အရပ်သား ၉၀ ကျော် ရှိသည်။ 

တပ်မတော်စစ်ကြောင်းမှ ဖမ်းဆီးတရားစွဲဆိုထားမှုများရှိသလို AA  ဘက်ကလည်း ဖမ်းဆီးမှုများ ရှိသည်။ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ တောင်ကုတ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချော၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်တို့သုံးဦးကို အောက်တိုဘာ ၁၄ တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်ရှိအချိန်အထိ ပြန်လွှတ်ပေးခြင်း မရှိသေးပေ။  

ထို့အပြင် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်၏ အဆိုအရ ၂၀၁၅ မှ ယနေ့အထိ AA ၏ ဖမ်းဆီးခံရသူ ပလက်ဝဒေသ ခံ စုစုပေါင်း ၂၀၀ ကျော်အနက် ၁၈၀ ကျော် ပြန်လည်လွတ်မြောက်ခဲ့သော်လည်း ၂၁ ဦး ကျန်ရှိနေသေးကြောင်း သိရသည်။

ထိုကဲ့သို့ လက်နက်ကိုင်ပဋိပက္ခနှင့် ပြည်တွင်းစစ်ပွဲများကြားတွင် နှစ်ဖက်တပ်ဖွဲ့များ၏ သံသယဝင်ခြင်းကို ခံရပြီး ဖမ်းဆီးစစ်ဆေးခံရသူများ၏ မိသားစုဝင်များမှာ ခင်ပွန်း၊ သားဖြစ်သူတို့၏ သတင်းအချက်အလက်ရရှိနိုင်ရန် စောင့်ဆိုင်းရင်း မိသားစုစားဝတ်နေရေးအတွက် ခက်ခဲပင်ပန်းကြီးစွာ ရုန်းကန်နေကြရသည်။

မီးဝကျေးရွာနေ ဦးကျော်တင်မှာ ပျောက်ဆုံးပြီး တစ်နှစ်ကြာသည်အထိ သတင်းအစအန မရရှိသဖြင့် အသက်ရှင်ရန် မျှော်လင့်ချက်မရှိတော့ဟု ထင်မြင်ကြောင်း ဖခင်ဖြစ်သူ မီးဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ညွန့်က ဆိုသည်။

“သတ်ပစ်လိုက်ပြီ ထင်တယ်။ သတင်းအစအနလည်း မရဘူး။ ရွာနားက တုံးမုတ်ဝဆိုတဲ့ ချောင်းမှာ ပုဇွန်မျှားနေတဲ့ အချိန်မှာ ဖမ်းသွားတာ။ တစ်နှစ်ပြည့်ပြီ” ဟု ဦးမောင်ကျော်ညွန့်က ပြောသည်။

ဇနီးဖြစ်သူ ဒေါ်ခင်မူဆန်းကမူ ခင်ပွန်းဖြစ်သူသည် AA နှင့် မပတ်သက်ဟု အခိုင်အမာဆိုပြီး လက်ရှိတွင် ၎င်း သက်ရှိထင်ရှား ရှိမရှိသာ အမြန်ဆုံး သိလိုသည်ဟု ဆိုသည်။ 

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading