ပြိုင်ဘက်ပါတီကပင် 'စံပြ' ဟုဆိုရသူ အမျိုးသမီးလွှတ်တော်ဥက္ကဋ္ဌ 

တစ်ဦးတည်းသော အမျိုးသမီး လွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဒေါ်တင်အိသည် ငါးနှစ်တာသက်တမ်းအတွင်း ပြည်နယ်အစိုးရနှင့် မွန်ပြည်နယ်လွှတ်တော်ကို သမာသမတ်ကျကျ ထိန်းကျောင်းနိုင်ခဲ့သည်ဟု နောက်ခံနိုင်ငံရေးပါတီ မတူညီသော လွှတ်တော်ကိုယ်စားလှယ်များက မှတ်ချက်ပြုကြသည်

Published on Dec 2, 2020
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် အခြားနိုင်ငံရေးပါတီဝင် ကိုယ်စားလှယ်များကပါ ချီးကျူးခံရသူ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ။ (ဓာတ်ပုံ - ဒေါ်တင်အိ Facebook) 
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် အခြားနိုင်ငံရေးပါတီဝင် ကိုယ်စားလှယ်များကပါ ချီးကျူးခံရသူ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ။ (ဓာတ်ပုံ - ဒေါ်တင်အိ Facebook) 

ဒေါ်တင်အိသည် တစ်ဦးတည်းသော အမျိုးသမီးလွှတ်တော်ဥက္ကဋ္ဌဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာခဲ့သော မွန်ပြည်နယ်လွှတ်တော်ကို ပဲ့ကိုင်ထိန်းကျောင်းခဲ့သူဖြစ်သည်။ ဒေါ်တင်အိဦးဆောင်သည့် မွန်ပြည်နယ်လွှတ်တော်သည် ပြည်နယ်အစိုးရကို ကြပ်ကြပ်မတ်မတ် ထိန်းကျောင်းနိုင်သည်ဟုလည်း ပြောစမှတ်ပြုကြသည်၊ 

လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများကို အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လေးလေးနက်နက် ဖြေကြားရန် ဒေါ်တင်အိက လွှတ်တော်အစည်းအဝေးများအတွင်း မကြာခဏသတိပေးလေ့ရှိသည်။ လွှတ်တော်ဥက္ကဋ္ဌက အစိုးရအဖွဲ့ဝင်များကို သတိပေးသည့်ဖြစ်ရပ်မျိုးကို ပြည်ထောင်စုအဆင့်လွှတ်တော်များတွင်သာ တွေ့ရလေ့ရှိပြီး ပြည်နယ်နှင့် တိုင်းအဆင့်လွှတ်တော်များတွင် တွေ့ရခဲသည်။ 

မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှဖြစ်သော်လည်း ပါတီစွဲမရှိ၊ ဥပဒေမျက်နှာတစ်ခုတည်းသာ ကြည့်၍ အစိုးရကို ထိန်းကျောင်းသူဟု နောက်ခံပါတီ မတူသော လွှတ်တော်ကိုယ်စားလှယ်များက မှတ်ချက်ပြုကြသည်။ 

အသက် ၇၅ နှစ်အရွယ် တရားလွှတ်တော်ရှေ့နေဟောင်း ဒေါ်တင်အိသည် လက်ရှိလွှတ်တော်သက်တမ်းကုန်ချိန်အထိ တာဝန်ထမ်းဆောင်ပြီးပါက အနားယူတော့မည်ဖြစ်သည်။ 

အခွင့်အလမ်းသာသော်လည်း လူငယ်များကို နေရာပေးလိုသည့်အတွက်၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုရန် ဒေါ်တင်အိက ဆုံးဖြတ်ခဲ့သည်။ ပါတီတာဝန်များကိုမူ နောက်တစ်ကြိမ် ပြည်နယ်နှင့်တိုင်းအဆင့် ပါတီတာဝန်များ ပြန်လည်ရွေးချယ်နေရာချထားချိန်အထိ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။ 

ပါတီစွဲမရှိ ဥပဒေမျက်နှာကိုသာကြည့်သော လွှတ်တော်ဥက္ကဋ္ဌ

မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိသည် တရားလွှတ်တော်ရှေ့နေအဖြစ် နှစ်ပေါင်း ၃၀ ကျော် အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး မုဒုံမြို့နယ် ကလော့သော့ကျေးရွာဇာတိဖြစ်သည်။ ၁၉၈၈ လူထုအရေးတော်ပုံအပြီးတွင် NLD ပါတီ ဝင်ခဲ့ပြီး နိုင်ငံရေးလှုပ်ရှားများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ 

ခင်ပွန်းဖြစ်သူ၏ တိုက်တွန်းအားပေးမှုများကြောင့် နိုင်ငံရေးကို အချိန်ပေးလုပ်ဆောင်နိုင်ခဲ့သည်ဟု သားသမီး ၆ ဦး၏ မိခင်ဖြစ်သူ ဒေါ်တင်အိက ဆိုသည်။ ဒေါ်တင်အိသည် သံဖြူဇရပ်မြို့နယ် NLD ပါတီ အလုပ်အမှုဆောင်ကော်မတီဝင်နှင့် အမျိုးသမီးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီကိုယ်စားပြုကာ သံဖြူဇရပ်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) ပါတီကိုယ်စားလှယ်ကို အရေးနိမ့်ခဲ့သည်။ 

၂၅ နှစ်ကြာပြီးနောက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်မူ ဒေါ်တင်အိသည် သံဖြူဇရပ်မဲဆန္ဒနယ်အမှတ် (၁) တွင် ဝင်ပြိုင်ခဲ့ရာ ပြိုင်ဘက်ကိုယ်စားလှယ်လောင်းကို မဲသုံးဆနီးပါးအသာဖြင့် အနိုင်ရရှိခဲ့သည်။ ထို့နောက်၂၀၁၆ ဖေဖော်ဝါရီတွင် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရသည်။ 

လက်ရှိ မွန်ပြည်နယ်လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၁၉ ဦး၊ မွန်အမျိုးသားပါတီကိုယ်စားလှယ်၂ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကိုယ်စားလှယ် ၁ ဦးစီနှင့် တပ်မတော်သားကိုယ်စားလှယ် ၈ ဦးပါဝင်သည်။

ဒေါ်တင်အိသည် လွှတ်တော်ကို ကိုင်တွယ်ထိန်းကျောင်းရာတွင်  'တရားမျှတမှုရှိတဲ့ ကစားပွဲပုံစံမျိုး အမြဲထိန်းကျောင်းပေးသူ' အဖြစ် ဥပဒေရှုထောင့်၊ တရားမျှတမှုရှုထောင့်နှင့် လူထုအရေးရှုထောင့်တို့မှ ကြီးကြပ်လေ့ရှိသည်ဟု ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက မှတ်ချက်ပြုသည်။ 

“ဒါ (အဆို) တင်လိုက်လို့ အစိုးရအဖွဲ့က ငြိုငြင်သွားမလား၊ စိတ်ခုသွားမလား။ ကိုယ့်ပါတီက ကိုယ့်အစိုးရကို အကျပ်အတည်းဖြစ်စေသလား ဆိုတာတွေထက် ပိုပြီးတော့ ဖြစ်သင့်ဖြစ်ထိုက်တာ ပြည်သူလူထုအရေး၊ ပြည်နယ်အရေး၊ ပိုပြီးတော့ ကောင်းမွန်တဲ့လမ်းကြောင်းအတွက်ကို အလေးထားပြီးတော့ ခွင့်ပြုပေးတာပေါ့” ဟု ၎င်းက ပြောသည်။ 

ဒေါ်တင်အိသည် ဥပဒေရှုထောင့်အရ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ခြင်းရှိမရှိအပြင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုမဟုတ်ဘဲ ပြည်သူအကျိုးအတွက် မေးမြန်းခြင်းဟုတ်မဟုတ် စိစစ်ကာ ကြီးကြပ်ထိန်းကျောင်းလေ့ရှိသူဖြစ်သည်ဟုလည်း ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

၂၀၁၉ မေလအတွင်း ဒေါက်တာအောင်နိုင်ဦးက အစိုးရအဖွဲ့ထံ မေးခွန်းမေးမြန်းရာတွင် လွှတ်တော်ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူက မေးခွန်းမေးမြန်းခြင်း၊ ပါဝင်ဆွေးနွေးခွင့်ပြုခြင်းမှာ မဖြစ်သင့်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက လွှတ်တော်ဥက္ကဋ္ဌထံ စာပို့ကန့်ကွက်ခဲ့ဖူးသည်။ 

လွှတ်တော်ဒုဥက္ကဋ္ဌသည်လည်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည့်အတွက် ဥပဒေပြုခြင်း၊ စောင့်ကြည့်ထိန်းကျောင်းခြင်းတို့ ဆောင်ရွက်သည့်အပေါ် တားဆီးပိတ်ပင်၍ မရကြောင်း ဒေါ်တင်အိက ဝန်ကြီးချုပ်၏ ကန့်ကွက်စာအပေါ် တုံ့ပြန်ခဲ့သည်။ 

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ထိုတုံ့ပြန်မှုကြောင့် နောက်တစ်နေ့တွင် ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ၎င်း၏ ကန့်ကွက်စာကို ပြန်လည်ရုပ်သိမ်းခဲ့ရသည်။  

ဒေါက်တာအောင်နိုင်ဦးသည် ထိုအချိန်က မွန်ညီညွတ်ရေးပါတီအဖြစ် ပေါင်းစည်းသွားမည့် မွန်ပါတီတစ်ခုဖြစ်သော မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ဒေါက်တာအေးဇံမှာ NLD ပါတီမှ ဖြစ်သည်။​

“ကျွန်တော်နဲ့ဝန်ကြီးချုပ်က ပါတီချင်းမတူဘူး။ အတိုက်အခံနဲ့ အစိုးရသဖွယ် ဖြစ်နေပေမယ့်လည်း (ဒေါ်တင်အိ) က တရားမျှတမှုရှုထောင့်နဲ့ ဥပဒေကြောင်းအရနဲ့ သူက ရဲရဲဝံ့ဝံ့နဲ့ ပြတ်ပြတ်သားသား ချက်ချင်းတုံ့ပြန်နိုင်စွမ်းတွေ ရှိခဲ့တယ်” ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များသည် တိုင်းနှင့်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌများထက် ပါတီတွင်းရာထူး ပိုမြင့်မားလေ့ရှိသဖြင့် လွှတ်တော်က ဒေသအစိုးရအဖွဲ့ကို ထိန်းကျောင်းနိုင်စွမ်း အားနည်းလေ့ရှိသည်။ မွန်ပြည်နယ်တွင်မူ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှာ ထိုကဲ့သို့သော ပါတီတွင်း ရာထူးအနိမ့်အမြင့်ကွာခြားမှု မရှိပေ။ 

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် အာဏာရ NLD ပါတီတွင် ကျိုက်ထိုမြို့နယ်ဥက္ကဋ္ဌဖြစ်ပြီး ဒေါ်တင်အိသည် မွန်ပြည်နယ် ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။ ထို့ပြင် နိုင်ငံရေးသက်တမ်းအရလည်း ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးစလုံးသည် ၁၉၉၀ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာမြို့နယ်များမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများ ဖြစ်သည်။​

“ပုဂ္ဂိုလ်ရေး ဘာမှမရှိဘူး။ ခင်မင်တယ်။ လေးစားတယ်။ ဒါပေမဲ့ ဥပဒေဘောင်ကို ကျော်လွန်ပြီး အန်တီကို လွှမ်းမိုးရင် အန်တီက လက်မခံဘူး။ တုံ့ပြန်တယ်။ အန်တီကို ညှိနှိုင်းတဲ့အခါကျရင် ဥပဒေဘောင်အတွင်းကနေ ညှိနှိုင်းရင် လိုက်နာတယ်။ ဥပဒေဘောင်အတွင်းက မဟုတ်ဘဲ အန်တီကို လွှမ်းမိုးဖို့လုပ်ရင် အမြဲတမ်းငြင်းဆန်တယ်” ဟု လွှတ်တော်တွင်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဒေါ်တင်အိက မှတ်ချက်ပြုသည်။

အစိုးရအဖွဲ့နှင့် လွှတ်တော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သက်ဆိုင်ရာအဖွဲ့အစည်းအလိုက် လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေများအတိုင်း ဆောင်ရွက်ပါက တစ်ဖက်နှင့်တစ်ဖက် လွှမ်းမိုး စွက်ဖက်စရာ အကြောင်းမရှိဟုလည်း ဒေါ်တင်အိက ဆိုသည်။ 

သို့သော် အစိုးရအဖွဲ့ဝင်များ ကိုယ်တိုင်လာရောက်ဖြေဆိုရန် လိုအပ်သည့် ‘ကြယ်ပွင့်ပြ’ မေးခွန်းများကို စာဖြင့်သာ အကြောင်းပြန်ရန် ‘ကြယ်ပွင့်မပြ’ မေခွန်းများအဖြစ် ပြောင်းလဲပေးရန်၊ အချို့မေးခွန်းများကို မေးမြန်းခြင်းမပြုရန် အစိုးရဘက်က စာပို့ အကြောင်းကြားလာခြင်းမျိုးသည် လွှတ်တော်လုပ်ငန်းစဉ်များအပေါ် အစိုးရက လွှမ်းမိုးရန် ကြိုးစားအားထုတ်မှုဖြစ်သည်ဟု ဒေါ်တင်အိက ဆိုသည်။ 

ပြိုင်ဘက်ပါတီကိုယ်စားလှယ်က 'စံပြ' ဟု ညွှန်းဆိုခံရသူ 

၂၀၁၉ အောက်တိုဘာအတွင်း မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတစ်ခု၌ လူဝင်မှုကြီးကြပ်ရေး ပြည်နယ်ဝန်ကြီးက ကိုယ်စားလှယ်တစ်ဦး၏မေးခွန်းကို ဖြေကြားရာတွင် ၎င်း၏ဌာနက မှားခြင်းဟုတ်မဟုတ် သေချာသိလိုပါက ကိုယ်စားလှယ်ကိုယ်တိုင် လူဝင်မှုကြီးကြပ်ရေးရုံး၌ သွားရောက်စစ်ဆေးသင့်ကြောင်း ပြောဆိုခဲ့သည်။  

ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး၏ ထိုပြောဆိုချက်နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများကို အစိုးရအဖွဲ့ထံ သုံးပတ်နီးပါးကြာ ကြိုတင်ပေးပို့ထားပြီး ဖြစ်သည့်အတွက် လူထုကိုယ်စားပြုသည့် လွှတ်တော်တွင် အစိုးရအဖွဲ့ဝင်များက လေးလေးနက်နက်ဖြေကြားပေးရန် ဒေါ်တင်အိက သတိပေးခဲ့သည်။​

မော်လမြိုင်ဘိလပ်မြေစက်ရုံက ဒေသဖွံ့ဖြိုးရေးအတွက် စာချုပ်ပါအချက်အလက်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ၂၀၁၇ ဇွန်လအတွင်း ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ဦးမင်းအောင်မွန်က ပြည်နယ်အစိုးရအပေါ် မေးခွန်းထုတ်ခဲ့သည်။ 

ပြည်ခိုင်ဖြိုးပါတီဝင် ကိုယ်စားလှယ်၏မေးခွန်းကို အစိုးရအဖွဲ့ဝင်ဝန်ကြီးက ပြည်နယ်လွှတ်တော်သို့ လာရောက်ဖြေကြားရာတွင် မပြည့်စုံသည့်အတွက်  လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက ဆက်စပ်မေးခွန်း ထပ်မံမေးမြန်းခဲ့သည်။ 

လွှတ်တော်၏ မေးခွန်းများကို အစိုးရအဖွဲ့ဝင်များက ပြန်လည်ဖြေကြားရာတွင် မြေပြင်အချက်အလက်၊ ပကတိအခြေအနေနှင့် ကွာခြားနေသည့် ဆက်စပ်မေးခွန်းများ ပေါ်လာခြင်းဖြစ်ပြီး ဆက်စပ်မေးခွန်း မေးစရာမလိုအောင် ဖြေကြားရန် ဒေါ်တင်အိက အမြဲသတိပေးလေ့ရှိသည်။  

“မေးခွန်းတစ်ခုရဲ့ ရည်မှန်းချက်၊ ဘယ်သွားချင်တာလဲ ဆိုတာကို လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ ကြိုသိထားတဲ့ စွမ်းရည်ရှိတယ်။ အဲ့ဒီတော့ မေးခွန်းထဲမှာ ဘာကို မေးလဲဆိုလဲဆိုရင် ထပ်ဆင့်မေးခွန်း မေးသွားတယ်။ အဲ့ဒီတော့ မေးခွန်းမေးရတဲ့ကိုယ်စားလှယ်အနေနဲ့လည်း အားရကျေနပ်မှုရှိတယ်” ဟု ဦးမင်းအောင်မွန်က ပြောသည်။ 

“ကျွန်တော်တို့ လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိကတော့ စံပြပဲ” ဟုလည်း ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ဦးမင်းအောင်မွန်က မှတ်ချက်ပြုသည်။

လိုအပ်သည့်အဖြေမရပါက ဆက်စပ်မေးခွန်းမေးခြင်းသည် လွှတ်တော်နှင့်အစိုးရကြား ပွတ်တိုက်မှုမဟုတ်ဘဲ 'လုပ်ရိုးလုပ်စဉ်' သာဖြစ်သည်ဟု ဒေါ်တင်အိက ခံယူသည်။ 

ကျိုက်မရောမြို့နယ် ရော်ဘာနီကုန်းကျေးရွာတွင် ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ကျွဲကောစိုက်ပျိုးရေးအတွက် တင်ပြထားသည့် ဧကပမာဏထက် ပိုမိုတူးဖော်ခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ထားသည့် အခြေအနေကို ကျိုက်မရောမြို့နယ် အမှတ် (၁) ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က မေ ၂၉ လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။ 

အဆိုပါ မေးခွန်းအပေါ် ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး၏ ဖြေကြားမှုမှာ ပြည့်စုံမှုမရှိသည့်အတွက် မေးခွန်းရှင် ဒေါ်ခင်မျိုးမြင့်နှင့် လွှတ်တော်အတွင်း အခြေအတင်ဖြစ်ခဲ့သည်။ 

ကိုယ်စားလှယ်အနေဖြင့် ဆက်စပ်မေးခွန်းကို လိုရင်းရောက်အောင် ထိထိရောက်ရောက် မေးရန်နှင့် ဝန်ကြီးအနေဖြင့်လည်း တိတိကျကျ ဖြေကြားပေးရန် ဒေါ်တင်အိက ဝင်ရောက်ထိန်းညှိပေးခဲ့ရသည်။

“သူကတော့ ဥပဒေနဲ့ပဲ သွားတယ်။ ကျွန်တော်တို့ ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် ဥပဒေဘောင်မလွတ်အောင် ထိန်းသိမ်းပေးတယ်။ ကြီးကြပ်ပေးတယ်။ ဒါက အင်မတန် အားသာချက်တစ်ခုပါ” ဟု လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိနှင့်ပတ်သက်၍ ဝန်ကြီးဦးထွန်းဌေးက ဆိုသည်။ 

သမာသမတ်ကျကျ ရပ်တည်သည့် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိကို အခြားနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များသာမက တပ်မတော်သားကိုယ်စားလှယ်များကပါ ရိုသေလေးစားမှု ရှိကြသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး အပါအဝင် တပ်မတော်သားကိုယ်စားလှယ်များက လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိကို အိမ်တိုင်ရာရောက် လာရောက်ဂါရဝပြုသည့် ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။

အမျိုးသမီးများကို အားမငယ်စေချင်သူ 

နူးညံ့သိမ်မွေ့သည့် သွင်ပြင်ရှိသော်လည်း ဥပဒေသမား ဒေါ်တင်အိသည် ရပ်တည်ချက်၊ ယုံကြည်ချက်ခိုင်မာသူ ဖြစ်သည်ဟု သထုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က မှတ်ချက်ပြုသည်။ 

အမျိုးသမီးလွှတ်တော်ဥက္ကဋ္ဌဖြစ်သည့်အတွက် အမျိုးသမီးအရေးကိစ္စများကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ရုံသာမက ပြည်နယ်အတွင်း မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းစဉ်များတွင် ၎င်းကိုယ်တိုင် လိုက်ပါဆောင်ရွက်တတ်သည်ဟုလည်း ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။ 

"မွန်ပြည်နယ်မှာ (မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအသိပညာပေး) ဆိုရင် သေသေချာချာ (စာသင်) ကျောင်းတွေမှာ ဆင်းပြီးတော့ကို လုပ်တာ။ အဲ့ဒါကလည်း အမျိုးသမီးဥက္ကဋ္ဌ ဖြစ်တဲ့အတွက်ကြောင့် သူကိုယ်တိုင် လိုက်ပါပြီးတော့ လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ လိုက်ပါဆောင်ရွက်ခဲ့တာမျိုးပေါ့" ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။ 

တိုင်းနှင့်ပြည်နယ်လွှတ်တော် ၁၄ ခုအနက် မွန်ပြည်နယ်လွှတ်တော်တွင်သာ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ သီးသန့်ထားရှိသည်ကို တွေ့ရသည်။ 

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သော အမျိုးသမီးများအနေဖြင့် နိုင်ငံရေးတွင်ပါဝင်ပြီး ကြီးမားသည့်တာဝန်များကို လုပ်ဆောင်နိုင်ရန် ဒေါ်တင်အိက မျှော်လင့်သည်။ 

“အမျိုးသမီးတွေက နေရာအတွက် ဝင်မလာပါနဲ့။ အလုပ်လုပ်ဖို့ ဝင်လာပါ။ အလုပ်လုပ်ရင်းနဲ့ ကြိုးစားပါ။ ကျွန်မက အမျိုးသမီးတွေကို ကြိုဆိုတယ်။ အမျိုးသမီးဆိုပြီး အားမငယ်စေချင်ဘူး” ဟု ဒေါ်တင်အိက ဆိုသည်။ 

မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ တာဝန်များ လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် လွန်ခဲ့သည့် လေးလကတည်းက စတင်ပြင်ဆင်နေသည်ဟုလည်း ဒေါ်တင်အိက ဆိုသည်။ 

လာမည့် တတိယအကြိမ်လွှတ်တော်သက်တမ်းတွင်လည်း ဒေါ်တင်အိကဲ့သို့ပင် ပါတီစွဲကင်းကင်းဖြင့် ပြည်သူကို ကိုယ်စားပြုသော လွှတ်တော်ဥက္ကဋ္ဌမျိုး မြင်တွေ့ရန် မျှော်လင့်လျက်ရှိကြသည်။  

“ပီလီနဲ့ ထပ်တူကျတဲ့သူတစ်ယောက် ထွက်မလာနိုင်ပေမယ့် မာရာဒိုနာတစ်ယောက်တော့ ထွက်လာနိုင်ဦးမယ် မျှော်လင့်ပါတယ်” ဟု ကမ္ဘာကျော်ဘောလုံးအကျော်အမော်နှစ်ဦးနှင့် နှိုင်းယှဉ်ကာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။  

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading