မိုးကုတ်တွင် တပ်မတော်နှင့် TNLA တိုက်ပွဲကြောင့် ဒေသခံအချို့ မြို့ပေါ် တိမ်းရှောင်နေရ 

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်အတွင်း တပ်မတော်နှင့် TNLA စစ်ကြောင်း ထိပ်တိုက်တွေ့မိခြင်းဖြစ်ပြီး တိုက်ပွဲကြောင့် နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိသည်ဟု သိရသည် 

နိုဝင်ဘာ ၂၂ တွင် မိုးကုတ်မြို့နယ် ချောင်းကြီးအလယ်ရွာအတွင်း ဝင်ရောက်လာသည့် TNLA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-ပေးပို့)

တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်‌မြောက်ရေးတပ်မ‌တော် (TNLA) သည် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်၌ ယမန်နေ့ (နိုဝင်ဘာ ၂၄) ညတွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး တိုက်ပွဲဖြစ်ရာနေရာ အနီးရှိ ဒေသခံအချို့ မိုးကုတ်မြို့ပေါ်သို့ တိမ်းရှောင်လာရကြောင်း လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

မိုးကုတ်မြို့ မြောက်ဘက် ၇ မိုင်ခန့်အကွာ ချောင်းကြီးအလယ်ရွာအနီးရှိ ဓါတ်တော်တောင်ပေါ်၌ ယ‌မန်နေ့ည ၈ နာရီခန့်တွင် တပ်မတော်နှင့် TNLA တို့ တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုးကုတ်မြို့‌ပေါ်မှပင် သေနတ်သံများ ကြားရသည်ဟု မိုးကုတ်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးစောသောင်းတင်က ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ရာချီရှိနိုင်သည့် စစ်‌ရှောင်အချို့မှာ မိုးကုတ်မြို့ပေါ်သို့ တိမ်းရှောင်လာပြီး မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် နီးစပ်ရာဆွေမျိုးများ၏အိမ်တွင် ခိုလှုံနေကြကြောင်း၊ အရေအတွက် အတိအကျ မသိရသေးကြောင်းလည်း ၎င်းက ဆိုသည်။

ယနေ့တွင် ထပ်မံရောက်ရှိလာသော စစ်ရှောင်များလည်းရှိပြီး လတ်တလောတွင် ၎င်းတို့၏ စားသောက်ရေးအတွက် အရပ်ဖက်အဖွဲ့အစည်းအချို့က ကူညီဆောင်ရွက်ပေးနေကာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကလည်း ကူညီမှုများ စတင်လုပ်ဆောင်နေသည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးက ပြောသည်။ 

တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနီးဆုံးရှိ ချောင်းကြီးအလယ်ရွာနှင့် ပတ်ဝန်းကျင်ရှိ ရွာများတွင် နေထိုင်သူ ဒေသခံများသည် ယနေ့မနက်မှစတင်၍ မိုးကုတ်မြို့ပေါ်သို့ တိမ်းရှောင်လာကြသည်ဟု ချောင်းကြီးအလယ်ရွာသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ရွာက ညကတည်းက ပြေးနေတဲ့သူတွေလည်း ရှိတယ်။ အခုလည်း ပြေးနေကြတုန်းပဲ။ တစ်ရွာလုံး ပြေးကြမယ်ထင်တယ်” ဟု ‌၎င်းက ပြောသည်။

ယမန်နေ့ညတွင် ကျောက်ဝါရွာဘက်မှ ထွက်လာသည့် TNLA စစ်ကြောင်းတစ်ခုနှင့် တပ်မတော်တို့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိခိုက်ကျဆုံးမှုအခြေအနေနှင့် အရေအတွက်ကို မသိရသေးကြောင်း TNLA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်းဖော်ဆောင်နိုင်မည့် အခင်းအကျင်းသစ်များ ပေါ်ပေါက်လာနိုင်ရန် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲရေးကို နိုဝင်ဘာ ၁၁ မှ ဒီဇင်ဘာ ၃၁ အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း TNLA အပါအဝင် ရက္ခိုင့်တပ်တော် (AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA တို့ ပါဝင်သည့် မဟာမိတ်သုံးဖွဲ့က နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

တပ်မတော်ဘက်ကလည်း အကြမ်းဖက်အဖွဲ့အစည်းများ ရှိသည့်နေရာများအပ ကျန်နယ်မြေများတွင် နိုဝင်ဘာလကုန်အထိ အပစ်အခတ် ရပ်ဆိုင်းထားသည်ဟု အောက်တိုဘာ ၃၀ ရက်တွင် ကြေညာထားသည်။

ထိုကဲ့သို့ အပစ်ရပ် ကြေညာထားသည့်အချိန်တွင် ယခုကဲ့သို့ ထိပ်တိုက်တွေ့မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သဖြင့် တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိကာ ဒဏ်ရာရရှိသည့် တပ်မတော်သားနှစ်ဦး မိုးကုတ်‌ဆေးရုံသို့ ရောက်ရှိလာကြောင်း၊ ဒဏ်ရာရ TNLA တပ်သားအချို့ကိုလည်း ၎င်းတို့၏ တပ်ဖွဲ့ဝင်များ တွဲခေါ်သွားသည်ကို မြင်ရကြောင်း ဒေသခံအချို့ သတင်းပေးပို့မှုအရ သိရသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင်က ဆိုသည်။ 

တိုက်ပွဲဖြစ်ပွားနေစဉ် မိုးကုတ်မြို့ခံများ ထိတ်လန့်နေခဲ့ကြသော်လည်း ယနေ့နံနက်တွင်တော့ မြို့အတွင်း ပုံမှန်အတိုင်း လှုပ်ရှားသွားလာမှုရှိကြောင်း၊ TNLA တပ်ဖွဲ့ဝင်များ လှုပ်ရှားလေ့ရှိသည့် မိုးကုတ် - ပြင်ဦးလွင်လမ်းတွင်တော့ ကားအသွားအလာ ကျဲပါးသွားသည်ဟု ဦးစောသောင်းတင်က ဆိုသည်။

“မိုးကုတ် - ပြင်ဦးလွင်  လမ်းကတော့ ကားတွေ မသွားကြဘူးဗျ။ သူတို့ (TNLA) ဧရိယာဖြစ်နေတော့ သပိတ်ကျင်းလမ်းဘက်ကပဲ သွားနေကြတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ ညနေ ၄ နာရီခန့်အထိ မြို့ပေါ်ရှိ စျေးဆိုင်များ ဖွင့်လှစ်ထားဆဲဖြစ်ပြီး ညမိုးချုပ်ချိန်တွင်တော့ ယခင်ရက်များထက် အနည်းငယ်ခြောက်သွေ့သွားနိုင်သည်ဟု မိုးကုတ်ဒေသခံ ဦးစိုးမင်းလှိုင်က ပြောသည်။

နိုဝင်ဘာလ အစောပိုင်းတွင် ကျောက်ဝါ၊ ချောင်းကြီး၊ လီရှောကျောက်ပုံ၊ ရှမ်းကျောက်ပုံနှင့် မန်နားစသည့် ရွာပေါင်း ၈ ရွာကျော်မှ ဒေသခံ ၁,၀၀၀ ကျော်သည် ၎င်းတို့ကျေးရွာများအနီး TNLA တပ်ဖွဲ့ဝင်များ လှုပ်ရှားလာသဖြင့် မြို့ပေါ်သို့ တိမ်းရှောင်လာသည့် အဖြစ်အပျက်များလည်း ရှိသည်။ 

ရွေးကောက်ပွဲပြီးဆုံး၍ ရက်အနည်းငယ်အကြာတွင် ‌ကျေးရွာအချို့မှ စစ်ရှောင်များ နေရပ်ပြန်ခဲ့ကြသော်လည်း မိုးကုတ်မြို့ပေါ်တွင်ပင် ဆက်လက်ခိုလှုံနေကြသူများလည်း ရှိကြောင်း သိရသည်။

ချောင်းကြီးကျေးရွာအုပ်စု ရှမ်းကုန်းစံကျေးရွာမှ စစ်ရှောင် ၆၀ ခန့်သည် မိုးကုတ်မြို့ပေါ်ရှိ ရွေဂူကြီးဘုန်းကြီးကျောင်း စစ်ရှောင်စခန်းသို့ နိုဝင်ဘာ ၂၁ ကတည်းက ရောက်ရှိနေခဲ့ပြီး ယနေ့မနက်တွင် ၄၀ ခန့် ထပ်မံရောက်ရှိလာသည်ဟု ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသူ ရှမ်းကုန်းစံရွာသား ကိုရဲမင်းထွေးက ပြောသည်။

TNLA တပ်ဖွဲ့ဝင်များသည် ၎င်းတို့ရွာအတွင်း မူးယစ်ဆေးရောင်းဝယ်သူ သို့မဟုတ် သုံးစွဲသူဟု သံသယရှိသူများကို ရိုက်နှက်စစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိပြီး TNLA နှင့် တပ်မတော် တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ကြောက်ရွံသောကြောင့် ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အခြေအနေက ရွာပြန်ဖို့ မသေချာသေးဘူး။ ဘာလို့လည်းဆိုတော့ တပ်မ‌တော်က စစ်ကြောင်းထိုးနေတော့ တိုက်ပွဲတွေ ထပ်ဖြစ်ဦးမှာပဲ” ဟု ကိုရဲမင်းထွေးက ပြောသည်။

ယမန့်နေ့ညတိုက်ပွဲ ဖြစ်ပွားရာနေရာအနီးရှိ ချောင်းကြီးအလယ်ရွာတွင် အိမ်ခြေ ၁၀၀ ကျော်နှင့် လူဦးရေ ၃၀၀ ခန့်ရှိပြီး ရွေးကောက်ပွဲအပြီး ရက်အနည်းငယ်အကြာတွင် လုံခြုံရေးစိတ်ချရပြီဟု ထင်မှတ်ကာ မြို့ပေါ်တိမ်းရှောင်လာသူအချို့ ရွာသို့ ပြန်သွားကြပြီးနောက် ယခုကဲ့သို့ ဒုတိယအကြိမ် ထပ်မံတိမ်းရှောင်ရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading