မန္တလေး ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ လဝကအက်ဥပဒေဖြင့် ဦးကျော်မြင့်ကို စွဲချက်တင်ပိုင်ခွင့်ရှိသည့် တရားရုံး မဟုတ်ကြောင်း၊ မြန်မာနိုင်ငံသို့ ၎င်း တရားမဝင်ပြန်ဝင်လာခဲ့သည့် နေရာဒေသရှိ တရားရုံး၌သာ တရားစွဲဆိုနိုင်ကြောင်း တရားသူကြီးက ဆိုသည်
နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခံလိုက်ရသည့် နှင်းဆီပါတီ (ခေါ်) ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ဥက္ကဋ္ဌ ဦးကျော်မြင့်ကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပုဒ်မဖြင့် ထပ်မံစွဲဆိုထားမှုကို မန္တလေး ချမ်းအေးသာစံမြို့နယ်တရားရုံးက ယနေ့ (နိုဝင်ဘာ၂၅) တွင် ပိတ်သိမ်းလိုက်သည်။
လွန်ခဲ့သော ၂၁ နှစ်က ထောင်ပြေးမှုကြောင့် အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသူ ဦးကျော်မြင့်သည် ၂၀၁၃ တွင် ပြည်တွင်းသို့ တရားမဝင် ပြန်ဝင်ရောက်ခဲ့ခြင်းအတွက် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၃ (၁) ဖြင့်လည်း အောက်တိုဘာ ၂၃ တွင် ချမ်းအေးသာစံတရားရုံး၌ပင် ထပ်မံတရားစွဲဆိုခံရခြင်း ဖြစ်သည်။

ဥပဒေဆိုင်ရာလုပ်ထုံးအရ ချမ်းအေးသာစံမြို့နယ်တရားရုံးသည် ယင်းလဝကအမှုကို စီရင်ပိုင်ခွင့်ရှိသော တရားရုံ မဟုတ်သဖြင့် စွဲချက်မတင်သင့်ကြောင်း ဦးကျော်မြင့်၏ ရှေ့နေက လျှောက်ထားမှုကို တရားသူကြီးက ခွင့်ပြုလိုက်သည်။
"ဒီရုံး (ချမ်းအေးသာစံတရားရုံး) က ရုပ်သိမ်းလိုက်တာပါ။ ကျန်တဲ့ စွဲပိုင်ခွင့်ရှိတဲ့ ရန်ကုန် ဒါမှမဟုတ် သူဝင်လာတဲ့ မူဆယ် စသည်ဖြင့်ကနေ ပြန်စွဲရမှာ" ဟု ချမ်းအေးသာစံ မြို့နယ်တရားသူကြီး ဦးကျော်မျိုးဝင်းက ပြောသည်။


လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ ကျူးလွန်သူ နိုင်ငံမှ ထွက်သွားရာဒေသရှိ သက်ဆိုင်သည့် တရားရုံးက အမှုစီရင်ရခြင်း မဟုတ်ဘဲ ကျူးလွန်သူ ပြန်ဝင်လာသည့် နေရာဒေသရှိ တရားရုံးကသာ စွဲဆိုသင့်ကြောင်း ပြဋ္ဌာန်းထားသည့်အတွက်ကြောင့် ဖြစ်သည်ဟု အမှုရုပ်သိမ်းခွင့်ပြုပြီးနောက် တရားသူကြီးက ဦးကျော်မြင့်ကို တရားခွင်၌ ရှင်းပြခဲ့သည်။
"လက်ခံပါတယ်ခင်ဗျာ တရားသူကြီး။ လေးစားပါတယ်။ ကျွန်တော် ထောင်ကျလည်း မြန်မာနိုင်ငံကြီး ကောင်းစားမယ်ဆို ကျပါစေ" ဟု ဦးကျော်မြင့်က တရားရုံးအမိန့်အပေါ် တုံ့ပြန်ခဲ့သည်။


ဦးကျော်မြင့်သည် ငွေကြေးခဝါချမှုဖြင့်လည်း တရားစွဲဆိုခံရဖွယ် ရှိနေသေးသည်ဖြစ်ရာ ရန်ကုန်သို့ ပြောင်းလဲစွဲဆိုခြင်းသည် အဆင်ပြေနိုင်ကြောင်း တရားသူကြီး ဦးကျော်မျိုးဝင်းက ဆိုသည်။
ဦးကျော်မြင့် မန္တလေး အိုးဘိုထောင်မှ ထွက်ပြေးခဲ့စဉ် အမှုဖွင့် တရားစွဲဆိုခဲ့သည့် အမှတ် (၈) ရဲစခန်းမှူးဟောင်း ရဲအုပ်သိန်းဌေးကို ရှာဖွေတွေ့ရှိခြင်း မရှိသည့်အတွက် လက်ရှိရဲစခန်းမှူးဦးအောင်မင်းက တရားလိုပြုကာ လူဝင်မှုကြီးကြပ်ရေးပုဒ်မဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်ဟွားဟူ (ခ) ဟူးဟွား (ခ) ဇခုန်ဇုန်းဆောင် ဦးစီးလုပ်ကိုင်ခဲ့သော မြန်မာကျုံယွမ်ကုမ္ပဏီကို စစ်အစိုးရအာဏာပိုင်များက တရားမဝင်အဖွဲ့အဖြစ် ကြေညာကာ ဦးကျော်မြင့်ကိုလည်း ၁၉၉၈ ဇန်နဝါရီလ ၁ တွင် ပုဒ်မ ၂ ခုဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့သည်။ ၎င်းသည် ၁၉၉၉ ဇန်နဝါရီတွင် မန္တလေးအိုးဘိုထောင်မှ ထွက်ပြေးသွားခဲ့သူ ဖြစ်သည်။
ဦးကျော်မြင့်သည် မန္တလေးအိုးဘိုထောင်မှ ထွက်ပြေးလွတ်မြောက်ပြီးနောက် အမေရိကန်နှင့် ကနေဒါနိုင်ငံများတွင် ခိုလှုံနေထိုင်ခဲ့သည်။ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (UDP) ကို ကနေဒါနိုင်ငံ၌ ၂၀၀၇ တွင် ထူထောင်ခဲ့ကာ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ပါတီဥက္ကဋ္ဌအဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။ ၎င်း၏ နှင်းဆီပါတီမှာ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိပေ။
၂၀၂၀ ရွေးကောက်ပွဲတွင် ဦးကျော်မြင့်၏ UDP ပါတီသည် နိုင်ငံတစ်ဝန်း မဲဆန္ဒနယ်ပေါင်း ၁,၁၃၀ ကျော်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားခဲ့သော်လည်း တရားမဝင်ငွေကြေးပိုင်ဆိုင်မှုဖြင့် ဖမ်းဆီးခံခဲ့ရကာ ပါတီမှာလည်း နိုင်ငံရေးပါတီအဖြစ်မှ အောက်တိုဘာ ၁၇ တွင် ဖျက်သိမ်းခံခဲ့ရသည်။
ဦးကျော်မြင့်၏ နှင်းဆီပါတီ (ခေါ်) ညီညွတ်သောဒီမိုကရက်တစ်ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပုဒ်မများအရ ထိုကဲ့သို့ ဖျက်သိမ်းခဲ့ပြီးနောက် ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်လောင်းများသည်လည်း ဥပဒေအရ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ဆုံးရှုံးခဲ့သည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












