NLD ရွေးကောက်ပွဲနိုင်သော်လည်း ဖိနှိပ်ဥပဒေများဖြင့် ထောင်ကျနိုင်ကျဉ်းများဆက်ရှိနေ 

၂၀၂၀ ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပြတ်အသတ် ထပ်မံအောင်ပွဲခံနိုင်ခဲ့သော်လည်း နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်ရှိကာ၊ ထက်ဝက်ခန့်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကျောင်းသားများဖြစ်သည်

Published on Nov 24, 2020
၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၏ စစ်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှု။ (ဓာတ်ပုံ - စိုင်းဇော်/ Myanmar Now) 
၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်းက ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ၏ စစ်ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှု။ (ဓာတ်ပုံ - စိုင်းဇော်/ Myanmar Now) 

စစ်အစိုးရရေးဆွဲထားသော ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့သည့် သုံးကြိမ်မြောက်ရွေးကောက်ပွဲတွင် အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အပြတ်အသတ် ထပ်မံအောင်ပွဲခံနိုင်ခဲ့သော်လည်း နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်ရှိနေဆဲဖြစ်ပြီး ၎င်းတို့အထဲမှ ထက်ဝက်ခန့်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ ဖြစ်ကြသည်။ 

လတ်တလော အကျဉ်းကျနေသော ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၁၄ ဦးနှင့် အာမခံဖြင့် အမှုရင်ဆိုင်နေရသူ ၆၀ ဦး ရှိနေသည်။ ၎င်းတို့သည် ပြည်တွင်းစစ်ဆန့်ကျင်ရေး၊ ရခိုင်ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်မှု ရပ်တန့်ရေး ဆန္ဒပြတောင်းဆိုမှုများ၊ အစိုးရနှင့် တပ်မတော်ကို ဝေဖန်ခြင်း၊ အလုပ်သမားသပိတ်များတွင် ပါဝင်ထောက်ခံမှုနှင့် တက္ကသိုလ်အာဏာပိုင်များကို ဆန့်ကျင်ဆန္ဒပြမှုတို့အတွက် ထောင်ဒဏ်ကျခံရခြင်း သို့မဟုတ် တရားစွဲဆိုခံရကာ အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။ 

ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များကို တပ်မတော်နှင့် အစိုးရအဖွဲ့ လက်အောက်ခံ သက်ဆိုင်ရာအာဏာပိုင်များက တရားစွဲဆိုထားခြင်းဖြစ်ပြီး စုစုပေါင်း အမှုအရေအတွက် ၁၉၀ ကျော်ရှိသည်။ 

စွဲဆိုထားသည့်ပုဒ်မများတွင် ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်နှင့် တပ်မတော်ကို အကျိုးပျက်စီးစေရန်လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မများ ၅၀၅ (က) နှင့် (ခ)၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေများအပြင် တရားရုံးမထီမဲ့မြင်မှုများဖြင့် တရားစွဲဆိုခံရမှုများလည်း ရှိသည်။

ကျောင်းသားများကို တရားစွဲဆိုထားသည့် ဥပဒေများသည် ဒီမိုကရေစီနှင့် လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိခိုက်စေသည့် ပုဒ်မများဖြစ်၍ ဖျက်သိမ်းပေးရန် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက အလိုရှိနေသည်။ 

“လွှတ်တော်မှာ ဖျက်သိမ်းဖို့ အဆိုတင်ပြီး ဖျက်သိမ်းရမယ့် ဥပဒေတွေကို မဖျက်သိမ်းဘဲ ဒီဥပဒေတွေကို သုံးပြီး ကျောင်းသားတွေ ပြည်သူတွေကို ဖိနှိပ်နေမယ်ဆိုရင် စစ်အစိုးရနဲ့ တစ်ထပ်တည်းပဲဆိုတာကို ပြောချင်တယ်” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမ္မဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုက ပြောသည်။ 

“၅၀၅ (ခ) ဆိုတာ စစ်အစိုးရက နိုင်ငံရေးသမားတွေကို ဖိနှိပ်ဖို့အတွက် ပြဋ္ဌာန်းထားတဲ့ဥပဒေ ဖြစ်တယ်။ ငြိမ်းစုစီ ဆိုတာလဲ ဦးသိန်းစိန်လက်ထက်မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေပေါ့။ ဒီဥပဒေတွေကို NLD အစိုးရလက်ထက်မှာ ဖျက်သိမ်းဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။ 

ဗကသအဖွဲ့သည် သမိုင်းအစဉ်အလာအရ ဗြိတိသျှကိုလိုနီခေတ် လွတ်လပ်ရေးကြိုးပမ်းမှုများမှသည် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းလှုပ်ရှားမှုများတွင် ရှေ့တန်းမှ ပါဝင်ခဲ့သော အဖွဲ့ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရ အာဏာရလာချိန်တွင် ဗကသအဖွဲ့များ၏ လှုပ်ရှားမှုများသည် အချိန်ကာလနှင့် မကိုက်ညီသော လှုပ်ရှားမှုများဟု ပြစ်တင်ဝေဖန်မှုများလည်း ရှိသည်။ 

သို့ရာတွင် ထိုကျောင်းသားသမဂ္ဂအဖွဲ့ဝင်များကို စွဲဆိုထားသည့် ဥပဒေများမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီမှုမရှိကြောင်း ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့အစည်းများက ထောက်ပြကြသည်။ 

NLD ကြီးစိုးသည့် လွှတ်တော်သက်တမ်းအတွင်း ပုဒ်မ ၅ (ည)နှင့် ဧည့်စာရင်းဥပဒေများကို အပြီးတိုင် ဖျက်သိမ်းလိုက်နိုင်သော်လည်း ၅၀၅(က)၊(ခ)နှင့် ငြိမ်းစုစီဥပဒေ၊ နိုင်လွတ်လုံဥပဒေကဲ့သို့ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ဖိနှိပ်သည့် ဥပဒေများကိုမူ မဖျက်သိမ်းနိုင်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ရန်ကုန်တာဝန်ခံ ဦးအောင်မျိုးကျော်က ဆိုသည်။ 

NLD အစိုးရအကြပ်အတည်းဖြစ်မည်ကို စိုးရိမ်၍လည်းကောင်း၊ တပ်မတော်နှင့် ပြည်ထဲရေးက လက်သင့်မခံ၍လည်းကောင်း ပြီးခဲ့သည့်လွှတ်တော်၌  ထိုဥပေဒများကို မပြင်ဆင်၊ မဖျက်သိမ်းနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။ 

“တချို့ဟာတွေကို အရေးမကြီးဘူးဆိုပြီးတော့ ပြင်ဖို့ စိတ်အားထက်သန်မှု မရှိခဲ့ကြဘူး။ တချို့ဟာကျတော့ ပြင်ဖို့ စိတ်အားထက်သန်ပေမဲ့ တစ်ဖက်က တပ်မတော်တို့ ပြည်ထဲရေးတို့က အကြောက်အကန် ကန့်ကွက်တဲ့အတွက် ရှေ့တိုးပြီး ပြင်ခွင့်မရှိတာတွေလည်း ရှိတယ်။ နောက်တစ်ခုက အဆို၊ ဥပဒေတင်တဲ့အခါ အစိုးရအကြပ်အတည်း ဖြစ်မှာစိုးတဲ့စိတ်က လွှမ်းမိုးနေတဲ့အခါ ဥပဒေက ပြည်သူကို အကာကွယ်ပေးနိုင်တဲ့ အစစ်အမှန်ဥပဒေ မဖြစ်လာတော့ဘူး။” ဟု ဦးအောင်မျိုးကျော်က သုံးသပ်သည်။ 

NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကမူ အဆိုပါ ဥပဒေပုဒ်မများသည် ခေတ်အခြေအနေနှင့် မညီကြောင်း ဥပဒေကျွမ်းကျင်ပညာရှင်များနှင့် လူထုက တင်ပြပါက ပြင်ဆင်ရန် ကြိုးပမ်းမည်ဟု ဆိုသည်။ 

“လက်ရှိနိုင်ငံရေးအခြေအနေအရ ဒီဥပဒေကို သုံးစွဲတဲ့အခါလည်း ရှိပါတယ်ခင်ဗျ။ ဒီလိုသုံးစွဲတာ မသင့်ပါဘူးလို့ (လူထုက) တင်ပြလာရင် တင်ပြတဲ့အချက်လေးပေါ် စဉ်းစားရမှာပေါ့” ဟု ၎င်းက ဆိုသည်။ 

NLD အစိုးရလက်ထက်တွင် ယင်းဥပဒေများကို အသုံးပြု၍ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များကို တရားစွဲအရေးယူခြင်းနှင့် ပတ်သက်၍မူ မြန်မာနိုင်ငံ၏ ‘လက်ရှိအခြေအနေအရ’ ဟုသာ မှတ်ချက်ပြုပြီး အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

“မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ ကျောင်းသားသမဂ္ဂတွေကလည်း တကယ်တမ်း ကျောင်းသားအရေးကိုပဲ လုပ်ဆောင်နေသလား စတဲ့ စဉ်းစားစရာအချက်တွေ အများကြီးရှိပါတယ်ခင်ဗျ။ အဲဒီတော့ ကျွန်တော်တို့က အားလုံးကို ခြုံပြီး ပြည်သူလူထုကို အကျိုးမပြုတဲ့ ဥပဒေဆိုရင် ပယ်ဖျက်ဖို့၊ ဖျက်သိမ်းဖို့ အဆင်သင့်ပဲ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

မိမိတို့ လိုချင်သည့် နိုင်ငံရေးနှင့် လူမှုရေးစနစ်ကို ပြသခြင်းသာဖြစ်ပြီး အာဏာရယူလိုသူများ မဟုတ်ကြောင်း၊ အတိုက်အခံပါတီက အာဏာရပြီးနောက် ကျောင်းသားများ ကျောင်းသားအရေးမလုပ်ကြောင်း ပြောဆိုခြင်းမှာ နိုင်ငံရေးသမားတစ်ဦးအနေဖြင့် “ပေါက်လွှတ်ပဲစား” ဆန်ဆန် ပြောဆိုခြင်းဟုသာ ယူဆကြောင်း ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် မဆုရတနာမြင့်က ဆိုသည်။ 

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ တွင် ပေါ်ပေါက်ခဲ့သည့် လက်ပံတန်းကျောင်းသားသပိတ်ကို 'ဒီမိုကရေစီအရေး' ဟုဆိုကာ NLD ပါတီက ထောက်ခံခဲ့ဖူးသည်ကို မဆုရတနာမြင့်က ထောက်ပြသည်။ အမျိုးသားပညာရေးဥပဒေ ပြဋ္ဌာန်းမှုကို ဆန့်ကျင်သည့် လက်ပံတန်းကျောင်းသားသပိတ်ကို အာဏာပိုင်များက အင်အားသုံးဖြိုခွင်းခဲ့သည့် အတွက် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၏ ပြစ်တင်ဝေဖန်ခြင်းခံခဲ့ရသည်။ 

မဆုရတနာမြင့်သည် စစ်အာဏာရှင်စနစ်အပေါ် ဝေဖန်သံချပ်ထိုးသဖြင့် တပ်မတော်အကျိုးပျက်စီးစေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)တို့ ဖြင့် ထောင် ၂ နှစ် ကျခံခဲ့ရပြီး ယခုနှစ် ဩဂုတ် ၁၉ တွင် ချုပ်ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက်ခဲ့သူဖြစ်သည်။ 

NLD အစိုးရလက်ထက် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ တရားစွဲဆိုခံရမှုတွင် ၂၀၂၀ ခုနှစ်သည် အများဆုံးဖြစ်ပြီး သမဂ္ဂအဖွဲ့ဝင် ၃၄ဦး တရားစွဲဆိုခံခဲ့ရသည်။ အမှုအားလုံးမှာ ပြည်တွင်းစစ်ရပ်တန့်ရေး၊ ရခိုင်ပြည်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် အင်တာနက်ဖြတ်တောက်ခံရမှုကို အမြန်ဆုံး ပြန်ဖွင့်ပေးရေး ဆန္ဒပြမှုများကြောင့် ဖြစ်သည်။ 

ယင်းလှုပ်ရှားမှုများကို နိုင်ငံတော်နှင့် တပ်မတော် အကျိုးပျက်စီးစေရန် လှုံ့ဆော်မှု ၅၀၅ (က)၊ (ခ) တို့အပြင် ငြိမ်းစုစီပုဒ်မ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅) တို့ဖြင့်လည်း အမှုဖွင့်တရားစွဲဆိုခဲ့သည်။

ရခိုင်ပြည်တွင်းစစ်ကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအပေါ် အစိုးရဝန်ကြီးဌာနများက နှုတ်ဆိတ်နေကြောင်း၊ ကျောင်းသားများက လူထုကိုယ်စား ဆန္ဒထုတ်ဖော်သည်ကိုမူ တရားစွဲဆိုခြင်းဖြင့် NLD အစိုးရသည် တပ်မတော်ကို ကာကွယ်ပေးနေကြောင်းလည်း ကျောင်းသားသမဂ္ဂအဖွဲ့အစည်းများက ဝေဖန်သည်။ 

“ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို NLD က ခန့်အပ်ထားတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ လျစ်လျူရှုနေပြီး ပြည်သူတွေဘက်က မားမားမတ်မတ်ရပ်တည်တာမျိုး မရှိခဲ့ဘူး” ဟု ရခိုင်ပြည်နယ်ကျောင်းသားများသမဂ္ဂ၏ ဘဏ္ဍာရေးမှူး ကိုခိုင်စိုးလင်းက ပြောသည်။ 

ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ ပါဝင်သည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့သည် ၂၀၁၉ သင်္ကြန်ကာလအတွင်း တပ်မတော်ကို ဝေဖန်သော သံချပ်ထိုးခဲ့သဖြင့် တပ်မတော်အကျိုးပျက်စီးစေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ ငြိမ်းစုစီပုဒ်မ ၂၀ တို့ ဖြင့် တရားစွဲဆိုခံခဲ့ရသည်။

ဖြစ်စဉ်တစ်ခုတည်းအတွက် သံချပ်ထိုးခဲ့ရာ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ မြို့နယ် ၆ မြို့နယ်၏ တရားရုံးများတွင် တပ်မတော်က တရားစွဲဆိုခဲ့ပြီး သမဂ္ဂအဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ၊ ကိုပိုင်ရဲသူတို့သည် တစ်ဦးလျှင် ထောင်ဒဏ် ၅ နှစ် မှ ၆ နှစ်အထိ ပြစ်ဒဏ်အသီးသီး ချမှတ်ခံခဲ့ရသည်။ 

ခင်မို့မို့လွင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

MSP  သည် Myanmar Now၏ အချက်အလက်စစ်ဆေးသည့် သတင်းထောက်ဖြစ်သည်။
 

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading