သတင်း

NLD ရွေးကောက်ပွဲနိုင်သော်လည်း ဖိနှိပ်ဥပဒေများဖြင့် ထောင်ကျနိုင်ကျဉ်းများဆက်ရှိနေ 

စစ်အစိုးရရေးဆွဲထားသော ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့သည့် သုံးကြိမ်မြောက်ရွေးကောက်ပွဲတွင် အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အပြတ်အသတ် ထပ်မံအောင်ပွဲခံနိုင်ခဲ့သော်လည်း နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၃၀ ကျော်ရှိနေဆဲဖြစ်ပြီး ၎င်းတို့အထဲမှ ထက်ဝက်ခန့်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ ဖြစ်ကြသည်။ 

လတ်တလော အကျဉ်းကျနေသော ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၁၄ ဦးနှင့် အာမခံဖြင့် အမှုရင်ဆိုင်နေရသူ ၆၀ ဦး ရှိနေသည်။ ၎င်းတို့သည် ပြည်တွင်းစစ်ဆန့်ကျင်ရေး၊ ရခိုင်ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်မှု ရပ်တန့်ရေး ဆန္ဒပြတောင်းဆိုမှုများ၊ အစိုးရနှင့် တပ်မတော်ကို ဝေဖန်ခြင်း၊ အလုပ်သမားသပိတ်များတွင် ပါဝင်ထောက်ခံမှုနှင့် တက္ကသိုလ်အာဏာပိုင်များကို ဆန့်ကျင်ဆန္ဒပြမှုတို့အတွက် ထောင်ဒဏ်ကျခံရခြင်း သို့မဟုတ် တရားစွဲဆိုခံရကာ အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။ 

ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များကို တပ်မတော်နှင့် အစိုးရအဖွဲ့ လက်အောက်ခံ သက်ဆိုင်ရာအာဏာပိုင်များက တရားစွဲဆိုထားခြင်းဖြစ်ပြီး စုစုပေါင်း အမှုအရေအတွက် ၁၉၀ ကျော်ရှိသည်။ 

စွဲဆိုထားသည့်ပုဒ်မများတွင် ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်နှင့် တပ်မတော်ကို အကျိုးပျက်စီးစေရန်လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မများ ၅၀၅ (က) နှင့် (ခ)၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေများအပြင် တရားရုံးမထီမဲ့မြင်မှုများဖြင့် တရားစွဲဆိုခံရမှုများလည်း ရှိသည်။

ကျောင်းသားများကို တရားစွဲဆိုထားသည့် ဥပဒေများသည် ဒီမိုကရေစီနှင့် လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိခိုက်စေသည့် ပုဒ်မများဖြစ်၍ ဖျက်သိမ်းပေးရန် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက အလိုရှိနေသည်။ 

“လွှတ်တော်မှာ ဖျက်သိမ်းဖို့ အဆိုတင်ပြီး ဖျက်သိမ်းရမယ့် ဥပဒေတွေကို မဖျက်သိမ်းဘဲ ဒီဥပဒေတွေကို သုံးပြီး ကျောင်းသားတွေ ပြည်သူတွေကို ဖိနှိပ်နေမယ်ဆိုရင် စစ်အစိုးရနဲ့ တစ်ထပ်တည်းပဲဆိုတာကို ပြောချင်တယ်” ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမ္မဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုက ပြောသည်။ 

“၅၀၅ (ခ) ဆိုတာ စစ်အစိုးရက နိုင်ငံရေးသမားတွေကို ဖိနှိပ်ဖို့အတွက် ပြဋ္ဌာန်းထားတဲ့ဥပဒေ ဖြစ်တယ်။ ငြိမ်းစုစီ ဆိုတာလဲ ဦးသိန်းစိန်လက်ထက်မှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေပေါ့။ ဒီဥပဒေတွေကို NLD အစိုးရလက်ထက်မှာ ဖျက်သိမ်းဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။ 

ဗကသအဖွဲ့သည် သမိုင်းအစဉ်အလာအရ ဗြိတိသျှကိုလိုနီခေတ် လွတ်လပ်ရေးကြိုးပမ်းမှုများမှသည် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းလှုပ်ရှားမှုများတွင် ရှေ့တန်းမှ ပါဝင်ခဲ့သော အဖွဲ့ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရ အာဏာရလာချိန်တွင် ဗကသအဖွဲ့များ၏ လှုပ်ရှားမှုများသည် အချိန်ကာလနှင့် မကိုက်ညီသော လှုပ်ရှားမှုများဟု ပြစ်တင်ဝေဖန်မှုများလည်း ရှိသည်။ 

သို့ရာတွင် ထိုကျောင်းသားသမဂ္ဂအဖွဲ့ဝင်များကို စွဲဆိုထားသည့် ဥပဒေများမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီမှုမရှိကြောင်း ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့အစည်းများက ထောက်ပြကြသည်။ 

NLD ကြီးစိုးသည့် လွှတ်တော်သက်တမ်းအတွင်း ပုဒ်မ ၅ (ည)နှင့် ဧည့်စာရင်းဥပဒေများကို အပြီးတိုင် ဖျက်သိမ်းလိုက်နိုင်သော်လည်း ၅၀၅(က)၊(ခ)နှင့် ငြိမ်းစုစီဥပဒေ၊ နိုင်လွတ်လုံဥပဒေကဲ့သို့ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ဖိနှိပ်သည့် ဥပဒေများကိုမူ မဖျက်သိမ်းနိုင်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ရန်ကုန်တာဝန်ခံ ဦးအောင်မျိုးကျော်က ဆိုသည်။ 

NLD အစိုးရအကျပ်အတည်းဖြစ်မည်ကို စိုးရိမ်၍လည်းကောင်း၊ တပ်မတော်နှင့် ပြည်ထဲရေးက လက်သင့်မခံ၍လည်းကောင်း ပြီးခဲ့သည့်လွှတ်တော်၌  ထိုဥပဒေများကို မပြင်ဆင်၊ မဖျက်သိမ်းနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။ 

“တချို့ဟာတွေကို အရေးမကြီးဘူးဆိုပြီးတော့ ပြင်ဖို့ စိတ်အားထက်သန်မှု မရှိခဲ့ကြဘူး။ တချို့ဟာကျတော့ ပြင်ဖို့ စိတ်အားထက်သန်ပေမဲ့ တစ်ဖက်က တပ်မတော်တို့ ပြည်ထဲရေးတို့က အကျောက်အကန် ကန့်ကွက်တဲ့အတွက် ရှေ့တိုးပြီး ပြင်ခွင့်မရှိတာတွေလည်း ရှိတယ်။ နောက်တစ်ခုက အဆို၊ ဥပဒေတင်တဲ့အခါ အစိုးရအကျပ်အတည်း ဖြစ်မှာစိုးတဲ့စိတ်က လွှမ်းမိုးနေတဲ့အခါ ဥပဒေက ပြည်သူကို အကာအကွယ်ပေးနိုင်တဲ့ အစစ်အမှန်ဥပဒေ မဖြစ်လာတော့ဘူး။” ဟု ဦးအောင်မျိုးကျော်က သုံးသပ်သည်။ 

NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကမူ အဆိုပါ ဥပဒေပုဒ်မများသည် ခေတ်အခြေအနေနှင့် မညီကြောင်း ဥပဒေကျွမ်းကျင်ပညာရှင်များနှင့် လူထုက တင်ပြပါက ပြင်ဆင်ရန် ကြိုးပမ်းမည်ဟု ဆိုသည်။ 

“လက်ရှိနိုင်ငံရေးအခြေအနေအရ ဒီဥပဒေကို သုံးစွဲတဲ့အခါလည်း ရှိပါတယ်ခင်ဗျ။ ဒီလိုသုံးစွဲတာ မသင့်ပါဘူးလို့ (လူထုက) တင်ပြလာရင် တင်ပြတဲ့အချက်လေးပေါ် စဉ်းစားရမှာပေါ့” ဟု ၎င်းက ဆိုသည်။ 

NLD အစိုးရလက်ထက်တွင် ယင်းဥပဒေများကို အသုံးပြု၍ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များကို တရားစွဲအရေးယူခြင်းနှင့် ပတ်သက်၍မူ မြန်မာနိုင်ငံ၏ ‘လက်ရှိအခြေအနေအရ’ ဟုသာ မှတ်ချက်ပြုပြီး အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

သရုပ်ဖော်ပုံ/ မိုးထက်လျှမ်း/ Myanmar Now 

“မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ ကျောင်းသားသမဂ္ဂတွေကလည်း တကယ်တမ်း ကျောင်းသားအရေးကိုပဲ လုပ်ဆောင်နေသလား စတဲ့ စဉ်းစားစရာအချက်တွေ အများကြီးရှိပါတယ်ခင်ဗျ။ အဲဒီတော့ ကျွန်တော်တို့က အားလုံးကို ခြုံပြီး ပြည်သူလူထုကို အကျိုးမပြုတဲ့ ဥပဒေဆိုရင် ပယ်ဖျက်ဖို့၊ ဖျက်သိမ်းဖို့ အဆင်သင့်ပဲ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

မိမိတို့ လိုချင်သည့် နိုင်ငံရေးနှင့် လူမှုရေးစနစ်ကို ပြသခြင်းသာဖြစ်ပြီး အာဏာရယူလိုသူများ မဟုတ်ကြောင်း၊ အတိုက်အခံပါတီက အာဏာရပြီးနောက် ကျောင်းသားများ ကျောင်းသားအရေးမလုပ်ကြောင်း ပြောဆိုခြင်းမှာ နိုင်ငံရေးသမားတစ်ဦးအနေဖြင့် “ပေါက်လွှတ်ပဲစား” ဆန်ဆန် ပြောဆိုခြင်းဟုသာ ယူဆကြောင်း ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် မဆုရတနာမြင့်က ဆိုသည်။ 

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ တွင် ပေါ်ပေါက်ခဲ့သည့် လက်ပံတန်းကျောင်းသားသပိတ်ကို ‘ဒီမိုကရေစီအရေး’ ဟုဆိုကာ NLD ပါတီက ထောက်ခံခဲ့ဖူးသည်ကို မဆုရတနာမြင့်က ထောက်ပြသည်။ အမျိုးသားပညာရေးဥပဒေ ပြဋ္ဌာန်းမှုကို ဆန့်ကျင်သည့် လက်ပံတန်းကျောင်းသားသပိတ်ကို အာဏာပိုင်များက အင်အားသုံးဖြိုခွင်းခဲ့သည့် အတွက် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၏ ပြစ်တင်ဝေဖန်ခြင်းခံခဲ့ရသည်။ 

မဆုရတနာမြင့်သည် စစ်အာဏာရှင်စနစ်အပေါ် ဝေဖန်သံချပ်ထိုးသဖြင့် တပ်မတော်အကျိုးပျက်စီးစေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)တို့ ဖြင့် ထောင် ၂ နှစ် ကျခံခဲ့ရပြီး ယခုနှစ် ဩဂုတ် ၁၉ တွင် ချုပ်ရက်စေ့သဖြင့် ပြန်လည်လွတ်မြောက်ခဲ့သူဖြစ်သည်။ 

NLD အစိုးရလက်ထက် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ တရားစွဲဆိုခံရမှုတွင် ၂၀၂၀ ခုနှစ်သည် အများဆုံးဖြစ်ပြီး သမဂ္ဂအဖွဲ့ဝင် ၃၄ဦး တရားစွဲဆိုခံခဲ့ရသည်။ အမှုအားလုံးမှာ ပြည်တွင်းစစ်ရပ်တန့်ရေး၊ ရခိုင်ပြည်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်အချို့တွင် အင်တာနက်ဖြတ်တောက်ခံရမှုကို အမြန်ဆုံး ပြန်ဖွင့်ပေးရေး ဆန္ဒပြမှုများကြောင့် ဖြစ်သည်။ 

ယင်းလှုပ်ရှားမှုများကို နိုင်ငံတော်နှင့် တပ်မတော် အကျိုးပျက်စီးစေရန် လှုံ့ဆော်မှု ၅၀၅ (က)၊ (ခ) တို့အပြင် ငြိမ်းစုစီပုဒ်မ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅) တို့ဖြင့်လည်း အမှုဖွင့်တရားစွဲဆိုခဲ့သည်။

ရခိုင်ပြည်တွင်းစစ်ကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအပေါ် အစိုးရဝန်ကြီးဌာနများက နှုတ်ဆိတ်နေကြောင်း၊ ကျောင်းသားများက လူထုကိုယ်စား ဆန္ဒထုတ်ဖော်သည်ကိုမူ တရားစွဲဆိုခြင်းဖြင့် NLD အစိုးရသည် တပ်မတော်ကို ကာကွယ်ပေးနေကြောင်းလည်း ကျောင်းသားသမဂ္ဂအဖွဲ့အစည်းများက ဝေဖန်သည်။ 

“ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို NLD က ခန့်အပ်ထားတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အနေနဲ့ လျစ်လျူရှုနေပြီး ပြည်သူတွေဘက်က မားမားမတ်မတ်ရပ်တည်တာမျိုး မရှိခဲ့ဘူး” ဟု ရခိုင်ပြည်နယ်ကျောင်းသားများသမဂ္ဂ၏ ဘဏ္ဍာရေးမှူး ကိုခိုင်စိုးလင်းက ပြောသည်။ 

ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ ပါဝင်သည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့သည် ၂၀၁၉ သင်္ကြန်ကာလအတွင်း တပ်မတော်ကို ဝေဖန်သော သံချပ်ထိုးခဲ့သဖြင့် တပ်မတော်အကျိုးပျက်စီးစေရန် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)၊ ငြိမ်းစုစီပုဒ်မ ၂၀ တို့ ဖြင့် တရားစွဲဆိုခံခဲ့ရသည်။

ဖြစ်စဉ်တစ်ခုတည်းအတွက် သံချပ်ထိုးခဲ့ရာ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းရှိ မြို့နယ် ၆ မြို့နယ်၏ တရားရုံးများတွင် တပ်မတော်က တရားစွဲဆိုခဲ့ပြီး သမဂ္ဂအဖွဲ့ဝင် ကိုဇေယျာလွင်၊ ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ၊ ကိုပိုင်ရဲသူတို့သည် တစ်ဦးလျှင် ထောင်ဒဏ် ၅ နှစ် မှ ၆ နှစ်အထိ ပြစ်ဒဏ်အသီးသီး ချမှတ်ခံခဲ့ရသည်။ 

Show More

Related Articles

Back to top button