ပျော်ဘွယ်မြို့ခံများ၏ သံပုံးတီးလုပ်ရပ် နိုင်ငံရေးထိုးနှက်ချက်ဟု ပြည်ခိုင်ဖြိုးစွပ်စွဲ 

ရွေးကောက်ပွဲရလဒ်ကို မကျေနပ်သဖြင့် ပြည်ခိုင်ဖြိုးပါတီက ဆန္ဒဖော်ထုတ်ပြီးနောက် ပျော်ဘွယ်မြို့တွင် သရဲ၊ တစ္ဆေအစိမ်းများ ထွက်စေရမည်ဟု ပြောဆိုလှုံ့ဆော်မှုများရှိနေသည်ဟု ပြည်ခိုင်ဖြိုးပါတီဘက်က ဆိုသော်လည်း ရိုးရာဓလေ့အရ သံပုံးတီးပြီး မကောင်းဆိုးဝါးနှင့် ကပ်ထုတ်ခြင်းသာ ဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်

ရွေးကောက်ပွဲရလဒ်ကို မကျေနပ်သဖြင့် ပြည်ခိုင်ဖြိုးပါတီက ပျော်ဘွယ်မြို့တွင် နိုဝင်ဘာ ၂၁ ရက်တွင် ဆန္ဒဖော်ထုတ်ခဲ့စဉ်။ (ဓာတ်ပုံ - ဦးသောင်းအေး Facebook) 

ပျော်ဘွယ်မြို့တွင် ရွေးကောက်ပွဲရလဒ်ကို မကျေနပ်၍ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ ဆန္ဒဖော်ထုတ်ခဲ့သည်ကို မြို့ပေါ်ရပ်ကွက်များတွင် သံပုံးတီးသည့်လုပ်ရပ်မှာ ပြဿနာဖန်တီးခြင်းဖြစ်၍ အရေးယူရန် စီစဉ်နေသည်ဟု ပျော်ဘွယ်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်နိုင်ညွန့်က Myanmar Now ကို ပြောသည်။

“သူတို့ပြောတာကတော့ ကိုဗစ်ရောဂါကို ထုတ်တယ်ပေါ့။ တကယ်တန်း သူတို့ (NLDဝန်ရံသူ) ရေးနေတာကကျတော့ ဖုတ်တွေ၊ သရဲတွေ၊ တစ္ဆေတွေ ထွက်အောင် လုပ်တယ်ပေါ့၊ အစိမ်းတွေ ထွက်အောင် လုပ်တယ်ပေါ့” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်အပေါ် အယုံအကြည်မရှိကြောင်း ပြည်ခိုင်ဖြိုးပါတီဝန်းရံများက ဆန္ဒဖော်ထုတ်ခဲ့သည့် နိုဝင်ဘာ ၂၁ ရက်နေ့ ညပိုင်းတွင် ပျော်ဘွယ်မြို့ပေါ် ရပ်ကွက်များ၌ သံပုံးတီးခဲ့ခြင်းဖြစ်ပြီး သုံးညတိုင်တိုင် ဆောင်ရွက်မည်ဟု ကြားသိရသည်ဟုလည်း ဦးအောင်နိုင်ညွန့်က ပြောသည်။

ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ ဆန္ဒဖော်ထုတ်ပြီး ညပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးနေအိမ်ရှေ့ လမ်းမပေါ်တွင် မော်တော်ဆိုင်ကယ်များဖြင့် သံပုံးတီးကာ အော်ဟစ်ဖြတ်သန်းခဲ့သဖြင့် ရဲတပ်ဖွဲ့က လုံခြုံရေးယူပေးခဲ့ရသည်ဟုလည်း ၎င်းက ပြောသည်။ 

"အမှုဖွင့်ဖို့တော့ စီစဉ်နေတယ်။ အဓိကခေါင်းဆောင်တဲ့လူကို လိုက်ပြီးစုံစမ်းနေတယ်။ ခေါင်းဆောင်ဆိုတဲ့အနေအထားကို ဦးတည်ပြီး(အမှု)ဖွင့်မှ အဆင်ပြေမှာလေ။ အဓိကတော့ ပြဿနာဖြစ်အောင် လှုံ့ဆော်တဲ့လူပေါ့၊ အဲဒါကို လိုက်ရှာနေတယ်” ဟု ဦးအောင်နိုင်ညွန့်က ပြောသည်။

ရပ်ကွက် ၉ ခုရှိသည့် ပျော်ဘွယ်မြို့တွင် ထိုသို့သံပုံးတီးခြင်းအပေါ် ယင်းမြို့နယ်ရှိ ကျေးရွာများမှ ပြည်ခိုင်ဖြိုးထောက်ခံသူများက ကျေနပ်မှုမရှိသဖြင့် စိတ်လိုက်မာန်ပါ မဖြစ်စေရန် တားမြစ်နေရသည်ဟုလည်း ၎င်းက ဆိုသည်။

"ဦးသောင်းအေးအိမ် ဝိုင်းခံရတယ်ဆိုပြီး မဟုတ်မမှန်သတင်းဖြန့်နေသူတွေ ရှိနေတာပေါ့လေ။ တကယ်ဖြစ်တယ်ထင်ပြီး ရွာတွေကနေ တက်လာတဲ့သူတွေများတယ်။ လာတဲ့သူတွေကို ကျွန်တော်တို့ကတော့ ပြန်ပြန်လွှတ်တာပဲ" ဟု ဦးအောင်နိုင်ညွန့်က ဆိုသည်။

ပျော်ဘွယ်မြို့ပေါ်တွင် ထိုသို့သောကိစ္စများ ပေါ်ပေါက်နေခြင်းမှာ မှန်ကန်ကြောင်း ရမည်းသင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တာဝန်ခံ ဦးအေးသိန်းက Myanmar Now ကို အတည်ပြုသည်။

"ဦးသောင်းအေးက ရဲတပ်ဖွဲ့ကို ချက်ခြင်းခေါ်တယ်လို့ ကြားတယ်။ ရဲကားနှစ်စီးရောက်လာတယ်။ ဆိုင်ကယ်သမားတွေက သူ့ဟာသူတီး ထွက်သွားပြီး ထပ်မလာတော့ ရဲလည်းပြန်သွားပါတယ်။ မနေ့ည (နိုဝင်ဘာ ၂၂ရက်) ကလည်း မြို့သစ်ဘက်မှာ သံပုံးတီးကြတာကို ရဲက ချက်ချင်းလာတားတယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့ သံပုံးတီးသည့်ကိစ္စမှာ ရပ်ရွာဓလေ့သာဖြစ်၍ တားမြစ်ခံရမှုအပေါ် ဒေသခံတို့က မကျေမနပ်ပြောဆိုနေကြ၍ လိုက်လံနှစ်သိမ့်နေရကြောင်းလည်း ဦးအေးသိန်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးသောင်းအေး၏ မဲဆန္ဒနယ်ဖြစ်သည့် ပျော်ဘွယ်မြို့တွင် နိုဝင်ဘာ ၂၁ ရက်မှစ၍ နှစ်ညဆက် သံပုံးတီးကြခဲ့ကြပြီး နိုင်ငံရေးအရောင်အသွေးအရ ပြုလုပ်ခြင်းမဟုတ်ဟု မြို့ခံတချို့က ဆိုသည်။

"ဒီနေ့ညလည်း နောက်ဆုံးအဖြစ် ဆက်တီးဦးမှာပါ။ ပျော်ဘွယ်မြို့ရဲ့ရိုးရာပါ။ ကပ်ဆိုးကျရောက်တယ်ဆိုပြီးတော့မှ သံပုံးတီးပြီး ကပ်ထုတ်တာလေ” ဟု မြို့သစ်ရပ်ကွက်နေ မအိအိချိုက ပြောသည်။

ရှမ်းပွဲရပ်ကွက်နေ ကိုသတိုးဆွေကလည်း ပျော်ဘွယ်မြို့တွင် နှစ်စဉ်သင်္ကြန်ကာလအပြီးတွင် မကောင်းဆိုးဝါးနှင်ထုတ်သည့် ဓလေ့ရှိပြီး ယခုကိစ္စမှာလည်း အစဉ်အလာအရဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ပြောသည်။

"ရပ်ကွက်ထဲမှာက ဘယ်လိုဖြစ်လာလဲဆိုတော့ မဲကိစ္စ(ရွေးကောက်ပွဲ)နဲ့ပတ်သက်ပြီး မနိုင်ဘဲ တွယ်ကပ်နေတာ အဲဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး တစ်ခါတည်းသံပုံးတီးပြီးထုတ်တယ်၊ အဲဒီလိုပုံစံမျိုး မြင်သွားလားမသိဘူး’ဟု ကိုသတိုးဆွေက ဆိုသည်။

ပျော်ဘွယ်မြို့နယ်စခန်းမှူး ဒုရဲမှူးဘိုဘိုကလည်း သာမန်မိရိုးဖလာကိစ္စသာဖြစ်ပြီး ထူးထူးခြားခြား ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည့်အခြေအနေ မဟုတ်ကြောင်း ပြောသည်။

"ဘာမှမဖြစ်ပါဘူး။ ဘာမှမဖြစ်ပါဘူး။ ဘာမှမရှိပါဘူး။ ဘာမှမထူးခြားပါဘူးဗျ။ မိရိုးဖလာ သူ့ဖာသာ အစဉ်အလာအရ လုပ်တယ်လို့ပဲ သိရပါတယ်ဗျ။ ကပ်ရောဂါကို မောင်းထုတ်တယ်။ နှင်ထုတ်တယ်ဆိုတဲ့ ကျေးရွာတွေမှာ လုပ်လေ့ရှိတဲ့ ဓလေ့ပါပဲခင်ဗျ’ဟု စခန်းမှူးက ဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပျော်ဘွယ်မဲဆန္ဒနယ်ရှိ လွှတ်တော်သုံးရပ်လုံးတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများက ပျမ်းမျှ မဲအရေအတွက် ၁၅,၀၀၀ ကျော်စီဖြင့် ရှုံးနိမ့်ထားသည်။ 

၂၀၂၀ ရွေးကောက်ပွဲရလဒ်မှာ ဝေဖန်ထောက်ပြစရာများရှိနေပြီး တရားမဲ့ပြုကျင့်မှုများကို သက်သေအထောက်အထားများစုဆောင်းနေကြောင်း ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကိုယ်စားလှယ်လောင်းကို အနိုင်ရဖူးပြီး ယခုရွေးကောက်ပွဲတွင်မူ အရှုံးပေးခဲ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးသောင်းအေးက ပျော်ဘွယ်မြို့တွင် နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ထို့ပြင် ပျော်ဘွယ်မြို့၌ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲတစ်ခုကို နိုဝင်ဘာ ၂၁ ရက်တွင် ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်းပြုလုပ်ခဲ့ရာ "တရားမဲ့မှုအတွက် ပြည်သူတွေရဲ့ ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲကို လုံခြုံရေးအပြည့်အဝ ဆောင်ရွက်ပေးခဲ့ကြသော ပြည်သူ့ရဲတပ်ဖွဲ့အား ကျေးဇူးအထူးတင်ပါသည်" ဟု ပျော်ဘွယ်အမတ် ဦးသောင်းအေးက ၎င်း၏ 'မျိုးချစ်မောင်' အမည်ရ Facebook တွင် ရေးသားထားသည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading