ကလေးများကို အဓမ္မခိုင်းစေသည်ဆိုသော အလုပ်ရုံတွင် ဆူပူမှုဖြစ်ပြီး ရဲများဒဏ်ရာရရှိ

အလုပ်သမားတစ်ဦး တိုင်ကြားမှုကြောင့် အလုပ်ရှင်ကို ဆဲဆိုမှု၊ နာကျင်စေမှုတို့ဖြင့် ရဲစခန်းက ကနဦး အမှုဖွင့်ထားပြီး လိုင်စင်မရှိဘဲ လုပ်ငန်းလုပ်ကိုင်မှု၊ ကလေးသူငယ်ဥပဒေတို့ဖြင့် သက်ဆိုင်ရာဌာနများကလည်း အမှုဖွင့်မည်ဟု မြို့နယ်ရဲစခန်း တာဝန်ရှိသူက ဆိုသည်

ဆူပူမှု ဖြစ်ပွားခဲ့သည့် မုန့်နှင့်ပေါက်စီအလုပ်ရုံ တည်ရှိရာနေရာ၌ လုံခြုံရေးယူထားသည့် ရဲဝန်ထမ်းများကို နိုဝင်ဘာ ၂၁ မနက်ပိုင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)
ဆူပူမှု ဖြစ်ပွားခဲ့သည့် မုန့်နှင့်ပေါက်စီအလုပ်ရုံ တည်ရှိရာနေရာ၌ လုံခြုံရေးယူထားသည့် ရဲဝန်ထမ်းများကို နိုဝင်ဘာ ၂၁ မနက်ပိုင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပေါင်မုန့်နှင့် ပေါက်စီထုတ်လုပ်သည့် အလုပ်ရုံတိုက်ခန်းတွဲတစ်ခု၌  ရှစ်နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် ကလေးအလုပ်သမားများကို ပိတ်လှောင် ညှဉ်းပန်းနှိပ်စက်နေသည်ဟုဆိုကာ ကလေးများကို ဝင်ရောက်ရှာဖွေခွင့်ပေးရန် ယမန်နေ့ (နိုဝင်ဘာ ၂၀) တွင် ရာချီသောလူအုပ်သည် အလုပ်ရုံအနီး ဆူပူတောင်းဆိုခဲ့သည်။ 

နိုဝင်ဘာ ၁၉ ရက် ညပိုင်းအချိန်တွင် စတင်စုဝေးမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကာ ယမန့်နေ့ ညနေပိုင်းအထိ လူရာချီ စုဝေးတောင်းဆိုနေသည်ကို Myanmar Now က တွေ့ရှိခဲ့ရပြီး ညပိုင်းအချိန်တွင် လူစုလူဝေးထပ်မံဖြစ်ပေါ်လာသဖြင့် ရဲတပ်ဖွဲ့များက ရာဘာကျည်ပစ်ဖောက်ကာ လူစုခွဲခဲ့ရသည်။ ဆူပူနေသော လူအုပ်စုက ပေါက်စီထုတ်သည့် အလုပ်ရုံအား ခဲများဖြင့်ထုကာ၊ ကားတစ်ချို.ကိုလည်းဖျက်စီးခဲ့ရာတွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ.ဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၆ ဦးကို ဆေးရုံတင်ခဲ့ရသည်။ 

အဆိုပါအလုပ်ရုံ၌ အလုပ်လုပ်သည့် ၁၉ နှစ်အရွယ် ကိုကျော်လင်းထွန်းသည် အလုပ်ရုံမှ ထွက်ပြေးပြီး နှစ်ရက်အကြာတွင် အလုပ်ရုံရှိ ၎င်း၏ မောင်နှမများကို ထုတ်ပေးရန် အလုပ်ရုံရှေ့သွားရောက် တောင်းဆိုခဲ့သော်လည်း အလုပ်ရှင်က မထုတ်ပေးရာမှ လူစုလူဝေး စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်ရုံအနီး နေထိုင်သူများက ပြောသည်။ 

cover-_mob-1.jpg

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အလုပ်ရုံရှေ့ စုဝေးနေသည့် လူအုပ်နှင့် လုံခြုံရေးယူနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးကို နိုဝင်ဘာ ၂၀ ညနေပိုင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now)

ဒဂုံဆိပ်ကမ်းမြို့နယ် (၈၇) ရပ်ကွက် မဂ္ဂင်လမ်းတွင် တည်ရှိသည့် အလုပ်ရုံမှ အလုပ်သမား ကိုကျော်လင်းထွန်းသည် နိုဝင်ဘာ ၁၇ ညသန်းခေါင်ယံအချိန်တွင် အလုပ်ရုံရှေ့ မျက်နှာစာဘေးတွင် ကွမ်းယာရောင်းသူ ကိုအောင်မျိုးသူ အမည်ရှိ အမျိုးသား၏နေအိမ်သို့ ထွက်ပြေးပုန်းခိုနေခဲ့သည်ဟု ကိုအောင်မျိုးသူက ဆိုသည်။

“ကျွန်တော်တို့က အိပ်နေတာ။ တံခါးခေါက်လို့ ထွက်ကြည့်တော့ ကောင်လေးက ငုတ်တုတ်ကလေး။ ဘာမှ မပါဘူး… ဘယ်ဘက်တစ်ခြမ်းတည်း ပါးမို့နေတာ” ဟု ကိုအောင်မျိုးသူက ပြောသည်။ 

ကိုကျော်လင်းထွန်းသည် ထွက်ပြေးပြီး နှစ်ရက်အကြာ နိုဝင်ဘာ ၁၉ တွင် အလုပ်ရှင်က ၎င်းကို ဆဲသည်၊ ရိုက်နှက်သည်ဟု ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်း၌ ကိုယ်တိုင်လာရောက် အမှုဖွင့်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးကျော်စွာက ပြောသည်။

ကိုကျော်လင်းထွန်း ထွက်ပြေးပြီးနောက် ကိုကရင်နှင့် ကိုဆံရှည် အမည်ရှိ အလုပ်သမားနှစ်ဦးလည်း ထပ်မံ ထွက်ပြေးလာကာ ရဲစခန်း၌ သက်သေထွက်ဆိုကြကြောင်း အလုပ်သမားများကို ကူညီပေးသည့် ကွမ်းယာရောင်းသူ ကိုအောင်မျိုးသူက ဆက်ပြောသည်။ 

ထို့နောက် ၎င်းတို့သုံးဦးသည် အလုပ်ရုံ၌ ကျန်ရှိသော မောင်နှမ ငါးဦးကို ခေါ်ထုတ်လိုသည်ဟုဆိုကာ ရဲစခန်း၌ အမှုဖွင့်အပြီး နိုဝင်ဘာ ၁၉ ရက် ည ၇ နာရီကျော်အချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ အလုပ်ရုံသို့ သွားရောက်တောင်းဆိုခဲ့ပြီး အလုပ်ရှင်က မထုတ်ပေးရာမှ အစပြုကာ လူစုလူဝေး စတင်ဖြစ်ပေါ်လာကြောင်း ကိုအောင်မျိုးသူက ဆိုသည်။ 

နိုဝင်ဘာ ၁၉ ရက် ည ၁၀ နာရီခန့်တွင် အလုပ်ရှင်များက အလုပ်သမားများကို ကားဖြင့်တင်၍ ပြောင်းရွေ့ရန် ကြိုးစားသည့်အတွက် အလုပ်ရုံရှေ့ လူစုလူဝေးက အော်ဟစ်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးများ ရောက်ရှိလာချိန်တွင် အလုပ်ရှင်က ထွက်ပြေးသွားသည့် အလုပ်သမား ၃ ဦး၏ မောင်နှမ ၅ ဦးကို ထုတ်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

သို့သော်လည်း အလုပ်သမားအားလုံးကို ထုတ်ပေးရန် လူအုပ်က ဆက်လက်တောင်းဆိုသဖြင့် အလုပ်ရှင်က ထပ်မံထုတ်ပေးခဲ့ရကြောင်း၊ ထွက်ပြေးခဲ့သည့် အလုပ်သမား ၃ ဦး အပါအဝင် စုစုပေါင်း အလုပ်သမား ၁၈ ဦးကို လက်ရှိတွင် ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်း၌ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ရဲမှူးကျော်စွာက ပြောသည်။

အလုပ်သမား ၁၈ ဦးအနက် အငယ်ဆုံးမှာ အသက် ၈ နှစ်အရွယ်သာ ရှိသေးသည့် ကလေးတစ်ဦး ပါဝင်ကြောင်းလည်း ၎င်းကပြောသည်။ 

mob_2.jpg

 ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အလုပ်ရုံရှေ့ စုဝေးနေသည့် လူအုပ်ကို နိုဝင်ဘာ ၂၀ ညနေပိုင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now) 

ပထမဦးဆုံး ထွက်ပြေးခဲ့သည့် အလုပ်သမား ကိုကျော်လင်းထွန်း အမှုဖွင့်ထားသည့်အတွက် အလုပ်ရှင်တစ်ဦးဖြစ်သူ ကိုအောင်ကျော်မင်းကို အာမခံပေး၍ရသော ညစ်ညမ်းစွာဆဲဆိုမှု၊ သာမန်နာကျင်စေမှုများဖြင့် ယနေ့ (နိုဝင်ဘာ ၂၀) တွင် မြို့နယ်ရဲစခန်းက အမှုဖွင့်ထားသည်။

အလုပ်များသည့်အချိန် ကြက်သွန်လှီးသည်မှာ နှေးသဖြင့် အလုပ်ရှင်က ဆဲသည်၊ ရိုက်သည်ဟု ကိုကျော်လင်းထွန်းက တိုင်တန်းထားခြင်းဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးကျော်စွာက ပြောသည်။ 

ရဲစခန်း၌ ထိန်းသိမ်းထားသော အလုပ်သမား ၁၈ ဦး၏ အခြေအနေနှင့် ပတ်သက်၍ “ကလေးတွေမှာ ဘာဒဏ်ရာမှ မတွေ့ရဘူး။ သူတို့ကိုယ်၌ကလည်း သူတို့ကို မိဘလိုပဲ ဆက်ဆံပါတယ်လို့ ပြောပါတယ်” ဟု ၎င်းက ပြောသည်။ 

အလုပ်သမားများကို ယမန်နေ့တွင် မီဒီယာများက မေးမြန်းခွင့် မရရှိခဲ့ပါ။ 

လိုင်စင်မရှိဘဲ လုပ်ငန်းလုပ်ကိုင်မှုဖြင့် အလုပ်ရှင် ကိုအောင်ကျော်မင်းကို စည်ပင်ဥပဒေဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနကလည်း ကလေးသူငယ်ဥပဒေများဖြင့်လည်းကောင်း သက်ဆိုင်ရာဌာနများက ထပ်မံ တရားလိုပြုလုပ် တိုင်ကြားမည်ဖြစ်ပြီး ရဲစခန်းက လက်ခံအမှုဖွင့်ပေးမည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ကျော်စွာက ယမန်နေ့ညနေ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောသည်။

အလုပ်သမားများကို ပိတ်လှောင်ညှဉ်းပန်းနှိပ်စက်သည်ဟူသော စွပ်စွဲချက်နှင့် ပတ်သက်၍ အလုပ်ရှင်ကို ရဲစခန်း၌ ထိန်းသိမ်းစစ်မေးသည်ဟု လူအုပ်စုကို ရဲစခန်းတာဝန်ရှိသူများက ရှင်းပြသော်လည်း အဆိုပါအလုပ်ရုံတွင် မြေအောက်ခန်းရှိသည်၊ ကလေးများ ကျန်သေးသည်ဟုဆိုကာ ယမန်နေ့ (နိုဝင်ဘာ ၂၀) တွင် အလုပ်ရုံရှေ့၌ လူစုလူဝေး ထပ်မံဖြစ်ပေါ်ခဲ့သည်။ 

“ကလေးတွေကို သတ်ပြီး ရေခဲသေတ္တာထဲထည့် ပေါက်စီလုပ်နေကြတယ်” ဟု နိုဝင်ဘာ ၂၀ တွင် အလုပ်ရုံအနီး ဆူပူနေကြသည့် လူအုပ်အတွင်းရှိ အချို့က အော်ဟစ်ကြကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၈၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက Myanmar Now ကို ပြောသည်။

Myanmar Now က ယမန်နေ့ နေ့လယ်ပိုင်းတွင် အလုပ်ရုံရှိရာနေရာသို့ ရောက်ရှိခဲ့ပြီး လူအုပ်ကိုယ်စားပြုသည့် အမျိုးသမီးတစ်ဦးသည် ရဲတပ်ဖွဲ့နှင့်အတူ အလုပ်ရုံအတွင်း ဝင်ရောက်ကြည့်ရှုရှာဖွေခဲ့ရာ သံသယဖြစ်ဖွယ်ရာများ မတွေ့သည့်အတွက် လူစုခွဲရန် အသံချဲ့စက်ဖြင့် အော်ပြောခဲ့သည်ကို တွေ့ရသည်။ 

ယမန်နေ့ ညသန်းခေါင်အချိန်တွင် လူစုလူဝေး ထပ်မံဖြစ်ပွားခဲ့ပြီး အလုပ်ရုံအဆောက်အအုံအတွင်း ထပ်မံဝင်ရောက်ရှာဖွေရန် ကြိုးစားသဖြင့် လုံခြုံရေးတာဝန်ယူနေသည့် ရဲများနှင့် အချင်းဖြစ်ပွားခဲ့သည်များလည်း ရှိသည်။ 

ထွက်ပြေးခဲ့သည့် အလုပ်သမားသုံးဦးကို ကူညီခဲ့သူ ကိုအောင်မျိုးသူသည် အလုပ်ရုံရှေ့ဘက်တွင် ကွမ်းယာရောင်းသူဖြစ်ပြီး အလုပ်ရုံတိုက်ခန်းတွဲ ဝရံတာ၌ အလုပ်သမားတစ်ဦး ပါးရိုက်နှိပ်စက်ခံရခြင်း၊ အလုပ်သမ တစ်ဦး ထွက်ပြေးသည်ကို အလုပ်ရှင်ဟု ယူဆရသူက လိုက်လံဖမ်းဆီးကာ “အဲ့သူခိုးမကို ခေါ်ခဲ့” ဟု ဆံပင်ဆွဲ ရိုက်နှက်ခြင်းတို့ ပြုလုပ်သည်ကို မြင်တွေ့ဖူးကြောင်း Myanmar Now ကို ပြောသည်။

အလုပ်ရှင်မှာ တရုတ်နိုင်ငံသားဖြစ်ကြောင်း ပြည်တွင်းသတင်းဌာနအများအပြားက ရေးသားဖော်ပြနေသော်လည်း မြန်မာနိုင်ငံသား တရုတ်လူမျိုးသာဖြစ်ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးသန်းဌေးမြင့်က Myanmar Now ကို ပြောသည်။ 

 လက်ရှိတွင် အလုပ်သမားတစ်ဦးကို နှိပ်စက်မှုဖြင့် အလုပ်ရှင်ညီအစ်ကိုနှစ်ဦးအနက် ညီဖြစ်သူ ကိုအောင်ကျော်မင်းကို  အများပြည်သူပိုင်နေရာတွင် ညစ်ညမ်းစွာ ပြုလုပ်ပြောဆိုမှု ရာဇသတ်ကြီးပုဒ်မ ၂၉၄၊ သာမန်နာကျင်စေမှု ပုဒ်မ ၃၂၃ တို့ဖြင့် အမှုဖွင့်ထားပြီး ယင်းပုဒ်မများမှာ အာမခံ ရရှိနိုင်သည့် ပုဒ်မများ ဖြစ်သည်။

ပုဒ်မ ၂၉၄ မှာ အများဆုံး ထောင်ဒဏ်သုံးလအထိဖြစ်စေ၊ ငွေဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။ ပုဒ်မ ၃၂၃ မှာ အများဆုံး ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ ငွေ ၁,၀၀၀ ကျပ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

mob_3.jpg

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အလုပ်ရုံရှေ့ စုဝေးနေသည့် လူအုပ်ကို နိုဝင်ဘာ ၂၀ ညနေပိုင်းတွင် တွေ့ရစဉ် (ဓာတ်ပုံ- စိုင်းဇော်/ Myanmar Now) 

အလုပ်ရုံဝန်းကျင်တွင်နေသူများက ဘာပြောသလဲ

အလုပ်ရုံတိုက်ခန်းတွဲမှာ ဆောက်လက်စ တိုက်တစ်လုံးဖြစ်ပြီး အောက်ခြေတွင် အခန်းခြောက်ခန်း ပါရှိကာ ဒုတိယထပ်တွင် ဝရံတာ ကျယ်ကျယ်ဝန်းဝန်းနှင့် အခန်းခွဲများဖြင့် ဖွဲ့စည်းထားသည်။ အထပ်များ ဆက်လက်တည်ဆောက်နေဆဲ ဖြစ်သည်ကိုလည်း တွေ့ခဲ့ရသည်။

အဆိုပါ တိုက်ခန်းတွဲကို၂၀၁၄ ခုနှစ်ကတည်းက အလုပ်သမားနှစ်ဦးတည်းဖြင့် စတင်ဆောက်လုပ်နေခြင်းဖြစ်ပြီး ၂၀၂၀ ရောက်သည့်တိုင် အကြမ်းထည်အဆင့် မပြီးသေးသည်ကို မြင်တွေ့ရကြောင်း အလုပ်ရုံတိုက်ခန်းတွဲဘေး ညာဘက်ကပ်ရက်ရှိ ‘ရဲထွန်း’ အိမ်ဆောက်လုပ်ရေးပစ္စည်းဆိုင်နှင့် ဆေးဆိုင်ပိုင်ရှင် ကိုစည်သူအောင်က ဆိုသည်။ ၎င်းသည် ဒဂုံဆိပ်ကမ်းတွင် နေထိုင်လာခဲ့သည်မှာ ၁၅ နှစ်ခန့် ရှိပြီဟုလည်း ဆိုသည်။ 

ပေါင်မုန့်နှင့် ပေါက်စီ ထုတ်လုပ်နေသည်ကို ဆေးလာဝယ်သည့် ဆောက်လုပ်ရေးအလုပ်သမားများ ပြောပြ၍ လွန်ခဲ့သည့် သုံးနှစ်ခန့် ၂၀၁၇ တွင်မှ သိရှိရကြောင်း ကိုစည်သူအောင်က ဆိုသည်။ 

ထိုတိုက်ခန်းတွဲမှ အမျိုးသမီးတစ်ဦး ထွက်ပြေးသည်ကို အလုပ်ရှင်များက လမ်းမလယ်ခေါင်ထိ လိုက်ဖမ်းကာ “ရဲစခန်းတိုင်မယ်” ဟု ခြိမ်းခြောက်ပြောဆိုပြီး ယင်းအမျိုးသမီးကို အမျိုးသားအလုပ်သမားများက ထမ်း၍ တိုက်ခန်းတွဲပေါ် ခေါ်သွားခဲ့သည်ကို တွေ့မြင်ဖူးကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။

တိုက်ခန်းတွဲရှိ အလုပ်ရှင်များနှင့် စကားစမြည်မပြောဖူးဘဲ အလုပ်ရှင်များမှာ ပတ်ဝန်းကျင်နှင့် သီးသန့် နေထိုင်တတ်သူ ဖြစ်ကြောင်း ကိုစည်သူအောင်က ဆိုသည်။ ထိုတိုက်ခန်းတွဲတွင် ၈ နှစ်အရွယ် ကလေးအပါအဝင် ကလေးအလုပ်သမားများ ရှိနေသည်ကို ယခုအခင်းဖြစ်ပွားမှသာ သိရှိရကြောင်း ၎င်းက ဆိုသည်။

အလုပ်ရုံ၌ အလုပ်လုပ်သည့် အလုပ်သမားတစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်လှဌေးက ၎င်း၏သား မောင်ဝေလင်းမောင် (ခေါ်) ကရင်လေးနှင့် သမီးသုံးယောက်သည် အလုပ်ရုံအပေါ်ထပ်တွင် အလုပ်လုပ်နေသည်မှာ ၆ လ ခန့်ရှိပြီ ဖြစ်ကြောင်း၊ မိန်းကလေးအလုပ်သမားများမှာ တိုက်အောက် ဆင်းခွင့်မရှိသဖြင့် သမီးများနှင့် မတွေ့ရဘဲ တစ်ခါတစ်ရံမှသာ ဝရံတာမှတစ်ဆင့် စကားပြောရကြောင်း Myanmar Now ကို ပြောသည်။

၎င်းတို့မိသားစုမှာ ဧရာဝတီတိုင်း အိမ်မဲမြို့ဇာတိဖြစ်ပြီး ၎င်းနှင့် ခင်ပွန်းမှာ ဆေးကုရန် လွန်ခဲ့သည့် ၆ လကျော်က ရန်ကုန်သို့ ရောက်လာခဲ့ခြင်းဖြစ်ပြီး အလုပ်ရှင်၏ ခွင့်ပြုချက်ဖြင့် အလုပ်ရုံတိုက်ခန်းတွဲ၏ အောက်ခြေအခန်းတွင် နေထိုင်နေကြောင်း၊ ၈ နှစ်အရွယ် သမီးတစ်ဦး အပါအဝင် သားသမီး ၄ ဦး၏ လုပ်ခအတွက် တစ်လလျှင် ၁၅၀,၀၀၀ ရကြောင်း ဒေါ်လှဌေးက ပြောသည်။

 

 

ခင်မို့မို့လွင်သည် Myanmar Now သတင်းဌာန၏ သတင်းထောက်ဖြစ်သည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading