“ တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသူများ အိမ်ပြန်နိုင်အောင် တပ်မတော်ဘက်က ပူးပေါင်းကူညီမည်ဟုလည်း ကတိပြုလိုက်သည်”
(ရန်ကုန်) – ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးလှုပ်ရှားမှုများကို ရပ်ဆိုင်ထားမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ယနေ့ ထုတ်ပြန်လိုက်သည်။
နေပြည်တော်တွင် သတင်းမီဒီယာကောင်စီအဖွဲ့ဝင်များနှင့် တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ဘက်က ယင်းကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် ဟုအမည်ပေးထားသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် မြောက်ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့အလယ်ပိုင်းတိုင်း နှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်နယ်မြေများရှိ နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးစာချုပ် NCA လက်မှတ်ထိုးရန် ကျန်နေသည့် အဖွဲ့များနှင့် တစ်ဖွဲ့ခြင်း ဆွေးနွေးရန် လိုမည်ဟု လည်းထုတ်ပြန်ခဲ့သည်။
သို့ရာတွင် ပတ်ခတ်တိုက်ခိုက်မှု ရပ်စဲပြီး ထာဝရ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးစဉ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့်လည်း သဘောတူစာချုပ်များအတိုင်း ကတိတည်ရန်၊ ငြိမ်းချမ်းရေးသဘောတူညီများအပေါ် အမြတ်မထုတ်ရန်၊ ဒေသခံပြည်သူများအပေါ် ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန်၊ နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲဥပဒေများကို လိုက်နာရန် တို့ကို အလေးအနက်ထား လိုက်နာရန်လိုအပ်မည်ဟု ထုတ်ပြန်ခဲ့သည်။


ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း အပြန်အလှန် အင်အားသုံးတိုက်ခိုက်ခြင်း၊ ဒေသခံ တိုင်းရင်းသားများကို အနိုင်ကျင့်ခြင်းတို့ မပြုလုပ်ရေးအတွက် တာဝန်ယူထိန်းသိမ်းဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်နှင့် အကျိုးစီးပွားတို့ကို ထိခိုက်မှုမဖြစ်စေရန် တာဝန်ယူရမည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ထိုကဲ့သို့ အချက်များပါ ဖြစ်ရပ်များ ဖြစ်ပေါ်လာပါက တပ်မတော်အနေဖြင့် လိုအပ်သလို တားဆီးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လက်ရှိ ပစ်ခတ်မှုဖြစ်ပွားရာ နယ်မြေများမှ စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးကို တပ်မတော် အနေဖြင့် ပူးပေါင်းကူညီစောင့်ရှောက်မည် ဖြစ်ကြောင်းလည်းထုတ်ပြန်ခဲ့သည်။


Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။









