၂၀၁၆ ခုနှစ်မှ စတင်ခဲ့သည့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်း အဆိုတင်ဆွေးနွေးခြင်း မရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးရှိပြီး ၆ ဦးမှာ ယခုရွေးကောက်ပွဲတွင် ထပ်မံရွေးကောက်ခံထားရသည်

မတ်လအတွင်းပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး NLD အမတ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/ Myanmar Now)

၂၀၂၀ ရွေးကောက်ပွဲ၌ ရွေးကောက်ခံခဲ့ရသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များတွင် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်း အဆိုတင်ခြင်း၊ မေးခွန်းမေးမြန်းခြင်း မရှိဘဲ ၅ နှစ်လုံးလုံး လွှတ်တော်ထဲ ငုတ်တုတ်ထိုင်နေခဲ့သူ အမတ် ၆ ဦးလည်း ပြန်လည်ပါဝင်လာသည်။ 

ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်အား အပြန်အလှန်ထိန်းညှိရန် တာဝန်ရှိသည့် လွှတ်တော်၌ သက်ဆိုင်ရာ မဲဆန္ဒရှင်ပြည်သူများကို ကိုယ်စားပြုရန် နောက်တစ်ကြိမ် ထပ်မံရွေးကောက်တင်မြှောက်ခြင်းခံထားရသည့် အဆိုပါ လွှတ်တော်ကိုယ်စားလှယ်များမှာ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ၄ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁ ဦးနှင့် တအာင်း (ပလောင်) အမျိုးသားပါတီမှ ၁ ဦးဖြစ်သည်။  

လွှတ်တော်အစည်းအဝေးမှတ်တမ်းများကို စောင့်ကြည့်လေ့လာနေသည့် အာနန္ဒာဒေတာအဖွဲ့၏ အချက်အလက်များအရ ၂၀၁၆ ခုနှစ်က စတင်ခဲ့သည့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်း အဆိုတင်ခြင်း၊ မေးခွန်းမေးမြန်းခြင်း မရှိသည့် ကိုယ်စားလှယ် ၁၇ ဦးရှိသည့် အနက် ၆ ဦးမှာ ယခုရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ 

“၅ နှစ်အတွင်းမှာ ဒီလိုမျိုး တစ်ခါမှ ပုံမှန်အစည်းအဝေးမှာ စကားထမပြောဖြစ်ဘူးဆိုတာတော့ စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းတဲ့ကိစ္စပဲလို့ ကျွန်တော်တော့မြင်တယ်” ဟု အာနန္ဒာဒေတာအဖွဲ့မှ ဒါရိုက်တာ ကိုထင်ကျော်အေးက Myanmar Now ကို ပြောသည်။

လွှတ်တော်တွင်း၌ မည်သည့်လှုပ်ရှားမှုမျှ မရှိသော်လည်း ပြန်လည်ရွေးကောက်တင်မြှောက်ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များမှာ NLD ပါတီမှ ကရင်ပြည်နယ် အမှတ် (၉) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောဘီစံသိန်းမြင့်၊ ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်း၊ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်၊ ဧရာဝတီတိုင်း မော်လမြိုင်ကျွန်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေတို့ ဖြစ်သည်။

အလားတူပင် တအာင်း (ပလောင်) အမျိုးသားပါတီမှ ရှမ်းပြည်နယ် နမ့်ခမ်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းကျော်နှင့် ပြည်ခိုင်ဖြိုးပါတီမှ ရှမ်းပြည်နယ် ကုန်းကြမ်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလီကျိန်းဖူ (ခ) ဦးမြင့်ဆွေတို့သည် အဆိုတင်ဆွေးနွေးခြင်း မရှိသော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။

သမ္မတဟောင်း ဦးထင်ကျော်၏ဇနီးလည်းဖြစ်သူ ရန်ကုန်တိုင်း သုံးခွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်သည် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း အဆိုတင်ဆွေးနွေးမှု မရှိသည့် ကိုယ်စားလှယ်များအနက် တစ်ဦးဖြစ်ကြောင်း အာနန္ဒာဒေတာအဖွဲ့၏ အချက်အလက်များတွင် တွေ့ရသည်။

လွှတ်တော်ကိုယ်စားလှယ်များသည် ပုံမှန်လွှတ်တော်အစည်းအဝေးတက်ရောက်ခြင်းအပြင် ကိုယ်တိုင်အဆိုတင်သွင်းခြင်း၊ အခြားသူများတင်သွင်းရာတွင် ပါဝင်ဆွေးနွေးခြင်း၊ မေးခွန်းမေးမြန်းခြင်းများ ပြုလုပ်နိုင်သည်။ 

လွှတ်တော်၌ မေးခွန်းမေးမြန်းရာတွင် ကြယ်ပွင့်ပြနှင့် ကြယ်ပွင့်မပြ မေးခွန်းဟူ၍ နှစ်မျိုးမေးမြန်းနိုင်ကာ ကြယ်ပွင့်ပြမေးခွန်းကို ဝန်ကြီးဌာနများက လွှတ်တော်သို့ ကိုယ်တိုင်လာရောက်၍ နှုတ်ဖြင့် ဖြေဆိုရပြီး ကြယ်ပွင့်မပြမေးခွန်းကိုမူ သက်ဆိုင်ရာဝန်ကြီးဌာနက စာဖြင့် ဖြေကြားရသည်။

ကြယ်ပွင့်ပြမေးခွန်းသည် လွှတ်တော်တွင် ဆွေးနွေးခွင့်ရရန် လေးလမှ ငါးလအထိ ကြာမြင့်ခြင်းကြောင့် ကြယ်ပွင့်မပြမေးခွန်းများကိုသာ မေးမြန်ခြင်းဖြစ်ကြောင်း အဆိုတင်ဆွေးနွေးဖူးခြင်း မရှိသည့် NLD ပါတီမှ အုတ်ဖိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းက Myanmar Now ကို ပြောသည်။

တိုင်းနှင့်ပြည်နယ် လွှတ်တော်များတွင်မူ ကြယ်ပွင့်ပြမေးခွန်းနှင့် အဆိုများအပြင် ကြယ်ပွင့်မပြမေးခွန်းများကိုပါ  မှတ်တမ်းပြုစုထားသော်လည်း ပြည်ထောင်စုလွှတ်တော်အဆင့် လွှတ်တော်များတွင်မူ ကြယ်ပွင့်မပြမေးခွန်းများကို မှတ်တမ်းမထားသည့်အတွက် သဘာဝမကျဟုလည်း ၎င်းက ဝေဖန်သည်။ 

ကြယ်ပွင့်မပြမေးခွန်းသည် သုံးပတ်ခန့်အတွင်း သက်ဆိုင်ရာဝန်ကြီးဌာနက ပြန်လည်ဖြေကြားပေးခြင်းကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်သည့် အားသာချက်ရှိသည်ဟု ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်လည်းဖြစ်သူ ဦးဇော်မင်းက ဆိုသည်။ 

လွှတ်တော်၌ ကြယ်ပွင့်ပြမေးခွန်း မမေးမြန်းသော်လည်း ဒေသဖွံ့ဖြိုးရေးအတွက် ဦးဇော်မင်း၏ ဆောင်ရွက်ချက်များမှာ အားရဖွယ်ဖြစ်သည်ဟု အုတ်ဖိုမြို့နယ် နနွင်းကုန်းကျေးရွာအုပ်စု အဖိုးအေးကျေးရွာနေ ဦးထွန်းထွန်းဦးက Myanmar Now ကို ပြောသည်။

“သူကိုယ်တိုင် ကွင်းဆင်းပြီးတော့ ပြည်သူလူထုနဲ့ ထိတွေ့မှုတွေ တအားလုပ်ပါတယ်။ ကြယ်ပွင့်ပြမေးခွန်းပဲ သူ အားနည်းချက်ရှိတယ်လို့ ကျွန်တော်တို့ ထောက်ပြရမှာပဲ” ဟု ဦးထွန်းထွန်းဦးက ပြောသည်။

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ဆောင်မှာမူ လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်းတစ်ခု မေးမြန်းခဲ့သော်လည်း ဝန်ကြီးဌာနက လွှတ်တော်တွင် နှုတ်ဖြင့်မဖြေဆိုဘဲ စာဖြင့်သာ ဖြေကြားခဲ့သဖြင့် မှတ်တမ်းမရှိခြင်း ဖြစ်သည်။ 

ကျိုက်ထိုမြို့သို့ ပြန်၍ ဒေသဖွံ့ဖြိုးရေးသာ ပိုမိုလုပ်ဆောင်ပြီး မွန်ပြည်နယ် NLD ပါတီတာဝန်များလည်း ထမ်းဆောင်ရသဖြင့် လွှတ်တော်၌ အဆိုတင်သွင်းခြင်းတွင် အားနည်းကြောင်း ဒေါက်တာခင်ဆောင်က ဆိုသည်။

“ကျွန်တော်က ပြည်နယ် (ပါတီအလုပ်အမှုဆောင်ဥက္ကဋ္ဌ) တာဝန်ကို ထမ်းဆောင်နေရတဲ့အတွက် အလုပ်အမှုဆောင်ဥက္ကဋ္ဌအနေနဲ့ ပြန်လုပ်နေရတာတွေ ရှိတယ်။ အဲ့ဒါကြောင့်မို့ အဲ့ဒီဘက်မှာ အားနည်းပါတယ်” ဟု ၎င်းက ပြောသည်။

မည်သို့ပင်ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်တိုင်းသည် အစိုးရကို စိစစ်ထိန်းကျောင်းခြင်း၊ ဥပဒေပြုခြင်းနှင့် ပြည်သူကို ကိုယ်စားပြုခြင်း စသည့်တာဝန်များကို ပုံစံမျိုးစုံဖြင့် ထမ်းဆောင်ရခြင်းဖြစ်ပြီး လွှတ်တော်အတွင်း ဆွေးနွေးမှုမရှိသည်မှာ အားနည်းချက်တစ်ခုဖြစ်ကြောင်း ကိုထင်ကျော်အေးက မှတ်ချက်ပြုသည်။

ပြည်ခိုင်ဖြိုးပါတီ လွှမ်းမိုးခဲ့သည့် ပထမအကြိမ်လွတ်တော်တွင်လည်း လွှတ်တော်တွင်းဆွေးနွေးမှုမရှိသည့် ကိုယ်စားလှယ်လောင်းများရှိခဲ့ပြီး ၎င်းတို့သည် ကြယ်ပွင့်မပြမေးခွန်းမေးမြန်းခြင်းနှင့် အခြားနည်းလမ်းများဖြင့် တာဝန်ထမ်းဆောင်မှုရှိသဖြင့် တာဝန်မကျေပွန်ဟု မသတ်မှတ်နိုင်ကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်း(သီပေါ) က ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည့် NLD အစိုးရအနေဖြင့် ရွေးကောက်ခံကိုယ်စားလှယ်များ လွတ်တော်မှတစ်ဆင့် အစိုးရ၏ လုပ်ဆောင်ချက်များကို မေးခွန်းထုတ်ခြင်း၊ သတင်းမီဒီယာများတွင် ပြောဆိုခြင်းကို မနှစ်သက်သည့်သဘော တွေ့ရကြောင်းလည်း ဦးရဲထွန်းက ဆိုသည်။ 

“မီဒီယာတွေ၊ နိုင်ငံရေးလေ့လာသုံးသပ်တဲ့သူတွေက ဒီလူတွေက (အဆိုမတင်၊ မေးခွန်းမမေး ကိုယ်စားလှယ်) လွှတ်တော်ကိုယ်စားလှယ်အရည်အချင်း မရှိဘူး။ ကိုယ့်တာဝန်ကို တက်တက်ကြွကြွမထမ်းဆောင်ဘူးလို့ ပြောပေမယ့် အဲ့လိုထမ်းဆောင်တဲ့လူက အစိုးရကို Check and Balance လုပ်တဲ့သူတွေက နောက်ရွေးကောက်ပွဲမှာ မပါတော့ဘူးဗျ” ဟု ၎င်းက ပြောသည်။ 

NLD ပါတီအနေဖြင့် ကိုယ်စားလှယ်လောင်းကို မကြည့်ဘဲ ပါတီကိုကြည့်၍ မဲထည့်ရန် ပြောဆိုစည်းရုံးခဲ့ခြင်းကြောင့် နိုင်ငံရေးသမိုင်းကြောင်းမရှိသူ၊ အလုပ်မလုပ်သူ ကိုယ်စားလှယ်များပါဝင်ပါက ပြည်သူလူထုနစ်နာကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် Myanmar Now ကို ပြောဆိုခဲ့သည်။

“အရင် လွှတ်တော်တွေမှာ လွှတ်တော်ထဲ ငုတ်တုတ်ထိုင်နေတဲ့ ကိုယ်စားလှယ်တွေ အများကြီးတွေ့ရပါတယ်။ အဲ့ဒါဆိုရင် ရွာနာတာပေါ့ဗျာ။ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေက ရွေးသာရွေးပေးလိုက်ရတယ်။ ၅ နှစ်အတွင်းကို မဲဆန္ဒရှင်နဲ့လည်း ဟုတ်တိပတ်တိ ပြန်မထိတွေ့ဘူး။ လွှတ်တော်ထဲမှာလည်း ဟုတ်တိပတ်တိ စွမ်းဆောင်မှု မရှိဘူးဆိုရင် ရွာနာတယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်" ဟု ဦးကိုကိုကြီးက ဆိုသည်။ 

ဇေယျာသီရိမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသည့် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌမှာ မဲဆွယ်ကာလအတွင်း ‘တရုတ်၊ ကုလား’ ဟူသော အသုံးအနှုန်းများဖြင့် မဲဆွယ်ခဲ့သည်ဟုဆိုကာ ကန့်ကွက်ခံရခြင်းဖြစ်သည်

Published on Dec 24, 2020
Published on Dec 24, 2020
နေပြည်တော် ဇေယျာသီရိမြို့နယ် သက်နှင်းအင်းကျေးရွာအုပ်စုရှိ သစ်တပ်ကလေးကျေးရွာတွင် မဲဆွယ်နေသည့် ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ ဦးသန်းဌေးကို တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် လူမျိုးရေးအကြောင်းပြမဲဆွယ်ခဲ့သည်ဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ယနေ့ (ဒီဇင်ဘာ ၂၄) တွင် ကန့်ကွက်လွှာတင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နေပြည်တော်ခရိုင်တာဝန်ရှိသူက ပြောသည်။ 

အဆိုပါမဲဆန္ဒနယ်တွင် ဦးသန်းဌေးကို ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သည့် NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေကိုယ်စား ဇေယျာသီရိမြို့နယ် NLD ဥက္ကဋ္ဌ ဦးသက်ထွေးက ကန့်ကွက်လွှာတင်မည်ဖြစ်သည်။

"တရားမဲ့ပြုကျင့်တဲ့ဟာလေးတွေပေါ့။ ဥပမာဆိုပါတော့ ရွေးကောက်ပွဲကာလမှာ ပြောတာဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ရှိထားတဲ့ သက်သေအထောက်အထားတွေနဲ့ ဥပဒေနဲ့ မညီတာတွေကို ကန့်ကွက်မှာပါ" ဟု ဦးသက်ထွေးက Myanmar Now ကို ပြောသည်။

ဦးသန်းဌေးသည် ၎င်း၏မဲဆန္ဒနယ်မြေအတွင်းရှိ သစ်တပ်ကလေးကျေးရွာ၌ အောက်တိုဘာ ၉ နံနက်ပိုင်းတွင် ပြုလုပ်သည့်မဲဆွယ်စည်းရုံးရေးတွင် လူမျိုးရေးအကြောင်းပြ မဲဆွယ်ခဲ့ကြောင်း NLD ၏ တိုင်ကြားချက်တွင် ပါဝင်သည်။ 

“ကျွန်တော့်ဇနီး၊ သား၊ သမီးတွေ ဒီလိုလူတွေဟာ စီးပွားရေးသောင်းကျန်းနေတဲ့ လူတွေလား။ အခွင့်အရေးတွေ မတရားယူထားတဲ့ လူတွေလား။ ဘယ်လိုသွေးမျိုးတွေ ပါနေသလဲ။ ကုလားတွေပါနေသလား၊ တရုတ်တွေပါနေသလား စသည်အားဖြင့်ပေါ့နော်။ အခြားနိုင်ငံခြားက သွေးရောတာ ရှိသလား” ဟု Myanmar Now က သွားရောက်သတင်းယူခဲ့သည့် အဆိုပါ မဲဆွယ်ဟောပြောပွဲအတွင်း ဦးသန်းဌေးက ရွာသူ၊ ရွာသားများကို ပြောဆိုခဲ့သည်။

လူမျိုးကိုဖြစ်စေ၊ ကိုးကွယ်ရာဘာသာကိုဖြစ်စေ အကြောင်းပြ၍ မဲပေးရန် သို့မဟုတ် မဲမပေးရန် လှုံ့ဆော်ခြင်းသည် တရားမဲ့ပြုကျင့်မှုမြောက်သည်ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ အခန်း (၁၄)၊ ပုဒ်မ ၆၆ (ဋ) တွင် ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခုံအဖွဲ့ဖြင့် စစ်ဆေးသွားမည်ဖြစ်ပြီး ဦးသန်းဌေး၏ ဟောပြောမှုသည် ‘တရားမဲ့ပြုကျင့်မှု’ မြောက်သည်ဟု ခုံအဖွဲ့က ဆုံးဖြတ်ပါက ၎င်းသည် ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်ခံရမည်ဖြစ်ကာ ဒုတိယမဲအများဆုံးရခဲ့သည့် ကိုယ်စားလှယ်လောင်းကို အနိုင်ရသူအဖြစ် ပြန်လည်သတ်မှတ်မည်ဖြစ်သည်။ 

NLD ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေသည် ဇေယျာသီရိမြို့နယ်တွင် ဦးသန်းဌေးကို မဲ ၅,၀၀၀ ကျော်အကွာဖြင့် ရှုံးနိမ့်ကာ ဒုတိယမဲအများဆုံး ရရှိခဲ့သူဖြစ်သည်။ 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကို NLD က ကန့်ကွက်မည့်အမှုကို နေပြည်တော်အခြေစိုက် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က လိုက်ပါဆောင်ရွက်မည်ဟု သိရသော်လည်း ယနေ့ မွန်းလွဲပိုင်းတွင်မှ အမှုအကြောင်းအရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မည်ဟု ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ် ၁,၁၁၇ နေရာတွင် ပြည်ခိုင်ဖြိုးပါတီက ၁,၀၈၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၇၁ နေရာတွင် အနိုင်ရကာ လက်ရှိအာဏာရ NLD ပါတီက ၉၂၀ နေရာဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ 

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှတ်တမ်းများအရ ရွေးကောက်ပွဲကန့်ကွက်လွှာ စုစုပေါင်း ၄၅ မှု ရှိသည်။ ယင်းတို့အနက် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရ NLD ကိုယ်စားလှယ်လောင်းကို ကန့်ကွက်သည့်အမှု ၁၉ မှုရှိပြီး တစ်မှုမျှ အနိုင်မရခဲ့ပေ။ ပြည်ခိုင်ဖြိုးပါတီ၏ အနိုင်ရကိုယ်စားလှယ်အပေါ် NLD က တိုင်ကြားသည့်အမှု ၇ မှုရှိခဲ့ပြီး ၂ မှုကို NLD က အနိုင်ရခဲ့သည်။ 

Continue Reading

ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ပိုင်ဆိုင်မှု၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ အစုရှယ်ယာများ၊ တစ်နှစ်စာဝင်ငွေနှင့် အခြားဝင်ငွေစာရင်းများကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ...

Published on Dec 23, 2020
Published on Dec 23, 2020
မတ်လအတွင်းက ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီး တွေ့ရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကိုယ်စားလှယ်များအနေဖြင့် ယခုလ (ဒီဇင်ဘာလ) ၃၀ ရက်နေ့ နောက်ဆုံးထားကာ ၎င်းတို့၏ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာစာရင်း ပေးပို့ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ညွှန်ကြားထားသည်ဟု သိရသည်။ 

“ရုတ်တရက်ကြီး ပိုင်ဆိုင်မှုတွေ တိုးပွားလာတယ်ဆိုတဲ့ တိုင်ကြားချက်ရှိလာရင် အဲဒီဟာနဲ့ ပြန်တိုက်စစ်မှာပေါ့” ဟု ပိုင်ဆိုင်မှုစာရင်းပေးပို့ရန် ညွှန်ကြားချက်နှင့် ပတ်သက်၍ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က Myanmar Nowကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အလားတူ တောင်းခံခဲ့သော်လည်း ပိုင်ဆိုင်မှုစာရင်း ဖွင့်ဖောက်စစ်ဆေးခဲ့ရသည့်ဖြစ်စဉ် မရှိဟုလည်း ၎င်းက ပြောသည်။

“ပွင့်လင်းမြင်သာမှုရှိဖို့ ဒီတစ်ခါမှာလည်း ထပ်တောင်းတာပါ။ မသမာတဲ့နည်းနဲ့ ဥစ္စာဓနတိုးပွားအောင် မလုပ်ဖို့ ပိုပြီးတိကျအောင် လုပ်တာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထိုသို့တောင်းခံခြင်းမှာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းလွှတ်တော် မဲဆန္ဒနယ်အမှတ် ၁ မှ ရွေးကောက်ခံအမတ် ဦးပြုံးချိုနှင့် ကွမ်းခြံကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းတို့က အတည်ပြုသည်။

“အမျိုးသမီး(ဇနီးသည်) ပိုင်တာကို ကျွန်တော်မပိုင်ဘူးလို့ လုပ်လို့မရဘူး။ ဇနီး၊ သားသမီးတွေရဲ့ ပိုင်ဆိုင်မှုအားလုံးကို စာရင်းပြုပြီးတော့ တင်ပေးရတယ်။ တစ်ခါတည်း စာအိတ်နဲ့ ချိတ်ပိတ်ပြီးတော့ (ပါတီက) ယူထားလိုက်တယ်ပေါ့”ဟု ဦးစိုးသူရထွန်းက ပြောသည်။

Myanmar Nowက ရရှိထားသည့် 'ပိုင်ဆိုင်မှု ဝန်ခံချက်' ဟု ခေါင်းစဉ်တပ်ထားသော NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ညွှန်ကြားချက်အရ တောင်းခံသည့်စာရင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နှင့် မိသားစုဝင်များ၏ ကိုယ်ရေးအချက်အလက်များလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

ထို့အပြင် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို တည်နေရာနှင့်တကွ ဖော်ပြရန်၊ စာရင်းသေ၊ စာရင်းရှင်၊ ငွေစုစာရင်း စသည့် ဘဏ်စာရင်းအမှတ်များ၊ စီးပွားရေးလုပ်ငန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် အစုရှယ်ယာများ၊ တစ်နှစ်စာ ပုံမှန်ဝင်ငွေနှင့် အခြားဝင်ငွေများကိုပါ ထည့်သွင်းတောင်းခံထားသည်။ 

သံသယဖြစ်ဖွယ် ပိုင်ဆိုင်မှုနှင့် အကျိုးခံစားခွင့်များ ရရှိလာခြင်းနှင့် တိုးတက်လာခြင်းများ ရှိလာပါက ပွင့်လင်းမြင်သာစွာ သိရှိနိုင်ရန် ပါတီဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌက တာဝန်ပေးထားသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပါမည်ဟုလည်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး ကတိပြုရမည်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲအပြီး အာဏာရပါတီဖြစ်လာသည့် NLD အစိုးရလက်ထက်တွင် တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ပါတီက ခန့်အပ်ခဲ့သည့် ဒေါက်တာလဲ့လဲ့မော်မှာ အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ချမှတ်ခံရသည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း ၁၁၁၇ နေရာအနက် NLD ပါတီက ၉၂၀ နေရာအနိုင်ရရှိခဲ့ပြီး အစိုးရအာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ခဲ့သည်။ 

Continue Reading

ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် သက်ဆိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ...

Published on Dec 23, 2020
Published on Dec 23, 2020
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိင်းတွင် ရောက်ရှိလာသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာများ။ (ဓာတ်ပုံ - ဉာဏ်လှိုင်လင်း/ Myanmar Now) 

ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရမည့် နောက်ဆုံးရက်နီးကပ်လာချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အလုံးအရင်းဖြင့် ကန့်ကွက်လွှာများ တင်သွင်းလျက်ရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်ပိုင်း၌ပင် ကန့်ကွက်လွှာ ၃၁ စောင် တင်သွင်းခဲ့သည်။ 

ပုံးကြီးပုံးငယ် အသွယ်သွယ်ဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲကန့်ကွက်လွှာ ယူဆောင်လာသည့် တရားလွှတ်တော်ရှေ့နေအဖွဲ့ ၃ ဖွဲ့အထိရှိကြောင်း UEC ရုံး၌ Myanmar Now က မျက်မြင်တွေ့ရှိခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းအတွင်းရှိ မဲဆန္ဒနယ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်လွှာများ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီအတွက် ကန့်ကွက်လွှာလာရောက်တင်သွင်းသည့် ရှေ့နေများက ပြောသည်။ 

မဲပေးခွင့်လက်မှတ်များဖောင်းပွမှု၊ မဲစာရင်းမှားယွင်းမှုများအပေါ် အနိုင်ရပါတီက အသာစီးယူခဲ့သည့် အခြေအနေများကို သက်သေအထောက်အထားများနှင့်တကွ လာရောက်ကန့်ကွက်သည်ဟု ဆိုသော်လည်း အမှုသည်နှင့် အနိုင်ရကိုယ်စားလှယ်များ၏ အမည်နှင့် မဲဆန္ဒနယ်မြေများ ထုတ်ဖော်ပြောဆိုရန်ကိုမူ အဆိုပါရှေ့နေများက ငြင်းဆိုကြသည်။ 

“ဥပဒေနဲ့အညီ သူတို့(ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း)ရဲ့အခွင့်အရေးတွေကို ဆိုင်ပြိုင်တောင်းဆိုဖို့အတွက် လုပ်တာပါ။ ဒါက မျှတတဲ့ အခြေအနေတစ်ခုပဲ။ ကျန်တာကတော့ မှတ်ချက်ပြုစရာအကြောင်း မရှိဘူး"ဟု ပြည်ခိုင်ဖြိုးပါတီ၏ ကန့်ကွက်လွှာ ၂၀ ခုကို ယူဆောင်၍ UEC သို့ရောက်လာသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ရဲစိုးက Myanmar Now ကို ပြောသည်။

ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့်သူ နောက်တစ်ဦးဖြစ်သည့် ဦးမျိုးသန့်ကလည်း တနင်္သာရီတိုင်းမှ ကျွန်းစုမြို့နယ်၊ မန္တလေးတိုင်းမှ မြစ်သားမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်တို့၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ကန့်ကွက်မည်ဟု ပြောသော်လည်း မည်သည့် လွှတ်တော်မဲဆန္ဒနယ်များ ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

"ကျွန်တော်တို့ ဒီကနေ့ ၉ မှုတင်မယ်"ဟု ဦးမျိုးသန့်က ပြောသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရွေးကောက်ပွဲရလဒ်ကန့်ကွက်မှုကို ပြည်ခိုင်ဖြိုးဖက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးသန်းထွဋ်ကမူ အဆိုပါမဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကိုယ်စားလှယ် နှစ်ဦးအတွက် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ လာရောက်တင်သွင်းခြင်းဖြစ်ကြောင်း ဆိုသည်။ 

ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲကန့်ကွက်လွှာ လာရောက်တင်သွင်းသည့် မြို့နယ်များမှာ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရာနှုန်းပြည့် (သို့မဟုတ်) ရာနှုန်းပြည့်နီးပါး အနိုင်ရထားသည့် မဲဆန္ဒနယ်မြေများနှင့် သက်ဆိုင်ကြောင်း UEC က ထုတ်ပြန်ချက်များအရ သိရသည်။

NLD ပါတီကလည်း ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၎င်းတို့ရှုံးနိမ့်ခဲ့ပြီး ပြည်ခိုင်ဖြိုးအနိုင်ရသွားသည့် မဲဆန္ဒနယ် အနည်းဆုံး ၅ ခုတွင် ကန့်ကွက်လွှာတင်သွင်းမည်ဟု ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေအရ သက်ဆိုင်ရာမဲဆန္ဒနယ်အတွက် UECက ရွေးကောက်ပွဲရလဒ် တရားဝင်ကြေညာသည့်နေ့မှ ၄၅ ရက်အတွင်း ကန့်ကွက်လွှာတင်သွင်းခွင့်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲရလဒ်များကို UEC က နိုဝင်ဘာ ၉ မှ နိုဝင်ဘာ ၁၅ ရက် အတွင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ကန့်ကွက်လွှာလာတင်သည့် ရှေ့နေများ၏ အဆိုအရ ဒီဇင်ဘာ ၂၈ ရက်နောက်ဆုံးထား၍ တင်သွင်းရန် UECက သတ်မှတ်ထားကြောင်း သိရသည်။

ရွေးကောက်ပွဲကန့်ကွက်လွှာများနှင့်ပတ်သက်၍ UEC သို့ ဆက်သွယ်ရာတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှသာ သတင်းအချက်အလက်များ တရားဝင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူများက အသိပေးသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲကို မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နယ်၌ ကျင်းပခဲ့ပြီး NLD က ၉၂၀ နေရာ၊ ပြည်ခိုင်ဖြိုးက ၇၁ နေရာ အနိုင်ရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပြီးဖြစ်သည်။

Continue Reading