ရွေးကောက်ခံ အတိုက်အခံကိုယ်စားလှယ်မဲ့ တိုင်းလွှတ်တော် ၅ ခု ရှိလာမည်

လက်ရှိအာဏာရပါတီက တိုင်းလုံးကျွတ် အနိုင်ရခဲ့သည့် မကွေး၊ တနင်္သာရီ၊ ပဲခူး၊ ဧရာဝတီနှင့် မန္တလေးတိုင်းတို့တွင် အစိုးရကို စိစစ်ထိန်းကျောင်းရန် တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကော်မတီများ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း နိုင်ငံရေးပွင့်လင်းမြင်သာမှု စောင့်ကြည့်လေ့လာသူများက ဆိုသည်

စက်တင်ဘာ ၁၁ တွင် ပြုလုပ်ခဲ့သည့် တနင်္သာရီတိုင်းလွှတ်တော်အစည်းအဝေးတစ်ခု (ဓာတ်ပုံ- Tanintharyi Region Hluttaw Facebook)

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ရွေးကောက်ပွဲတွင် မကွေး၊ တနင်္သာရီ၊ ပဲခူး၊ ဧရာဝတီနှင့် မန္တလေးတိုင်းတွင် တိုင်းလုံးကျွတ်အနိုင်ရရှိခဲ့သဖြင့် လာမည့်လွှတ်တော်သက်တမ်းအတွင်း ရွေးကောက်ခံ အတိုက်အခံကိုယ်စားလှယ်မပါဝင်သည့် တိုင်းဒေသကြီးလွှတ်တော် ၅ ခု ရှိလာမည်ဖြစ်သည်။ 

ထိုကဲ့သို့ အတိုက်အခံမရှိသည့် လွှတ်တော်များသည် တိုင်းအစိုးရကို ထိန်းကျောင်းသည့် အပိုင်းတွင် အားနည်းသွားဖွယ်ရှိသည်ဟု လွှတ်တော်နှင့် နိုင်ငံရေးပွင့်လင်းမြင်သာမှု လေ့လာစောင့်ကြည့်သည့် အာနန္ဒာအဖွဲ့ ဒါရိုက်တာ ကိုထင်ကျော်အေးက ဆိုသည်။ 

“တိုင်းလုံးကျွတ်နိုင်တဲ့ တိုင်းတွေ ပိုများလာတဲ့အခါကျတော့ (အစိုးရကို) စိစစ်ထိန်းကျောင်းမှုပိုင်းမှာ အားနည်းသွားမလား ဆိုတာကတော့ စိုးရိမ်စရာတော့ ရှိတယ်” ဟု ကိုထင်ကျော်အေးက ထောက်ပြသည်။ 

ပြီးခဲ့သည့် လွှတ်တော်သက်တမ်းတွင် ပါတီတစ်ခုတည်းမှ လွှတ်တော်ကိုယ်စားလှယ်များသာရှိသည့် တိုင်းလွှတ်တော်များထက် အခြားပါတီများမှ ကိုယ်စားလှယ်များဖြင့်ပါ ဖွဲ့စည်းထားသည့် လွှတ်တော်များက အစိုးရကို စိစစ်ထိန်းကျောင်းနိုင်မှု ပိုမိုအားကောင်းခဲ့သည်ဟု ၎င်းက ဆိုသည်။ 

ထိုကဲ့သို့ အတိုက်အခံမရှိသည့် လွှတ်တော်များတွင် လွှတ်တော်ဥက္ကဋ္ဌ၏ အခန်းကဏ္ဍသည် အရေးကြီးလာပြီး သဘောထားပျော့ပျောင်းသူအစား အစိုးရကို စိစစ်ထိန်းကျောင်းမှုလုပ်နိုင်သည့် ဥက္ကဋ္ဌမျိုးကိုသာ ရွေးချယ်သင့်သည်ဟု ကိုထင်ကျော်အေးက အကြံပြုသည်။ 

NLD သည် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ မကွေးနှင့် တနင်္သာရီတိုင်းတို့တွင်သာ တိုင်းလုံးကျွတ်အနိုင်ရရှိခဲ့ပြီး ကျန် ပဲခူး၊ မန္တလေးနှင့် ဧရာဝတီတိုင်းတို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် အခြား အတိုက်အခံပါတီအချို့ အနိုင်ရခဲ့ပြီး ယင်းတိုင်းလွှတ်တော်များတွင် အတိုက်အခံကိုယ်စားလှယ်အချို့ ရှိသည်။

၂၀၁၅ ရွေးကောက်ပွဲရလဒ်များအရ ဖြစ်တည်လာခဲ့သည့် လက်ရှိတိုင်းလွှတ်တော်အသီးသီး၏ ဆောင်ရွက်ချက်များကို သုံးသပ်ကြည့်လျှင် အတိုက်အခံရှိသော်လည်း အစိုးရကို ထိန်းကျောင်းရာတွင် သိသာထင်ရှားသည့် လုပ်ဆောင်မှုမျိုး မရှိသည့် လွှတ်တော်များလည်းရှိသည်။

လက်ရှိ မန္တလေးတိုင်းလွှတ်တော်တွင် ကိုယ်စားလှယ်စုစုပေါင်း ၅၇ ဦးအနက် အတိုက်အခံကိုယ်စားလှယ် ၉ ဦးရှိ သော်လည်း အစိုးရကိုထိန်းကျောင်းသည့် မေးခွန်းမျိုးထက် ဒေသဖွံ့ဖြိုးရေးဦးစားပေးသည့် မေးမြန်းမှုမျိုးကိုသာ တွေ့ရသည်ဟု မန္တလေးတိုင်းလွှတ်တော် စောင့်ကြည့်လေ့လာရေး လုပ်ဆောင်နေသည့် အရပ်ဘက်အဖွဲ့အစည်း ကနောင်အင်စတီကျုမှ ဒါရိုက်တာ ကိုသန်းမြတ်စိုးက ဆိုသည်။ 

အလားတူပင် ဧရာဝတီတိုင်း လက်ရှိလွှတ်တော်တွင် ကိုယ်စားလှယ်ပေါင်း ၅၄ ဦးအနက် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ၃ ဦးပါဝင်သော်လည်း အတိုက်အခံအနေဖြင့် ပြင်းပြင်းထန်ထန် ထောက်ပြဝေဖန်မှုမျိုးမရှိဟု ကျောင်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဇော်က ပြောသည်။

ရခိုင်ပြည်နယ်လွှတ်တော်တွင်မူ ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားလှယ်များက အများစုဖြစ်ပြီး အာဏာရ NLD ပါတီကိုယ်စားလှယ်၊ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များမှာ အနည်းစုဖြစ်သည်။ ANP ပါတီမှ ဦးစံကျော်လှ ဦးဆောင်သည့် လွှတ်တော်နှင့် NLD ပါတီမှ ဦးညီပု ဝန်ကြီးချုပ်အဖြစ် ဦးဆောင်သည့် ပြည်နယ်အစိုးရတို့ကြား အားပြိုင်မှုနှင့် တင်းမာမှုတို့ ရှိခဲ့သည်။

အစိုးရအပေါ် ထိန်းကျောင်းခြင်း အနေဖြင့် လွှတ်တော်က ပြည်နယ်စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို စွပ်စွဲပြစ်တင်ကာ ဖြုတ်ချခဲ့ခြင်း၊ စီမံ၊ ဘဏ္ဍာ၊ အခွန်နဲ့ စီပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို စွပ်စွဲပြစ်တင်ခြင်း စသည်တို့ ပြုလုပ်ခဲ့သည်။ 

လွှတ်တော်ကိုယ်စားလှယ် အရေအတွက် အနည်းဆုံးဖြစ်သည့် ကယားပြည်နယ်လွှတ်တော်တွင်လည်း အာဏာရ NLD ပါတီကိုယ်စားလှယ် ၁၀ ဦး၊ အတိုက်အခံပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် ၄ ဦးနှင့် တိုင်းရင်းသားကိုယ်စားလှယ် ၁ ဦး ရှိခဲ့ပြီး အတိုက်အခံအားကောင်းသည့် ပြည်နယ်လွှတ်တော်တစ်ခုဟု ဆိုနိုင်သည်။ 

အာဏာရပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် အတိုက်အခံကိုယ်စားလှယ်များသည် ဝန်ကြီးချုပ်ဦးအယ်လ်ဖောင်းရှို၏ ငွေကြေးအလွဲသုံးမှုများနှင့် ပတ်သက်၍ လွှတ်တော်တွင် စွပ်စွဲပြစ်တင်ခဲ့ပြီး ဝန်ကြီးချုပ်ကို ဖြုတ်ချခဲ့သည်။ 

ဦးအယ်လ်ဖောင်းရှိုသည်လည်း လွှတ်တော်၌ စွပ်စွဲပြစ်တင်ခံရကာ တာဝန်မှရပ်စဲခံခဲ့ရသည့် ပထမဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ ယင်းဖြစ်စဉ်သည် လွှတ်တော်လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိခဲ့သော်လည်း အစိုးရကို ထိန်းကျောင်းမှုတွင် လွှတ်တော်၏ အခန်းကဏ္ဍကို ထင်ရှားစေခဲ့သည်။ 

တစ်ဖက်တွင်မူ အတိုက်အခံကိုယ်စားလှယ် မပါဝင်သော်လည်း အစိုးရကို ထိန်းကျောင်းနိုင်ခဲ့သည့် လွှတ်တော်များလည်း ရှိနေသည်။ လက်ရှိတနင်္သာရီနှင့် မကွေးတိုင်းလွှတ်တော်တို့တွင် အခြားပါတီမှ အတိုက်အခံကိုယ်စားလှယ် မပါဝင်သော်လည်း မေးခွန်းမေးခြင်း၊ အဆိုတင်သွင်းခြင်း၊ အဆိုပြုခြင်းတို့ဖြင့် အစိုးရကို ထိန်းကျောင်းနိုင်ခဲ့သည်ဟု ထိုလွှတ်တော်များမှ ကိုယ်စားလှယ်များ၊ စောင့်ကြည့်လေ့လာရေး အဖွဲ့များက ဆိုသည်။  

အတိုက်အခံပါတီကိုယ်စားလှယ် မရှိဘဲ အာဏာရ NLD ပါတီကိုယ်စားလှယ်များသာ လွှမ်းမိုးထားသည့် တနင်္သာရီတိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ်ကို အရေးယူနိုင်သည်အထိ စောင့်ကြည့်ထိန်းကျောင်းနိုင်ခဲ့သည်။

အတိုက်အခံလွှတ်တော်အမတ်များ မပါဝင်သော်လည်း လွှတ်တော်ရေးရာကော်မတီများ အားကောင်းသည့်အတွက် ထိုကဲ့သို့ အစိုးရကို ပီပီပြင်ပြင် ထိန်းကျောင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ကျွန်းစုမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က သုံးသပ်သည်။ 

ထားဝယ်လေယာဉ်ကွင်း ချုံရှင်းလင်းခြင်းလုပ်ငန်းအတွက် ကျပ် သိန်း ၄,၀၀၀ အသုံးပြုရာတွင် တစ်ဧကအတွက် ရှင်းလင်းစရိတ် မည်မျှကုန်ကျကြောင်း တိတိကျကျမဖော်ပြဘဲ သုံးစွဲထားသည့်အပေါ် တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာအရ တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီပွားရေးကော်မတီက တိုင်းလွှတ်တော်တွင် အစီရင်ခံစာ တင်သွင်းခဲ့သည်။

ထိုလေယာဉ်ကွင်းချုံနွယ်ရှင်းလင်းရေးအမှုမှ စတင်ကာ ဝန်ကြီးချုပ်၏ အဂတိလိုက်စားမှုများကို တိုင်ကြားခြင်းများ ပေါ်ပေါက်လာခဲ့ပြီး ဒေါ်လဲ့လဲ့မော်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရသည့် ပထမဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့သည်။

ထို့ကဲ့သို့ ရွေးကောက်ခံ အတိုက်အခံကိုယ်စားလှယ် မရှိသည့် တနင်္သာရီနှင့် မကွေးတိုင်းလွှတ်တော်များတွင် ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သားကိုယ်စားလှယ်များ ရှိသော်လည်း ၎င်းတို့သည် အတိုက်အခံမဟုတ်ဘဲ လွှတ်တော်ကော်မတီများတွင် ပါဝင်ဆွေးနွေးခြင်းဖြင့်သာ ပူးပေါင်းလုပ်ဆောင်သည်ဟု ယင်းဒေသများရှိ လွှတ်တော်ကိုယ်စားလှယ်များက ဆိုသည်။

ထိုကြောင့် လွှတ်တော်ရေးရာကော်မတီများ ပိုမိုအားကောင်းလာစေရန် ငွေကြေး၊ လူအင်အား အရင်းနှီးများ ဖြည့်ဆည်းပေးရန် လိုအပ်သည်ဟု လွှတ်တော်စောင့်ကြည့်လေ့လာရေးလုပ်ဆောင်သူများက အကြံပြုသည်။ 

အတိုက်အခံမရှိမည့် လွှတ်တော်များတွင် အာဏာရပါတီကိုယ်စားလှယ်များသည် ဥပဒေပြုခြင်း၊ မေးခွန်းမေးခြင်း၊ အဆိုတင်သွင်းခြင်းတို့ဖြင့် အစိုးရကို ထိန်းကျောင်းဖွယ်ရှိနိုင်သော်လည်း ပါတီက ချမှတ်ထားသည့် မူဝါဒလမ်းကြောင်းအပေါ် ပြန်လှန်မေးခွန်းထုတ်ရဲသည့် လွှတ်တော်မျိုး မျှော်လင့်နိုင်ဖွယ်မရှိဟု ကိုထင်ကျော်အေးက မှတ်ချက်ပြုသည်။

“နောက်ပိုင်းမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေက ပိုပြီးတော့ ဘယ်လိုပုံစံမျိုး သွားနိုင်သလဲဆိုရင်... ပိုပြီးတော့ ပါတီရဲ့မူဝါဒကို မေးခွန်းမထုတ်ဘဲနဲ့ မဲဆန္ဒနယ်အရေးတွေ မေးခွန်းထုတ်တဲ့အပိုင်းမှာ ပိုများများ လုပ်လာနိုင်တယ်” ဟု ၎င်းက ဆိုသည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဖြစ်ပေါ်နေသည့် ရာဇဝတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများသည် ကျူးလွန်သူများကို တရားစွဲဆိုမှုလုပ်ငန်းစဉ်များအတွက် အရေးကြီးသဖြင့် ကုလသမဂ္ဂ၏လုပ်ရပ်ကို ထောက်ခံကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က...

Published on Mar 19, 2021
အင်းစိန်လမ်းမပေါ်၌ မတ် ၂ တွင် တွေ့ရသည့် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ- Myanmar Now)

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားနှင့် နိုင်ငံတကာ တရားရုံး အပါအဝင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်သူများကို တာဝန်ခံခိုင်းရန် လုပ်ဆောင်နေသည့် ကြိုးပမ်းမှုများ အားလုံးကို ကြိုဆိုကြောင်း ကနေဒါနှင့် ဆွစ်ဇာလန်သံရုံးတို့က ယနေ့ (မတ် ၁၉) တွင် ထုတ်ပြန်ကြေညာသည်။

ကနေဒါသည် မြန်မာပြည်သူများနှင့်အတူ ရပ်တည်နေကြောင်းနှင့် နိုင်ငံတကာ ဥပဒေကို ကြီးလေးစွာ ချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားက သက်သေများ စုဆောင်းနေသည့် လုပ်ငန်းစဉ်ကို လှိုက်လှဲစွာထောက်ခံကြောင်း ကနေဒါသံရုံး၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ ဆွစ်ဇာလန်သံရုံးကလည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းချိန်မှစ၍ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်သော သက်သေခံအထောက်အထားများကို စုဆောင်းခြင်း ပြုလုပ်ပေးသည့် ကုလသမဂ္ဂ၏ လုပ်ရပ်ကို ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ရာဇ၀တ်မှုကျူးလွန်မှုမှန်သမျှနှင့် ပတ်သက်သည့် သက်သေအထောက်အထားများကို စုဆောင်းပြီး ထိန်းသိမ်းထားရန် အရေးကြီးကြောင်း၊ သို့မှသာ အနာဂတ်တွင် ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုသည့် လုပ်ငန်းစဉ်များတွင် ယင်းအထောက်အထားများကို အသုံးချနိုင်မည်ဖြစ်ကာ ကျူးလွန်သူများကို တာ၀န်ခံစေမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရားသည် စစ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ဖြစ်ရပ်များကို အနီးကပ် စောင့်ကြည့်နေသည်ဟု ဆိုသည်။

အဆိုပါ ယန္တရားသည် သက်သေအထောက်အထားများကို စိစစ်သုံးသပ်ရန်နှင့် နိုင်ငံအဆင့် သို့မဟုတ် နိုင်ငံတကာတရားရုံးများတွင် ရာဇ၀တ်မှုကျူးလွန်မှုအတွက် တာ၀န်ရှိသော လူပုဂ္ဂိုလ်များကို တရားစွဲဆိုမှုများပြုလုပ်ရာတွင် လွယ်ကူချောမွေ့စေရန် အထောက်အကူပြုသော အမှုတွဲများကိုလည်း တည်ဆောက်ပိုင်ခွင့်ရှိသည်။

ယန္တရားအတွက် အသုံး၀င်နိုင်သည်ဟု ယူဆရသော သတင်းအချက်အလက်များ ရှိပါက Signal အက်ပလီကေးရှင်းမှတစ်ဆင့် ဖုန်းနံပါတ် +၄၁ ၇၆ ၆၉၁ ၁၂ ဝ၈ သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ပေးပို့ခြင်းဖြင့်လည်းကောင်း ဆက်သွယ်ပေးပို့ နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍ စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း ရပ်တန့်သွားခြင်း မရှ...

Published on Mar 19, 2021

စစ်ကောင်စီလက်နက်ကိုင်တပ်များက ပစ်ခတ်ဖမ်းဆီးမှုများရှိနေသော်လည်း တာမွေသပိတ်စစ်ကြောင်း ၄၂ ရက် မြောက်အဖြစ် လမ်းပေါ်ဆက်ထွက်နေဆဲဖြစ်ကြောင်း သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက ပြောသည်။

တာမွေမြို့နယ်လူငယ်များ၏ သပိတ်စစ်ကြောင်းကို ယနေ့ (မတ် ၁၉) နံနက် ၉ နာရီခန့်က ဗညားဒလလမ်းနှင့် သြဘာလမ်းထောင့်တွင် စုရပ်ပြုလုပ်၍ ဆန္ဒဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ပြီး ယင်းမှတဆင့် သတိပဌာန် လမ်းဘက်သို့ ရပ်ကွက်အတွင်း ချီတက်ဆန္ဒပြခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

"မနက် ၉ ခွဲလောက် ကျွန်မတို့လူငယ်တွေ သြဘာလမ်းထိပ်မှာ အော်နေတော့ သူတို့က ကျောင်းမြောင်းဈေး နားက အတားအဆီးတွေကို ရှင်းနေတာ။ နေ့လယ်ပိုင်းလောက်ရောက်တော့ သတိပဌာန်ဘက်မှာ ရပ်ကွက်လမ်း တွေထဲအထိ လိုက်ပစ်တယ်။ လူငယ်ငါးယောက် အဖမ်းခံရတဲ့အထဲ ပါသွားတယ်"ဟု တာမွေသပိတ်စစ်ကြောင်း ဦးဆောင်သူအမျိုးသမီးက ပြောသည်။

ရန်ကုန်မြို့တွင် ​ဖေ​ဖော်ဝါရီ ၆ ရက်မှစ၍စစ်အာဏာရှင်ဆန့်ကျင်​ရေးပုံစံမျိုးစုံဖြင့် ငြိမ်းချမ်းစွာဆန္ဒထုတ်​ဖော်​နေပြီး စစ်​ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများစွာကို ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်​နေ​သော်လည်း မရပ်တန့်​ပေ။

ရန်ကုန်မြို့ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊သာ​ကေတ စသည့်မြို့နယ်များတွင် လမ်းပေါ်ရှိ ပြည်သူ့ခံတပ် အတားအဆီးများကို စစ်ကောင်စီ၏လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လိုက်လံဖျက်ဆီးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်နေ ဒေသခံတစ်ဦးက "ဆန္ဒပြ သပိတ်ပုံစံမျိုးတွေ မတွေ့ရတော့ဘူး ကျွန်တော် တို့ဘက်မှာ။ လမ်းတွေအားလုံးနီးပါးကလည်း ရှင်းသွားပြီ။ အခုဒီနေ့လယ်ကဆိုရင် ရေဝေးသွားတဲ့ဘက် ကိုဝင်ရှင်းနေတယ်။ ပစ်တာခတ်တာလည်းရှိတယ်။ လမ်းရှင်းပြီးတပ်စွဲထားတာကို ၃ နာရီလောက်မှာတော့ ပြန်ထွက်သွားကြတယ်"ဟု ပြောသည်။

ယနေ့မတ်လ ၁၉ ရက်တွင် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နှင့် ရေဝေးသုဿန်သွားရာလမ်းတလျှောက်ရှိ ခံတပ်အတားအဆီးများကို ရဲနှင့် စစ်သားများက ဖယ်ရှားဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ပြီး ရပ်ကွက်နေပြည်သူ အချို့ကိုပါခေါ်ယူ၍ ရှင်းလင်းဖယ်ရှားမှုများ စေခိုင်ခဲ့သည်ကို တွေ့ရသည်ဟု ၎င်းမြို့ခံက ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ပြီးခဲ့သည့်ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ တောင်းဆိုထားသည့် လွတ်လပ်စွာတရားစီရင်ခွင့်၊ ရှေ့နေနှင့် အတွေ့ခွင့်၊ ကျန်းမာရေး အာမခံစသည့် ကိစ္စများကိုလည်း အင်တာနက်လိုင်းမရသည်ကို အကြောင်းပြ၍ တရားရုံးက ရွှေ့ဆိုင်းခဲ့သည်

Published on Mar 19, 2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတတီ (NLD)နာယက ဦးဝင်းထိန်ကို တရားသူကြီးနှစ်ဦးပါဝင်သည့် ခုံအဖွဲ့ဖြင့်စစ် ရန် စစ်ကောင်စီက ထိန်းချုပ်ထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ထုတ် လိုက်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက Myanmar Now ကို ပြောသည်။

“အရင်ကတရားသူကြီး တစ်ယောက်ထဲ။ အခုနှစ်ယောက်ဖြစ်သွားတယ်။ ခရိုင်တရားသူကြီး ဦးရဲလွင်က ဥက္ကဌ၊ ဒုခရိုင် ၂ တရားသူကြီး ဦးစိုးနိုင်က အဖွဲ့ဝင်ဆိုပြီးတော့မှ ခုံဖွဲ့ပြီးစစ်မယ်ပြောတယ်” ဟု ၎င်းက ပြောသည်။

ဦးဝင်းထိန်ကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်သည့် ရာဇတ်သတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။

သို့သော် တတိယမြောက်ရုံးချိန်းအဖြ စ်ချိန်းဆိုသည့် ယနေ့(မတ် ၁၉)၌ အင်တာနက်လိုင်းများမရ၍ Video Conferencing လုပ်မရဟူသော အကြောင်းပြချက်ဖြင့် ဒက္ခိဏခရိုင်တရားရုံးက ကြားနာမှု တစ်စုံတရ မပြု ဘဲ ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့သည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“လုပ်မရတော့၊ နောက်ရုံးချိန်းကျမှ လျှောက်လဲချက်တွေကြားနာမယ်ပြောတယ်။ အာမခံလျှောက်ထား တာကလည်း ခုံအဖွဲ့နဲ့ ပြောင်းစစ်ပါဖြစ်သွားတော့ နောက်ရုံးချိန်းမှ ကြားနာမယ်ပြောတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ် ၅ ရက် ဒုတိယအကြိမ်ရုံးချိန်းတွင် လွတ်လပ်စွာတရားစီရင်ရေး၊ အမှုသည်နှင့်တွေ့ဆုံခွင့် ရရေးနှင့် ကျန်းမာရေးအာမခံတို့ကို ဦးဝင်းထိန်ဖက်မှလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ယခု(မတ် ၁၉) ရုံးချိန်းတွင် ကြားနာမည်ဟု ဒက္ခိဏခရိုင်တရားရုံးကပြောထားသည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှုရပ်တဲ့ ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေသည်ဟု ၎င်းဖက်မှလိုက်ပါဆောင်ရွက်မည့် ရှေ့နေထံမှ သိရသည်။

ယနေ့တွင်မူ Video Conferencing ဖြင့်မစစ်ဖြစ်၍ အာမခံကိစ္စကြားနာမှုကို ရွှေ့ဆိုင်းခဲ့သော်လည်း ဦးဝင်းထိန်ကို ဖုန်းဖြင့်ခေတ္တ ဆက်သွယ်နိုင်ရန် တရားရုံးက ခွင့်ပြုခဲ့ ပြီး နောက်တစ်ကြိမ် ရုံးချိန်ကို ဧပြီ ၂ရက်တွင်ပြုလုပ်မည့်ကိစ္စ အကြောင်းကြားပေးခဲ့ရသည်ဟု ဒေါ်မင်းမင်းစိုးက ပြောသည်။

“ဖုန်းခေါ်ပြီးပြောရတယ်။ ဦးဝင်းထိန်ကို ရုံးချိန်းဘယ်နေ့ဆိုတာ ကျွန်မကိုပြောခိုင်းတယ်။ အန်အယ်လ်က အာမခံပေးမပေးဘဲ ကျွန်မကို မေးပါတယ်။ စာတစ်စောင်ပို့မယ်လို့တော့ပြောတယ်။ တခြားထူးထူး ခြားခြားပြောတာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ဦးဝင်းထိန်ကို NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ နေပြည်တော်၊ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ည တွင်း ချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ၎င်းကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့်မရသေးပေ။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့် ထားပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုဆိုလျှင် အဂတိလိုက်စားမှုကဲ့သို့ ကြီးလေးသည့် ပြစ်မှုမျိုး ဖြင့် စစ်ဆေးနေသည်ဟုပင် အာဏာသိမ်းစစ်ကောင်စီက ကြေညာထားသည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြားကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ် ၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ယမန်နေ့ညကပင် NLD ဗဟိုပြန်ကြားရေးကိစ္စများ၌ အရေးပါ ထင်ရှားသူတစ်ဦးဖြစ်သည့် ဦးကြည်တိုးကို ရန်ကုန်မြို့၊ လှည်းတန်း၌ ဖမ်းဆီးသွားခဲ့သည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading