ပြစ်မှုကျူးလွန်သူဟု ယူဆရသူ ၁၂ ဦးကို ဖမ်းဆီးထားပြီး သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအပြင် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုထားသည်ဟု ကန့်ဘလူခရိုင်ရဲမှူးက ဆိုသည်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝန်းရံသူများ၏ ရိုက်နှက်မှုကြောင့် လူတစ်တစ်ဦး သေဆုံးခဲ့သော ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာ ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်ပြီး အားလုံးကို ပြန်လည်စစ်ဆေးနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ပြောသည်။
“ရွေးကောက်ပွဲနဲ့မို့၊ အကုန်လုပ်မှာ၊ အကုန်စစ်မှာ။ အခုသွားနေကြပြီ။ ဒေသခံတွေ တိုင်ကြားတဲ့ အဲဒီ ဒါန်းပင်ရွာက လူတွေလည်း စစ်သွားမှာ” ဟု ၀န်ကြီးချုပ်ဒေါက်တာမြင့်နိုင်က နိုဝင်ဘာ ၁၆ တွင် Myanmar Now ကို ပြောသည်။

ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာ၌ အောက်တိုဘာ ၂၂ က ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် အသက် ၃၈ နှစ် အရွယ် ကိုမျိုး၀င်းစိုးမှာ ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးယာဉ်တန်းတွင် လိုက်ပါလာသူများ၏ ရိုက်နှက်မှုကြောင့် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသစဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။
ပဋိပက္ခဖြစ်ပွားအပြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ကာ ပြစ်မှုကျူးလွန်သူဟု ယူဆရသူအချို့ကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ သို့သော် သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေသူများနှင့် ပတ်သက်၍ ဒေသခံများပြောဆိုချက်အရ ကွဲလွဲမှုများရှိနေသည်။


ကာဘိုးရွာ ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးဦးဆောင်ကာ နိုဝင်ဘာ ၁၆ ရက်မှစတင်ကာ ပြန်လည်စစ်ဆေးလျက်ရှိသည်ဟု သိရသည်။
ဒေသခံများ တိုင်ကြားထားသည်နှင့် ကွဲလွဲနေသည့်အပေါ် "တကယ် ဟုတ်တယ်၊ သေချာတယ်ဆိုရင် လုပ်ပါ။ တိုင်ပါ။ အကုန်စစ်ဆေးမှာပါ” ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ပြောသည်။


ကာဘိုးရွာအုပ်ချုပ်ရေးမှူးနှင့် ပဋိပက္ခအတွင်း နေအိမ်ဖျက်ဆီးခံခဲ့ရသူ ကာဘိုးရွာသား ကိုသန်းထွန်းအောင်တို့ကို ကန့်ဘလူခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ယူစစ်ဆေးခဲ့သည်ဟု သိရသည်။
“ထုတာ၊ နှက်တာ ကျွန်တော်မြင်ခဲ့ရတာတွေ၊ နောက် ဖြစ်စဉ်မှာ ရိုက်ကူးထားတဲ့ဗီဒီယိုကနေ ရွာသားတွေနဲ့ ပေါင်းပြီး ဒါဘယ်သူ၊ ဘယ်သူပါ ဖော်ထုတ်ထားတာတွေ ထွက်ဆိုခဲ့တယ်” ဟု ကိုသန်းထွန်းအောင်က Myanmar Now ကို ပြောသည်။
ပြည်ခိုင်ဖြိုးပါတီ၏မဲဆွယ်ယာဉ်တန်းတွင် ကန့်ဘလူမြို့မှ နှင်းဆီပါတီတာ၀န်ခံ ဦးသောင်းငွေ၏သား ကိုခင်မောင်ဦး၊ ထန်းကုန်းပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးနှင့် ဇီးကုန်းပြည်ခိုင်ဖြိုးစည်းရုံးရေးမှူးများ ဖြစ်ကြသည့် ဦးကိုကြီး၊ ဦးကိုလေးတို့ ပါ၀င်ကြသည်ဟုလည်း ၎င်းက ပြောသည်။
“ဒါ လူစုလူဝေးကြီးထဲ သူတို့လည်း ပါ၀င်နေတယ်။ သဘာ၀ဘေးဥပဒေနဲ့ သူတို့ကိုလည်း အရေးယူသွားဖို့အထိ မျှော်လင့်ထားတယ်လေ။ ဒါ လူအုပ်စုကြီးနဲ့ ကြောက်ရွံ့အောင်၊ တုန်လှုပ်အောင် အကြမ်းဖက်မှုကြီးပဲ။ စုံခုံကနေ အမှုမှန်ပေါ်ပေါက်ဖို့ မျှော်လင့်နေပါတယ်”ဟု ကိုသန်းထွန်းအောင်က ပြောသည်။
ထို့ပြင် ပြည်ခိုင်ဖြိုးတာ၀န်ရှိသူအချို့က ယာဉ်တန်းတွင် လမ်းရှင်းနေသည်ကို မြင်တွေ့ရပြီး ဦးသိန်းစိန်ပုံနှင့် ဦးသန်းဌေး၏ပုံ စတေကာကပ်ထားသည့် ပြည်ခိုင်ဖြိုးတာ၀န်ရှိသူတစ်ဦး၏ ပရာဒိုကားပါ၀င်သည်ကို ရုပ်သံမှတ်တမ်းနှင့်တကွ တိုင်ကြားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီဘက်ကမူ အဆိုပါမဲဆွယ်ယာဉ်တန်းသည် ပြည်ခိုင်ဖြိုးပါတီထောက်ခံသူများ၏ အစီအစဉ်သာဖြစ်သည်ဟု ပြည်ခိုင်ဖြိုးပါတီ၊ စစ်ကိုင်းတိုင်းအတွင်းရေးမှူး ဦးအောင်ဇော်ဦးက အောက်တိုဘာ ၂၇ ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
တိုင်းအစိုးရအဖွဲ့၏ စုံခုံအဖွဲ့၏ စစ်ဆေးခြင်းခံခဲ့ရသူ ကာဘိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဌေးက “မနေ့က စစ်ဆေးခံရတယ်။ ညမှ ပြန်ရတာ။ အခု သက်သေထွက်ချင်တဲ့သူတွေရှိလို့ ဇီးကုန်းကို ပို့ပေးလိုက်တယ်။ ခုလည်း နယ်လုံ၀န်ကြီးလာနေလို့ ကြိုနေတာ" ဟု ပြောသည်။
စစ်ကိုင်းတိုင်းနယ်လုံဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးသည်လည်း ယနေ့ (နိုဝင်ဘာ ၁၇) ညနေပိုင်းတွင် ပဋိပက္ခဖြစ်ပွားရာ ကျေးရွာသို့ လာရောက်စစ်ဆေးခဲ့သည်ဟု သိရသည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်သူဟု ယူဆရသူ ၁၂ ဦးကို ဖမ်းဆီးထားပြီး အချို့ကို သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ၊ အချို့ကို လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုထားသည်ဟု ကန့်ဘလူခရိုင်ရဲမှူးက ဆိုသည်။
Donate
လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့ အကူအညီကို လိုအပ်နေပါတယ်။












