မိတ္ထီလာမှ မဲဆန္ဒရှင်များ ‘ပဲလှော်ကြား ဆားညပ်’ သည့်ဘဝမှ လွတ်မြောက်လိုကြ 

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီကို မဲထည့်ခဲ့သော်လည်း အနိုင်မရခဲ့သောကြောင့် ၂၀၂၀ အောင်ပွဲက မိတ္ထီလာမြို့ခံ မဲဆန္ဒရှင်များကို စိတ်သက်သာရစေခဲ့ပြီး နှစ်ဖက်အသိုင်းအဝိုင်းကြား အပြန်အလှန်ယုံကြည်မှုဖြင့် သဟဇာတဖြစ်ရေး မျှော်လင့်ထားကြသည်ဟု ဆိုသည်

P
Published on Nov 17, 2020
မိတ္ထီလာမြို့တွင် ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းကြောင့် လူ ၄၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ (ဓာတ်ပုံ - ရန်မိုးနိုင်/ Myanmar Now)  
မိတ္ထီလာမြို့တွင် ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းကြောင့် လူ ၄၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ (ဓာတ်ပုံ - ရန်မိုးနိုင်/ Myanmar Now)  

ရွေးကောက်ပွဲတိုင်းတွင် စိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာအကောင်းဆုံး မဲဆန္ဒနယ်များအနက် မြန်မာနိုင်ငံအလယ်ပိုင်းက မိတ္ထီလာနယ်လည်း အပါအဝင်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အပြတ်အသတ်ရှုံးနိမ့်ခဲ့သည့် မဲဆန္ဒနယ်လည်းဖြစ်သည်။

တပ်မတော် တပ်ရင်းတပ်ဖွဲ့များ ဝန်းရံထားပြီး အမျိုးသားရေးလှုပ်ရှားသူများ အခိုင်အမာရှိသည့် မိတ္ထီလာသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အောင်မြေဟု မှတ်ယူထားကြသည်မှာ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်အထိဖြစ်သည်။ ယခုတစ်ကြိမ်ရွေးကောက်ပွဲတွင် NLD ပါတီက မိတ္ထီလာခရိုင်တစ်ခုလုံးတွင် ပြတ်ပြတ်သားသား အနိုင်ယူခဲ့သည်။

လက်ရှိ အာဏာရပါတီအတွက် အောင်ပွဲဖြစ်သည့်နည်းတူ မိတ္ထီလာမြို့ပေါ်က မဲဆန္ဒရှင်များအတွက်လည်း အောင်ပွဲပင်ဖြစ်သည်။ ကိုယ်မဲထည့်သော ပါတီအနိုင်ရသဖြင့် ဝမ်းပန်းတသာဖြစ်ရသူ မဲဆန္ဒရှင်များတွင် ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့သော ဘာသာရေးအဓိကရုဏ်းကြောင့် သောကရောက်နေသူ အစ္စလာမ်ဘာသာဝင်များလည်း အပါအဝင်ဖြစ်သည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီကို မဲထည့်ခဲ့သော်လည်း အနိုင်မရခဲ့သောကြောင့် ယခုတစ်ကြိမ်အောင်ပွဲက စိတ်သက်သာရာ ရစေသည်။ ကာလကြာရှည်ခံစားနေရသော စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ လျော့ပါးသက်သာစေရန်လည်း မျှော်လင့်နေကြသည်။ 

မိတ္ထီလာမြို့ပေါ်ရှိ အစ္စလာမ်ဘာသာဝင် အများစုနေထိုင်ရာ သီရိမင်္ဂလာနှင့် ချမ်းအေးသာယာရပ်ကွက်တွင် NLD ပါတီက ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ ဘဝလုံခြုံရေးအတွက် အကာအကွယ်ပေးနိုင်မည်ဟူသော ယုံကြည်ချက်ဖြင့် NLD ပါတီကို မဲထည့်ခဲ့ကြသည်ဟု ဆိုသည်။

“ဘယ်လူမျိုး ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ ဘယ်မိဘဖြစ်ဖြစ် ကျွန်တော်တို့လို စိတ်မဆင်းရဲရဖို့၊ ဒီလိုတွေ နောက်ထပ် မခံစားရဖို့ ဆောင်ရွက်ပေးဖို့ အစိုးရကို မေတ္တာရပ်ခံတာပါ။ ဒါကြောင့်လည်း အားကိုးတကြီးနဲ့ မဲပေးခဲ့တာပါ” ဟု မိတ္ထီလာမြို့မှ အစ္စလာမ်ဘာသာဝင် ဦးဘိုလေးက ပြောသည်။ 

ဦးဘိုလေး၏ တစ်ဦးတည်းသောသား မောင်ဘိုဘိုလတ်သည် မိတ္ထီလာမြို့တွင် ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းအတွင်း ပျောက်ဆုံးသွားခဲ့ရာ ယနေ့အချိန်ထိ သေသည်လား၊ ရှင်သည်လား မသိရသေးပေ။ 

နှလုံးရောဂါသည် သားဖြစ်သူကို ဘာအလုပ်မှမခိုင်းရက်ဘဲ သာသာရေးဆရာတစ်ယောက်ဖြစ်လာစေရန် ဦးဘိုလေးက ရည်မှန်းထားခဲ့သည်။ အသက် ၁၇ နှစ်အရွယ် သားဖြစ်သူမှာ စာသင်သွားရာမှ ပျောက်သွားခဲ့ခြင်း ဖြစ်သည်။ 

ဖုန်းအဟောင်းလေးထဲတွင် သိမ်းထားသော သားဓာတ်ပုံကို ထုတ်ပြရင်း “ဘယ်ကများ အဖေလို့ ခေါ်လိုက်မလဲလို့ စောင့်ခဲ့ရတာ အရူးကြီးလိုပါပဲဗျာ။ သူ့ကိုလွမ်းတိုင်း ဒီပုံလေးထုတ်ကြည့် အလွမ်းဖြေရသလို ကြည့်မိတိုင်းလည်း သူပျောက်သွားတာ ဒီနေ့အထိ အိမ်မက်လိုပါပဲ” ဟု ပြောလိုက်သော ဦးဘိုလေး၏ အသံမှာ တိမ်ဝင်လျက်ရှိသည်။ 

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီသည်သာ ယုံကြည်ကိုးစားရာဖြစ်သည်ဟု ဘာသာရေး၊ လူမျိုးအရေးအရ အကဲဆတ်သည့် မိတ္ထီလာမြို့မှ အစ္စလာမ်ဘာသာဝင်များက ဆိုကြသည်။ 

“ကိုယ့်ရှေ့မှာတင် သတ်ဖြတ်နေတာတွေကို ဘာမှမပြောရဲဘဲ နေခဲ့ရတယ်။ ဒီအစိုးရတက်လာရင်တော့ ဒီလိုတွေ မဖြစ်နိုင်ဘူး၊ ပြည်သူတွေကို ညှာမယ်လို့ ယုံကြည်တဲ့အတွက် မဲပေးခဲ့တာပါ။ အမေ့ (ဒေါ်အောင်ဆန်းစုကြည်) အပေါ် သားသမီးတွေက သိတတ်ပြီးသွားပြီ။ အမေဘက်က သားသမီးတွေကို ပြန်သိပေးဖို့ပဲ လိုပါတော့တယ်” ဟု မိတ္ထီလာအရေးအခင်းတွင် နေအိမ်မီးရှို့ခံခဲ့ရသူ ဒေါ်ခင်စန်းမြင့်ရီက ပြောသည်။

အသက် ၅၀ အရွယ် ဒေါ်ခင်စန်းမြင့်ရီမှာ ယနေ့အချိန်ထိ နေအိမ်အစားပြန်ရခြင်း မရှိသေးဘဲ အိမ်ငှားဘဝဖြင့် နေထိုင်နေရသူဖြစ်သည်။ 

၂၀၂၀ ရွေးကောက်ပွဲအပြီး Myanmar Now က တွေ့ဆုံခဲ့သော မိတ္ထီလာမြို့ခံ အစ္စလာမ်ဘာသာဝင်အများစုသည် ၂၀၁၃ က အဖြစ်အပျက်ကို ပြောပြရန် တွန့်ဆုတ်နေကြသည်။ မိသားစုဝင်များ အသတ်ခံလိုက်ရခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခံရခြင်း စသော အဖြစ်ဆိုးများကို ပြန်လည်တူးဆွရင်း အဟောင်းမှ အသစ်ဖြစ်မည်ကို စိုးရွံ့နေကြသည်။

“၂၀၁၃ တစ္ဆေက ကျနော်တို့ကို အခုထိ ခြောက်နေတုန်းပဲ” ဟု မိတ္ထီလာမြို့ခံ ကိုစန်းဝင်းရှိန်က ဆိုသည်။

၂၀၁၃ ခုနှစ် မတ်လအတွင်းက မိတ္ထီလာမြို့ပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်မှ အစပြုကာ လူမျိုးရေးနှင့် ဘာသာရေး အဓိကရုဏ်ဖြစ်ပွားခဲ့သည်။ အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်အရ ထိုအဓိကရုဏ်းတွင် လူပေါင်း ၄၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည်။ သီရီမင်္ဂလာနှင့် ချမ်းအေးသာယာရပ်ကွက်ရှိ နေအိမ်များ မီးရှို့ဖျက်ဆီးခံရသဖြင့် အစ္စလာမ်ဘာသာဝင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ 

နေအိမ်မီးရှို့ဖျက်ဆီးခံရသူများတွင် ပိုင်ဆိုင်မှုအထောက်အထားပြနိုင်သူများ အိမ်ခန်းအစား (ယာယီနေထိုင်ရန်) ပြန်ရသော်လည်း တချို့မှာ အထောက်အထားမပြနိုင်၍ အိမ်ငှားဘဝဖြင့် ရုန်းကန်နေရသည်။ 

“အစကတော့ ဒီပြဿနာက ဘာသာခြားတွေကိုပဲ ဦးတည်ဖြစ်တာဆိုပြီး တချို့က မဆိုင်သလို နေလိုက်ကြတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အဲဒီဂယက်က ကိုယ့်ဆီကို ရိုက်လာတာကို ခံစားရတော့ ဘယ်သူ့အတွက်မှ မကောင်းဘူးဆိုတာ လက်ခံလာကြတယ်” ဟု NLD ပါတီမှ အနိုင်ရ မိတ္ထီလာမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကိုဘုန်းကျော်က ဆိုသည်။ 

မိတ္ထီလာမြို့ပေါ်တွင် နိုင်ငံရေးအမြတ်ထုတ်လိုသူများက ရွေးကောက်ပွဲကာလအတွင်း မကြာခဏ ဆူပူအောင်လှုံဆော်မှုများ ရှိခဲ့သည်ဟုလည်း မြို့ခံများက ဆိုကြသည်။ အစ္စလာမ်ဘာသာဝင်များနေထိုင်ရာ ရပ်ကွက်များအတွင်း အမျိုးဘာသာနှင့် သက်ဆိုင်သော ကြွေးကြော်သံ သီချင်းများဖွင့်လှစ်ခြင်း၊ လူမျိုးရေးအကြောင်းပြု၍ ရန်စခြင်းများ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

“ကုလားတွေ ငါတို့မြို့မှာ မနေနဲ့၊ ထွက်သွားဆိုပြီး လာအော်သွားကြတယ်။ ကျွန်တော်တို့ဘက်က ဘာမှ ပြန်မပြောဖို့၊ သည်းခံကြဖို့ပဲ ကလေးတွေကို မှာထားရတယ်” ဟု သီရီမင်္ဂလာရပ်ကွက်တွင် နေထိုင်သူ အစ္စလာမ်ဘာသာဝင်အမျိုးသားတစ်ဦးက ဆိုသည်။

မိတ္ထီလာမြို့တွင် ချမ်းအေးသာယာရပ်ကွက်မှ ဟာဂျီဦးမင်းစိုးက “ဒီကာလမှာ ကျွန်တော်တို့က ပဲလှော်ကြား ဆားညပ်သလိုပဲ။ ရပ်ကွက်ထဲက ကောင်လေးတစ်ယောက် NLD နိုင်လို့ အောင်ပွဲဆိုပြီးသွားတာ။ လမ်းမှာ ရန်စခံရလို့ ဝတ်ထားတဲ့ NLD ပါတီတံဆိပ်နဲ့ အင်္ကျီကိုချွတ်ပြီး အိမ်ပြန်လာရတယ်” ဟု ပြောသည်။ 

လူမျိုးရေး၊ ဘာသာရေး အကြောင်းပြုကာ ဝါးမြိုခံလိုက်ရသဖြင့် စီးပွားရေးနှင့် လူမှုရေးအရ ယိုင်နဲ့သွားသော မိတ္ထီလာကို ပြန်လည်ထူထောင်နိုင်ရန် အခြားမြို့ခံများနည်းတူ အစ္စလာမ်ဘာသာဝင်များကလည်း ဆန္ဒရှိနေသည်ဟု ဟာဂျီဦးမင်းစိုးက ဆိုသည်။ 

“ရင်ထုမနာကိစ္စတွေ ထပ်မဖြစ်စေချင်တော့ဘူး။ အချင်းချင်းရိုင်းပင်းမှု မရှိရင် နိမ့်ကျသထက် နိမ့်ကျပြီး စည်ပင်ဝပြောမှုဆိုတာ ရှိလာမှာ မဟုတ်တော့ဘူး” ဟု ချမ်းအေးသာယာရပ်ကွက်၏ ရပ်မိရပ်ဖတစ်ဦးလည်းဖြစ်သူ ဦးမင်းစိုးက ပြောသည်။ 

၂၀၁၃ အရေးအခင်းနောက်ပိုင်း အလှမ်းဝေးကွာသွားသော နှစ်ဖက် ဘာသာရေးအသိုင်းအဝိုင်းအကြား ပြန်လည်သဟဇာတဖြစ်ရေးအတွက် သွေးထိုးလှုံ့ဆော်မှုများကို လက်မခံကြဘဲ အပြန်အလှန်ယုံကြည်မှုဖြင့် သံသယစိတ်များ ချေဖျက်ကြရန် လိုအပ်သည်ဟု ရတနာဦးကျောင်းတိုက် ဆရာတော်ဦးဝိသုဒ္ဓက မိန့်ကြားသည်။

“ဟိုအရင်က လူမျိုးမတူ၊ ဘာသာမတူလို့ သွေးကွဲတာမျိုးမရှိဘဲ ဦးဇင်းတို့ဆို အစ္စလာမ်ဘာသာဝင်တွေအိမ်မှာလဲ ဆွမ်းခံခဲ့ကြတာပါပဲ။ အကြောင်းတစ်ခုကြောင့်သာ လူမျိုးဘာသာခေါင်းစဉ်တပ်ပြီး မြို့က အရောင်ဆိုးခံလိုက်ရတာပါ” ဟု မိတ္ထီလာအဓိကရုဏ်းအတွင်း အစ္စလာမ်ဘာသာဝင်များအပါအဝင် ဘေးဒုက္ခရောက်ခဲ့သူများကို ကယ်တင်စောင့်ရှောက်ခဲ့သူ ဦးဇင်းပိန်ခေါ် ဆရာတော်ဦးဝိသုဒ္ဓက မိန့်သည်။

မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် NLD ပါတီကိုယ်စားပြု ဝင်ပြိုင်ပြီး အနိုင်ရရှိခဲ့သူ ဒေါက်တာဆင့်စိုးက “အားလုံးအတွက် လိုအပ်တဲ့ ဘုံရည်မှန်းချက်ဆိုတာရှိတယ်။ အဲဒါကို အပြန်အလှန် နားလည်လက်ခံပြီး အတူလက်တွဲသွားတဲ့ အလေ့အကျင့်ကောင်းတွေဆီ ရောက်အောင်သွားရမယ်။ အဲဒီအတွက် ပညာရေးလိုအပ်တယ်” ဟု Myanmar Now ကို ပြောသည်။ 

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ကို မဲပေးခဲ့သော်လည်း မိတ္ထီလာမြို့၌ အခြားပါတီက အနိုင်ရသွားသဖြင့် မြို့လူထုလိုလားချက် ဖြည့်ဆည်းမပေးနိုင်ခြင်းအပေါ် နားလည်ပေးနိုင်သော်လည်း ယခုရွေးကောက်ပွဲတွင် မိမိရွေးချယ်လိုက်သော ပါတီက အနိုင်ရသွားပြီဖြစ်သဖြင့် များစွာမျှော်လင့်ထားသည်ဟု မြို့ခံအစ္စလာမ်ဘာသာဝင်များက ဆိုသည်။

“အခုအစိုးရ သက်တမ်းမှာတော့ ကိုယ်မျှော်လင့်ထားသလို ရလာဒ်ကောင်းတွေ သေချာမမြင်ခဲ့ရဘူး။ ဒါပေမဲ့ ကိုယ့်အစိုးရကို နောက်တကြိမ်ထပ်ယုံတဲ့အနေနဲ့ မဲတစ်ပြားနဲ့ အကျိုးပြုပြီးပြီမို့ ပြည်သူတွေအပေါ်လဲ ပြန်သိတတ်စေချင်ပါတယ်” ဟု ဒေါ်ခင်စန်းမြင့်ရီက ဆိုသည်။ 

မိတ္ထီလာမြို့ခံ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအာကာသိန်းကလည်း “လူကို လူလို့ပဲ မြင်ပေးပြီး အားလုံးအတူ ဒွန်တွဲနေထိုင်နိုင်ဖို့ပဲ ကျွန်တော်တို့ ဆန္ဒရှိကြတာပါ။ ၂၀၁၃ မတိုင်မီ ကာလတွေတုန်းကလိုပဲ ပြန်လည်ရှင်သန်ချင်ပါတယ်” ဟု ဆိုသည်။ 

P

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU ထိန်းချုပ်ရာနယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေပြီး  ထိုင်းအာဏာပိုင်များသည် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထားနိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများတ...

Published on Mar 19, 2021
နယ်စပ်တလျှောက်တွင် ထိုင်းစစ်သားများ လုံခြုံရေးကင်းလှည့်နေသည်ကို မတ် ၁၈ ရက်က တွေ့ရစဉ်။  (ဓာတ်ပုံ − Reuters) 

အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ တိမ်းရှောင်လာပါက အကူအညီပေးနိုင်ရန် ထိုင်းနိုင်ငံက နယ်စပ်တစ်လျှောက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားခေါင်းဆောင်အချို့က ပြောသည်။

ထိုင်းဘက်တွင် ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားရမှုနှင့် ပတ်သက်၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) အကြံပေး ဦးခွန်စိုင်းက "ချင်းမိုင်ခရိုင်က လွဲလို့ရှိရင် ဗမာနဲ့စပ်တဲ့ ခရိုင်တိုင်းမှာ မြို့နယ်တိုင်းမှာ သူတို့က ထားတယ်" ဟု ပြောသည်။

ချင်းမိုင်ခရိုင်သည် စစ်ကောင်စီ လက်အောက်ခံတပ်များ စိုးမိုးသည့် မိုင်းတုံ၊ မိုင်းဆတ် နယ်မြေနှင့် ထိစပ်ဒေသဖြစ်၍ လူထုလှုပ်ရှားမှု မရှိဟုဆိုသော်လည်း ကရင်ပြည်နယ် အပါအဝင် အခြားဒေသများနှင့် ဆက်စပ်လျက်ရှိသည့် ထိုင်းဘက်ခြမ်းနယ်မြေများဖြစ်သော မဲ‌ဆောက်တွင် ၈ နေရာ၊ ကန်ချနာဘူရီ ၌ အနည်းဆုံး ၄ နေရာ၊ မယ်ဟောင်ဆောင်တွင် ၄ နေရာ ပြည်ဆင်ထားသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"ဒီနေရာတွေက တော်တော်များများ သူတို့ ပြင်ဆင်ထားတယ်။ လာရင် ကြိုမယ်၊ စစ်ဆေးမယ်၊ နောက်ပီး သူတို့ကို ပြုစုမယ်ပေါ့" ဟု ဦးခွန်စိုင်းက ပြောသည်။

ကရင်ဒုက္ခသည်စခန်းကော်မတီ (KRC) အတွင်းရေးမှုး ဆရာဘွယ်စေးကလည်း ထိုင်းဘက်ခြမ်း၌ ကြိုဆိုရေးစခန်းများ ပြင်ဆင်ထားမှုကို အတည်ပြုသည်။

မြန်မာနိုင်ငံဘက်ခြမ်းရှိ KNU (ကရင်အမျိုးသားအစည်းအရုံး) ထိန်းချုပ်ရာ နယ်မြေများတွင် လူဦးရေ ၁၀၀၀ ခန့် ရောက်ရှိခိုလှုံနေသည်ဟု KNU တာဝန်ရှိသူတစ်ဦးကို ကိုးကားပြီး Reuters သတင်းဌာနက ရေးသားထားသည်။ 

ထိုင်းအာဏာပိုင်များအနေဖြင့် မဲဆောက်ခရိုင်တွင် လူပေါင်း ၄၃,၀၀၀ ကျော်အထိ လက်ခံနေရာချထား နိုင်ရန် ပြင်ဆင်ထားပြီး နယ်စပ်လျှောက်တွင် ကင်းလှည့်စောင့်ကြည်မှုများ တိုးမြှင့်ထားသည်ဟု ထိုင်းစစ်တပ်ဗိုလ်မှူးကြီးတစ်ဦးက ပြောကြားကြောင်း သတင်းက ဆိုသည်။ 

မြန်မာဘက်ခြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ဖြိုခွင်းနှိမ်နင်းမှုများ ပိုမိုဆိုးရွားလာပါက မြန်မာ ပြည်သူများ ထိုင်းဘက်သို့ လာရောက်ခြင်းများရှိနိုင်သည်ဟု ဦးခွန်စိုင်းက သုံးသပ်သည်။

ထိုင်းနိုင်ငံဘက်တွင် ယခင်ကတည်းက မြန်မာဒုက္ခသည်စခန်း ၉ ခု ရှိပြီး ကရင်ဒုက္ခသည်စခန်း ၇ ခုနှင့် ကရင်နီဒုက္ခသည် စခန်း ၂ ခုဖြစ်ပြီး စုစုပေါင်းလူဦးရေ ရှစ်သောင်းနီးပါးရှိသည်။

ကရင်လက်နက်ကိုင်အဖွဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နင်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား တိုက်ပွဲများကြောင့် ကရင်နှင့် ကရင်နီ (ကယား) ပြည်သူများ အပါအဝင် လူဦးရေ အများအပြား ထိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ အထိ စစ်ကောင်စီ လက်နက်ကိုင်များ၏ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းမှု၊ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၂၂၄ ဦး သေဆုံးခဲ့ရပြီး ၂၀၀၀ နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။
 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ရန်ကုန်နှင့် မြို့ကြီးအချို့တွင် ပုဂ္ဂလိဘဏ်အချို့က တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့် သာဖွင့်လှစ်သော်လည်း ငွေထုတ်ယူသူ များပြားနေပြီး ဘဏ်အချို့တွင် စစ်သားများနှင့် ရဲများ လုံခြုံရေးရယူပေးထားသည်ကိုလည်းတွေ့ရသည်

Published on Mar 19, 2021
ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ က​မ္ဘောဇဘဏ်ရှေ့တွင် ဘဏ်သို့ငွေလာထုတ်သူများ တန်းစီစောင့်ဆိုင်းနေစဉ်။ 

ရန်ကုန်မြို့တွင် ယမန်နေ့ (မတ် ၁၈) က က​မ္ဘောဇဘဏ်၊ CB ဘဏ်၊ ​ဧရာဝတီဘဏ်(Aya bank) စသည့်  ပုဂ္ဂလိဘဏ်အချို့ဖွင့်လှစ်ခဲ့ရာ တိုကင်စနစ်ကျင့်သုံးပြီး လူဦးရေအကန့်အသတ်ဖြင့်သာ ပြန်လည်ဖွင့်ခဲ့ရပြီး ​ငွေထုတ်ယူသူ များပြားနေသည်ကို​ တွေ့ရသည်။

ပြန်လည်ဖွင့်လှစ်သည့် ဘဏ်များကို စစ်ကောင်စီ၏ ရဲများနှင့်စစ်သားများက လုံခြုံရေးယူပေးထားကြောင်း ဘဏ်ကိုသွားရောက်ခဲ့သူများနှင့် ဘဏ်အနီးနေထိုင်​သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲအချို့ တွင် ယနေ့ (မတ် ၁၉ ရက်) နံနက် ၉ နာရီတွင် တိုကင်အခု ၄၀ ပေး၍ ဝန်ဆောင်မူပေးသွားမည်ဟု​ကြေညာထားသည်ကို တွေ့ရသည်။ ပြန်လည်ဖွင့်လှစ်နေသည့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ခွဲ ၁ ၏ မျက်နှာချင်းဆိုင်ရှေ့တွင် စစ်​ကားတစ်စီးတစ်စီးဖြင့် စောင့်ပေးနေသည်ကို တွေ့ရသည်။ 

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ ကမ္ဘောဇဘဏ် ATM တွင် ငွေထုတ်ရန် တန်းစီ​စောင့်ဆိုင်းနေသူ အများအပြားရှိနေသည်ကိုလည်း​တွေ့ရသည်။ 

အဆိုပါ ဘဏ်ခွဲတွင် မတ် ၁၆ ရက်က ငွေလာထုတ်သူအလွန်များပြီး လူဦး​ရေအကန့်အသတ်ဖြင့်ထုတ်​ပေးရာ ​ငွေထုတ်သူအချို့ နှင့် ဘဏ်ဝန်ထမ်းများ အ​ချေအတင်ဖြစ်ပွားရာမှ စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် များကိုအ​ကြောင်းကြသဖြင့် ဘဏ်သို့ငွေလာထုတ်သူလေးဦး အဖမ်းခံခဲ့ရသည်။ 

သို့​သော် ဘဏ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အကြောင်းကြားခဲ့ခြင်း မရှိဘဲ ဘဏ်ရှေ့တွင် ငွေထုတ်ရန်လာသူများနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့များ ရောက်လာခြင်းဖြစ်သည်ဟု က​မ္ဘောဇဘဏ်က မတ်လ ၁၇ ရက်တွင် ပြန်လည်​ဖြေရှင်းထားသည်။ 

ကလောမြို့ရှိ ကမ္ဘောဇဘဏ်ကို မတ် ၁၈ ရက်တွင်ဖွင့်လှစ်ထားပြီး ရဲနှင့် စစ်သားလုံခြုံရေးများချထားပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ​ပြောသည်။

“ကလောမြို့မှာ ကမ္ဘောဇဘဏ်နဲ့ CB က စစ်သားအစောင့်အရှောက်နဲ့ ဘဏ်တွေ ပြန်ဖွင့်နေတယ်။ ပုံမှန်တံခါးဖွင့်ပြီး ပြန်ဖွင့်နေတာ” ဟု ကလောမြို့ခံတစ်ဦးက ဆိုသည်။ မော်လမြိုင်တွင်လည်း မ္ဘောဇဘဏ်ခွဲ မတ် ၁၈ ရက်မှစတင် ဖွင့်လှစ်ခဲ့ရာ ငွေထုတ်သူများ​ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

AYA ဘဏ်သည်လည်း ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝန်ထမ်းများကို အလုပ်ဆင်းနိုင်ခြင်းရှိ၊ မရှိ စစ်တမ်းကောက်ယူနေပြီး ၎င်း၏ဘဏ်ခွဲအချို့ကို လာမည့်သီတင်းပတ်ထဲတွင် ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု ဝန်ထမ်းများထံပေးပို့သည့် စာတွင်ဖော်ပြထားသည်။

ထိုအပြင် ရန်ကုန်မြို့ရှိ AYA ဘဏ်ခွဲအချို့ကို မတ် ၁၈ ရက်ဖွင့်လှစ်ခဲ့ရာ ​ငွေထုတ်သူများ​နေသည်ကို​တွေ့ရသည်။။ ပါရမီလမ်း ချော်တွင်းကုန်းနားရှိ AYA ဘဏ်ခွဲသည် မတ် ၁၈ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး၊ ဆရာစံလမ်းရှိသည့် AYAဘဏ်ခွဲသည်လည်း မတ် ၁၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

မန္တလေးမြို့တွင်လည်း ဘဏ်ခွဲအချို့ဖွင့်လှစ်ခဲ့ပြီး ​ငွေထုတ်သူများ​ကြောင်း ဒေသခံများက ပြောသည်။ သို့သော်လည်း ပုသိမ်၊ ကလေး စသည့်အခြားမြို့များတွင် ဘဏ်များဖွင့်လှစ်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များကို မတ် ၁၇ တွင် မဖြစ်မနေဖွင့်လှစ်ရန်နှင့် ဖွင့်လှစ်ခြင်းမရှိသော ပုဂ္ဂလိဘဏ်များမှ ကုန်သည်များ၏ ငွေစာရင်းများကို မြန်မာ့စီးပွားရေးဘဏ်၊ အင်းဝဘဏ်နှင့် မြဝတီဘဏ်များသို့ လွဲပြောင်းရန် ညွန့်ကြား၍ဖိအား​ပေး ခြိမ်း​ခြောက်ထားသည်။ ညွန်ကြားချက် မလိုက်နာပါက နောင်ဖြစ်လာမည့် ကိစ္စရပ်များကို ဗဟိုဘဏ်က တာဝန်ယူမည် မဟုတ်ကြောင်းလည်း ခြိမ်းခြောက်ထားသည်။

ဗဟိုဘဏ်က ဘဏ်များပြန်ဖွင့်ရာတွင် ATM စက်များမှ တရက်လျှင်ကျပ် ၅ သိန်း၊ ဘဏ်မှ ငွေသားထုတ်ယူမူအတွက် တပတ်လျှင်ကျပ် သိန်း ၂၀ နှင့် ကုမ္ပဏီတခုလျှင် ကျပ် ၂၀၀ အထိ ထုတ်ပေးရန် ညွန့်ကြားထားသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်စုစုပေါင်း ၂၇ ဘဏ်ရှိပြီး နိုင်ငံခြားဘဏ်ခွဲ ၁၇ ခုဖွင့်လှစ်ထားသည်။

ဖေ​ဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်မှစကာ စစ်​ကောင်စီအမိန့်ကို မနာခံဘဲ ​အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းပါဝင်ခဲ့သည့် ဘဏ်ဝန်ထမ်းများနှင့် အာဏာသိမ်းပြီး တစ်လကျော် ကြာသည်အထိ ဘဏ်များပိတ်ထားမှုအပေါ်  ပြည်သူများက အားပေးချီးကျူးခဲ့ကြသည်။ 

အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး၍ ဖွင့်သောဘဏ်များတွင် အပ်ငွေများပြန်ထုတ်ရန်၊ ဘဏ်ငွေစာရင်းပိတ်ပြီး အပ်ငွေအကုန်ထုတ်ရန် စိုင်းပြင်းနေသူများလည်း ရှိသည်။ 

GIZ ၏ ၂၀၂၀ ခုနှစ် ပြည်တွင်းဘဏ်များ အ​ခြေအ​နေသုံးသပ်ချက်တွင် ပြည်တွင်းများ၌ ဘဏ်လက်ကျန်ငွေမှာ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် ကျပ် ၁၃ ထရီလျံသာရှိသည်။ ပုဂ္ဂလိကဘဏ်များတွင် ပြည်သူများ၏ အပ်​ငွေ ကျပ်၃၇ ထရီလျံရှိပြီး၊ ဘဏ်မှတစ်ဆင့် ချေးငွေမှာ ၂၄ ထရီလျံရှိခြင်းဖြစ်သည်။

ထိုအပြင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျရောက်နေသည့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကြောင့် မြန်မာ့စီးပွား​ရေးနှင့် ဘဏ်လုပ်ငန်းများ များစွာထိခိုက်ခဲ့ရပြီး ဘဏ်များတွင် အပ်​ငွေ ထိုမျှပင်မရှိနိုင်​တော့ဘဲ ပြည်သူများက ဘဏ်များအ​ပေါ် ယုံကြည်မှုနည်းကာ ဘဏ်တွင်ငွေအပ်သူမရှိဘဲ ပြန်ထုတ်သူများ​နေပါက ဘဏ်များပြိုလဲနိုင်​ကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းပြောဆိုထားသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

တိကျပြတ်သားသည့် သံတမန်ရေးအရ အရေးယူဆောင်ရွက်မှုကသာ မြန်မာနိုင်ငံတွင် နောက်ထပ်ဖြစ်ပွားလာနိုင်သော အသက်ဆုံးရှုံးမှုများကို ကာကွယ်ပေးနိုင်မှာပါဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာ တာဝန်ရှိသူက ပြောကြားသည်

Published on Mar 19, 2021
နိုင်ငံတကာအနေဖြင့် R2P ဝင်ရောက်ပေးရန် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူများက တောင်းဆိုလျက်ရှိသည်။ 

​နိုင်ငံတကာက စစ်ရေးအရ အကာအကွယ်​ပေးသင့်​သော နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန်နှင့် ​တောင်ဆူဒန်နိုင်ငံများနည်းတူ မြန်မာနိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက မတ်လ ၁၇ ရက်တွင် ထည့်သွင်းလိုက်သည်။

''ကုလသမဂ္ဂလုံခြုံ​ရေး​ကောင်စီအပြင် မြန်မာရဲ့အိမ်နီးချင်း​တွေ၊ ကမ္ဘာတစ်ဝန်းက အစိုးရအားလုံးအ​နေနဲ့ မြန်မာပြည်သူလူထုရဲ့ တောင်းဆိုမှု​တွေကို နား​ထောင်ဖို့နဲ့ လူသားမျိုးနွယ်စုအ​ပေါ် ​နောက်ထပ် ရာဇဝတ်ခြိမ်း​ခြောက်မှုကို ​ဖြေရှင်းဖို့ အ​​ရေးကြီးတယ်။ တိကျပြတ်သားတဲ့ သံတမန်​​ရေးအရ အ​ရေးယူ​ဆောင်ရွက်မှုကသာ မြန်မာမှာ ​နောက်ထပ်အသက်ဆုံးရှုံးမှုကို ကာကွယ်​ပေးနိုင်မှာပါ'' ကမ္ဘာလုံးဆိုင်ရာ R2P စင်တာမှ ပရိုဂရမ်မန်​နေဂျာနာဒီယာ​ကော့တ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ​ဖေ​ဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းခံရပြီး​ချိန်မှစတင်ကာ သန်းပေါင်းများစွာသောပြည်သူများ လမ်းပေါ်ထွက်လာပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေးနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ငြိမ်းချမ်းစွာဆန္ဒမှုများကို အာဏာသိမ်းစစ်ကောင်စီက လက်နက်မဲ့ အရပ်သားပြည်သူများကို ရက်စက်စွာ နှိမ်နင်းလျက်ရှိသောကြောင့် ပြည်သူများ သွေးမြေကျခဲ့ရသည်။ ဆေးဘက်ဆိုင်ရာ ​စေတနာ့ဝန်ထမ်းများနှင့် ဂျာနယ်လစ်များပါမကျန် ကျောင်းသားလူငယ်များသည်လည်း ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီးထိန်းသိမ်းခံရလျက်ရှိသည်။ 

အမြို့မြို့အနယ်နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက ဥပဒေမဲ့သတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန် လျက်ရှိပြီး ရန်ကုန်ရှိ မြို့နယ် ၆ ခုကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ထို့ပင် ပြည်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်တောက်ရန် အကြမ်းဖက်နှိမ်နင်းမှုများ အရှိန်မြှင့်လုပ်ဆောင်နိုင်ရန် စစ်ကောင်စီ က အင်တာနက်များ ဖြတ်တောက်ထားသည်။ 

မြန်မာနိုင်ငံတွင် ထိုသို့သော စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများကြောင့် မြန်မာပြည်သူများ အန္တရာယ်ကျ​ရောက်​နေပြီဟု ကမ္ဘာလုံးဆိုင်ရာ R2P စင်တာက ​ဖော်ပြသည်။

မြန်မာနိုင်ငံတစ်နံတစ်လျား လူထုဆန္ဒပြပွဲများ၌ ဆန္ဒပြသူများက လုံခြုံ​ရေးတပ်ဖွဲ့ဝင်များ၏ ​အ​သေအ​ပျောက်များ​သော အကြမ်းဖက်မှုရပ်တန့်​ရေးနှင့် R2P ဝင်​​ရောက်​ရေး နိုင်ငံတကာအသိုက်အဝန်းသို့ ဆက်လက်​တောင်းဆို​လျက်ရှိသည်။

၁၉၉၀ ပြည့်လွန်ကာလအတွင်း ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါနိုင်ငံတွင် ကျူးလွန်​သော ရက်စက် ယုတ်မာမှုများကို နိုင်ငံတကာအသိုက်အဝန်းက လုံလုံ​လောက်​လောက် အ​ရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့သည့်အ​​ပေါ် တုံ့ပြန်သည့်အ​နေဖြင့် R2P သ​​ဘောတရား ​ပေါ်ထွက်လာခြင်း ဖြစ်သည်။

R2P စာရင်း​တွင် ပါဝင်​​သော ​တောင်ဆူဒန်တွင် COVID-19 ကပ်​​​ရောဂါ၊ ရာသီဥတု​ပြောင်းလဲမှုနှင့် လူမျိုးစုပဋိပက္ခ​ကြောင့် လူဦး​ရေ ၇ သန်းခန့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်​နေရသည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading